Wednesday, December 23, 2009

ကျမနဲ့ကြောက်စိတ်

အခုလို ဆောင်းတွင်းမှာ ဆိုရင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း မှာ မနက် စောစော လူကြီး၊ လူငယ် လမ်းလျှောက်တဲ့သူ၊ ပြေးတဲ့သူ၊ လေ့ကျင့်ခန်း လုပ်တဲ့သူ တွေနဲ့ ပြည့်နေကြပြီ။ လူငယ်တွေ ကတော့ အများအားဖြင့် ကျန်းမာရေး လေ့ကျင့်ခန်း လုပ်တာထက် ဗရုတ်ကျချင်လို့ ဆိုရင် ပိုမှန်ပါတယ်။
အဲဒီအခါ ကျန်းမာရေး အတွက် အမြဲတမ်း လမ်လျှောက် နေကြ လူကြီးတွေ အတွက်တော့ စိတ် အနှောက်အယှက် ဖြစ်ကြ ရတာပေါ့။ လူကြီးတွေက ကစားကွင်းကို ၃ပတ်၊ ၄ပတ် လျှောက်ကြပြီး သွေးပူ လေ့ကျင့်ခန်း လုပ်ကြပြီးမှ ပြန်ကြ ပါတယ်။ တချို့ လူငယ်တွေ ကျတော့ လည်း ကြက်တောင်ရိုက်၊ ဘောလုံးကန် ကြတယ်။
ကျမတို့ ညီအမ လည်း တခါတလေ စိတ်ပါလက်ပါ ထပြီး လျှောက်ကြပါတယ်။ တခါတလေ တော့လည်း ချမ်းချမ်းနဲ့ အစောကြီး မထချင်ပါဘူး။ အဲဒီအခါ လည်း ဖေကြီးက လေ့ကျင့်ခန်း လုပ်ဖို့ နှိုးတာနဲ့ပဲ ထကြရပါတယ်။ ကစားကွင်း ထဲမှာ ခရေပင်တွေ လည်းရှိတော့ ခရေပန်း လုကောက်ကြပြီး အိမ်ရောက်ရင် ဘုရားကို ကပ်ရတာ ကလည်း ပီတိဖြစ်စရာ ပါ။
ကျမတို့ ညီအမ နှစ်ယောက် ဟာ စက်ဘီးလည်း မစီးရဲ၊ မစီးတတ်ကြပါဘူး။ ဖေကြီးက စက်ဘီးစီး တတ်အောင် သင်ရမယ် ဆိုတော့ တော်တော် စဉ်းစားခဲ့ ရပါတယ်။ ဗန္ဓုလသွေး အပြည့် ပါတယ်လေ (ကြောက်စိတ် ကများနေလို့) ....။ ဒီလောက် စီးတတ်စေချင်တာ သင်ကြည့်မယ် ဆိုပြီးပြောတော့ မောင်လေး တယောက်က စသင်ပေး ပါတယ်။ ပထမ ရက်တော့ လက်ကိုင်ရော၊ နောက်ကနေပါ ကိုင်ပေးတော့ ဟန်ကျပန်ကျ စီးနေလိုက်တာ အဆင်ပြေ သွားပါတယ်။ နောက်နေ့ကျတော့ လက်ကိုင်ကို မကိုင်ပေးတော့ ဘူးတဲ့။ နောက်ကနေပဲ ထိန်းပေးတော့မယ်တဲ့။ တော်တော် ရနေပါပြီတဲ့... ပြောတော့ သဘောတွေကျ လို့ပေါ့....။ သူက အနောက်က ထိန်းပေးမှန်း သိတော့ ကြောက်စိတ် မရှိပဲ စီးနေလိုက်တာ လှည့်ကြည့် လိုက်တော့ သူက မရှိတော့ဘူး။

ကိုင်ပေးတဲ့သူ မရှိမှန်းလည်း သိရော ယိုင်ထိုးထိုးနဲ့ နင်းသွားလိုက်တာ `ပုဏ္ဍရိတ်´ ပန်းပင်ခြံဘောင်ရိုး ထဲကို အရှိန် မထိန်းနိုင်ပဲ ထိုးဝင် သွားတော့တယ်။ သင်ပေးတဲ့ သူကတော့ ဟိုးအဝေးကြီး ကနေကြည့်ပြီး ရယ်နေပါတယ်။ အဲဒီ နေ့ကလည်း သင်ပေးတဲ့ မောင်လေးက သူ့ရဲ့မျက်မှန်ကို ပေးထားလို့ ကိုယ့်ရင်ဘတ်မှာ ချိတ်ထားလိုက်တာ... စက်ဘီးရော၊ လူရော မှောက်ပြီး ကျမ မထနိုင်တော့ ပါဘူး။ ကြည့်လိုက်တော့ မျက်မှန်လေး ကလည်း အစိပ်စိပ် အမွှာမွှာ.... ကျမမှာ နာလည်းနာ၊ လူတွေကလည်း ပြုံးစိစိ နဲ့ကြည့်နေတော့ ကြောက်စိတ်ရော၊ ရှက်တဲ့စိတ်ပါ ရောထွေးပြီး နေပါတယ်။ ကျမမှာ သူများ တကာတွေ အလွယ်တကူ စီးနိုင်တဲ့ အလုပ်ကို ကျမ ကြောက်စိတ် ကြောင့် မစီးတတ်ခဲ့ ပါဘူး။ တခါတရံ မှာ လူတွေဟာ ကြောက်စိတ်နဲ့ ကင်းအောင် နေထိုင် တတ်ရင်လည်း ကောင်းပါတယ်။ ကြောက်စိတ် ရှိတိုင်း အရာရာ မအောင်မြင် တော့ပါဘူး။ (ကျမအတွေ့အကြုံအရပေါ့) ... ကြောက်စိတ်ကြောင့် တချို့နေရာ တွေမှာ အဟန့်အတား ဖြစ်နိုင်လာ ပါတယ်။

ကျမ တူမလေး ကိုတော့ ကျမနဲ့ မတူအောင် ငယ်ငယ်လေး ထဲက စက်ဘီးကို စီးတတ်အောင် သင်ပေးခဲ့တယ်။ စစီးခါစတော့ နောက်ဘီး ဘေးနှစ်ဘက်မှာ ခွပြီးဘီးနှစ်ဘီး တပ်ပေးထား ပါတယ်။ တဖြည်းဖြည်းနဲ့ စီးတတ် လာတော့ နောက်က ဘီးနှစ်ဘီး ကိုဖြုတ်ပေးလိုက် တော့လည်း စီးတာများ ကျွမ်းကျင်လို့။ သိပ်မကြာ လိုက်ပါဘူး... လူကြီး စက်ဘီး အကြီးရပ်ထားတာ ကို သူ့ဟာသူ ယူစီးတာ အဆင်ပြေ ချောမွေ့လို့... ကိုယ်က အံ့အားတကြီးနဲ့ သမီးလေး ဘယ်လိုစီးလိုက် တာလဲဆိုတော့ သမီးလည်း ရမလားလို့ တက်စီးကြည့် လိုက်တာ ရသွား တာတဲ့။ ကျမ မစီးတတ်တဲ့ စက်ဘီးကို သူကစီးတတ်လို့ ၀မ်းသာ နေလိုက်တာများ...။ တကယ်တော့ သူ့မှာ ကြောက်စိတ် မရှိလို့ပါ။ ကြောက်စိတ် မရှိတော့ အဟန့်အတား မဖြစ်ဘူးဆိုတာပါ။ ဒါနဲ့ ကျမလည်း ကိုယ့်ကိုကိုယ် အားပြန်တင်းပြီး ဘယ်လို လုပ်ရပါ့ မလဲပေါ့...

တစုံတခု ကို ကြောက်စိတ် ၀င်သွားရင် အဲဒီ တစုံတခုရဲ့  သားကောင် ဖြစ်သွားကြ ရတာ ပါပဲ.......

ကျမလည်း သားကောင် မဖြစ်အောင်တော့ ကြောက်စိတ် ကို ဖယ်ဖို့ ကြိုးစား ရတော့မယ်..........

3 comments:

ကိုရင်နော်ခင်လေးငယ် said...

သဒ္ဒါရေ....

နွေးထွေးမှုတွေနဲ့ လက်ကမ်း ကြိုဆိုလိုက်ပါတယ်
သဒ္ဒါ့ရဲ့ စာကောင်းလေးတွေ အများကြီး
ထပ်ဖတ်ရခွင့်ကို မျှော်လင့်နေမယ်နော်..

အကိုတွေ အမတွေနဲ့ အတူ ဒီကမ္ဘာလေးထဲမှာ ပျော်ရွှင်ချမ်းမြေ့ပါစေ...

လုံမလေး said...

မရေ....
ဟုတ်ကဲ့ အားပေးတာကျေးဇူးနော်
စာကောင်းလေးတွေ လာဖတ်မယ်
အခုကတော့ အချိန်မရှိလို့ ညနေမှလာပြီးစာတွေဖတ်မယ်နော်

ချော (အစိမ်းရောင်လွင်ပြင်) said...

လူတွေရဲ့ တိုးတက်မှု ပြောင်းလဲမှုကို ဟန့်တားထားတာ အဲဒီကြောက်စိတ်ပါဘဲ... တော်ရုံနဲ့တော့ ကြောက်စိတ်ကို တွန်းလှန်ဖို့ခက်ခဲပါတယ်... ဒါပေမဲ့ ကြိုးစားဖို့တော့လိုတယ်နော်... လာလည်သွားတာကျေးဇူးနော်..
ခင်မင်လျှက်
ချော