Tuesday, December 8, 2009

စိတ်ဆိုတဲ့စိတ်

လူတွေရဲ့ စိတ်ဟာ နေရာ ဒေသ၊ အချိန် အခါ၊ အသက် အရွယ်၊ ပတ်ဝန်းကျင် ကိုလိုက်ပြီး ပြောင်းလဲ သွားတယ်လို့ ထင်တယ်။ ဒါကလည်း လူတိုင်း အတွက်တော့ ဖြစ်ချင်မှ ဖြစ်မယ်။ တချို့လည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒါတွေကို ကြည့်ပြီး ကိုယ်က ဘယ်လို နေထိုင်ရမလဲ ဆိုတဲ့ အသိစိတ် ကလေးတော့ ရသွား ပါတယ်။ နေရာ ဒေသ ကို လိုက်ပြီး ပြောင်းလဲတယ် ဆိုတာ ကတော့ အပြည့်အ၀ မမှန်ဘူးလို့ ထင်တယ်။

စကားပုံ ကလည်း `ရောမကို ရောက်ရင် ရောမလိုကျင့်´ ဆိုတာ ကလည်း ရှိသေးတယ်။ ပတ်ဝန်းကျင် ကိုလိုက်ပြီး ပြောင်းတယ် ဆိုတာ ကလည်း ဖြစ်နိုင် ပါတယ်။ ဒါပေမဲ့ တသားတည်း ဖြစ်သွားလောက် အောင် ဘယ်လို အရာ တွေကများ ဖြစ်သွား တာလဲ။ `သဲကုန်းဆရာတော် အသျှင် ဥာဏိဿရ´ ဟောဖူးတယ်။ ကိုယ့်နိုင်ငံရဲ့ တန်ဖိုးရှိတဲ့ ပတ္တမြား ဟာ ဘယ်နိုင်ငံ ကို ရောက်ရောက် အရောင် မပြောင်းသွား သလိုပဲ လူတွေလည်း ဘယ်နိုင်ငံပဲ ရောက်ရောက် အရောင် မပြောင်းသင့် ဘူးတဲ့။ စိတ် ဆိုတာကလည်း ပြောင်းလဲတဲ့ သဘော ရှိလေတော့ အတိအကျ ပြောဖို့တော့ ခက်ပါလိမ့်မယ်။

တချို့ ကျတော့ လည်း စိတ်က အမြဲပြောင်းလဲ နေတယ်။ အခု ကောင်းလိုက်၊ အခု မကောင်းလိုက်နဲ့၊ အဲဒါမျိုး ကျတော့ ဆက်ဆံရ ခက်တယ် နော်။ သူက စိတ်ကောင်းဝင် နေတာလား၊ စိတ်မကောင်းတာလား ဆိုတာ သိမှ မသိနိုင်ပဲ။ ကိုယ်ကိုယ်တိုင် ကတော့ ပြောင်းလဲ နေတာ သတိ ထားမိချင်မှ ထားမိမယ်။ ကျွန်မ ရှေ့မှာ စိတ်ကောင်းလိုက်၊ တော်ကြာ တမျိုးဖြစ်ပြီး စိတ်မကောင်းလိုက် လူမျိုး တွေ့ခဲ့ဖူးတယ်။ စိတ်ကောင်း ၀င်တုန်းတော့ အရမ်း ကောင်းတာပဲ။ တော်ကြာ သူ့ဟာနဲ့သူ စိတ်မကောင်းပြီး ဆက်ဆံတာ တမျိုး ဖြစ်နေပြန် တယ်။ အဲလို လူမျိုးရဲ့ စိတ်ကို လည်း နားလည်နိုင်အောင် ကြိုးစားခဲ့ ပါတယ်။ တခါတလေ ကျတော့လည်း ကိုယ့် ဘက်ကချည်း တဘက်သတ် နားလည် နေရသလို ဖြစ်နေတယ်။ စိတ်ပြောင်းလာမလား စိတ်ပြောင်းလာ မလား နဲ့စောင့်နေရင်း မပြောင်းလဲတဲ့ သူတွေလည်း ရှိတယ်။

စိတ်ကိုဖြူစင်အောင် ထားတတ်ခြင်းဟာ တပါးသူရဲ့ စိတ်ကိုလည်း ပြောင်းလဲ သွားစေ နိုင်တယ်လို့ ကျွန်မ ထင်တယ်။ တချို့ ကျတော့ လည်း ကိုယ့်ဘက်က ရမယ်ဆိုရင် ဘယ်လို လူမျိုးကို မဆို အောက်ကျို့ခံပြီး ပေါင်းဖို့ ၀န် မလေးပြန်ဘူး။ ကျွန်မ ကတော့ လူတမျိုး၊ ကျွန်မ စိတ်မပါရင် ဘယ်လို လူမျိုးကိုမဆို ဆက်ဆံဖို့ ခက်တယ်။ ကျွန်မ မျက်နှာမှာ အထင်းသား ပေါ်နေတတ်တယ်။ ကိုယ့်အတွက် ဘာပဲရမယ် ပြောပြော ကျွန်မ စိတ်မ၀င် စားဘူး။ အဲဒါကြောင့်လည်း ကျွန်မမှာ တော်ရုံ အပေါင်းအသင်း မရှိဘူး။ ကျွန်မရဲ့ အပေါင်းအသင်း တွေက ကျွန်မ စိတ်နဲ့ တော်တော်လေး တူတဲ့သူ တွေပါ။ အရေးကြီးတာ ကတော့ ကိုယ့်ကြောင့် သူတပါး စိတ်ကို မထိခိုက် စေဖို့ပါ။ ကျွန်မလည်း ကိုယ့်ကြောင့် သူတပါးရဲ့စိတ် ထိခိုက် နစ်နာမဲ့ အလုပ်မျိုး ဘယ်တော့မှ မလုပ်မိအောင် နေပါတယ်။ ကျွန်မ ကတော့ တပါးသူကြောင့် စိတ် ထိခိုက်စရာ တွေကြုံခဲ့ရဖူးတယ်။ အဲဒီ အခါလည်း နေထိုင်တတ် အောင် ကိုယ့်စိတ်ကို ဆုံးမပြီးနေခဲ့ ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ဘက် ကိုယ့်ဘက် ကိုယ်ချင်းစာစိတ် ကလေးထားပြီး အားလုံးကို ဆက်ဆံနိုင် မယ်ဆိုရင် ကမ္ဘာကြီးပေါ်က လူသားတွေ အားလုံး စိတ်ချမ်းသာ ကြမှာပါ။ လူသားတွေ အားလုံး စိတ်ချမ်းသာရင် ကမ္ဘာကြီးလည်း သာယာ လှပနေမှာ မလွဲဧကန် ပါပဲ။

စိတ်ထဲ ပေါ်လာတာလေး ရေးလိုက်တာပါ။ တခါတလေ စိတ်ထဲအခန့်မသင့်တဲ့ အခါပေါ့။

No comments: