Monday, December 21, 2009

အိပ်မက်…..မက်ခဲ့တယ်…..

`ပဲပြုတ်…ပဲပြုတ်…´ဆိုတဲ့ အသံကြောင့် ကျမ လန့်နိုးလာခဲ့တယ်။ ဘေးနားက နာရီ ကိုကြည့်လိုက်တော့ မနက် ၆နာရီ တောင်ထိုးတော့ မှာပဲ။ ဟာ…၇နာရီဆို အတန်းချိန် စတော့မှာ မြန်မြန် ထပြင်ဆင်ပြီး ကျောင်းသွား ရအုံးမယ်။ ညက စာကြည့်တာ အတော် ညဥ့်နက် သွားတာကိုး။ မထချင် ထချင်နဲ့ ထပြီး ရေချိုးပြင်ဆင် ရအုံးမယ်။ ဒီမနက် တော့ မနက်စာ စားဖို့ အချိန် မရတော့ဘူးပဲ။ ဖေကြီးကို မနက်စာ ကျောင်းမှာပဲ စားတော့မယ် ဆိုပြီး ပြောတော့ ဖေကြီးက ဗိုက်ဆာ နေလိမ့်မယ်တဲ့။ နည်းနည်း စားသွား ဆိုတော့ စိတ်ကျေနပ်အောင် နည်းနည်းစား လိုက်ရတယ်။ ပြီးတော့ ကမန်းကတန်း အိမ်က ထွက်လာခဲ့တယ်။ လမ်းရောက်တော့မှ လေအဝေ့တချက် ခပ်ကြမ်းကြမ်း တိုက်လိုက်တဲ့ အခါ စိမ့်ပြီး အေးသွားတယ်။ အဲဒီတော့မှ ကြည့်လိုက်တော့ သြော်…ဒီနေ့ အနွေးထည် ၀တ်မလာမိ ပါလားလို့။

ကားဂိတ်မှာ ကားစောင့်နေရင်း ဟိုကြည့် ဒီကြည့်နဲ့ ကားရောက် လာတော့ ကားပေါ်တက် လိုက်တယ်။ လမ်းတလျှောက်လုံး အအေးဒဏ် ခံစားရင်း စာသင်မဲ့ ဆရာမဆီ ကိုသာ စိတ်က ရောက်နေတယ်။ ၇နာရီ သင်မဲ့ ဆရာမက စာအသင်အပြ အရမ်း ကောင်းတယ်။ စိတ်ကူးရင်းနဲ့ စီးလာလိုက်တာ မြေနီကုန်းကျော် လို့ လှည်းတန်းတောင် ရောက်ခါနီးပြီပဲ။ ကားပေါ်က ဆင်းဖို့ အဆင်သင့် ရပ်နေ လိုက်တယ်။ လှည်းတန်း မှတ်တိုင် ရောက်တော့ ကားပေါ်က ဆင်းပြီး ခပ်သုတ်သုတ် လျှောက်လာရင်း ဒီအချိန်ဆို အတန်းထဲမှာ စာသင်နေလောက် ပြီလို့ တွေးရင်း လျှောက်လာ ခဲ့တယ်။ အတန်းထဲ မသွားခင် စာကြည့်တိုက် ရှေ့မှာ သူငယ်ချင်းတွေ ဆုံနေကြ ဆိုတော့ သူတို့တွေ ငါ့ကို စောင့်နေလောက် ပြီပေါ့။ တမျှော်မျှော်နဲ့ စောင့်နေကြတဲ့ သူတို့က လည်း ကိုယ့်ကို တွေ့တော့ ဘာဖြစ်လို့ နောက်ကျတာ လည်းတဲ့။ ကျမလည်း သူတို့ အမေးကို မဖြေတော့ပဲ လာ…လာ အတန်းထဲ မြန်မြန် သွားကြမယ်ဆိုပြီး ထွက်ခဲ့ကြတယ်။ လမ်းတလမ်းလုံး လည်း ကံ့ကော်ပန်း ရနံတွေ မွှေးပျံ့ နေလိုက်တာ…

အတန်းထဲ ရောက်တော့ ဆရာမက စာသင်နေပါပြီ။ ကျမတို့လည်း ခပ်ရို့ရို့ ၀င်ထိုင်ရင်း စာအုပ် ထုတ်ပြီး မှတ်စုလိုက် ရေးလိုက်တယ်။ ဒီလိုနဲ့ တချိန်ပြီး တချိန် သင်လိုက်တာ နေ့လည် ၁၂နာရီတောင် ထိုးသွားပြီ။ ဗိုက်ထဲ ကလည်း ဆာလိုက်တာ။ ဒီနေ့တော့ ၁နာရီဆို အတန်းချိန် ပြီးပြီ ဆိုတော့ သူငယ်ချင်းတွေ တနေရာရာ သွားဖို့ စိတ်ကူးထား ကြတယ်။ ၁နာရီ ထိုးလို့ စာသင်ချိန်လည်း ပြီးရော သူငယ်ချင်းတွေ ရှစ်မိုင် လမ်းဆုံက (junction 8) ကို သွားခဲ့ကြတယ်။ တလမ်းလုံး စကားတွတ် ထိုးပြီး မတွေ့ရတာ အတော်ကြာ နေကြတဲ့ သူတွေလိုပဲ။ (junction 8) မရောက်ခင် ထမင်းသုပ်ဆိုင် ကောင်းတယ်။ ၀င်စားကြမယ် ဆိုပြီး စားကြတယ်။ ပြီးတော့မှ (junction 8) ကို လာကြပြီး လျှောက်ကြည့်ကြ လိုတာတွေ ၀ယ်ကြတယ်။ (junction 8) ထဲက (J Donut) မှာ အအေးဝင် သောက်လိုက် ကြသေးတယ်။ ပြီး ဘယ်သွားအုံးမလဲ ဆိုတော့ ကျမက စာအုပ်တန်းဘက် ကို သွားချင်တယ် ပြောတော့ အားလုံး ကလည်း တညီတညွတ်တည်း သွားမယ်တဲ့။ အဲဒါနဲ့ (junction 8) ထဲက ပြန်ထွက်လာပြီး ရန်ကုန်မြို့ထဲ ဘက်ကို ကားစီး လာခဲ့ကြတယ်။

စာအုပ်တန်း မှာ တဆိုင်ဝင် တဆိုင်ထွက် နဲ့ စာအုပ်တွေ ကြည့်ရတာ အရမ်း ကောင်းတာပဲ။ နောက်ဆုံး `အမေ့အိမ်´ဆိုင်က ဖတ်ချင်တဲ့ စာအုပ် တချို့  ၀ယ်လာ ခဲ့တယ်။ ပြီးတော့ ဘယ်သွားရင် ကောင်းအုံး မလဲလို့…. တရုတ်တန်း ဘက်ကို သွားကြမယ် ဆိုတော့ အားလုံးက ခေါင်းညိတ် ကြတယ်လေ။ တရုတ်တန်း ဘက်မှာ စားစရာ တွေက အများကြီးလေ။ စာအုပ်တန်း ဘက်က လျှောက်လာရင်း ဆိုင်တန်းတွေ ငေးပြီး လျှောက်လာ လိုက်တာ တရုတ်တန်း ကို ရောက်နေပြီပဲ။ ရောက်တော့ အားလုံး အကြိုက် အရင်ဆုံး ၀က်သား ဒုတ်ထိုး စားကြတယ်။ ဘေးနားမှာ ကြည့်လိုက် တော့ ကော်ပြန့်စိမ်းဆိုင်။ အား… ကော်ပြန့်စိမ်း လည်း စားလိုက် အုံးမယ် ဆိုပြီး စားကြပြန်တယ်။ ပြီးတော့ `ချစ်စရာ´ အအေးဆိုင် ကို လမ်းလျှောက်ကြပြီး ကူလ်ဖီး စားကြတယ်။ သူငယ်ချင်းတွေ ကတော့ ဖါလူဒါ စားတဲ့သူနဲ့ သစ်သီးဖျော်ရည် သောက်တဲ့သူ နဲ့ပေါ့။ ထုံးစံ အတိုင်း သူ့ဟာ ကိုယ်ယူစား ကိုယ့်ဟာ သူယူစားနဲ့ ပျော်စရာ ပေါ့။ အင်း နာရီ ကြည့်လိုက်တော့ ညနေ ၅နာရီ တောင် ထိုးနေပြီပဲ။ ဖေကြီးကို ကြိုပြော ထားရတယ်။ မဟုတ်ရင် ပြန်တာ နောက်ကျလို့ စိတ်ပူ နေအုံးမယ်။ ပြီးတော့မှ လမ်းခွဲပြီး အိမ်ပြန် လာကြတယ်။ ကျန်တဲ့ သူငယ်ချင်းတွေ က လှည်းတန်း နဲ့ အင်းစိန် နဲ့ ကိုးမိုင် နဲ့ပြန်မှာ ဆိုတော့ လမ်းတူကြတယ်။ ကျမ သာ တာမွေဘက် ပြန်မှာ ဆိုတော့ သူတို့နဲ့ မတူ တယောက်တည်း ပြန်လာခဲ့တယ်။

လမ်းတလမ်း လုံးလည်း မနက်ဖန်မှာ လုပ်ရမဲ့ (ပရက်တီကယ်) လက်တွေ့ အကြောင်း စဉ်းစားရင်း အတွေး နယ်ချဲ့  လာခဲ့တာ အိမ်နားကိုတောင် ရောက်ခါနီး လာပြီ။ အင်း… ဒီနေ့တော့ သွားချင်တဲ့ နေရာတွေ သွားလိုက်ရတဲ့ အတွက် စိတ်ချမ်းသာ သွားတယ်။ ဖေကြီးတို့ ကတော့ ထမင်းစားဖို့ စောင့်နေကြမှာ။ အိမ်ရောက်တော့ ဖေကြီးက ပင်ပန်း သွားပြီလားတဲ့။ ပင်ပန်းတာ ပေါ့လို့ ပြန်ပြောတော့ ထမင်းစားကြမယ် တဲ့။ ဆာတော့ မဆာ သေးဘူး။ ဒါပေမဲ့ မစားရင် လည်း စိတ်မကောင်းမှာ စိုးလို့ ၀င်စား လိုက်တယ်။ ထမင်းစားပြီး ခန နားတုန်း ၀ယ်လာတဲ့စာအုပ်တွေ ဖတ်ကြည့်လိုက် အုံးမယ် ဆိုပြီး ဖတ်လိုက်တာ။

တူမလေး က `တီတီကြီး´ သမီး ကျောင်းသွားတော့မယ် `တာ့တာ´ ဆိုတဲ့ အသံကြားမှ ဟင်…. ငါဘယ်ရောက် နေပါလိမ့် လို့ကြည့်လိုက်တော့ …. ကိုယ့်အိမ်၊ ကိုယ့်မြေ မဟုတ်တဲ့ နေရာလေး တခုမှာ အိပ်စက် နေတာပါလား…
အေးစက် နေတဲ့ ပါးပြင်ပေါ် မှာတော့ မျက်ရည်စ တချို့ ……….

1 comment:

မောင်ဘကြိုင် said...

အိပ်မက်တခုကို ထပ်တူမျှမက်သွားတယ်ဗျ
လူနေမှုပုံစံလေး သဘာဝလေး ဖတ်သွားတယ်
လမ်းပေါ်လျှောက်သွားလိုက်ရသလိုပဲ
ကိုယ်တိုင်လိုက်လျှောက်ကြည့်မိတယ်း)