Wednesday, March 10, 2010

ရင်နဲ့အမျှ

ဝေဒနာတွေ ထဲမှာတော့ ဘယ်လို ဝေဒနာက အဆိုးရွားဆုံး လဲလို့ စဉ်းစားကြည့်တော့ ကိုယ်တကယ် ချစ်တဲ့သူတွေနဲ့ ဝေးကွာနေရတာက အဆိုးဆုံးလို့ ထင်တယ်။ ဟုတ်တယ်….။ ပြီးတော့ မချစ်မနှစ်သက်တဲ့ သူနဲ့ အတူ နေရတာလည်း အဆိုးရွားဆုံး ဝေဒနာလို့ ထင်တယ်။ ချစ်ခင်တဲ့ သူတွေနဲ့ ဝေးကွာပြီး မချစ်ခင် မနှစ်သက်နိုင်တဲ့သူ တွေနဲ့ နေရတာဆိုရင် တကယ့်ကို အဆိုးရွားဆုံး ဝေဒနာ ဖြစ်သွားပါပြီလေ။

ခုချိန်မှာ လူတွေဟာ မခွဲခွာချင်ပေမဲ့လည်း ခွဲခွာနေကြရ တာပဲ.မဟုတ်လား…။ မိဘနဲ့ သားသမီး၊ ဇနီး နဲ့ ခင်ပွန်း၊ ညီအကို မောင်နှမ၊ ဆွေမျိုး သားချင်း၊ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေ.၊ ပြီးတော့ ကိုယ့်မြေ ကိုယ့်နေရာလေး တခု………..

အခြေအနေ တခုအောက်မှာ မျှော်လင့်ချက် လေးနဲ့ အသက်ဆက် နေရပေမဲ့ ရင်နဲ့ရင်းပြီး နေရတဲ့ ဘ၀ တခုဟာ အဓိပ္ပါယ် ရှိနိုင်ပါ့မလား လို့လည်း တွေးမိတယ်။ ဒီလို အခြေအနေ တခုနဲ့ နေနေရတဲ့ သူတွေဟာ ကိုယ့်ကိုကိုယ် ဘယ်လို ဆက်ရှင်နိုင်ပါ့မလဲလို့ ဆိုတော့……. ပျော်စရာ တခုခုကို ကြံဖန် ရှာဖွေကြ၊ ၀ါသနာ ပါတာ တခုခုကို လုပ်ခွင့်ရကြ၊ အကျိုးရှိစေနိုင်မဲ့ အလုပ် တခုခုကို လုပ်ခွင့် ရနေကြ၊ တန်ဖိုးရှိရာ တခုခုကို လုပ်နေကြ…………. ဆိုရင်တော့လည်း……..!!!!!

ဒီလို ခေတ်ကြီးထဲမှာ လူဖြစ်ခွင့် ရလာတာကိုပဲ တခါတလေ အလိုမကျမိ…။

ကိုယ့်အပေါ် အားပေး နားလည်နိုင်မဲ့ သူ တဦးတလေမှ မရှိရင်တောင် ကိုယ့်ကိုကိုယ် စိတ်ဖြေနိုင်မဲ့ အတွေးလေး ဖြစ်ဖြစ်၊ စိတ်ခံစား သက်သာမှုလေးပဲ ဖြစ်ဖြစ်၊ စိတ်ဓါတ် ခွန်အားတွေ…. ရလာနိုင် ဖို့သာ ဆုတောင်းမိပါရဲ့………!

တခါတလေတော့လည်း မျှော်လင့်ချက် သန်းလာနိုင်မဲ့ စက္ကန့်လေးတွေကို ကြည့်ပြီး အချိန်တခု စောင့်ရမယ်လို့ ပြင်ဆင် ထားမိတယ်။

ဒါလည်း စိတ်ကူးယဉ် အိပ်မက်တခု ပါပဲ…။ ဒါပေမဲ့ စိတ်ကူးယဉ် အိပ်မက် တွေကို လက်တွေ့ အကောင်အထည် ဖေါ်ဖို့ မျှော်လင့်ချက်ချည်းပဲ မဟုတ်တဲ့ အတွေးအခေါ် အဖြစ် တွန်းပို့ ပေးနိုင်ရမယ်….. ယုံကြည်မှု ရှိရှိနဲ့ ရှေ့ကို လှမ်းလို့ ချီတက်နိုင်ရမယ်….. ဆိုပြီး တော့လည်း အားတင်းမိပြန်တယ်။

ဒီလိုပဲ ကိုယ့်ကိုကိုယ် အားတင်းရင်းနဲ့ ဘ၀ ဆိုတဲ့ လောက လမ်းကြောင်းကြီးပေါ်ကို တက်ခဲ့တာ ဘယ်လောက် တန်ဖိုးရှိရှိနဲ့ တက်ခဲ့ပြီးပြီလဲ….!

အရေးကြီးတာကတော့ တန်ဖိုးရှိရှိနဲ့ နေတတ်ဖို့၊ တန်ဖိုးရှိရှိနဲ့ အကျိုးပြုနိုင်ဖို့ ပါပဲ…။

ဒါကြောင့် ကိုယ့်နေရာလေးကို ခွဲခွာလာရတဲ့ သူတယောက်အနေနဲ့ တန်ဖိုးရှိစွာ အကျိုးပြုနိုင်ဖို့ မျှော်လင့်မိတယ်။

ကိုယ်ချစ်ခင်ရတဲ့ သူတွေနဲ့ ပြန်တွေ့ဖို့ မျှော်လင့်ချက် ရောင်ခြည်လေး တောင်မျှ မရှိနိုင်ရင် သေလူနဲ့ ဘာမှ မထူးခြားတဲ့ ဘ၀ တခု ကို ပိုင်ဆိုင်လို့….!!!!!

10 comments:

ဒဏ္ဍာရီ said...

ချစ်တဲ့သူနဲ့ ဝေးရတာထက် မချစ် မနှစ်သက်တဲ့သူနဲ့ အတူနေရတဲ့ ဆင်းရဲခြင်းက ပိုဆိုးတယ်။ ခွဲခွါရတဲ့ အကြောင်းတွေကတော့ အမျိုးမျိုးပေါ့လေ... ဒါတွေကို မပြောချင်တော့ဘူး သဒ္ဓါရယ်..။ ဟုတ်တယ် တခါတလေ အလိုမကျ၊ မနေတတ် မထိုင်တတ်နဲ့ ဖြစ်မိသား။
အားလုံးကတော့ မျှော်လင့်ချက်တွေနဲ့ ဖြတ်သန်း နေကြရတာ ပါပဲလေ..။
ဆုံတွေ့နိုင်မှာပါ သဒ္ဓါရယ်.... အားတင်ထားနော်။

ခင်မင်လေးစားလျှက်

ဒဿ said...

ရင်နဲ့အမျှ ဆိုတဲ့ အတိုင်းပါပဲ...
ထပ်တူထပ်မျှကို ခံစားမိပါတယ်။
တစ်နေ့နေ့ပေါ့ဗျာ. ဖြစ်လာမယ်လို့
မျှော်လင့်မိပါတယ်။

အင်ကြင်းသန့် said...

သဒ္ဓါရေ...ဘ၀ဆိုတာ ဒီလိုပဲလေ... အင်ကြင်းဆို ခဏ ခဏ ခံစားရလွန်းလို့ အရေတောင် တော်တော်ထူနေပြီ...ဒီလိုပဲ မျှော်လင့်ချက်တွေနဲ့ အားတင်းရင်းပေါ့...စိတ်ဓါတ်မကျနဲ့နော်...
သဒ္ဓါတစ်ယောက်တည်း မဟုတ်ပါဘူး...သဒ္ဓါနဲ့ ဘ၀တူတဲ့ အင်ကြင်းတို့တွေရှိတယ် သိလား...

ခင်တဲ့
အင်ကြင်း

ကိုဇော် said...

ဒါပေါ့ဗျာ...
လူဆိုတာ မျှော်လင့်ခြင်း နဲ့ အသက်ရှင်နေတာလေ။

မျှော်လင့်ခွင့်လေးတော့ ရှိနေရမှာပဲ။

မြစ်ကျိုးအင်း said...

ဒီမျှော်လင့်ချက်ကတော့သေချာပါတယ် မိသားစုနဲ့ ပြန်ဆုံကြရမယ် ချစ်ခင်သူတွေနဲ့ ပြန်တွေ့ကြရမယ်။ ဘဝမှာ အဆိုးတွေ များခဲ့တာ လူတိုင်းပဲ မဟုတ်လား ။ ဒီတော့ အကောင်းဆုံး တွေကို အားလုံးပြန်ရကြရမှာပါ။ ယုံကြည်အားတင်းထားပါ

Anonymous said...

သဒ္ဒါရေ......
ညီမဒဏ္ဍာရီနဲ့... ကိုဇော်တို့ပြောတာတွေကိုပဲပေါင်းပြောလိုက်ချင်ပါတယ်...............။
အားတင်းရင်း.......မျှော်လင့်ခွင့်ဆိုတာ.....နောက်ဆုံးထွက်သက်အထိ လူတိုင်းမှာရှိသင့်တဲ့ ရှိခွင့်တစ်ခုလေ........း))
ခင်မင်တဲ့
ဏီလင်းညို

Anonymous said...

သဒ္ဓါရေ
အားလျှော့လှချည်လား..
ဟုတ်တယ်.. အသက်ရှင်နေသရွေ့
မျှော်လင့်ချက်ဆိုတာရှိနေပါသေးတယ်
အသက်ရှင်နေတာလဲ ဒီမျှော်လင့်ချက်ကြောင့် အသက်ရှင်နေကြတာဘဲမဟုတ်လား
အရေးကြီးတာ လွယ်လွယ်နဲ့ ကိုယ့်မျှော်လင့်ချက်ကို
လက်လွတ်မခံမိဖို့ဘဲ
အားတင်းထားနော်....

ခင်တဲ့

မချော

THE STARRY NIGHT said...

သြော်.. သြော်.. ဗုဒ္ဓဟောတဲ့ ၀ိပရိနာမဒုက္ခက တယ်ဆိုးသကိုး ချစ်တဲ့သူရော မချစ်တဲ့သူရောမရှိပြန်တော့ရင်လည်း အထီးကျန်ခြင်း ဒုက္ခ :P...
ကျွန်တော် ကြားဖူးတာ လောကမှာ ချမ်းသာခြင်းဆိုတာ မရှိဘူးတဲ့ ဆင်းရဲခြင်းကလွှတ်ရာပဲ ရှိတယ်တဲ့ ဒီလိုပြောလို့အား လျော့မသွားနဲ့ဦးဗျာ ဒါပေမဲ့ ဘယ်လိုအခြေအနေမှပဲဖြစ်ဖြစ် ကြိုးစားနေတဲ့သူအတွက်တော့ ထင်တာထက် တစ်ခုခုပိုလုပ်နိုင်မှာပါ..
လေးစားလျက်.......

ကိုခိုင် said...

လာလည်ပါတယ်။
လာလည်သွားတာကျေးဇူးပါ။
အစစ အရာရာ အဆင်ပြေပါစေ။
ကိုခိုင်

ညရဲ့ကောင်းကင် said...

မသဒ္ဒါရေ ... မျှော်လင့်ခြင်းဟာ လမ်းပြကြယ်တခုပါပဲ ...
အားမလျော့ပါနဲ့ ...