Thursday, March 4, 2010

တမ်းတမိသော အမေ့လက်ရာ (၁)…

နေ့ခင်းဘက် ထမင်းစားနေရင်း… အမေ့ရဲ့လက်ရာ အရသာ ရှိရှိမစားရတာ ကြာပြီဖြစ်တဲ့ ကျမ…….. အမေ ချက်တဲ့ ဟင်းတွေထဲက `ဂဏန်း´ ဟင်းကို တမ်းတသွားမိတယ်။ အမေ ချက်တဲ့ ဟင်းအကုန်လုံး ကြိုက်တဲ့ ကျမက ထမင်းစားရင်း အမြဲ တမ်းတမိတယ်…။

ဒီနေ့တော့… ကျမအမေ ချက်တဲ့ ဟင်းလျာတွေထဲက ကျမကြိုက်တဲ့ `ဂဏန်း´ ဟင်းကို သတိရပြီး အရင်ဆုံး ရေးမိလိုက်တာပါ။

ငယ်ငယ်ထဲက ချေးအလွန်များတဲ့ကျမ..၊ ဟိုဟင်းမစား.. ဒီဟင်းမစားတဲ့ကျမ..၊ ဟင်းသီးဟင်းရွက် တော်တော်များများ မစားတဲ့ကျမ..၊ အသားဆိုလည်း အကုန်မစားတဲ့ကျမ..၊ ပဲဆိုလည်း မကြိုက်တဲ့ကျမ..၊ မုန့်ဆိုလည်း မစားတာများတဲ့ ကျမ…..

အဲလို မကြိုက်တာတွေ.. မစားတာတွေ များတဲ့ ကျမ… အမေနဲ့ ဝေးသွားတဲ့ အချိန်မှာ တော်တော့်ကို အဆင်မပြေ ဖြစ်သွားတာလေ..။ ကျမ ချေးများတိုင်း ကျမ စားချင်တာပြောတိုင်း ချက်ချင်းလို ထချက် ပေးတတ်တဲ့ အမေ… ။ ကျမအမေ ချက်တဲ့ `ဂဏန်း´ ဟင်းကို ဒီနေ့ အရမ်း တမ်းတမိနေတယ်။

ချဉ်ချဉ်စပ်စပ် အရည်လေး နဲ့ မဆလာ ခတ်ထားတဲ့ `ဂဏန်း´ ဟင်း ချက်တဲ့နေ့ဆို ကျမ အရမ်းပျော်တဲ့နေ့ပေါ့။ တခါတရံတော့ `ဂဏန်း´ ကို အကြော်မှုန့်နဲ့ ရောပြီး ကြော်. အချဉ်ရည်လေးနဲ့ လုပ်ပေးတတ်ပါတယ်။ အဲဒါမျိုး ဆိုရင်လည်း ခေါင်းမဖေါ်တမ်းပေါ့…။ တခါတလေလည်း… `ဂဏန်း´ ကိုပြုတ် စိတ်ရှည်လက်ရှည် အသားထွတ်ပြီး ကြက်သွန်စိမ်း၊ ငရုတ်သီးစိမ်း၊ သံပရာသီးနဲ့ သုပ်တတ်ပါတယ်။ `ဂဏန်း´ ဆိုရင် အရမ်းကြိုက်တဲ့ ကျမ အတွက်တော့ အကောင်းဆုံး ဟင်းတခွက်ပဲပေါ့…။

ကျောင်းတက် နေတုန်းကလည်း မနက် စောစော ထဲက ကျောင်းသွားတဲ့ကျမ ညနေ ပြန်ရောက်လို့ သမီးရေ ဒီနေ့ `ဂဏန်း´ ချက်တယ်လို့ ပြောလိုက်ရင်….. ကျမမှာ ပျော်လိုက်တာ…။

အခုတော့လည်း ဗိုက်ပြည့်ရင် ပြီးရော ဆိုပြီး စားကောင်းကောင်း မကောင်းကောင်း၊ ကြိုက်ကြိုက် မကြိုက်ကြိုက် စားလိုက်တာပဲလေ.။ ဟိုး……….အရင်က ချေးအလွန်များတဲ့ ကျမ ခုတော့လည်း သိပ်ပြီး ချေးထူလို့ မရတော့ပါဘူး။ ဘယ်လောက် ကောင်းတဲ့ဆိုင်မှာပဲ စားစား အမေ့လက်ရာ လောက်တော့ မကောင်းဘူးလို့ စိတ်ထဲမှာ တွေးမိတယ်…။ ဝေးကွာသွားတော့မှ အမေ့လက်ရာက ပိုကောင်းမှန်း ပိုသိလာရတယ်…။ ပိုတမ်းတမိ လာရတယ်…။

ကျမ ကြိုက်တဲ့ အမေ့ ဟင်းလျာတွေထဲက `ဂဏန်း´ ဟင်း ကို တမ်းတရင်းနဲ့ပဲ ကျမ သိပ်မကြိုက်တဲ့ ဟင်းတွေနဲ့ စားနေခဲ့တယ်လေ...။

လောလောဆယ် ကျမကြိုက်တဲ့ဟင်းတွေ ချက်ပေးမဲ့ အမေက အဝေးမှာ ဆိုတော့ တမ်းတမိရုံကလွဲပြီး……..!!!!!

11 comments:

ဒဏ္ဍာရီ said...

ပြန်တဲ့ အခါ စားပေါ့ သဒ္ဓါရယ်...။ စားချင်တာလေးတွေ အခုထဲက စာရင်းလေး လုပ်ထားပေါ့နော်။ မနွယ်ဆို အဲလိုပဲ လုပ်ထားလိုက်တာ်။ ပြန်ရင်တော့ တရက်တမျိုး မထပ်အောင် အမေ့လက်ရာ စားရတော့တာပဲ။
အမေ့လက်ရာနဲ့ အမေ့အိမ်လွမ်းတဲ့ အခါ ဒီလိုပဲပေါ့ သဒ္ဓါရယ်။

ခင်မင်လေးစားလျှက်

အဖြူရောင်နတ်သမီး said...

နွယ်ပြောတာ ဟုတ်တယ် သဒ္ဓရေ...
ကိုယ်လည်း စာရင်းလုပ်ထားတယ်...
ရန်ကုန်အလည်ပြန်ဖို့ နီးနေပြီး..ဟီး
အဝစားပြီပဲ....

flowerpoem said...

သဒ္ဓါပြောတာမှန်လိုက်တာ အမေ့လက်ရာတွေကို သိပ်တမ်းတတာပဲ ဘယ်တော့မှ ပြန်မရတော့ဘူး

Unknown said...

သိပ်ဟုတ်တာပေါ့ အစ်မရာ.. ရှိခဲ့တုန်းကတော့ ချေးများခဲ့သမျှ.. ခုကျတော့ ထမင်းတောင်မှန်မှန် မစားဖြစ်တော့ဘူး.. ခေါက်ဆွဲနဲ့ပြီးလိုပြီး၊ ပေါင်မုန့်နဲ့ ပြီးလိုပြီး ဖြစ်ပျက်နေတာ... အမေများသိရင် စိတ်ကောင်းမှာတောင် မဟုတ်ဘူး...

အင်ကြင်းသန့် said...

သဒ္ဓါရေ...ငိုချင်ရက် လက်တို့ ဖြစ်သွားပြီနော်...


ခင်တဲ့
အင်ကြင်း

မြစ်ကျိုးအင်း said...

အကြိုက်တူပါ့ဗျာ။
အိမ်မှာ ဂဏာန်းဟင်း ချက်ရင်လေ ထမင်းကို အရင် မြန်မြန်ပြီးအောင် စားဖြစ်တယ်။ ပြီးမှ ဂဏာန်းကို အားရပါးရ ထိုင်စားတာဗျ။ မဆလာနံ့သင်းသင်းလေးနဲ့ဗျာ ကွန်မန့်ရေးရင်နဲ့ တအားသတိရသွားပြီ။

Flower said...

အမေရဲ့ လက်ရာနဲ့ အမြန်ဆုံးပြန်ဆုံနိုင်ပါစေသဒ္ဓါရေ...
တစ်ခါတစ်လေတော့လဲ ဘ၀ဆိုတာ တစ်စုံတစ်ခုကို လိုချင်ရင် တစ်စုံတစ်စုံတစ်ခုကို စွန့်လွှတ်ထားရတယ် မဟုတ်ပါလား...
နေကောင်းကျန်းမာ ပျော်ရွှင်ပါစေနော်...

မြသွေးနီ said...

ဂဏန်းဟင်းက မြသွေးနီ မေမေ ချက်ကျွေးနေကြ
မြသွေး အကြိုက်ဟင်းလေးပါ။
မေမေ့ကို အရမ်းက်ု သတိရသွားတယ် သဒ္ဓါရေ..။

~ဏီလင်းညို~ said...

သဒ္ဒါရေ....
ကိုဏီကတော့ အကုန်ဆွဲတာပဲ.......
မေမေချက်တာကတော့ ဘာနဲ့မှမလဲနိုင်ပေါင်ဗျာ...နော့်...း))
ခင်မင်တဲ့
ဏီလင်းညို

ကိုဇော် said...

ကျနော်လည်း ဂဏာန်းအရမ်းကြိုက်တာ...
လျှာတွေယား...အာတွေ ထူတဲ့ အထိကို စားတာဗျ။
အခုတော့လည်း ဈေးကြီးလို့ မစားဖြစ်..:p

အမေ့လက်ရာကိုတော့ ငါးခေါင်းဟင်း ၊ လက်ဖက်သုတ် ၊ ကုလားဟင်း အရမ်းကြိုက်...

အခုတော့ ဝေးနေတာ ကြာပေါ့..။

Blackroze said...

လှိုင်းရေ..
ကျွန်မလဲရန်ကုန်နဲ့ဝေးနေတာကြာပေါ့..
ရန်ကုန်ကဟင်းတွေ..မုန့်တွေ
လွမ်းနေရတာပါ..
ရခိုင်မုန့်တီကိုအလွမ်းဆုံးပါဘဲလေ..
ပျော်ရာမှာမနေရ..တော်ရာမှနေရဆိုတဲ့
စကားလေးနာခံရင်းနဲ့ဘဲ.....