Wednesday, May 19, 2010

အမှောင်မှ အလင်း….


မှောက်မိုက်နေတဲ့ နေရာ ရပ်ဝန်းလေး တခုထဲ ကနေ အလင်းရောင်နဲ့ ပြည့်စုံနေတဲ့ နေရာ ရပ်ဝန်းလေး တခုကို ကြည့်လိုက်တဲ့ အခါ ခံစား သိရှိလိုက်ရတာက အလင်းထဲမှာ ရှိနေတဲ့ သက်ရှိ သက်မဲ့ အရာတွေ အားလုံးကို တွေ့မြင်လိုက်ရတယ်။ အဲဒီအခါ ကိုယ်က အမှောင်ထဲကနေ အလင်းထဲက အရာအားလုံးကို မြင်နေရတဲ့အခါမှာ ၀မ်းသာသလိုလို၊ ကျေနပ်မှု ရှိသလိုလို ပီတိ ဖြစ်တတ်ကြတယ်။

အလင်းထဲမှာ ရှိနေတဲ့ သက်ရှိ သက်မဲ့ ၀တ္ထု ပစ္စည်းတွေကို အမှောင်ထဲကနေ ကြည့်ချင်သလို ကြည့်လို့ ရနေတာ ဆိုပြီးတော့လည်း အမှောင်ထဲမှာပဲ လမ်းလျှောက်ချင်ကြပြန်တယ်။

တခါတရံတော့လည်း အမှောင်ထဲက လူဟာ အလင်းထဲမှာ ရှိနေတဲ့ လူတွေရဲ့ လှုပ်ရှားမှု၊ ပြောဆိုမှု၊ နေထိုင်မှု၊ စတာတွေ ကို ကြည့်ပြီး အမှောင်ထဲမှာပဲ လှုပ်ရှားကြပြန်တယ်။ ဒါတွေကို ကြည့်ပြီး အမှောင်ထဲက လူဟာ အလင်းထဲက လူထက် အစစအရာရာ သာနေတယ်လို့ ထင်မြင်မိပေမဲ့ တကယ်တော့ ဆန့်ကျင်ဘက် တေးသွားတပုဒ်လို ပါပဲ။

ကိုယ်တိုင်က ရိုးသား ဖြူစင်တဲ့ စိတ်ရှိတဲ့သူဟာ အမြဲတမ်း အမှောင်လောက ကမ္ဘာကြီးထဲမှာပဲ ရှိမနေကြဘူးလို့ ထင်မိတယ်။ တကယ်တော့ အမှောင်ထဲက လူဟာ အလင်းရောင်ထဲကို ခနဖြစ်ဖြစ် ၀င်ကြည့်မိခဲ့ရင် အလင်းရောင်ထဲက လူတွေရဲ့ ခံစားချက်၊ အလင်းရောင်ထဲက လူတွေရဲ့ နှလုံးသွေးကို သိနားလည်ပြီး သဘောပေါက် သွားမှာပါ။

လူတွေရဲ့ ဘ၀ တသက်တာ ဆိုတာ အချိန်အတိုင်းအတာ တခုအနေနဲ့ သိပ်ကို တိုတောင်း လွန်းလှပါတယ်။ ဒါကြောင့် အမှောင်ထဲမှာ ရှိနေတဲ့ လူတွေဟာ အမှောင်ထဲမှာပဲ စီးမျော နစ်ဝင်မနေပဲ အလင်းရှိတဲ့ နေရာလေးတခု၊ ဒါမှမဟုတ် အလင်းရောင် ရပ်ဝန်းထဲကို ၀င်လာခဲ့မယ်ဆိုရင် တန်ဖိုး ရှိတဲ့ အချိန်တခုကို ဖြတ်ကျော် သွားနိုင်မှာပါ။ အဲလို တန်ဖိုးရှိတဲ့ အချိန်တခု ကို ဖြတ်သွားရမဲ့ ဘ၀ ယာဉ်ရထားကြီး ပေါ်မှာလည်း ပျော်ရွှင် ကြည်နူးမှုတွေနဲ့ အတူ လောကကြီးရဲ့ ကောင်းကျိုးတွေကို သယ်ပိုးရွက်ဆောင်နိုင်ပြီး လူမှုဘ၀ ဖူလှုံမှု တွေနဲ့ အဖေါ်ကောင်းတွေကို ပိုင်ဆိုင်ကြရမှာ မလွဲဧကန်ပါပဲ..။

အခု အခြေအနေမှာ ဆိုရင် လူတော်တော် များများက အမှောင်လောကထဲမှာပဲ ကျင့်သား ရသလို ဖြစ်နေကြပြန်တယ်။ အလင်းထဲမှာ ဆိုရင် ရင်ဆိုင်ရမဲ့ ပြဿနာတွေ၊ ပြောဆိုရမဲ့ စကားအသွားအလာတွေ နဲ့ တည့်တည့် တိုးနိုင်၊ တည့်တည့် ရင်ဆိုင် ရနိုင်ပါတယ်။ ဒါပေမဲ့လည်း အလင်းထဲကနေ ပြဿနာ တခုကို ရင်ဆိုင် ဖြေရှင်း လိုက်နိုင်တာက ပိုလို့ မြင့်မြတ်ပါတယ်။

အမှန်တော့ အမှောင် ဘ၀ ထဲကနေ အလင်းရောင် ဘ၀ထဲကို ၀င်ကြည့် လိုက်မယ်ဆိုရင် ဘ၀မှာ မမြင်နိုင်တဲ့ ရင်းနှီးမှုတွေ၊ မကြားဖူးသေးတဲ့ အတွေ့အကြုံတွေ၊ အဆက်အသွယ်တွေ၊ တန်ဖိုး မဖြတ်နိုင်တဲ့ ကုသိုလ်စိတ်တွေ၊ မကြုံဖူးသေးတဲ့ ဘ၀ အခြေအနေတွေ နဲ့ တွေ့ကြုံလာမှာပါ။ ဒါကိုက ဘ၀မှာ သိပ်ကို တန်ဖိုးရှိတဲ့ အချိန်တခုကို ကျော်ဖြတ်သွားနိုင်ပြီပေါ့။

အလင်းထဲမှာ နေပြီးတော့လည်း အလင်းထဲမှာ ရှိနေကြတဲ့ လူတွေရဲ့ ပကတိ ရိုးသားဟန်၊ ဖြူစင်ဟန်၊ ပြောဆိုဟန်၊ လှုပ်ရှားမှုဟန်၊ တွေးခေါ်ဟန်၊ နေထိုင်ဟန်၊ တွေကို လက်တွေ့ ကြည့်ရှု လက်တွေ့ ရင်ဆိုင် တွေ့ကြုံ ရမှာပါ။ ပညာရည် ပြည့်ဝတဲ့ သူတွေဆီကနေ ပညာယူလို့ တိုးတက် လျှောက်လှမ်းနိုင်ကြမယ်။ အသိဥာဏ် ပြည့်ဝတဲ့ သူတွေဆီကနေ မသိသေးတဲ့ အကြောင်းချင်းရာတွေကို သိရှိ နားလည်နိုင်ကြမယ်။

အမှောင်ဘ၀ထဲမှာပဲ နေပြီး အမှောင်ထဲမှာ ရှိနေတဲ့ လူတွေဟာ အမှောင်ထဲမှာပဲ ဖြတ်သန်းနေကြတဲ့ လူတွေကို မြင်နိုင်ပါ့မလား…။

ကျမဟာ အမှောင်ကြောက်တတ်သူ ဆိုတော့ အလင်းထဲမှာပဲ နေပြီး အလင်းကိုပဲ ကြည့်နေချင်တယ်။

အလင်းရောင် ရပ်ဝန်း ထဲမှာ ရပ်တည်နေပြီး အလင်းရောင် ရပ်ဝန်းထဲမှာ ရှိနေတဲ့ လူတွေကို အပြုံးပန်းတွေ ဝေေ၀ဆာဆာနဲ့ စိတ်ရင်းအမှန် အတိုင်း ပြောဆို ဆက်ဆံ၊ အသိပညာတွေ ဖလှယ် နိုင်ကြပြီး၊ တူညီတဲ့ ဘ၀လမ်းကြောင်းထဲမှာ တူညီတဲ့ စိတ်ကောင်းစိတ်မြတ်တွေနဲ့ စိမ်းလန်း ဝေဖြာ အလှဆင် နိုင်ကြပါစေလို့ ရင်ထဲ တနေရာကနေ လှိုက်လှိုက်လှဲလှဲ ဆန္ဒပြုရင်း…..။

12 comments:

Cameron said...

ဒီပို့စ်လေးက အတွေးအခေါ်လေးသိပ်ကောင်းတယ်..။ အမှောင်ထဲကလူတွေကို အလင်းတန်းလေးတစ်ခုပေးလိုက်တာနဲ့တူတယ်...။


ခင်မင်စွာဖြင့်
မိုးငွေ့

Anonymous said...

သဒ္ဓါရေ
အမှောင်မှာ ကျင့်သားရနေသူတွေကျတော့လည်း
အလင်းထဲ ထွက်ရပ်ရမှာ စိတ်မရဲတော့ဘူးနဲ့ တူပါရဲ့ကွာ
တစ်ချို့တစ်ချို့တွေက အမှောင်ထုကို ပိုပြီး ခုံမင်တွယ်တာကြတယ်လေ..
အလင်းအောက်မှာ ကိုးရို့ကားယားပေါ့..
လူသားအားလုံး တူညီတဲ့အလင်းအောက်မှာ ခိုင်မာညီညွှတ်စွာ ရှင်သန်ကြမယ်ဆိုရင် အကောင်းဆုံးပါဘဲနော်..
အတွေးကောင်းလေးတွေပါတဲ့ ဒီစာလေးက အလင်းကလေးတစ်ပွင့်လိုပါဘဲ..

ဆောင်းယွန်းလ said...

အဓိပ္ပာယ်ပြည့်ဝလှတဲ့၊ အတွေးအခေါ်ကောင်းကောင်းနဲ့ ရေးဖွဲ့ထားတဲ့ ပို့စ်တခုပါပဲ ညီမလေးရေ။

သိင်္ဂါကျော် said...

အမှောင်ထဲက လူတွေကလည်း ကိုယ့်ကိုယ်ကို အမှောင်ထဲရောက်နေမှန်း မသိကြပဲ ပျော်မွေ့နေကြတာလည်း ရှိမှာပဲနော်..

ဇွန်မ said...

အမရေ စာသားလေးတွေ အရမ်းကောင်းတယ် ပို့စ်သစ်တင်တိုင်း လာအားပေးနေတယ်နော် ပျော်ရွှင်ပါစေး)

အင်ကြင်းသန့် said...

သဒ္ဓါရေ...
တစ်ချို့သောသူတွေကတော့ အမှောင်ထဲမှာပဲ ပျော်နေကြ ကျင့်သားရနေကြလို့ အလင်းရောင်ကျရောက်မှာတောင် ကြောက်နေကြတယ်နဲ့တူပ...ဒါမှ မဟုတ်...အမှောင်တွေ ဖုံးလွန်း အားကြီးပြီး...မျက်လုံးတွေပဲ ကွယ်ကုန်ကြပြီလား မသိပါဘူးနော်...ဆင်ခြင်စရာ အတွေးလေးတွေပါပဲ...

ခင်တဲ့
အင်ကြင်း

ခိုင်နုငယ် said...

"အမှောင်မှ အလင်း"
တကယ့်ကိုအတွေးပွါးစရာ ပိုစ့်ကောင်းလေးတစ်
ခုပါပဲ မမသဒ္ဓါ ပို့စ်လေးကိုနှစ်ခေါက်ပြန်ဖတ်သွားပါတယ်။
ပျော်ရွှင်ပါစေ ........

ပေါ့ဆိမ့် said...

ကောင်းလိုက်တဲ့ ပို့စ်လေးဗျာ..။
ဥာဏ်မမှီသေးလို့ အမှောင်မှန်းမသိလို့ အမှောင်ထဲရောက်ခဲ့တဲ့ လူတွေမြန်မြန် အလင်းထဲရောက်စေချင်တယ်..။
သဒ္ဓါ ပြောသလို အလင်းထဲမှာပဲ နေပြီး အလင်းကိုပဲ ကြည့်နေချင်တဲ့ သူတွေများလာပါစေ...

~ဏီလင်းညို~ said...

သဒ္ဒါရေ.........

ဖတ်လို့ကောင်းတယ်........။

အလင်းကို မြင်နိုင်ပါလျှက်နဲ့ မျက်စိဇွတ်မှိတ်နေတတ်တဲ့သူတွေလည်း...... ရှိနေဦးမယ်ထင်တယ်ဗျနော့်........။

ခင်မင်တဲ့
ဏီလင်းညို

သော်ဇင်စိုး said...

ဖတ်သွားပါတယ်ခင်ဗျား သူတို့မိုက်တာကို သူတို့ကိုယ်တိုင်သိရဲ့နဲ့ ဆက်မိုက်နေကြတာပါဗျာ ကိုယ့်ကိုယ်ကိုလိမ်ညာနေကြတာပါ ဒါပေမဲ့ သူတို့ အလင်းဆီကိုလာလို့ရော အလင်းက လက်ခံမှာလား စဉ်းစားစရာပါပဲ... ကောင်းကောင်းဖတ်သွားပါတယ်ခင်ဗျား...
လေးစားလျက်.....

မြသွေးနီ said...

မသဒ္ဓါရေ...
အမှောင်ထဲကနေ အလင်းထဲသာဝင်လာစေချင်တယ်
အလင်းထဲကနေတော့ အမှောင်ထဲ မရောက် သွားစေချင်ဘူး..အမှောင်ဘယ်လောက်ကောင်းကောင်း အလင်းရဲ့တန်ဘိုးနဲက သူ့ရဲ့ ဂုဏ်ရည်ကို အမှောင်ထဲကနေ တွေ့နေနိုင်တာပဲနော်..

သူကြီးမင်း (တုံးဖလား) said...

ဟုတ်တယ်။ အလင်းထဲမှာ ပွင့်ပွင့်လင်းလင်းနေထိုင်ပြီး ပွင့်လင်းမှုတွေနဲ့ဘဲ ရှင်သန်သင့်ပါတယ်။