Wednesday, May 12, 2010

ပျောက်ရှခဲ့တဲ့ စကားလုံးများ


တခါတရံ ရင်ထဲမှာ ပြောချင်တဲ့ စကားလုံးလေးတွေက ရင်ထဲမှာပဲ ပျောက်သွားခဲ့ရတယ်။ တခါတရံတော့ ပြောချင်တဲ့ စကားလုံးလေးတွေက စကားလုံးတွေအဖြစ် ပါးစပ်ထဲကနေ နူးညံ့ သိမ်မွေ့စွာနဲ့ ထွက်ကျ လာတတ်တယ်။ တခါတရံတော့ လည်ချောင်းဝမှာတင် တစ်ဆို့လို့…။ တခါတရံတော့ စကားလုံးလေးတွေကနေ သံစဉ် ရှာဖွေပြီး ရှတတဲ့ သီချင်းတွေ အဖြစ် သီဆိုလို့.။ ကလောင်သွားထက်တဲ့ သူတွေကတော့ စာလုံးလေးတွေအဖြစ် တနေရာရာမှာ အစက်ချလို့ပေါ့..။ စုတ်ချက် ကျွမ်းကျင်တဲ့သူတွေ ကတော့ ပန်းချီ အဖြစ် အသက်သွင်းလို့...။ တခါတရံတော့ ကဗျာ ခံစားမှုတွေ အဖြစ် နူးညံ့လှပ သပ်ရပ်စွာနဲ့ ခံစားမှုလေးတွေ သီကုံးလို့ပေါ့.။ တခါတရံတော့ အိပ်မက်အဖြစ် ပုံစံပြောင်းလို့ပေါ့..။

ကိုယ်ပြောချင်တဲ့ စကားလုံးလေးတွေကို အမျိုးမျိုးသော ပုံသဏ္ဍာန်တွေနဲ့ ကိုယ်တိုင် ဖေါ်ကျူး၊ ကိုယ်တိုင် အဓိပ္ပါယ် ဖွင့်ဆို၊ ကိုယ်တိုင် ရေးစပ်၊ ကိုယ်တိုင် ဖွင့်ဟ၊ ကိုယ်တိုင် ခံစား၊ ကိုယ်တိုင် သီကျူး၊ ကိုယ်တိုင် သီဆို၊ ကိုယ်တိုင် ရေးဖွဲ့၊ ကိုယ်တိုင် ဖွေရှာလို့..

တနည်းနည်းနဲ့ ကိုယ်ရင်ထဲက ထွက်ကျလာမဲ့ နက်နဲလှတဲ့ စကားလုံးတွေကို တစုံတခုသော နည်းလမ်း တခု အနေနဲ့ သီကုံး ရတာကိုက ကိုယ့်အတွက်တော့ ရုပ်လုံးပေါ်သွားခဲ့ရပြီ။

ကိုယ်ထွင်းလိုက်တဲ့ ရုပ်လုံးလေး၊ ကိုယ်အစက်ချတဲ့ ဆေးစက်လေးတွေဆိုတာ စကားလုံးတွေကနေ ရုပ်လုံးလေးတွေ၊ အစက်လေးတွေ အဖြစ် ရင်ထဲမှာ ဖြစ်တည်နေတဲ့ အစိုင်အခဲ တခုကို ပြင်ပမှာ အစက်ချလိုက်တာပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရင်ထဲက စကားလုံးလေးတွေကို ရင်ထဲမှာ သိမ်းထားတာထက် တနေရာရာမှာ ဖတ်ခွင့် ၊ နားဆင်ခွင့်၊ ကြည့်ခွင့်၊ ကြုံရတာလည်း ကောင်းသော အစက်ချခြင်းလေး တမျိုးပေါ့။

တချို့ စကားလုံးတွေ ကျတော့လည်း အစက်လေးတွေ ချရတာထက် ရင်ထဲမှာပဲ သိမ်းဆည်း ထားရတာက ခိုင်မာ တည်တံ့ခြင်း တမျိုးပါပဲ။ သိမ်းဆည်းထားရတာ တဖြည်းဖြည်း များလာတော့လည်း ပေါက်ကွဲ ထွက်ကျ လာနိုင်သေးတယ်။ ပေါက်ကွဲ လာမဲ့ စကားစုတွေက ကောင်းသော စကားလုံးတွေ အဖြစ် တည်ရှိဖို့ အရေးကြီးပြန်တယ်။

တခါတရံလည်း ရင်ထဲက စကားလုံးတွေက ရင်ထဲမှာပဲ ပျောက်ရှသွားခဲ့သလို၊ ရင်ထဲမှာပဲ အမာရွတ် ထင်ကျန်ခဲ့ရတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရင်ထဲက စကားလုံးတွေက ဘာကိုရည်ရွယ်ပြီး ဖြစ်တည်လာခဲ့ရတာလဲ။။ ဘယ်လို အကြောင်းကြောင့် ဖြစ်လာခဲ့ရတာလဲ။။ ဘယ်သူ့ကြောင့် ဖြစ်လာခဲ့ရတာလဲ။။ ဆိုတော့…

ရင်ထဲက စကားလုံလေးတွေကိုတော့ သိမ်းထားသင့်တာကို သိမ်းထားပြီး ဖွင့်ဟသင့်တာကို တပါးသူ အတွက် (တပါးသူအတွက် မထိခိုက်ဖူးဆိုရင်ပေါ့) ဖွင့်ဟသင့် ပါတယ်။ မပြောဖြစ်ခဲ့ဖူး ဆိုရင်တော့ တချိန်ချိန်မှာ နောင်တနဲ့အတူ ၀မ်းနည်း ပူဆွေးမှုတွေ၊ နာကျင်မှုတွေကို သာ လက်ခံရလိမ့်မယ်။ ကိုယ့်ရဲ့ ရည်ရွှယ်ချက်အတိုင်း၊ ကိုယ်ရဲ့ စိတ်ရင်းအမှန်အတိုင်း ရင်ထဲကနေ ဖြစ်တည်လာခဲ့တဲ့ စကားလုံးတွေကို ကိုယ်ရည်ရွယ်တဲ့သူကို ထုတ်ဖေါ် ပြောပြသင့်ပါတယ်။

ဒါပေမဲ့လည်း တခါတခါမှာ ကိုယ်ပြောချင်တဲ့ ကိုယ်အလေးထားတဲ့ စကားလုံးတွေဟာ ပြောဖို့ ခက်တဲ့ အခြေအနေမှာ ဖြစ်နေတတ် ကြပြန်တယ်။

အဲဒီ အခြေအနေကို ပြောင်းလဲဖို့တော့ လိုတာပေါ့။ ပြောင်းလဲအောင် လုပ်ဖို့လည်း လိုပါတယ်။

ဒါကြောင့် တန်ဖိုးထားရတဲ့ စကားလေးတခွန်းဟာ တခါတရံမှာတော့ ရင်ထဲမှာပဲ နှမြောစရာကောင်းစွာနဲ့ ပျောက်ရှ ကုန်ကြရတယ်။

ကိုယ်လည်း ရင်ထဲက စကားလုံးတွေ ဘယ်လောက်တောင် ပျောက်ရှကုန်ပြီလဲလို့ အထပ်ထပ် တွေးရင်း….

နာကျင်စွာနဲ့ပဲ နှလုံးသွေးတွေ ဗလောင်ဆူကုန်တော့တယ်……..။

10 comments:

အင်ကြင်းသန့် said...

''တန်ဖိုးထားရတဲ့ စကားလေးတခွန်းဟာ တခါတရံမှာတော့ ရင်ထဲမှာပဲ နှမြောစရာကောင်းစွာနဲ့ ပျောက်ရှ ကုန်ကြရတယ်။

ကိုယ်လည်း ရင်ထဲက စကားလုံးတွေ ဘယ်လောက်တောင် ပျောက်ရှကုန်ပြီလဲလို့ အထပ်ထပ် တွေးရင်း….
နာကျင်စွာနဲ့ပဲ နှလုံးသွေးတွေ ဗလောင်ဆူကုန်တော့တယ်……..။''

သဒ္ဓါရေ...အဲဒီစာကြောင်းလေးတွေကို အတိအကျ ထပ်တူ ခံစားသွားတယ်...

ခင်တဲ့
အင်ကြင်း

အဖြူရောင်နတ်သမီး said...

“တခါတရံတော့ စကားလုံးလေးတွေကနေ သံစဉ် ရှာဖွေပြီး ရှတတဲ့ သီချင်းတွေ အဖြစ် သီဆိုလို့.။ ကလောင်သွားထက်တဲ့ သူတွေကတော့ စာလုံးလေးတွေအဖြစ် တနေရာရာမှာ အစက်ချလို့ပေါ့..။ စုတ်ချက် ကျွမ်းကျင်တဲ့သူတွေ ကတော့ ပန်းချီ အဖြစ် အသက်သွင်းလို့...။ တခါတရံတော့ ကဗျာ ခံစားမှုတွေ အဖြစ် နူးညံ့လှပ သပ်ရပ်စွာနဲ့ ခံစားမှုလေးတွေ သီကုံးလို့ပေါ့.။ ”............


ထပ်တူခံစားသွားပါတယ် သဒ္ဓါရေ...

မောင်ဘကြိုင် said...

ခံစားမိတယ်ဗျာ
''တန်ဖိုးထားရတဲ့ စကားလေးတခွန်းဟာ တခါတရံမှာတော့ ရင်ထဲမှာပဲ နှမြောစရာကောင်းစွာနဲ့ ပျောက်ရှ ကုန်ကြရတယ်။

ကိုယ်လည်း ရင်ထဲက စကားလုံးတွေ ဘယ်လောက်တောင် ပျောက်ရှကုန်ပြီလဲလို့ အထပ်ထပ် တွေးရင်း….
နာကျင်စွာနဲ့ပဲ နှလုံးသွေးတွေ ဗလောင်ဆူကုန်တော့တယ်……..။''
လတ်တလော ကျွန်တော်ခံစားနေရတာလေး)

မြစ်ကျိုးအင်း said...

မှန်တာပေါ့ ကျွန်တော်တို့ မပြောဖြစ်ဘဲ လွဲခဲ့တဲ့ အရာတွေ အများကြီးပါပဲ။ ပြန်လှည့်ကြည့်မိရင် နောင်တ နဲ့ဆင်တူတာမျိုးလေး ရင်ထဲကို ဝင်လာတတ်တယ်။ နောက်တစ်ခါ မဖြစ်စေနဲ့တော့လို့ တွေးမိတယ် ဒါပေမယ့် မပြောဖြစ်တာတွေကတော့ ရှိနေဆဲပါပဲ။

ချော (အစိမ်းရောင်လွင်ပြင်) said...

သဒ္ဓါရေ
ရင်ထဲမှာ သိမ်းထားတဲ့စကားလုံးတွေများနေပြီလား
တစ်ချို့စကားတွေတော့ မပြောသင့်ဘူးထင်လို့ သိမ်းထားလိုက်တာပါဘဲလေ
ဥပမာ ကိုယ့်စကားကို အလေးထားမယ် မထင်တဲ့အခါမျိုးတွေမှာပေါ့..
ဒီလိုနဲ့ ပျောက်သွားတဲ့ စကားလုံးတွေများလှပေါ့..
တစ်ခါတစ်ခါကျတော့လဲ စကားလုံးတွေကြောင့် အချင်းများရတာလည်း ရှိတတ်သေးတာပါဘဲလေ..
အင်း သိမ်းထားရင်ကောင်းမလား
ထုတ်ပြောရင်ကောင်းမလားနဲ့
စကားလုံးတွေမှိုတက်ကုန်ပါရောလား....
ကိုယ်တန်ဖိုးထားပေမဲ့ တစ်ဖက်က တန်ဖိုး ထားချင်မှ ထားမှာကိုး နော်....

ပေါ့ဆိမ့် said...

မျိုသိပ်ရင်းမျိုသိပ်ရင်းနဲ့ စကားလုံးတွေ သန်မာလာတတ်ပါတယ်။ တခါတရံ တန်ဖိုးရှိတဲ့ စကားလုံးတွေအတွက် ပြောနိုင်ဖို့ အခွင့်အရေးကို လုပ်ယူရတယ်။ တခါတရံကြတော့လည်း ပျောက်ရှခဲ့တဲ့ စကားလုံးတွေကြောင့် အချိန်တန်ရင် ထင်မှတ်မထားတဲ့ စိတ်ချမ်းသာခြင်းမျိုးတွေ ကြုံရဘူးတယ်။
ကျွန်တော်လည်း ခံစားမိတာလေး အချို့ပါ။
ခင်မင်လျက်...
ပေါ့ဆိမ့်

Blackroze said...

တခါတရံတော့လဲ...ဖွင့်ပြောလိုက်တာထက်
ရင်ထဲမှာဘဲသိမ်းထားလိုက်တာကပိုကောင်းတယ်လေ...
ဒါပေမဲ့သိမ်းထားရတာတွေများလာတော့လဲ...
................
..................

ကိုလူထွေး said...

ပျောက်ရှခဲ့တဲ့ စကားလုံးတွေကတော့ ပြောမပြလို့ မသိရဘူး။

ချရေးထားတဲ့ စကားလုံးတိုင်းကတော့ ကဗျာဆန်ဆန် လှနေတယ် ထင်မိတယ်...

းဝ)

နှင်းမိုးမိုး said...

မြန်မာစာကိုတော်တော်လေးကျွမ်းကျင်တယ်နော်
ရေးတတ်ချင်လိုက်တာ.......

lamintayar said...

အစ်မရေ မရောက်ဖြစ်ဘူး အလှူ အတွက်ရော အစ်မ အစ်မ မေးပို.ပေးထားတာ ဟုတ်တယ် ဘယ်လိုဆက်သွယ်ရမှာလဲဆိုတာ မသိ..အစ်မနဲ.လဲ မပြောဘူးတော.မသိဘူးလေ
နေကောင်းတယ်မလား ပျော်ရွင်ပါစေအစ်မရေ....