Tuesday, May 25, 2010

မှိုင်းညို့ညို့..


အလင်းရောင် တဖြည်းဖြည်း ပျောက်လို့ အမှောင်ဘက် ကမ်းဆီကို ချဉ်းကပ် လာနေတဲ့အချိန်မှာ..။

ပူပြင်းလှတဲ့ ရာသီ အခြေအနေကနေ တလှမ်းချင်း အအေးဓါတ်ကို ကူးပြောင်းလို့…။

ကောင်းကင် တခွင်လုံး မှိုင်းညို့ အုံ့မှောင်မှုနဲ့ အတူ ကျမရဲ့ စိတ်အစဉ် တွေကလည်း ကောင်းကင်ကြီးနဲ့ အပြိုင် မှိုင်းညို့ အုံ့မှောင်ပြီး ရွာတော့မဲ့ဟန် နဲ့ ပြိုဆင်းတဲ့ ဟန်ပန်နဲ့……..

စိတ်ဆိုတာကလည်း ပျံ့လွင့်လွယ်၊ ပြောင်းလဲလွယ်၊ ပြန်တော့ တခဏ အတွင်းမှာပဲ ကမ္ဘာ လောကကြီးရဲ့ နေရာစုံကို တမုဟုတ်ချင်း ရောက်သွားပါ လေရောလား။

စိတ်သွားတိုင်း ကိုယ်ပါနိုင်ရင် ၀မ်းသာမဲ့ လူသားကလည်း ကျမ ဖြစ်နေပါရော….။

ကျမ နှစ်ခြိုက်ရတဲ့ နေရာလေး တခုဆီကို ရောက်သွားလိုက်တာ…

နေ့တိုင်းလို အမြဲ သတိရနေတဲ့ သိပ်ချစ်ရတဲ့ သူငယ်ချင်းတွေ ရှိတဲ့ဆီကို အလျင်အမြန် ရောက်သွား မိတယ်။

စိန်ပန်းပင် တွေ ရဲနေအောင် ပွင့်နေတဲ့၊ မြေသင်းနံ့လေး သင်းနေတဲ့ တက္ကသီလာ မြကျွန်းသာ ကျောင်းကြီးထဲက လမ်းပေါ်မှာ သူငယ်ချင်းတွေနဲ့ အတူ လမ်းလျှောက်လို့.။

အလို…. လမ်းတလျှောက်လုံး စိန်ပန်းပွင့်လေးတွေ ကြွေကျနေလိုက်တာ.. ရဲနေတာပါပဲလား…

သူငယ်ချင်း အားလုံးရဲ့ မျက်ဝန်းလေး တွေကလည်း တောက်ပတဲ့ အရောင်တွေနဲ့ အပြုံးပန်းတွေ ဝေဆာ နေလိုက်တာ အနာဂတ်လမ်းဆီကို ဦးမော့လို့…..။ အချိန်ကြာလာတာနဲ့ အမျှ ကျမတို့ သူငယ်ချင်းတွေရဲ့ ကြိုးစားမှု ရလာဒ်တွေနဲ့ ရင့်သန်မှုတွေကလည်း အားကောင်း လာတယ်လေ။ ရင်ထဲမှာ ဖြစ်တည်နေတဲ့ ရည်မှန်းချက် တွေက နီးသထက် နီးလာရင်း… သူငယ်ချင်း အားလုံးရဲ့ ရင်ထဲမှာလည်း နွေးထွေးမှု ကိုယ်စီ ရင်ဝယ်ပိုက်လို့…။

စိတ်ကူးတွေ တသီတသန်းကြီးနဲ့ လျှောက်လာ လိုက်တာ စာသင်ခန်းမထဲကိုတောင် ရောက်လာ လုနီးပြီပဲ..။ အတန်းထဲကို ရောက်တယ် ဆိုရင်ပဲ ဆရာမရဲ့ စာသင်သံက ကျမရဲ့ စိတ်ကူး ပုံရိပ်တွေကို သိမ်းသွင်းထား လိုက်တာ… တချက်တချက် တော့လည်း စာသင်ခန်းရဲ့ အပြင်ကို ပျံ့လွင့်လို့…။ ကျမဘေးနားမှာ ထိုင်နေတဲ့ သူငယ်ချင်းကို ကြည့်လိုက်တော့ စာထဲမှာ စိတ်ဝင်စား နေလိုက်တာလေ…။ အဲဒီအချိန်မှာ သူ့ရဲ့ စိတ်တွေရော အပြင်ကို ပျံ့လွင့် မနေဘူးလားလို့ တွေးကြည့်ရင်း ကျမရဲ့ စိတ်ကသာ ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ ဖြစ်နေပါပေါ့ လို့ တွေးရင်းနဲ့...။

အေးလေ……. ကျမရဲ့ စိတ်ကသာ ဟိုးးးးးး ဟိုး….. အဝေးတွေထိ သွားနေတာလေ..။

ဆရာမ စာသင်ချိန် အပြီးမှာတော့ ကျမရဲ့ မျောလွင့်နေတဲ့ စိတ်ကို လိုက်လံ ဖမ်းဆုပ်ရင်း နောက်ဝင်လာမဲ့ ဆရာကို စောင့်မျှော် နေမိတယ်..။ စာသင်မဲ့ ဆရာကို မျှော်နေရင်းကပဲ စိတ်တွေက ဘယ်ကို ရောက်သွား မိပါလိမ့်..။ အို… ပြန်လို့ စုစည်းဦးမှ… စုစည်းဦးမှ…ပဲ...။

ဟော…. ဆရာတောင် အတန်းထဲကို ၀င်လာနေပြီ..။ ကျမတို့ သူငယ်ချင်း အားလုံး ဆရာရဲ့ သင်ကြားမှု အောက်မှာ နာခံရင်း စိတ်ကိုတော့ အဝေး မရောက်အောင် ထိန်းချုပ်ရင်းပေါ့…။

စာသင်တဲ့ အချိန် အပြီးမှာတော့ စိတ်ကို တခါပြန်စုစီး…. ပြန်ထုတ်ပိုး…. မလို့ လုပ်နေတုန်း ဗြုန်းဆို… မိုးအကြီးအကျယ် ရွာချလိုက်တာ… မှိုင်းညို့ညို့ ဖြစ်နေတာကနေ ခုတော့ သူ့တာဝန် သူ ကျေပွန်အောင် ထမ်းဆောင်လို့….

သေချာ ပြန်စဉ်းစားပြီးတဲ့ အချိန် စိတ်ကို သေချာ ပြန်စုစီးပြီး ပြန်ထုတ်ပိုးပြီးတဲ့ အချိန်မှာတော့ ကျမတယောက် စိတ်ကူးအယဉ်လွန်နေတာပဲ…. အဲဒီတော့မှ အိမ်ပြင်ဘက်ကို ကြည့်လိုက်တာ အိုးးးးးးး မိုးတွေ သည်းသည်း မည်းမည်းနဲ့ အရမ်းရွာနေတာပါရောလား…….။

22 comments:

ခိုင်နုငယ် said...

စိတ်ဆိုတာ..ဟုတ်တယ်...အစဉ်ပြေးလွှားနေတာ
စိတ်ကို စိတ်နဲ့တုပ်နှောင်ထားနိုင်ဖို့ဆိုတာ
အင်မတန်မှကိုခဲယဉ်းလှတယ်..မသဒ္ဓါ..
မှိုင်းညို့ညို့ ခံစားချက်လေးလာဖတ်သွားပါတယ်..
မသဒ္ဓါရေ....ပျော်ရွှင်ပါစေ။

ခင်လျှက်
မေတ္တာအားဖြင့်
ခိုင်နုငယ်

thaw zin soe said...

အမရဲ့ပို့လေးကိုဖတ်ပြီး ဖတ်ခဲ့ဖူးတဲ့ တာရာမင်းဝေ စာအုပ်ထဲက စာသားလေးကို သွားသတိရတယ်..
'ဖြစ်နိုင်မယ်ဆိုရင် ပဲရစ်မြို့ကိုတောင် ပုလင်းထဲထည့်လိုက်ချင်တယ်' ဆိုတာလေးကိုပါ..
စိတ်ကူးဆိုတာကလည်း တကယ်မဟုတ်တော့မှိုင်းညို့ညို့ဖြစ်နေမှာပေါ့..
စိန်ပန်းတွေလည်း မိုးနဲ့လွင့်ကုန်မယ်ထင်တယ်..
.....လွမ်းစရာကောင်းလိုက်တာဗျာ...

SHWE ZIN U said...

ချစ်သော နေရာများ ကို ချစ်သော ချစ်သူ များနဲ့ အမြန်ဆုံး ပြန်တွေ့နိုင်ပါစေလို့

ခင်တဲ့
မမရွှေစင်

ချော (အစိမ်းရောင်လွင်ပြင်) said...

ဟေ့ကောင်မလေး
တူနေပြီ
ကျုပ်ဟိုနေ့က မြို့ထဲထွက်တုန်း
ပင်လုံးကျွတ်ရဲရဲနီနေတဲ့ စိန်ပန်းတွေကို အသည်းယားလွန်းလို့ ဓာတ်ပုံတောင် ရိုက်ခဲ့မိသေး
အင်း.. ဒီရက်ပိုင်း စိတ်တွေ ခနခနရွက်လွှင့်တာမှလေ
ှဟိုး ကိုယ်မရောက်ဖူးသေးတဲ့
ရောက်ချင်နေတဲ့ နေရာလေး တစ်ခုဆီကိုပေါ့...
ဘာတွေရှိနေမလဲတော့ ကိုယ်လဲ မပြောပြတတ်ဘူး..

အဖြူရောင်နတ်သမီး said...

xxxx ငါဟာ ရွက်လွှင့် xxx ငါဟာရွက်လွှင့်xxxx
စိတ်ကိုရွက်လွှင့်မယ်ပြောတာပါ...ဟီး..
ရန်ကုန်ကိုလွမ်းတယ်...ပြန်ချင်တယ်...
သဒ္ဓါ နဲ့ မချော ပါလိုက်ခဲ့...မုန့်လျှောက်စားကြမယ်..

လူမပြန်ရသေးခင်..စိတ်ကိုအရင်ပြန်ခိုင်းလိုက်မယ်...

နှင်းမိုးမိုး said...

တခါတလေ ဒီလိုတွေးနေရတာကိုက အရသာတမျိုးနော် အမ...

ခင်မင်စွာဖြင့်
နှင်းမိုးမိုး

နှင်းနဲ့မာယာ said...

တွေးတာက မျက်လုံးဖွင့်ပြီးတွေးနေတာလား...
မျက်လုံးလေးမှိတ်ပြီးတွေးနေတာလား....
မျက်စိမှိတ်ပြီး အာရုံကိုတနေရာတည်းမှာ ပို့ထား...
အဲဒီနေရာက ကိုယ့်စိတ်ကို ငြိမ်းချမ်းမှုပေးမယ့်နေရာမျိုးပေါ့....
အဲလိုမျိုးလေး ထပ်တွေးကြည့် ...
အရမ်းစိတ်အေးချမ်းတယ်သိလား....

နှင်း

blackroze said...

တခါတလေစိတ်ကိုရွက်လွှင့်ရတာအကောင်းဆုံး
အပန်းဖြေနည်းတမျိုးပါဘဲ..

ဆောင်းယွန်းလ said...

အတွေးတွေကို လာငေးသွားတယ် ညီမလေးရေ

ဆောင်းယွန်းလ said...
This comment has been removed by the author.
အင်ကြင်းသန့် said...

သဒ္ဓါရေ...
ဂျင်းကတော့ တစ်ခါတစ်လေကျတော့လည်း လက်တွေ့ ဘ၀ထဲကနေ ခဏရှောင်ပုန်းပြီး...စိတ်ကူးယဉ် ကမ္ဘာထဲမှာ လျှောက်သွားကြည့်ရတာ ကောင်းတယ်လို့ ထင်မိတယ်..

လသာည said...

စိတ်ဆိုတာ ပျံလွင့်တာမျိုးတဲ့..

မှိုင်းညို့ညို့ အရေးအဖွဲ့လေး တအားကောင်းတယ်။
တို့လည်း သဒ္ဒါနဲ့အတူ လိုက်ပျံလွင့်သွားမိတယ်..။
စိန်ပန်းတွေကြဲရာ တက္ကသီလာဆီ..။

မြစ်ကျိုးအင်း said...

စိတ်ကို လွှင့်တိုင်းသာ ရမယ်ဆိုရင် ကျနော်တို့ တွေ ပျော်ရွှင်ဖွယ်ရာ အတိတ်တွေကိုပဲ ပြန်နေမိမလားဘဲ။ ပစ္စုပ္ပန်က စိန်ခေါ်မှုတွေ ဖိအားတွေနဲ့ပြည့်နေတယ်။
အတိတ်ကို ပြန်တွေးတော့လည်း မှိုင်းညို့ညို့နဲ့ ။

kokomaung.uk said...

လွမ်းတတ်ပါတယ်ဆိုမှ.. အခုလို စာနုနုရွရွလေးတွေ ဖတ်ရတော့ ပိုဆိုးသွားပြီ။းဝ)

ဒဏ္ဍာရီ said...

မွန်းကြပ်မှုတွေ ကြားထဲမှာ နေလာရတာ ကြာလာတဲ့ အခါတော့ သဒ္ဓါတွေးသလို အတွေးလေးတွေနဲ့ စိတ်ကိုလျှော့ပြီး သွားချင်မိတယ်။ စိတ်ကူးယဉ်တယ်ပဲ ပြောပြောပေါ့။ သဒ္ဓါရဲ့ မိုးတွေညို့နေတဲ့ အတွေးထဲ ရောက်လာတယ်နော်။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

blackcoffee said...

လွင့်နေတဲ့ စိတ်ကို လွှတ်သာထားလိုက် ညီမရေ....အဲဒါအကောင်းဆုံးပဲ ဒီကောင်က ထိန်းရခက်တယ်...

ယုန်ကလေး said...

အမ စာလာဖတ်သွားတယ် နေကောင်းတယ်ဟုတ် အမက စာတွေတော်တော်ရေးထားတာပဲ။ ကောင်းတယ် အားပေးတယ်။

မိုးငွေ့...... said...

ဒီလိုစိတ်တွေရွက်လွှင့်နေလို့ပဲ စာသမားတွေ စာရေးရေးနေနိုင်ကြတာပဲလေ မဟုတ်ဘူးလား..။

ခင်မင်စွာဖြင့်
မိုးငွေ့

မောင်ဘကြိုင် said...

စိတ်တွေလွင့်လွင့်လွန်းလို့ ကိုယ့်ဖာသာကိုယ် လိုက်လိုက်ဖမ်းရတာလည်းမောနေပါပြီဗျာ
း) မသဒ္ဓါဆီကျွန်တော်ရောက်လာပြီး)

~ဏီလင်းညို~ said...

သဒ္ဒါရေ......

ဒီပို့စ်လေးကို ခုမှဖတ်ဖြစ်တော့တယ်..........။
မှိုင်းညို့ညို့.......

သိပ်ကောင်းတယ်.....။

မမိုးပြောတာလည်း....ဟုတ်တယ်.......။
အဲ့ဒီလို တွေးရင်း.......ကိုဏီလင်းတစ်ကယ်ပဲစာတွေရေးဖြစ်ခဲ့တာ.......
သီချင်းလေးတစ်ပုဒ်၊ စကားလုံးလေးတစ်လုံးကနေ........စပြီးတွေးရင်းနဲ့ပေါ့......။

ခင်မင်တဲ့

ဏီလင်းညို

မောင်သံသရာ said...

မှိုင်းညို့ညို့ရဲ့ရေးသားပုံကခံစားချက်ထိချက်
ကြောင့်လားမပြောတတ်ဘူးဆွဲအားအတော်
ကောင်းပါတယ်။

ပေါ့ဆိမ့် said...

ရေးထားတာလေးတွေ လွင့်မျှောပြီးလိုက် သွားမိတယ်။ ဟာ ... ထီးမပါဘူးဗျ မိုးကလဲ အရေးထဲ ....