Thursday, March 25, 2010

မှန်မှန်ကန်ကန် ကွက်လပ်ဖြည့်တတ်ပါစေ..

ကျောင်းသားဘ၀…..

ကျောင်းတက်စဉ်က… တောက်လျှောက် သင်ခဲ့ရတဲ့ စာတွေထဲမှာ `လိုအပ်သော နေရာတွင် ကွက်လပ်ဖြည့်ပါ´ ဆိုတဲ့ မေးခွန်း ကို သတိရပြီး အတွေး တခု ၀င်လာခဲ့တယ်။

`ကွက်လပ်ဖြည့်ပါ´ ဆိုတာ စာကြောင်းတကြောင်းမှာ အဓိပ္ပါယ် ပြည့်စုံဖို့ အတွက် လိုအပ်တဲ့ နေရာ ကွက်လပ်မှာ လိုအပ်တဲ့ အကြောင်းအရာ၊ စကားစုလေး ကို မှန်မှန်ကန်ကန် ဖြည့်ပေးခြင်းပါပဲ။ ဒါမှ အဓိပ္ပါယ် ရှိတဲ့ စာကြောင်းတကြောင်း၊ မှန်ကန်တဲ့ စာကြောင်း တကြောင်း ဖြစ်လာမှာပေါ့.။

မှန်မှန်ကန်ကန် နဲ့ လိုအပ်တဲ့ နေရာကို ဖြည့်ပေးဖို့က အရေးကြီးပါတယ်။ မလိုအပ်တဲ့ နေရာမှာ ဖြည့်ပေးလို့ မရသလို၊ လိုအပ်နေတဲ့ နေရာမှာ ဖြည့်ရင်လည်း မှန်မှန်ကန်ကန် ဖြည့်ပေးဖို့ လိုပါတယ်။ တချို့ကလည်း လိုအပ်တဲ့ နေရာမှာ ကိုပဲ မှားယွင်းစွာ ဖြည့်နေတတ်ကြသေးတယ်။ အဓိကက လိုအပ်တဲ့ နေရာ ကွက်လပ်မှာ လိုအပ်နေတာကို မှန်မှန်ကန်ကန် နဲ့ ဖြည့်တတ်ဖို့ပဲလေ..။

ဒီလိုပါပဲ……. လူ့ဘ၀ကြီးမှာလည်း လိုအပ်နေတဲ့ ကွက်လပ်တွေ အများကြီး ရှိပါလိမ့်မယ်။ အဲလို လိုအပ်နေတဲ့ ကွက်လပ်တွေမှာ....၊ လိုအပ်နေတဲ့ နေရာတွေမှာ…. အဓိပ္ပါယ် ရှိတဲ့ အပြုအမူတွေ၊ မှန်ကန်တဲ့ အတွေးအခေါ်တွေ၊ အမှန်တကယ် လိုအပ်နေတဲ့ ရုပ်ဝတ္တု ပစ္စည်းတွေ၊ မှန်ကန်တဲ့ စိတ်ဓါတ် ခွန်အားတွေ၊ မှန်ကန်တဲ့ အကူအညီတွေ၊ မှန်ကန်တဲ့ ကူညီစောင့်ရှောက်မှုတွေ၊ မှန်ကန်တဲ့ ပြုစု စောင့်ရှောက်မှုတွေ၊ မှန်ကန်တဲ့ သင်ကြားမှုတွေ၊ မှန်ကန်တဲ့ ပြောဆိုမှုတွေ၊ မှန်ကန်တဲ့ စိတ်ထားတွေ၊ မှန်ကန်တဲ့ အပြောအဆိုတွေ…၊ `မှန်ကန်တဲ့ …………. တွေ´ ကို လိုအပ်နေတဲ့ နေရာ၊ ကွက်လပ်တွေမှာ လိုအပ်နေတဲ့ နေရာအလိုက် ကွက်လပ်ဖြည့်ပေး တတ်ကြဖို့ အရေးကြီးဆုံးပါပဲ..။

ဒါမှလည်း မှန်ကန်တဲ့ အဓိပ္ပါယ် ပြည့်ဝတဲ့ စာကြောင်းလိုမျိုး အဓိပ္ပါယ် ရှိတဲ့ ဘ၀ စာကြောင်းကြီး ဖြစ်လာမှာပါ..။

လိုအပ်တဲ့ နေရာမှာ မှန်မှန်ကန်ကန် မဖြည့်ဆည်းပဲ မလိုအပ်တဲ့ နေရာမှာ ဖြည့်ခဲ့မယ်ဆိုရင်လည်း အဓိပ္ပါယ် ပြည့်ဝတဲ့ စာကြောင်း၊ အဓိပ္ပါယ် ပြည့်ဝတဲ့ ဘ၀တွေ ဖြစ်လာမှာ မဟုတ်တော့ပါဘူး။

တချို့ ကိစ္စတွေမှာ မလိုအပ်တဲ့ ကွက်လပ် နေရာမှာ ဖြည့်နေကြပြီး လိုအပ်နေတဲ့ ကွက်လပ် နေရာမှာ မဖြည့်ကြတဲ့ အတွက် လွဲချော်မှုတွေ၊ တိမ်းစောင်းမှုတွေ၊ တဦးနဲ့ တဦး နားလည်မှု လွဲတာတွေ၊ မဖြစ်သင့်တာ ဖြစ်ကြရတာတွေ၊ ဆုံးရှုံးမှုတွေ၊ နစ်နာမှုတွေ၊ တဦးနဲ့ တဦး သံသယ ဖြစ်မှုတွေ၊ ယုံကြည်မှု ကင်းမဲ့သွားတာတွေ၊ ခင်မင်မှု ပျက်စီးသွားတာတွေ၊ ဖြစ်သွားကြလိမ့်မယ်….။

လိုအပ်နေတဲ့ ကွက်လပ် နေရာမှာ မှားပြီး ဖြည့်ခဲ့ရင် စာကြောင်းတကြောင်းလုံး မှားသွားလိမ့်မယ်…။ အဲလိုပဲ ဘ၀ကြီးမှာလည်း လိုအပ်နေတဲ့ ကွက်လပ် နေရာမှာ မှားပြီး ဖြည့်ခဲ့ကြရင်….. ဘ၀ စာကြောင်း တကြောင်း မှားရာကနေ ဘ၀ စာမျက်နှာ တခုလုံး မှားသွားနိုင်တယ်လေ…။ မှားတာကို အချိန်မီ သိခဲ့ရင်တော့ ပြန်ပြင်လို့ ရကောင်းရနိုင်ပါတယ်…။ ဒါပေမဲ့ ဖျက်ရာလေးတော့ ကျန်ရင် ကျန်ခဲ့နိုင်တာပေါ့…။

တချို့ကလည်း လက်တွေ့ လုပ်ဆောင်မှု တွေနဲ့ ကွက်လပ် တွေကို ဖြည့်နေကြတယ်။ တချို့ ကလည်း သွယ်ဝိုက်တဲ့ လုပ်ဆောင်ချက် တွေနဲ့ ကွက်လပ် တွေကို ဖြည့်နေကြရတယ်။ တချို့ ကလည်း အပြောအဆို၊ အပြုအမူ၊ စိတ်ကူး စိတ်သန်း၊ တွေနဲ့ ကွက်လပ် တွေကို ဖြည့်နေကြတယ်။

လိုအပ်တဲ့ နေရာမှာ အမျိုးမျိုးသော ပုံစံနဲ့ ကွက်လပ် ဖြည့်ပေး နေကြတဲ့ သူတွေအားလုံးကို လေးစား အတုယူလျက်.....

လိုအပ်တဲ့ ကွက်လပ် နေရာမှာ လိုအပ်တဲ့ အရာကို မှန်မှန်ကန်ကန် ဖြည့်ပေးနိုင်ကြပါစေလို့ ဆန္ဒပြုရင်း…..

16 comments:

SHWE ZIN U said...

သဒ္ဓါလှိုင်း ရေ အားလုံး ရဲ့ ကွက်လပ် ကလေးတွေ ကို မှန်ကန်စွာ ဖြည့်နိုင်ဘို့ ဆုတောင်းလိုက်တယ်နော်

ခင်တဲ့
ရွှေစင်

ဒဏ္ဍာရီ said...

ဟုတ်တယ် သဒ္ဓါ.. လောကမှာ လိုအပ်နေတဲ့ ကွက်လပ်လေးတွေ အများကြီးရှိနေတယ်။ မနွယ်တို့လည်း ဖြည့်ပေးလို့ ရတာ ရှိသလို မရတာတွေလည်း ရှိခဲ့ဘူးတယ်။ နေရာတိုင်း နေရာတိုင်းမှာတော့ လိုအပ်ချက်တွေ ရှိနေဦးမှာပဲလေ။

ခင်မင်လေးစားလျှက်

ရီမိုးပြည့်  said...

လိုအပ်နေတဲ့ နေရာတွေမှာ မှန်ကန်စွာဖြည့် နိုင်အောင် ကြိုးစားနေဆဲပါ... ဘယ်တော့ မှလဲ ရပ်တန့် နိုင်အုံးမယ် မထင်ပါဘူး... သေခါမှပဲ ရပ်တန့် သွားမယ်ထင်တယ်နော်.....

Anonymous said...

မရေ....
တတ်နိုင်တဲ့ဘက်ကနေကွက်လပ်တွေ
လိုက်ဖြည့်နေပါတယ်

ချစ်ခင်စွာဖြင့်
ရုံလေး(မြူးသျှရီ)

ကိုခိုင် said...

အကုန်လုံး
အကောင်းဆုံးလုပ်ဆောင်ကြမယ်ဆိုရင်
အားလုံးပျော်ရွှင်ရမှာပါ။

ပျော်ရွှင်ပါစေ။

ကိုခိုင်

Flower said...

အင်း
လိုနေတဲ့ကွက်လပ်လေးကို ဖြည့်ခွင့်ရတဲ့သူတစ်ယောက်တော့
ဖြစ်ချင်သားဘဲလေ..
ပြည့်နေတဲ့ကွက်လပ်ကိုတော့ ထပ်မဖြည့်ချင်တော့ပါဘူး
ဒီပိုစ့်လေးက တွေးစရာတွေအများကြီးပါဘဲ..

သုခုမလေဒီ said...

ကိုယ်တတ်နိုင်သလောက်တော့ ကွက်လပ်လေးတွေဖြည့် ပေးချင်ပါတယ်။ သဒ္ဓါပြောသလို မှန်ကန်ဖို့တော့လိုတယ် လေ။ အဆင်ပြေပျော်ရွှင်ပါစေ။

kiki said...

အရာအားလုံးမှာ ပြီးပြည့်စုံတယ်လို့တော့ မရှိနိုင်ပါဘူးလေ ။ ရှိခဲ့ရင်လည်း ရှားပါတယ် ။

ဘဝ ခရီးရှည်ကြီးထဲမှာ လူတိုင်း လူတိုင်း မှန်မှန်ကန်ကန် နဲ့ ကိုယ်ဆိုင်ရာ ကွက်လပ် တွေဖြည့်ကြမယ်ဆိုရင်
ကမ္ဘာမြေကြီးတခုလုံး ငြိမ်းအေးကြမှာပါ ။

အင်ကြင်းသန့် said...

ဟုတ်တယ်နော် သဒ္ဓါရေ...လောကကြီးမှာ ကွက်လပ်ဆိုတာတွေကတော့ နေရာတိုင်းမှာ ရှိနေမှာပါပဲ...လိုနေတဲ့ ကွက်လပ်လေးတွေကို ဖြည့်သွားနိုင်တဲ့သူတွေကို လေးစားမိသလို ကိုယ်ကိုယ်တိုင်လည်း တတ်နိုင်သမျှလေး ဖြည့်စွမ်းနိုင်အောင် ကြိုးစားရင်းပေါ့....

ခင်တဲ့
အင်ကြင်း

မြသွေးနီ said...

ကွက်လပ်လေးတွေကတော့ ...
ဘ၀ရှင်သန်နေသမျှ ကာလပတ်လုံး..
ဖြည့်လို့ဆုံးတော့မှာ မဟုတ်ပါဘူး မသဒ္ဓါရေ..။
အမှားအယွင်းနည်းစွာနဲ့ ကွက်လပ်ဖြည့်နိုင်ဖို့တော့ ကြိုးစားရမှာပေါ့နော်။

သူကြီးမင်း (တုံးဖလား) said...

လိုအပ်တဲ့ ကွက်လပ်မှာ လိုအပ်သလို ဖြည့်စွမ်းပေးနိုင်ကြရင် အကောင်းဆုံးဘဲပေါ့။ ဒါပေမဲ့ မယောင်ရာ ဆီလူးဆီသလို မလိုအပ်တဲ့နေရာတွေမှာ ကွက်လပ်တွေ ဖြည့်နေကြတာကိုဘဲ အများအားဖြင့် တွေ့မြင်နေရတယ်။

စိတ်ကူးစိတ်သန်းလေး သဘောကျတယ်။

မြစ်ကျိုးအင်း said...

တစ်ချို့ကွက်လပ်တွေက လပ်နေတာသာ သိတာ ။ ဘာဖြည့်ရမှန်း မသိတာရှိဖူးတယ်။
တစ်ချို့စိတ်ခံစားချက်တွေပေါ့။
ဘဝမှာ အမှားတွေလည်း ဖြည့်ခဲ့ဖူးတယ်
မှန်တာတွေလည်း ရှိခဲ့ဖူးတယ်။
နောက်ဆုံး အချိန်ထိ လှပအောင် ဖြည့်နေရအုံးမှာပါပဲ။

စံလင်းထွန်း said...

မှတ်သားဖွယ်ရာလေးတွေပါပဲခင်ဗျာ ...။

ဏီလင်းညို said...

သဒ္ဒါရေ.....
တစ်ခါတစ်လေတော့လည်းရှိတတ်တယ်....။
(ကြုံလည်းကြုံဖူးတယ်....)
ကိုယ်က သူ့ရဲ့ကွက်လပ်လေးကို ဖြည့်ပေးချင်ပေမယ့် သူကိုယ်တိုင်က သူ့ကွက်လပ်ကို မသိနှိုင်တာရယ်...၊ နောက်မရှိပါဘူး မလိုပါဘူးဆိုပြီး ငြင်းတတ်တာမျိုးလေးတွေပေါ့......း))
ကိုဏီလင်းလည်း...ကိုယ့်ကွက်လပ်လေးတွေကိုဖြည့်ဖို့ကြိုးစားရင်း သူများအတွက်လည်း တတ်နိုင်သလောက်တော့ လုပ်ကြည့်နေတာပဲလေ....။
ခင်မင်တဲ့
ဏီလင်းညို

ချစ်ကြည်အေး said...

ညီမ သဒ္ဒါ...အမလည်း ရေများရာ မိုးမရွာချင်သူပါ...

ညလင်းအိမ် said...

ကွက်လပ်တိုင်းကို မှန်ကန်စွာ ဖြည့်ပါရစေ ...