Monday, March 22, 2010

`အသိတရား´ ဆိုတာ

`အသိတရား´ ဆိုတာ ဘာလဲလို့ မေးခွန်း ထုတ်ကြည့်လိုက်တော့..

`အသိတရား´ ရှိပါတယ်……… `အသိတရား´ မရှိပါဘူး ဆိုတာတွေ တွေ့လာရတော့…….

`အသိတရား´ ရှိချင်ယောင်ဆောင် နေတဲ့ သူတွေ…. `အသိတရား´ နဲ့ လက်တွေ့ လုပ်ဆောင်ချက်တွေ ကို လုပ်နေတဲ့ သူတွေ……

`အသိတရား´ ဆိုတာကို နားမလည်ကြတဲ့ သူတွေ………… `အသိတရား´ ရှိတဲ့ သူတွေကို အားကျ အတုယူပြီး `အသိတရား´ ရှိလာကြသူတွေ…

`အသိတရား´ ရဲ့ အရေးပါမှု ကို သဘောပေါက်ပြီး `အသိတရား´ ကို လက်ခံလာ ကြသူတွေ……

`အသိတရား´ ဆိုတာကို သိပေမဲ့ မျက်စိမှိတ်ပြီး ဇွတ်တရွတ် လုပ်နေသူတွေ……

`အသိတရား´ ကို အခြေပြုလို့ ဖြစ်လာသမျှ တွေကို ဝေဖန် ပိုင်းခြားပြီး မှန်မှန်ကန်ကန် သတ္တိရှိရှိ လုပ်ဆောင်နေသူတွေ…..

`အသိတရား´ ရှိတယ်.. မရှိဘူး ဆိုတာ အသက်အရွယ်၊ မွေးရာပါ ဗီဇ၊ ပတ်ဝန်းကျင် အခြေအနေ၊ တပါးသူရဲ့ အနေအထား တွေကြောင့် ဖြစ်ပေါ်ကြတာလား…။

လူတချို့ကို အခြေပြုလို့ `အသိတရား´ ဆိုတာ ဖြစ်ပေါ်ကြတာလား..။

အဲလို `လား………….´ ပေါင်းများစွာ ထဲမှာ `အသိတရား´ ဆိုတာ လည်း ပေါက်ဖွား သွားကြတာလား..။

လူ့အဖွဲ့ကြီးထဲမှာ ပြောလေ့ ရှိကြတာက ဒီလူက တော်တော် အသိတရား ရှိတာပဲ။ ဒီလူကတော့ တော်တော် အသိတရား မဲ့တာပဲတဲ့..။

ဘာကို ကြည့်ပြီး ကောက်ချက်ချ ကြတာလဲလို့ ဆိုတော့ အဲဒီလူရဲ့ အပြောအဆို၊ အပြုအမူ၊ အနေအထိုင်၊ လူမှု ဆက်ဆံရေး၊ ကိုယ်ကျင့်တရား၊ အလုပ်အကိုင်၊ တာဝန် သိမှု တွေနဲ့ ယူဆလို့ ရပါတယ်။ ဘာကြောင့်ပဲ ဖြစ်ဖြစ် လူဆိုတာ အသိပညာ ဥာဏ်ရှိကြတဲ့ သူတွေ ဖြစ်လေတော့ စိတ်ရဲ့ အခြေခံ ကိုက `အသိတရား ဆိုတာ´ ရှိသင့်တဲ့ အရာတခုပါ…။ သင်ယူလို့ ရတဲ့ ပညာတခုတော့ မဟုတ်ပါဘူးလေ.။

တချို့လူတွေ ကျတော့လည်း လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ၊ ကောက်ကျစ် လိမ်လည်မှု တွေကြောင့် `အသိတရား´ တွေ ယိမ်းယိုင် သွားကြပြန်တယ်။ မိမိရဲ့ ရလိုမှု တခုတည်း အတွက် လည်း `အသိတရား´ မဲ့သွား တတ်ကြတယ်။

ကိုယ့်ရဲ့ `အသိတရား´ မဲ့မှုကြောင့် သူတပါး အကျိုးစီးပွား ပျက်စီးမှု၊ စိတ်ထိခိုက် ဖြစ်စေမှု၊ ဆုံးရှုံးမှု၊ တွေ မဖြစ်အောင် အမြဲ သတိထားဖို့ လိုတာပေါ့.။ကိုယ့်ရဲ့ `အသိတရား´ တခုဟာ သူတပါး အတွက် အကျိုးရှိမဲ့..၊ စိတ်ဓါတ် ခွန်အား ပြည့်ဝမဲ့...၊ အောင်မြင်မှုတွေနဲ့ ကြုံတွေ့ရမဲ့...၊ ထူးခြားလှတဲ့ အသိတရား တခု ပေးစွမ်းနိုင်မဲ့...၊ `အသိတရား´ ဖြစ်ဖို့သာ အဓိကပါ.။

`အသိတရား´ ရှိခြင်းဟာ လူတယောက်ရဲ့ တန်ခိုး ပါလို့ ပြောရင် `အသိတရား´ မရှိခြင်းဟာ တန်ခိုး မရှိခြင်းပဲပေါ့။ `အသိတရား´ မရှိတဲ့ အတွက် မလုပ်သင့်တာကို လုပ်မိကြ၊ မပြောသင့်တာကို ပြောမိကြ၊ မလိုချင်သင့်တာကို လိုချင်မိကြ၊ မပြုလုပ်သင့်တာကို ပြုလုပ်မိကြ၊ မဖြစ်ချင်သင့်တာကို ဖြစ်ချင်ကြ နဲ့ အမှောင်ထဲမှာပဲ လျှောက်နေမိကြတယ်။

`အသိတရား´ ဆိုတာကို မသိယောင်ဆောင်ပြီး လောဘကို ရှေ့တန်းတင်လို့ မဖြစ်သင့်တာ ဖြစ်ကြရတယ်။ အဲလို လူမျိုးကလည်း အကျင့်ပျက်တဲ့ လူမျိုးပဲ…။ မိမိရဲ့ လောဘဇောကြောင့်၊ ဒေါသကြောင့် အမှား အမှန် ခွဲခြား မသိနိုင်တော့ပဲ လုပ်ချင်ရာ လုပ်နေကြတဲ့ `အသိတရား´ မဲ့နေတဲ့ ကိုယ်ချင်းစာ တရား ခေါင်းပါးပြီး အကျင့်ပျက် သူတွေပေါ့။ ဒီလို `အသိတရား´ မဲ့နေတဲ့ လူမျိုးကို ကြည့်လိုက်တော့လည်း အသက်အရွယ်က ငယ်ရွယ်တဲ့ သူမျိုးလည်း မဟုတ်ပေဘူး..။ ဒါကြောင့် ငယ်ရွယ်သူ ဖြစ်ပေမဲ့လည်း `အသိတရား´ နဲ့ ပြည့်စုံတဲ့ စိတ်ဓါတ် ပြည့်ဝတဲ့ သူမျိုးတွေ အများကြီး ရှိပါတယ်။

ဒါကြောင့် `အသိတရား´ နဲ့ ပြည့်စုံတဲ့ တန်ခိုးရှိတဲ့ သူသာ ဖြစ်ဖို့ တောင့်တမိပါရဲ့…။

`အသိတရား´ ဆိုတာ ကို မျှဝေဖို့ စာရေးဖေါ် ရင်ဘတ်ချင်းတူသူ <"href="http://ingjinthant.blogspot.com/">အင်ကြင်း က သတိတရနဲ့ ရေးဖို့ ပြောလို့ တတ်သလောက်လေး ရေးလိုက်ပါတယ်။ မှတ်မှတ်ရရ ရေးဖို့ပြောတဲ့အတွက် ကျေးဇူး.....!!!!!

15 comments:

အဖြူရောင်နတ်သမီး said...

အရမ်းကို မှတ်သားစရာကောင်းတဲ့ စကားလုံးလေးတွေပါပဲ...သဒ္ဓါရေ...
လူတိုင်းအသိတရားရှိကြပါစေလို့ ဆုတောင်းရင်း...

Nge Naing said...

အသိတရားပို့်စ်လေး လာဖတ်သွားပါတယ်။ ဆိုလိုတာကတော့ လောကပါလတရားနဲ့ ယှဉ်တဲ့အသိပေါ့နော့်။

ဒဏ္ဍာရီ said...

အသိတရားဆိုတာ မနွယ်လက်ခံထားကတော့ ကိုယ်ပိုင် မွေးရာပါ ဗီဇနဲ့ ကိုယ့်အသိဥာဏ်ပဲ သဒ္ဓါ။ မှတ်သားဖွယ် ရေးထားတဲ့ သဒ္ဓါရဲ့ အသိတရားလေးကိုလည်း မှတ်သားသွားပါတယ်။ လူတိုင်း လူတိုင်း အသိတရား ရှိစေချင်ပါတယ်။

ခင်မင်လေးစားလျှက်

ကိုရင်နော်ခင်လေးငယ် said...

လူတိုင်းသာ အသိတရားရှိကြမယ်ဆိုရင်..

Anonymous said...

း)
တယ်ဟုတ်နေ..။
သားသားလေးဖတ်သွားတယ်။
ဒီတက်ဂ်ကိုရေးဖို့ရှိတာနဲ့ အတော်ပဲ
အတွေးတချို့ ကော်ပီနည်းနည်းပွါးဖို့ ရသွားတယ်
ခွိခွိ...း)))

အင်ကြင်းသန့် said...

သဒ္ဓါရေ...သဒ္ဓါပြောထားသလိုပါပဲ...လောကကြီးမှာလူတွေက အမျိုးမျိုးအဖုံဖုံပါပဲ...အင်ကြင်းတို့တွေလည်း ဒီလိုပဲ ကိုယ့်ကိုကိုယ် တတ်သလောက် မှတ်သလောက် ဖြည့်ဆည်းရင်းပေါ့...သဒ္ဓါဆီကနေလည်း အခု...ဖတ်မှတ်သွားတယ်

ရေးပေးလို့ ကျေးဇူးအရမ်းတင်တယ်နော်...

သဒ္ဓါတစ်ယောက် ဘ၀မှာဒီ့ထက်ပိုပြီးအောင်မြင်မှုတွေရပါစေလို့...

ခင်မင်စွာဖြင့်
အင်ကြင်း

Flower said...

ဟုတ်တယ်
လူတိုင်းကို ရှိသင့်တဲ့ အသိတရားလေးတွေရှိစေချင်တယ်..
ဒါပေမဲ့ မရှိတဲ့သူကျ ဘယ်လိုပြောပြော
ဘယ်လိုတရားချချ မရနိုင်တော့လူထင်တယ်
အတ္တနဲ့ မာနတွေက ဖုံးလွမ်းနေတော့
အသိတရားကို မမြင်နိုင်တော့ဘူးလေ..

ကိုလူထွေး said...

အသိတရားရှိသလို
“အသိမတရား” ဆိုတာရောရှိသလား စဉ်းစားနေမိတယ်...

းဝ)

ကိုလူထွေး said...

ခုခေတ်မှာ “မတရား” တာက ပိုခေတ်စားနေလို့လေ...

းဝ)

ရီမိုးပြည့်  said...

ရောက်ပါတယ်.. လူတိုင်း အသိတရားလေး လက်ကိုင်ထားနိုင်ကြရင် အကောင်းဆုံးပါပဲနော်...

~ဏီလင်းညို~ said...

သဒ္ဒါရေ......
ကိုဏီကတော့ အလယ်တန်းကျောင်းသာဘ၀က စကားထာလေးကို အခုထက်ထိ လက်ကိုင်ထားနေတုန်းပဲ......။
လမ်းကောင်းမတ်စောက်.......
လမ်းဆိုးညီညာဆိုတာလေးလေ........။
အသိတရားရှိတဲ့သူတွေလျှောက်တဲ့ လမ်းကောင်းဟာ.....မတ်စောက်နေချင်နေလိမ့်မယ်.....။
ဒါပေမယ့် ကြိုးစားရင်းလျှောက်လှမ်းရဦးမယ်........။
အသိတရားကိုလက်ကိုင်ထားချင်လို့ပါပဲဗျာ......။
ခင်မင်တဲ့
ဏီလင်းညို

ဝက်ဝံလေး said...

လာမှတ်သားသွားပါတယ် မမ ရေ
နေကောင်းပျော်ရွှင်ပါစေနော်

သူကြီးမင်း (တုံးဖလား) said...

အသိတရားရှိလာအောင် သတိတရားနှင့်ယှဉ်ထားမှ တော်ရာကျမယ်။ ပြီးတော့ အသိတရားဆိုတာကလဲ တစ်ခါတစ်လေမှာ ငုပ်ကွယ်နေတတ်ကြတယ်။ အဲဒီငုပ်ကွယ်နေတဲ့အသိတရားကို အခုလို ပို့စ်ကောင်းကောင်းလေးတွေရေးပြီး သတိပေးသင့်တာပေါ့။

ဒီပို့စ်လေးကို ဖတ်ပြီး အသိတရားထားဖို့ ပိုပြီးခိုင်မြဲသွားပါတယ်။

ပျော်ရွှင်နိုင်ပါစေ။

ညလင်းအိမ် said...

အင်း အားလုံးကို အသိတရားလေးတွေ ရှိစေချင်ပါတယ်...

ကိုခိုင် said...

လာလည်ပါတယ်။
ဖတ်ရတာကောင်းတယ်။

ကိုခိုင်