Wednesday, March 17, 2010

ရင်ထဲက အတွေးစများ…

`ရင်ထဲက အတွေးစများ´ ဆိုပြီး ခင်မင်ရတဲ့ စာရေးဖေါ် href="http://missgreenlady.mylovecafe.net မချော(အစိမ်းရောင်လွင်ပြင်)ကရေးပေးဖို့ ပြောလာပါတယ်။ သတိတရနဲ့ အမှတ်တရ ရေးဖို့ ပြောတဲ့ မချောကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။

လူတိုင်း လူတိုင်းမှာ အတွေးတွေ ကိုယ်စီ ကိုယ်စီနဲ့ ရှင်သန်နေကြတာမလား…။

ကျမရဲ့ ရင်ထဲမှာ အတွေးတွေကလည်း ဟိုတစ…ဒီတစ နဲ့ အများသား….။

ဟိုး ခပ်ငယ်ငယ်ထဲက အတွေးလေးတွေ ရှိခဲ့တာပေါ့။ ဘာလေး လုပ်ချင်တယ်…၊ ဘယ်စာအုပ် ဖတ်ကြည့်ချင်တယ်…၊ ဘယ်ကိုတော့ သွားလိုက်ချင်တယ်…၊ ဘာလေး စားချင်တယ်...၊ စာမေးပွဲကြီးမှာ အဆင့်ကောင်းကောင်းနဲ့ အောင်မြင်ချင်တယ်… နဲ့လေ..။ အတွေး ဆိုတာကလည်း အတိုင်းအတာ မရှိ တွေးလို့ရလေတော့ ကိုယ့်ရဲ့ ဆန္ဒလေးတွေ.. ကိုယ်ဖြစ်ချင်တာတွေက အတွေးထဲမှာ မျောလွင့်ပေါ့.။

တခါတရံတော့လည်း အတွေးလေးတွေ ကိုစုစီးလို့ ၊ ထုပ်ပိုးလို့..၊ အားအင် အပြည့်နဲ့ ချီတက်လို့..

တခါတရံ သပ်ရပ် သေချာစွာ စုစီး ထုပ်ပိုးထားတဲ့ အတွေးတွေက ဟိုတစု ဒီတစု ပြန့်ကျဲလို့…..

ပြီးတော့ အသက်အရွယ်၊ နေရာဒေသ၊ အခြေအနေ၊ ဘ၀ အတွေ့အကြုံ ကိုလိုက်ပြီး အတွေးတွေလည်း ပြောင်းလဲ သွားတတ်ပြန်တယ်။

အသက် ကြီးလာတော့လည်း အတွေးတွေက ပြောင်းသွားပြန်ရော…၊ ဘယ်လောက်တောင် အဆုံးမရှိ ကျယ်ပြောလှတဲ့ အတွေးတွေလည်းလို့…၊

တခါတလေ ငယ်ငယ်တုန်းက အတွေးလေးတွေ ပြန်ပေါ်လာတယ်.။

ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေကို ပြန်လို့ တွေးတောမိတယ်......။

ကိုယ်ဖတ်ခဲ့ဖူးခဲ့တဲ့ စာအုပ် တွေထဲက အကြောင်းအရာတွေ၊ ဇာတ်ကောင်တွေ၊ လူနေမှု စရိုက်တွေ၊ ဘ၀ သရုပ်ဖေါ်တွေ…၊ တဦးနဲ့ တဦး သံယောဇဉ် နှောင်ကြိုးတွေ၊ တဦးအပေါ် တဦး ကိုယ်ချင်းစာ တရားတွေ၊ တဦးနဲ့ တဦး အမုန်းတရားတွေ၊ တဦးနဲ့ တဦး သစ္စာ မေတ္တာရှိပုံတွေ ပေါ့…။

(ဂျာနယ်ကျော်မမလေး) ရေးတဲ့ `သူလိုလူ´၊ `ရင်နင့်အောင်မွှေး´၊ `မုန်း၍မဟူ´၊ .........( ကျမ အရမ်းကြိုက် နှစ်သက်တဲ့ စာအုပ်တွေထဲက တချို့ပေါ့)….. ကျမအတွေးထဲမှာ ခုချိန်ထိ စိုးမိုးနေတဲ့ စာအုပ်တွေ… ခုချိန်ထိလည်း ပြန်ဖတ်ပြီး ဘယ်တော့မှ ဖတ်လို့ မရိုးနိုင်တဲ့ စာအုပ်တွေပေါ့။ ဒီစာအုပ်တွေ ထဲကနေ ကျမကို ကောင်းသော လမ်းညွှန်ခြင်းတွေ၊ ကောင်းသော စိတ်တွေ၊ ကောင်းသော အတွေးတွေကို တွေးနိုင်အောင်၊ မွေးမြူနိုင်အောင် မွေးဖွား ပေးခဲ့တဲ့ စာအုပ်တွေထဲက အတွေးတွေပဲပေါ့….။

ဒါကြောင့် ကျမ ကြိုက်နှစ်သက်မိတဲ့၊ ကျမ တန်ဖိုးထားတဲ့ စာအုပ်တွေ ကလည်း ကျမ အတွေးထဲမှာ နေရာ တနေရာ ၀င်ယူထားတဲ့ အရာတခုပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် အတွေးဆိုတာက အကန့်အသတ် မရှိ တွေးချင် တာတွေကို တွေးလို့ ရလေတော့ တခါတခါ ကိုယ်တွေးတဲ့ အရာတခုဟာ ကောင်းတဲ့ အတွေး ဖြစ်ချင်မှ ဖြစ်ကြမှာပါ။ တခါတခါ လောဘကြီးတဲ့ အတွေးမျိုးတွေ…၊ ဖြစ်ချင်တဲ့ကိစ္စတခု ဖြစ်ကိုဖြစ်ရမယ် ဆိုတဲ့ အတွေးမျိုးတွေ…၊ ဒေါသဖြစ်သွားစေမဲ့ အတွေးမျိုးတွေ…၊ သူတပါးကို အနိုင်ယူ လိုတဲ့ အတွေးမျိုးတွေ…၊ သူတပါးကို စိတ် အနှောက် အယှက် ဖြစ်စေမဲ့ အတွေးမျိုးတွေ…၊ ကိုယ့်ရဲ့ အတ္တကိုပဲ ရှေ့တန်းတင်မဲ့ အတွေးမျိုးတွေ… အဲလိုမျိုး ………..အတွေး၊ ………… အတွေး၊ တွေကို မတွေးမိဖို့ အရေးကြီးတယ်လို့ သုံးသပ်မိတယ်။

ဒါကြောင့် သူတပါး အပေါ် အမြင်ရှင်းရှင်းနဲ့ ကြည့်ပြီး ကောင်းတဲ့ စိတ်ထားလေးနဲ့ တွေးတတ်အောင် ကြိုးစားနေတယ်။

တခါတလေ ကျမ အတွက်တော့ သီချင်းလေးတွေ ထဲကလည်း အတွေးကောင်းတွေ ပေါ်လာတတ်တယ်။

ပြီးတော့ လက်တွေ့ ကျတဲ့ အတွေးလေးတွေ တွေးဖို့လည်း လိုတယ်။ မဖြစ်နိုင်မဲ့…၊ အကျိုးမရှိမဲ့ အတွေးမျိုးတွေ တွေးမိလာရင်လည်း ပြန်ပြီး ပြောင်းလဲတွေးတော ရအောင် လုပ်ရမယ်။ ဒီလိုမှ မဟုတ်ရင်လည်း အချိန်ကုန်ပြီး အရာမရောက် ဖြစ်မှာပေါ့။

ကိုယ်လုပ်နေရတဲ့ လုပ်ငန်းတခု၊ ကိုယ်တာဝန်ယူ ထားရတဲ့ အလုပ်တခု ကိုလည်း ပိုလို့ တိုးတက်အောင်၊ အောင်မြင်မှု တွေရအောင်၊ အကျိုးရှိအောင်၊ ဆိုတဲ့ အတွေးလေးကလည်း ကျမရဲ့ အတွေးထဲမှာ နေရာ ၀င်ယူထားတဲ့ အရာ တခု ဖြစ်နေပါတယ်။

ပြီးတော့ ကိုယ်ချစ်ခင်ရတဲ့ သူတွေ၊ ကိုယ်ခင်တွယ်ရတဲ့ နေရာလေး တခု နဲ့ အမြန်ဆုံး ပြန်ဆုံတွေ့ကြဖို့ ကလည်း ကျမရဲ့ အတွေးထဲမှာ တည်တံ့ ခိုမြဲစွာ ၀င်ရောက် နေရာယူထားတဲ့ အတွေး အစိုင်အခဲ တခုပါပဲ။

အခု လောလောဆယ်ကိုပဲ ဟိုး အနာဂတ် လမ်းဆီကို အတွေး ရောက်လို့……. အတွေးထဲမှာ အေးချမ်းတဲ့ သပ်ရပ်လှတဲ့ ခြံဝင်းလေးနဲ့ အိမ်လေး တခုထဲမှာ ကိုယ့်နဲ့အတူ ကိုယ်ပိုင်ဆိုင်ချင်တဲ့ အရာလေးတွေနဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ စာအုပ်တွေနဲ့ ကိုယ်နဲ့ အတူတူ အရာရာကို နားလည်မှု တွေနဲ့ မျှဝေခံစားနိုင်မဲ့ `........´ နဲ့ အေးမြတဲ့ မေတ္တာတွေ ထုံမွမ်းထားတဲ့ အရိပ်လေးထဲမှာ ပျော်မြူးလို့ပေါ့………….!

အရာအားလုံး ကလည်း တရားမျှတမှု တွေနဲ့ ကိုယ်ချင်းစာ တရား တွေနဲ့ လှပတဲ့ လူ့ဘောင် အဖွဲ့ အစည်းကြီးတခု က၀န်းရံလို့...........။

မချောရေ… သဒ္ဓါ့ရဲ့ အတွေးတွေ တော့ရေးလိုက်ပါပြီ။ ဖတ်လို့ မကောင်းခဲ့ရင် သဒ္ဓါရဲ့ စာပေအရေးအသား ညံ့တဲ့အတွက် သည်းခံပြီး ဖတ်ပေးဖို့ ပြောပါရစေ။

14 comments:

ဒဏ္ဍာရီ said...

အကောင်းမြင်တဲ့ ဘက်ကနေ တွေးပြီး ပိုင်ဆိုင်ချင်တဲ့ ဘ၀လေးကို ရေးထားတာ ဖတ်လို့ ကောင်းတယ် သဒ္ဓါ။
အေးမြတဲ့ မေတ္တာတွေနဲ့ လှပတဲ့ ဘ၀လေးကို အမြန်ဆုံး ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

ခင်မင်လေးစားလျှက်

Flower said...

သဒ္ဓါရဲ့ အကောင်းမြင်ဖို့ ကြိုးစားတဲ့ အတွေးလေးတွေကကို ကောင်းနေပြီးသားပါကွယ်
အရေးလဲကောင်းတော့ ပိုပြီး အတွေးတွေက ကြွလာတယ်ပေါ့
ကောင်းမွန်တဲ့အတွေးလေးများကို အမြဲပိုင်ဆိုင်ပါစေ
အတွေးတိုင်းလဲ လက်တွေ့ဖြစ်လာပါစေ..
ချစ်သူခင်သူများနဲ့လည်း အတွေးထဲကအတိုင်း အနေနီးနိုင်ပါစေသဒ္ဓါရေ
ရေးပေးတဲ့အတွက် ကျေးဇူးများစွာ တင်ပါတယ်နော်....

ပျော်ရွှင်ချမ်းမြေ့ပါစေ

ခင်တဲ့
မချော

Unknown said...

အေးမြတဲ့အရိပ်အောက်မှာ ထာဝရနေထိုင်နိုင်ပါစေလို့။အကောင်းမြင်ဖို့ ကြိုးစားတာကိုတော့ အရမ်းလေးစားသွားပြီ :) ။ကိုယ်မရေးရသေးပေမဲ့ သူများတဂ်တွေ လိုက်ဖတ်နေတာ :P ။

အင်ကြင်းသန့် said...

အင်း...သူများတွေတွေးထားလိုက်တာများ အတွေးကောင်းတွေကြီးပါပဲလား...
အကောင်းမြင်ဖို့ကြိုးစားတဲ့အတွေးလေးတွေကို
လေးစားတယ်

သဒ္ဓါ ပျော်ရွှင်ပါစေနော်...

ခင်တဲ့
အင်ကြင်း

ကိုခိုင် said...

အတွေးကောင်းကောင်းလေးတွေ
အမြဲတမ်းရပါစေ။

ကိုခိုင်

ဝက်ဝံလေး said...

မ ရေ ငယ်စဉ်ကလေးဘဝကို ပြန်တမ်းတ မိတယ် သိလား အပူအပင်ကင်းတဲ့ ကလေးလေးဘဝကို တခါပြန်ပြီး ရချင်သေးတယ် ဟီးးးးး မ ရေးထားတာကိုဖတ်ပြီး အဲလိုလေး သတိရသွားလို့ပါနော်

လာလည်တဲ့အတွက်ကျေးဇူးးအကြီးကြီးတင်ပါတယ် သမီးက စာသိပ်မရေးတတ်ပါဘူး ရှင့်

သူကြီးမင်း (တုံးဖလား) said...

လူသားတိုင်း ဒီလိုအတွေးလေးတွေ ကိုယ်စီရှိကြရင် ကမ္ဘာကြီး သာယာလှပနေမှာ သေချာပါတယ်။ အတွေးလေးတွေကို စီကုံးရေးသားထားတာ ဖတ်လို့ကောင်းတယ်။

ပျော်ရွှင်ကြည်နူးပါစေ။

ဏီလင်းညို said...

သဒ္ဒါရေ.....
အတွေးတွေအကြောင်းပြောရမယ်ဆိုရင်တော့ ဆုံးနိုင်ဖွယ်မရှိဘူးထင်ပါရဲ့ဗျာနော့်.....။
ဒီလိုပဲ...... ဒီနေ့ဒီလိုတွေး.......၊ နောက်နေ့ ဟိုလိုတွေးနဲ့ပဲနေရတယ်......။
(မနေ့က လာဖတ်ပြီး ဒီနေ့မှ ထပ်ဖတ်၊ ထပ်မန့်တာဗျိုးးးးး)
ခင်မင်တဲ့
ဏီလင်းညို

မြသွေးနီ said...

ချစ်စရာ အတွေးလေးကို လာဖတ်သွားပါတယ် သဒ္ဒါရေ.....။

ခင်မင်စွာ...
မြသွေးနီ

ဆောင်းယွန်းလ said...

ကျယ်ပြောလွန်းလှတဲ့ အတွေးလွင်ပြင်ကြီးထဲမှာ
အတွေးစွန်ကလေးကို လျှော့ရင်းတင်းရင်းနဲ့ လွှတ်တင်နေရတာကိုက ဘဝပေါ့ ညီမလေးရေ...

ဇွန်မ said...

လူသားတိုင်း အမရေးသလို အကောင်းမြင် အတွေးလေးတွေကို ကိုယ်စီကိုယ်စီ ပိုင်ဆိုင်ခွင့် ရကြပါစေနော်။

မြစ်ကျိုးအင်း said...

အသက်အရွယ်အလိုက် အတွေးတွေ ပြောင်းတတ်ပေမယ့် အတွေးတိုင်းမှာ အတ္တတွေ မလွှမ်းမိုးထားခဲ့ရင် အရင်ကတွေးခဲ့ဖူးတာတွေ ပြန်သတိရရင်လည်း ကျေနပ်စရာပါ။
မျှတတဲ့အတွေးလေးတွေ ကိုယ်စီတွေးပြီး လုပ်ဆောင်လာကြရင် သာယာနေပျော်တဲ့ လူ့အဖွဲ့အစည်းဖြစ်လာမှာပါ။

ကိုလူထွေး said...

နေရာတိုင်းမှာသာ တရားမျှတမှုရှိရင် လောကကြီးက တကယ်ကို ငြိမ်းချမ်းမှာပဲလို့ တွေးမိတယ်...

အဲဒီအခါကျမှ ပျင်းစရာကြီးများ ဖြစ်နေမလားတော့ မသိ...

းဝ)

ညလင်းအိမ် said...

positive thinking နဲ့ အမြဲပြုမူနိုင်ရင် အဲဒီလူဟာ စိတ်အမြဲချမ်းသာ နေမှာပါ။

မသဒ္ဓါရဲ့ အတွေးလေးတွေက ကောင်းပါဧ။်း)