Friday, March 12, 2010

ဘဘဦးဝင်းတင်မွေးနေ့

ဘဘ ဟံသာဝတီဦးဝင်းတင် ရဲ့ အသက်(၈၀) နှစ်ပြည့် မွေးနေ့
လေးစားရတဲ့ ဘဘဦးဝင်းတင်

ဘဘ ဦးဝင်းတင် သက်ကျော် ရာကျော်ရှည်ပြီး အန္တရယ် ခတ်သိမ်း ကင်းငြိမ်းလို့ ဘဘရဲ့ ရည်မှန်းချက်တွေ၊ ဆန္ဒတွေ အားလုံး အမြန်ဆုံး ပြည့်ဝနိုင် ပါစေလို့ ဆုမွန်ကောင်း တောင်းရင်း…..။
ဘဘရဲ့ မွေးနေ့မှာ အကျဉ်းထောင်တွင်း ရေးသားခဲ့တဲ့ `ကျားရဲ´ ကဗျာလေးကို ဂုဏ်ပြု ဖေါ်ပြ လိုက်ပါရစေ…။
ကျားရဲ
နေပြင်းလျှင်၊ နှင်းမှုန်လျှင်
ဆွေ့ဆွေ့ခုန်၊ အိုက်လိုအိုက်
ခိုက်ခိုက်တုန် ချမ်းလိုချမ်း။

အခန်းကျဉ်းကျဉ်း
အလင်းမ၀င် လေမ၀င်
နေမမြင် လမမြင်
လူမမြင် သူမမြင်မှာ
ထိုင်လျှင်ထိုင် မထိုင်လျှင်ငေး။
အိပ်လျှင်အိပ်၊ အအိပ်လျှင်တွေး။

သတင်းမေးဖို့ ဝေးရော
သီချင်းကလေးမှ မဆိုရ။
စာဖတ်ဖို့ ဝေးရော
ကဗျာကလေးမှ မစပ်ရ။

တရားဟောဖို့ဝေးရော
စကားလေးမှ မပြောရ။

အဟောသိကံ သံသရာ
ငါ့ကမ္ဘာ ပိစိကွေး
အခန်းကျဉ်းကလေး ပတ်လျှောက်လိုက်
သံတံခါးဝ ရပ်လိုက်
တမတ်တပ်တပ် တနေကုန်။
မနေ့ကလည်း တနေကုန်
ဒီနေ့လည်း တနေကုန်ပြန်
နက်ဖြန်လည်း ကုန်ဦးမယ်။

ကုန် ကုန် ကုန်
ကုန်ချင်သလောက် ကုန်စမ်း။

တရက်ကုန်မလား။ တသက် ကုန်မလား။
တလကုန်မလား။ တဘ၀ကုန်မလား။
တနှစ်ကုန်မလား။
တခေတ်ကုန်မလား။
အားမလျှော့ဘူး။ မပျော့ဘူး။
ပေဖြစ်တော့ ခံမယ်။
တူဖြစ်တော့ နှံမယ်။

အမှန်တရား တို့ဘက်မှာ ရှိတယ်။
ကာလယန္တရား တို့ဘက်မှာ ရှိတယ်။
ရှင်တော်ဘုရား တို့ဘက်မှာ ရှိတယ်။
သိကြရဲ့လား ဟား ဟား ဟား ဟား။

တိရိစ္ဆာန် ရုံက ကျားလို
လှောင်အိမ်ထဲမှာ တလွန့်လွန့်နဲ့
ကျားညွန့်တုံးတွေ ထင်နေသလား။
မှားလိုက်တဲ့အမြင်
ဟားတိုက်လို့ ရယ်ချင်စရာ။
အ၀ါပေါ်မှာ အနက်စင်း
မပျက်မယွင်း ကွက်ကွက်ကွင်း။

အရှင်းသား မလွဲသရွေ့
အထင်းသား စွဲသရွေ့
ကျားရဲဟာ ကျားရဲ။
ငါလည်း အဲဒီလိုပဲကွ ဟေ့။ ။

ဘဘ ကျန်းမာရေး ကောင်းမွန်ပါစေ...။

4 comments:

ကိုခိုင် said...

ဘဘ ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာချမ်းသာပါစေ။
သက်တော်ရာကျော်ရှည်ပါစေဗျာ။

ကိုခိုင်

အင်ကြင်းသန့် said...

ကဗျာလေးကို အရမ်းသဘောကျမိတယ်...မွေးနေ့ရှင် ဘဘဦးဝင်းတင်လည်း ကျန်းမာ ချမ်းသာ သက်ကျော်ရာကျော်ရှည်ပါစေ...

ခင်တဲ့
အင်ကြင်း

ဂျူနို said...

ဘဘ ကျန်းမာဖို့ အသက်ရှည် ဖို့ ဆုတောင်းပါတယ်။



မအယ်

ဒဏ္ဍာရီ said...

ညီမလေး ပြောသလိုပဲ ဘဘ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေလို့ ယနေ့ခေတ် ၏လူငယ်တွေကိုယ်စား ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

ခင်မင်လေးစားလျှက်