Saturday, December 10, 2011

ကျမနှင့် လပြည့်ည

ဝိုင်းစက်နေသော လပြည့်ဝန်းကို ငေးကြည့်နေရင်း ဆွဲငင်အားကောင်းကောင်းနှင့် ညှို့ငင် ဆွဲယူလိုက်သည့် ဆွဲအားတခုနောက်သို့ လိုက်ပါသွားမိလျက်သား ဖြစ်နေပေသည်။ ထိုဆွဲငင်အားက ကျမ၏ မြည်ဟီး တမ်းတသံတွေကို ခေါ်ဆောင်သွားသတဲ့လား။ ကျမပြောချင်သည့် ရင်ထဲကအသံ၊ ကျမကြားချင်သည့် စကားလုံးတွေကို ဆွဲငင်သယ်ဆောင် ပေးနိုင်မှာတဲ့လား။

သည်လိုဆိုလျှင်တော့ ကျမအတွက် အဓိပ္ပါယ်ပြည့်ဝတဲ့ တန်ဖိုးရှိတဲ့ လပြည့်ညတခု ဖြစ်မှာအမှန်ပေါ့။ တကယ်တော့ လပြည့်ဝန်းကြီးကို တရှိုက်မက်မက် ငေးမော မကြည့်မိသည်မှာ အချိန်ကာလအားဖြင့် အတော်ပင် ကြာမြင့်နေပေပြီ။

ယနေ့လို လပြည့်ညတညမှာပေါ့။

ကျမအလုပ်လုပ်သော အလုပ်တွင် အရေးကြီးအလုပ်တချို့ကြောင့် ညဘက်တွင်ပါ အလုပ်လုပ်ပြီး အိပ်ရမည့် အခြေအနေ ဖြစ်လာပေသည်။ ကျမမှာ လုပ်ရမည့် လုပ်ဖေါ်ကိုင်ဖက်များ ရှိနေသော်လည်း သူ့ကို အထူးတလည် အနားတွင် ရှိနေစေချင်သည်မှာ ကျမ၏ စိတ်ဓါတ် ပျော့ညံ့မှုကြောင့်လား။ အားငယ်တတ်မှုတခု ကျမစိတ်တွင် ကိန်းအောင်းနေခဲ့ပြီလား။ သူတပါးကို အားကိုးချင်သောစိတ်များ ပေါက်ဖွားလာခဲ့ပြီလား၊ ဆိုသည့် အတွေးများ ထင်ဟပ်လာခဲ့ပါသည်။

သေချာ ရေရာသော အဖြေတခုကိုဖြင့် ကျမနှလုံးသားထဲတွင် နက်ရှိုင်းစွာ စုတ်ချက်ရေးဆွဲမိခဲ့လေပြီ။

သူ့ကိုကျမက “ဒီည အလုပ်များလို့ ရုံးမှာ အိပ်ရတော့မယ်၊ အဲဒါ ညဘက်စောင့်ပေးပါလားလို့” အားကိုးတကြီးပြောတော့ သူကလည်း “စောင့်ပေးမှာပေါ့တဲ့”

ကျမ တဒင်္ဂ ငေးငိုင်သွားမိတယ်၊ ကျမလုပ်ရပ်က ဟုတ်ပါရဲ့လား၊ အဝေးမှာ ရှိနေသောသူကို စောင့်ပေးဆိုခြင်းမှာ ဘယ်ကဲ့သို့သော အကြောင်းကြောင့်ပါလဲ။

“သူသာစောင့်နေမယ်ဆိုတဲ့ အသိတခုက ကျမရင်ထဲထိ တိုးဝင်စူးနစ်သွားခဲ့ပါတယ်”

ဟုတ်သည်။

သူရှိနေသည်ဟု စိတ်ထဲတွေးကြည့်ရုံနှင့် ကြောက်စိတ်များ လွင့်စင်ပပျောက် သွားခဲ့ပြီး အားအင်အပြည့် ဖြစ်ခဲ့လေသည်။ သူ့၏စကားသံကပင်လျှင် ကျမအတွက် အားကိုးရာတခု ဖြစ်ခဲ့လေသည်။ သူပေးပို့သော စာလေး တကြောင်းကပင် ကျမအတွက် အားထားရာတခု ဖြစ်ခဲ့လေသည်။ လူချင်းမနီးသော်လည်း စိတ်ချင်းဖြင့်ပင် အသံနှင့် ဆက်သွယ်လျက် သူ၏ အားပေးမှုများကြားတွင် ကျမ နွေးထွေးစွာ အရည်ပျော်ခဲ့ရပေသည်။

ကျမ အလုပ်လုပ်နေရင်း သူရှိနေသည်ဆိုသည့် ယုံကြည်မှုတခုထဲနှင့် ကျမအလုပ်တွင် ခွန်အားအပြည့်နှင့် လုပ်နိုင်ခဲ့လေသည်။ ညတညလုံးနီးပါး အရေးကြီးသည့် အလုပ်ကို လုပ်နေသည့်ကြားမှပင် သူ အိပ်ပျော်နေပြီလား၊ ကျမအတွက် အိပ်ရေးပျက်သွားခဲ့ပြီလား၊ ဆိုသည်က အတွေးထဲ ပေါ်လာသောအခါ သူ့ကိုဒုက္ခ ပေးခဲ့မိလေပြီဟု ကျမကိုယ်ကျမ မှားမှန်းသိခဲ့ပါသည်။ သို့သော်လည်း သူအိပ်သွားမှာကိုပင် ကြောက်မိနေပါသည်။ သူအိပ်သွားလျှင်ပင် ကျမနှင့် အဝေးဆုံး ရောက်သွားတော့မလိုထိအောင် ဖြစ်ခဲ့ပါသည်။

သည်လောက်ထိ ကျမစိတ်ကို ဖမ်းယူနိုင်ခဲ့သည်မှာ ဘာကြောင့်လဲဟု ကျမ ရှက်ရွံ့စွာ မေးခွန်းထုတ်ခဲ့ဖူးပါသည်။

ကျမအလုပ်ရှုပ်နေရင်း သူ့ဆီသို့ စာတိုလေးများ ပို့ပေးနေခဲ့ပါသည်။ သူလည်း ကျမကြောင့် အိပ်ရေးပျက်ခဲ့ရပြီပဲ။ ကျမရဲ့ အားပေးနှစ်သိမ့်သံလေးက သူ့အတွက် အဓိပ္ပါယ် ရှိသော စကားသံလေးတခု ဖြစ်စေချင်ခဲ့ပါသည်။

ယခင်နေ့ရက်များကကဲ့သို့ စကားမပြောနိုင်သော်လည်း ကျမဘေးနားတွင် သူရှိနေသည်ဆိုသည့် စိတ်ခွန်အားတခုထဲနှင့် အရာရာကို လုပ်နိုင်စွမ်း ရှိခဲ့လေသည်။

ကျမက “ အိပ်ချင်ပြီလား၊ အိပ်တော့လေ” လို့ ဆိုတော့ သူ့အသံက အိပ်ချင်နေပေမယ့် မအိပ်ချင်သေးကြောင်း ဆိုတော့ ကျမတယောက် ကျိတ်ပြီး ဝမ်းသာနေခဲ့ပါသည်။

သူလည်း နောက်တနေ့ အလုပ်လုပ်ရမှာ ဖြစ်သောကြောင့် သူ့ကို အိပ်ရန် ကျမပြောတော့ ကျမအတွက် စိတ်မချစွာ ဖြစ်ခဲ့သည်ကိုလည်း ကျမမမေ့ပါ။

သူက “ ကောင်းပြီ၊ ဒါဆို အိပ်တော့မယ်၊ မနက်ကျမှ ပြန်တွေ့ကြတာပေါ့တဲ့”

ဆုတောင်းလေ့ မရှိတတ်သော ကျမသည် “အိပ်မက်လှလှမက်ပါစေ” လို့ သူ့ကို ဆုတောင်းပေးလိုက်ပါသည်။ “ကျေးဇူးတင်ပါတယ်” လို့ ပြောချင်ပေမယ့် သူမကြိုက်မှာစိုးသည့်အတွက် စိတ်ထဲမှပင် ကျေးဇူးတင်ခဲ့ပါသည်။

သူအိပ်သွားပြီဟု သိလိုက်သည့်အချိန်လေးအတွင်းမှာပဲ ကျမစိတ်များ မထင်မှတ်စွာ ယိုင်နဲ့သွားခဲ့လေသည်။ ကျမ၏စိတ်သည် သူရှိနေသည့်ဆိုသည့် စိတ်တခုထဲနှင့် လုပ်နိုင်စွမ်းအားများ ရရှိလာခဲ့သည်ကို သိရပြီး သူမရှိတော့ဘူးဟု သိလိုက်ရပြန်သောအခါ စိတ်စွမ်းအားများ လျော့ကျသွားသည်ကိုပါ သိရှိလိုက်ရပေသည်။

စိတ်သည် အရာရာကို လွှမ်းမိုးချုပ်ကိုင်နိုင်ပေသည်ကိုး။

ကျမနှင့် အလုပ်လုပ်သည့် လုပ်ဖေါ်ကိုင်ဖက် ညီမလေးက “မမ၊ ခနအိပ်လိုက်ရအောင်၊ မနက်စောစော ဧည့်သည်တချို့နဲ့ တွေ့ရအုံးမယ်လေ” ဟုဆိုလာသောအခါ

“အင်း အိပ်မယ်လေ ညီမလေး” ဟု ချိနဲ့နဲ့ ပြန်ဖြေလိုက်ပြီး

နာရီကို ကြည့်လိုက်သောအခါ မနက် လေးနာရီထိုးဖို့ ဆယ်မိနစ်ပဲလိုတော့သည်ကို တွေ့လိုက်ရသည့် အခိုက် မနက် အလုပ်ဆင်းရမည့် သူ့အတွက် အလုပ် လုပ်နိုင်ပါ့မလားဟု စိုးရိမ်သွားခဲ့မိပါသည်။

“အင်း အိပ်လိုက်တာ ကောင်းပါတယ်၊ တော်ကြာ ဧည့်သည့်နဲ့တွေ့ရင် အိပ်ငိုက်နေအုံးမယ်လို့” ကျမ ပြုံး၍ ပြောလိုက်ပြီး ထိုညီမလေးကို မလုံမလဲ ကြည့်လိုက်မိပါသည်။

အိပ်ယာထက်တွင် နောက်တနေ့ လုပ်ရမည့် အလုပ်များကို တွေးတောရင်း အလုပ်များသည့် အတွက် သေချာ မကြည့်လိုက်ရသည့် လပြည့်ဝန်းကြီးကို တမ်းတ လွမ်းဆွတ်နေမိပါသည်။

ဒီနေ့လည်း ထိုကဲ့သို့ လပြည့်ညလေးတည ကုန်ဆုံးသွားခဲ့ပြန်ပြီ။။။


26 comments:

ကိုရင် said...

အမပြောမှ သတိထားမိတယ်..
မီးရောင်တွေ အောက်မှာ လပြည့်ညဆိုတဲ့ ဝေါဟာရ ကို မေ့နေခဲ့တာ ကြာပါပြီရောလား။တစ်ခါတစ်လေေ တာ့ ငယ်ငယ်ကလိုပဲ အိမ်ရှေ့ မှာဖျာတွေခင်း ..သူငယ်ချင်းတွေ ခေါင်းချင်ဆိုင်ပြီးအိပ်..
လကိုကြည့်ပြီး ရွှေယုန်လေး ဆန်တကယ် ဖွတ်မဖွတ်ဆိုတာ ညင်းခုန်ချင်သေးတယ်။

ကိုအောင်(ပျူနိုင်ငံ) said...

မနက်ဖြန်တော့ လကြတ်မယ်လို့ ပြောကြတယ်ဗျ ...း)

မဒမ်ကိုး said...

မမသဒ္ဒါလွမ်းတတ်နေပြီပဲ...း)
မနေ့ညက အိမ်ကိုဖုန်းဆက်တော့ လကြီးကိုကြည့်ပြီးမေမေ့ကိုမေးမိတယ်
မေမေဒီနေ့ဘာနေ့လဲလို့..
လပြည့်နေ့တွေကိုမေ့နေခဲ့တာကြာပြီရေား)

ညီမလေးဒိုးကန်

Candy said...

ဟုတ်တယ် မမ.. သူစောင့်ပေးနေရင် ပိုအားရှိတာတော့ အမှန်ပဲ.. စောင့်ပေးနေတယ်ဆိုတဲ့ အသိတစ်ခုနဲ့တင် :D :D

မိုးငွေ့...... said...

ညီမလေးရေ အိပ်ရေးသိပ်ပျက်မခံပါနဲ့.....ကျန်းမာရေးဂရုစိုက်..။

Anonymous said...

အမှတ်တရ.လပြည့်ညပေါ့း)

ချမ်းမြေ့ပါစေရှင်
ခင်မင်စွာဖြင့်
မိစံ

လွင်ပြင်လှိုင်းငယ် said...

အမှတ်တရ လပြည့်ညပေါ့

jasmine(တောင်ကြီး) said...

ဟုတ်တယ်
ဘာရယ်မဟုတ်ပေမယ့် လပြည့်ညတွေဆိုလွမ်းနေမိတယ်
ချစ်တဲ့ jasmine

ဘုန်းဘုန်းတောက် said...

ငယ်ငယ်က "ညအခါ လသာသာ ကစားမှာလား၊ နားမှာလား"ဆိုပြီး ဆိုခဲ့ဖူးတာလေးကို ပြန်အမှတ်ရမိတယ်။ သဒ္ဓါက ကစားလည်း မကစားဘူး၊ နားလည်း မနားဘူးပေါ့။ အကြီးမာဆုံး ခွန်အား၊ စွမ်းအားကို ရယူပြီး အလုပ်ကြိုးစားနေတာပေါ့နော်။

Anonymous said...

ဇာတိနဲ့ဝေးရာရောက်နေတော့ လပြည့်ညဆိုတာလည်း မေ့နေခဲ့တာကြာပေါ့လေ...။

ခင်လျက်
Junemoe

ညိမ်းနိုင် said...

ချစ်စရာ လပြည့်ညလေးပဲဗျ.....၊အင်း.....လပြည့်ညတွေ
မခံစားဖြစ်တော့တာကြာ ကြာလှပေါ့....

ကိုကိုမောင်(ပန်းရနံ့) said...

အင်း
လပြည့်ညက ရွှေပြည်ကြီးမှာဘဲ မျက်နှာသာရတာပါ။
ဂလို ဂလို တိုးတက်တဲ့ နိုင်ငံတွေမှာတော့ လပြည့်ဝန်းကြီးခမျာ သနားစရာ။ အထီးကျန်နေသလိုမျိုးကြီး။

လမင်းငယ် said...

မမရေး စာလေးလာဖတ်သွားပါတယ်

အရေးအသားလေးတွေကောင်းလိုက်တာ
လေးစားစွာဖြင့်

ချော(အစိမ်းရောင်လွင်ပြင်) said...

ပျော်စရာလေး
ကိုယ့်ကိုခုလို ဂရုတစိုက်ရှိပေးတဲ့လူတစ်ယောက်ရှိနေရင် လပြည့်ညကြီးက ပိုပြီး သာယာနေတော့မှာပေါ့
သဒ္ဒါရဲ့ လကလေး ထာဝစဉ်ပြည့်ဝထွန်းလင်းနိုင်ပါစေ...

jr said...

မသဒ္ဓါရဲ့ လပြည့်ညလေးက လှလိုက်တာ။
တစ်စုံတစ်ယောက်က ကိုယ့်ကို ဂရုစိုက်နေတယ်ဆိုတဲ့ အသိက တကယ်ကို အားဖြစ်စေတာပါ။

ညလေးတွေ အမြဲ လှပါစေ မသဒ္ဓါ။း)

နွေတေးရှင် (မင်းဧရာ) said...

လပြည့်ညတွေ မကြည့်ရတာတောင် ကြာပါပြီ အစ်မကြီးရယ်.....
ဘာရယ်မဟုတ်ပေမယ့် အေးချမ်းခြင်းဆိုတဲ့ အသိနဲ့
တမ်းတမိသေးရဲ့ဗျာ။

sosegado said...

လပြည့်လား လကွယ်လား ဆိုတာ မသိတာ တော်တော်ကြာပါပြီ၊
အဝေးကသူနဲ့ လွမ်း၇င်း အစစ အရာရာ အဆင်ပြေပါစေ။

mstint said...

သဒ္ဓါ့အတွက် ခွန်အားအပြည့်အဝရရှိစေဘို့ရာ
ထာဝရ အားပေးနိုင်သောသူ ဖြစ်ပါစေလို့....
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချယ်ရီမြေ said...

မသဒ္ဓါရေ လမသာပေမယ့် နွေးထွေးတဲ့ညလေးဖြစ်မှာပါလေ။ အဲလိုပဲ နေမပူပေမယ့် နွေးထွေးတဲ့နေ့ပေါင်းများစွာကိုလဲ ပိုင်ဆိုင်နိုင်ပါစေလေ။

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

ညီရဲ said...

အစ်မရေ လပြည့် လကွယ် ရက်မှ မဟုတ်ဘူး မြန်မာနေ့ ရက်တော်တော် များများကို မေ့နေပါပြီ။ အစ်မ ရေးထားတာလေး ဖတ်လို့ တော်တော်လေးကောင်းတယ်။ တို့ အစ်မ တော်တော်လေး လွမ်းနေတယ် ထင်ပါ့။ တစ်ယောက်ကို တစ်ယောက် ဘယ်လောက်ဂရုစိုက်တယ် ဆိုတာကို ဖတ်ကြည့်ရုံနဲ့ တင် သိသာစေတယ်... ကိုယ်ချင်းစာမိပါတယ် အစ်မရေ... ကိုယ်တိုင်လဲ လွမ်းနေရတယ် ဆိုတော့လေ...

Angelhlaing(May everybody be happy and healthy! said...

ဘယ်လိုပြောရမှန်းမသိအောင်ပါပဲ..မမရေ..

ကိုအောင်(ပျူနိုင်ငံ) said...

စာလာဖတ်တယ်ဗျို့ ....

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

လပြည့်ညဆို ကောင်းကင်ပေါ်မှာ ဖိုးလမင်းကြီးက ထီးထည်ဝါထိန်လို့
အလွမ်းဓတ်ခံအားကောင်းလှတဲ့ မောင်ဘကြိုင်ကလည်း လွမ်းလို့ကောင်းလွန်းလို့
ဒါပေမယ့်လေ လကြတ်တဲ့နေ့က အိပ်ပျော်နေလိုက်ထှာာာ သိုးလို့ တွေ့တောင်တွေ့လိုက်ရဖူးဗျာာာာ

Nyi Linn Thit said...

ကိုယ့်အပေါ် မညည်းမငြူ သာပေးတဲ့ လတစ်စင်း ရှိနေတဲ့ နောက်တော့ လပြည့်ဝန်းနဲ့ လွဲသွားလည်း ဖြေသာမယ် ထင်ပါတယ်၊ လအရိပ်မှာ ညအိပ်ရာဝင်ခိုက် ခံစားမှုတွေက နိုးကြားဆန်းသစ် နေခဲ့မယ့် ပုံပါပဲ...။း)

သော်ဇင်စိုး said...

ဖတ်သွားပါတယ်.. အစစ အရာရာ အဆင်ပြေပါစေ..

8Yar said...

ဟုတ်ကဲ့ အစ်မသဒ္ဓါလှိုင်း ရေ။ ကျွန်တော်လည်းတစ်ခါထက်မက စောင့်ခဲ့ရဖူးတယ်။ အိပ်ချင်တာတော့အရမ်းပဲ ဒါပေမယ့် သူအားငယ်သွားမှာစိုးလို့ မအိပ်ခဲ့ရဘူး။ အရေးအသားလေးကောင်းတယ် အစ်မရေ။