Thursday, March 25, 2010

မှန်မှန်ကန်ကန် ကွက်လပ်ဖြည့်တတ်ပါစေ..

ကျောင်းသားဘ၀…..

ကျောင်းတက်စဉ်က… တောက်လျှောက် သင်ခဲ့ရတဲ့ စာတွေထဲမှာ `လိုအပ်သော နေရာတွင် ကွက်လပ်ဖြည့်ပါ´ ဆိုတဲ့ မေးခွန်း ကို သတိရပြီး အတွေး တခု ၀င်လာခဲ့တယ်။

`ကွက်လပ်ဖြည့်ပါ´ ဆိုတာ စာကြောင်းတကြောင်းမှာ အဓိပ္ပါယ် ပြည့်စုံဖို့ အတွက် လိုအပ်တဲ့ နေရာ ကွက်လပ်မှာ လိုအပ်တဲ့ အကြောင်းအရာ၊ စကားစုလေး ကို မှန်မှန်ကန်ကန် ဖြည့်ပေးခြင်းပါပဲ။ ဒါမှ အဓိပ္ပါယ် ရှိတဲ့ စာကြောင်းတကြောင်း၊ မှန်ကန်တဲ့ စာကြောင်း တကြောင်း ဖြစ်လာမှာပေါ့.။

မှန်မှန်ကန်ကန် နဲ့ လိုအပ်တဲ့ နေရာကို ဖြည့်ပေးဖို့က အရေးကြီးပါတယ်။ မလိုအပ်တဲ့ နေရာမှာ ဖြည့်ပေးလို့ မရသလို၊ လိုအပ်နေတဲ့ နေရာမှာ ဖြည့်ရင်လည်း မှန်မှန်ကန်ကန် ဖြည့်ပေးဖို့ လိုပါတယ်။ တချို့ကလည်း လိုအပ်တဲ့ နေရာမှာ ကိုပဲ မှားယွင်းစွာ ဖြည့်နေတတ်ကြသေးတယ်။ အဓိကက လိုအပ်တဲ့ နေရာ ကွက်လပ်မှာ လိုအပ်နေတာကို မှန်မှန်ကန်ကန် နဲ့ ဖြည့်တတ်ဖို့ပဲလေ..။

ဒီလိုပါပဲ……. လူ့ဘ၀ကြီးမှာလည်း လိုအပ်နေတဲ့ ကွက်လပ်တွေ အများကြီး ရှိပါလိမ့်မယ်။ အဲလို လိုအပ်နေတဲ့ ကွက်လပ်တွေမှာ....၊ လိုအပ်နေတဲ့ နေရာတွေမှာ…. အဓိပ္ပါယ် ရှိတဲ့ အပြုအမူတွေ၊ မှန်ကန်တဲ့ အတွေးအခေါ်တွေ၊ အမှန်တကယ် လိုအပ်နေတဲ့ ရုပ်ဝတ္တု ပစ္စည်းတွေ၊ မှန်ကန်တဲ့ စိတ်ဓါတ် ခွန်အားတွေ၊ မှန်ကန်တဲ့ အကူအညီတွေ၊ မှန်ကန်တဲ့ ကူညီစောင့်ရှောက်မှုတွေ၊ မှန်ကန်တဲ့ ပြုစု စောင့်ရှောက်မှုတွေ၊ မှန်ကန်တဲ့ သင်ကြားမှုတွေ၊ မှန်ကန်တဲ့ ပြောဆိုမှုတွေ၊ မှန်ကန်တဲ့ စိတ်ထားတွေ၊ မှန်ကန်တဲ့ အပြောအဆိုတွေ…၊ `မှန်ကန်တဲ့ …………. တွေ´ ကို လိုအပ်နေတဲ့ နေရာ၊ ကွက်လပ်တွေမှာ လိုအပ်နေတဲ့ နေရာအလိုက် ကွက်လပ်ဖြည့်ပေး တတ်ကြဖို့ အရေးကြီးဆုံးပါပဲ..။

ဒါမှလည်း မှန်ကန်တဲ့ အဓိပ္ပါယ် ပြည့်ဝတဲ့ စာကြောင်းလိုမျိုး အဓိပ္ပါယ် ရှိတဲ့ ဘ၀ စာကြောင်းကြီး ဖြစ်လာမှာပါ..။

လိုအပ်တဲ့ နေရာမှာ မှန်မှန်ကန်ကန် မဖြည့်ဆည်းပဲ မလိုအပ်တဲ့ နေရာမှာ ဖြည့်ခဲ့မယ်ဆိုရင်လည်း အဓိပ္ပါယ် ပြည့်ဝတဲ့ စာကြောင်း၊ အဓိပ္ပါယ် ပြည့်ဝတဲ့ ဘ၀တွေ ဖြစ်လာမှာ မဟုတ်တော့ပါဘူး။

တချို့ ကိစ္စတွေမှာ မလိုအပ်တဲ့ ကွက်လပ် နေရာမှာ ဖြည့်နေကြပြီး လိုအပ်နေတဲ့ ကွက်လပ် နေရာမှာ မဖြည့်ကြတဲ့ အတွက် လွဲချော်မှုတွေ၊ တိမ်းစောင်းမှုတွေ၊ တဦးနဲ့ တဦး နားလည်မှု လွဲတာတွေ၊ မဖြစ်သင့်တာ ဖြစ်ကြရတာတွေ၊ ဆုံးရှုံးမှုတွေ၊ နစ်နာမှုတွေ၊ တဦးနဲ့ တဦး သံသယ ဖြစ်မှုတွေ၊ ယုံကြည်မှု ကင်းမဲ့သွားတာတွေ၊ ခင်မင်မှု ပျက်စီးသွားတာတွေ၊ ဖြစ်သွားကြလိမ့်မယ်….။

လိုအပ်နေတဲ့ ကွက်လပ် နေရာမှာ မှားပြီး ဖြည့်ခဲ့ရင် စာကြောင်းတကြောင်းလုံး မှားသွားလိမ့်မယ်…။ အဲလိုပဲ ဘ၀ကြီးမှာလည်း လိုအပ်နေတဲ့ ကွက်လပ် နေရာမှာ မှားပြီး ဖြည့်ခဲ့ကြရင်….. ဘ၀ စာကြောင်း တကြောင်း မှားရာကနေ ဘ၀ စာမျက်နှာ တခုလုံး မှားသွားနိုင်တယ်လေ…။ မှားတာကို အချိန်မီ သိခဲ့ရင်တော့ ပြန်ပြင်လို့ ရကောင်းရနိုင်ပါတယ်…။ ဒါပေမဲ့ ဖျက်ရာလေးတော့ ကျန်ရင် ကျန်ခဲ့နိုင်တာပေါ့…။

တချို့ကလည်း လက်တွေ့ လုပ်ဆောင်မှု တွေနဲ့ ကွက်လပ် တွေကို ဖြည့်နေကြတယ်။ တချို့ ကလည်း သွယ်ဝိုက်တဲ့ လုပ်ဆောင်ချက် တွေနဲ့ ကွက်လပ် တွေကို ဖြည့်နေကြရတယ်။ တချို့ ကလည်း အပြောအဆို၊ အပြုအမူ၊ စိတ်ကူး စိတ်သန်း၊ တွေနဲ့ ကွက်လပ် တွေကို ဖြည့်နေကြတယ်။

လိုအပ်တဲ့ နေရာမှာ အမျိုးမျိုးသော ပုံစံနဲ့ ကွက်လပ် ဖြည့်ပေး နေကြတဲ့ သူတွေအားလုံးကို လေးစား အတုယူလျက်.....

လိုအပ်တဲ့ ကွက်လပ် နေရာမှာ လိုအပ်တဲ့ အရာကို မှန်မှန်ကန်ကန် ဖြည့်ပေးနိုင်ကြပါစေလို့ ဆန္ဒပြုရင်း…..

Monday, March 22, 2010

`အသိတရား´ ဆိုတာ

`အသိတရား´ ဆိုတာ ဘာလဲလို့ မေးခွန်း ထုတ်ကြည့်လိုက်တော့..

`အသိတရား´ ရှိပါတယ်……… `အသိတရား´ မရှိပါဘူး ဆိုတာတွေ တွေ့လာရတော့…….

`အသိတရား´ ရှိချင်ယောင်ဆောင် နေတဲ့ သူတွေ…. `အသိတရား´ နဲ့ လက်တွေ့ လုပ်ဆောင်ချက်တွေ ကို လုပ်နေတဲ့ သူတွေ……

`အသိတရား´ ဆိုတာကို နားမလည်ကြတဲ့ သူတွေ………… `အသိတရား´ ရှိတဲ့ သူတွေကို အားကျ အတုယူပြီး `အသိတရား´ ရှိလာကြသူတွေ…

`အသိတရား´ ရဲ့ အရေးပါမှု ကို သဘောပေါက်ပြီး `အသိတရား´ ကို လက်ခံလာ ကြသူတွေ……

`အသိတရား´ ဆိုတာကို သိပေမဲ့ မျက်စိမှိတ်ပြီး ဇွတ်တရွတ် လုပ်နေသူတွေ……

`အသိတရား´ ကို အခြေပြုလို့ ဖြစ်လာသမျှ တွေကို ဝေဖန် ပိုင်းခြားပြီး မှန်မှန်ကန်ကန် သတ္တိရှိရှိ လုပ်ဆောင်နေသူတွေ…..

`အသိတရား´ ရှိတယ်.. မရှိဘူး ဆိုတာ အသက်အရွယ်၊ မွေးရာပါ ဗီဇ၊ ပတ်ဝန်းကျင် အခြေအနေ၊ တပါးသူရဲ့ အနေအထား တွေကြောင့် ဖြစ်ပေါ်ကြတာလား…။

လူတချို့ကို အခြေပြုလို့ `အသိတရား´ ဆိုတာ ဖြစ်ပေါ်ကြတာလား..။

အဲလို `လား………….´ ပေါင်းများစွာ ထဲမှာ `အသိတရား´ ဆိုတာ လည်း ပေါက်ဖွား သွားကြတာလား..။

လူ့အဖွဲ့ကြီးထဲမှာ ပြောလေ့ ရှိကြတာက ဒီလူက တော်တော် အသိတရား ရှိတာပဲ။ ဒီလူကတော့ တော်တော် အသိတရား မဲ့တာပဲတဲ့..။

ဘာကို ကြည့်ပြီး ကောက်ချက်ချ ကြတာလဲလို့ ဆိုတော့ အဲဒီလူရဲ့ အပြောအဆို၊ အပြုအမူ၊ အနေအထိုင်၊ လူမှု ဆက်ဆံရေး၊ ကိုယ်ကျင့်တရား၊ အလုပ်အကိုင်၊ တာဝန် သိမှု တွေနဲ့ ယူဆလို့ ရပါတယ်။ ဘာကြောင့်ပဲ ဖြစ်ဖြစ် လူဆိုတာ အသိပညာ ဥာဏ်ရှိကြတဲ့ သူတွေ ဖြစ်လေတော့ စိတ်ရဲ့ အခြေခံ ကိုက `အသိတရား ဆိုတာ´ ရှိသင့်တဲ့ အရာတခုပါ…။ သင်ယူလို့ ရတဲ့ ပညာတခုတော့ မဟုတ်ပါဘူးလေ.။

တချို့လူတွေ ကျတော့လည်း လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ၊ ကောက်ကျစ် လိမ်လည်မှု တွေကြောင့် `အသိတရား´ တွေ ယိမ်းယိုင် သွားကြပြန်တယ်။ မိမိရဲ့ ရလိုမှု တခုတည်း အတွက် လည်း `အသိတရား´ မဲ့သွား တတ်ကြတယ်။

ကိုယ့်ရဲ့ `အသိတရား´ မဲ့မှုကြောင့် သူတပါး အကျိုးစီးပွား ပျက်စီးမှု၊ စိတ်ထိခိုက် ဖြစ်စေမှု၊ ဆုံးရှုံးမှု၊ တွေ မဖြစ်အောင် အမြဲ သတိထားဖို့ လိုတာပေါ့.။ကိုယ့်ရဲ့ `အသိတရား´ တခုဟာ သူတပါး အတွက် အကျိုးရှိမဲ့..၊ စိတ်ဓါတ် ခွန်အား ပြည့်ဝမဲ့...၊ အောင်မြင်မှုတွေနဲ့ ကြုံတွေ့ရမဲ့...၊ ထူးခြားလှတဲ့ အသိတရား တခု ပေးစွမ်းနိုင်မဲ့...၊ `အသိတရား´ ဖြစ်ဖို့သာ အဓိကပါ.။

`အသိတရား´ ရှိခြင်းဟာ လူတယောက်ရဲ့ တန်ခိုး ပါလို့ ပြောရင် `အသိတရား´ မရှိခြင်းဟာ တန်ခိုး မရှိခြင်းပဲပေါ့။ `အသိတရား´ မရှိတဲ့ အတွက် မလုပ်သင့်တာကို လုပ်မိကြ၊ မပြောသင့်တာကို ပြောမိကြ၊ မလိုချင်သင့်တာကို လိုချင်မိကြ၊ မပြုလုပ်သင့်တာကို ပြုလုပ်မိကြ၊ မဖြစ်ချင်သင့်တာကို ဖြစ်ချင်ကြ နဲ့ အမှောင်ထဲမှာပဲ လျှောက်နေမိကြတယ်။

`အသိတရား´ ဆိုတာကို မသိယောင်ဆောင်ပြီး လောဘကို ရှေ့တန်းတင်လို့ မဖြစ်သင့်တာ ဖြစ်ကြရတယ်။ အဲလို လူမျိုးကလည်း အကျင့်ပျက်တဲ့ လူမျိုးပဲ…။ မိမိရဲ့ လောဘဇောကြောင့်၊ ဒေါသကြောင့် အမှား အမှန် ခွဲခြား မသိနိုင်တော့ပဲ လုပ်ချင်ရာ လုပ်နေကြတဲ့ `အသိတရား´ မဲ့နေတဲ့ ကိုယ်ချင်းစာ တရား ခေါင်းပါးပြီး အကျင့်ပျက် သူတွေပေါ့။ ဒီလို `အသိတရား´ မဲ့နေတဲ့ လူမျိုးကို ကြည့်လိုက်တော့လည်း အသက်အရွယ်က ငယ်ရွယ်တဲ့ သူမျိုးလည်း မဟုတ်ပေဘူး..။ ဒါကြောင့် ငယ်ရွယ်သူ ဖြစ်ပေမဲ့လည်း `အသိတရား´ နဲ့ ပြည့်စုံတဲ့ စိတ်ဓါတ် ပြည့်ဝတဲ့ သူမျိုးတွေ အများကြီး ရှိပါတယ်။

ဒါကြောင့် `အသိတရား´ နဲ့ ပြည့်စုံတဲ့ တန်ခိုးရှိတဲ့ သူသာ ဖြစ်ဖို့ တောင့်တမိပါရဲ့…။

`အသိတရား´ ဆိုတာ ကို မျှဝေဖို့ စာရေးဖေါ် ရင်ဘတ်ချင်းတူသူ <"href="http://ingjinthant.blogspot.com/">အင်ကြင်း က သတိတရနဲ့ ရေးဖို့ ပြောလို့ တတ်သလောက်လေး ရေးလိုက်ပါတယ်။ မှတ်မှတ်ရရ ရေးဖို့ပြောတဲ့အတွက် ကျေးဇူး.....!!!!!

Wednesday, March 17, 2010

ရင်ထဲက အတွေးစများ…

`ရင်ထဲက အတွေးစများ´ ဆိုပြီး ခင်မင်ရတဲ့ စာရေးဖေါ် href="http://missgreenlady.mylovecafe.net မချော(အစိမ်းရောင်လွင်ပြင်)ကရေးပေးဖို့ ပြောလာပါတယ်။ သတိတရနဲ့ အမှတ်တရ ရေးဖို့ ပြောတဲ့ မချောကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။

လူတိုင်း လူတိုင်းမှာ အတွေးတွေ ကိုယ်စီ ကိုယ်စီနဲ့ ရှင်သန်နေကြတာမလား…။

ကျမရဲ့ ရင်ထဲမှာ အတွေးတွေကလည်း ဟိုတစ…ဒီတစ နဲ့ အများသား….။

ဟိုး ခပ်ငယ်ငယ်ထဲက အတွေးလေးတွေ ရှိခဲ့တာပေါ့။ ဘာလေး လုပ်ချင်တယ်…၊ ဘယ်စာအုပ် ဖတ်ကြည့်ချင်တယ်…၊ ဘယ်ကိုတော့ သွားလိုက်ချင်တယ်…၊ ဘာလေး စားချင်တယ်...၊ စာမေးပွဲကြီးမှာ အဆင့်ကောင်းကောင်းနဲ့ အောင်မြင်ချင်တယ်… နဲ့လေ..။ အတွေး ဆိုတာကလည်း အတိုင်းအတာ မရှိ တွေးလို့ရလေတော့ ကိုယ့်ရဲ့ ဆန္ဒလေးတွေ.. ကိုယ်ဖြစ်ချင်တာတွေက အတွေးထဲမှာ မျောလွင့်ပေါ့.။

တခါတရံတော့လည်း အတွေးလေးတွေ ကိုစုစီးလို့ ၊ ထုပ်ပိုးလို့..၊ အားအင် အပြည့်နဲ့ ချီတက်လို့..

တခါတရံ သပ်ရပ် သေချာစွာ စုစီး ထုပ်ပိုးထားတဲ့ အတွေးတွေက ဟိုတစု ဒီတစု ပြန့်ကျဲလို့…..

ပြီးတော့ အသက်အရွယ်၊ နေရာဒေသ၊ အခြေအနေ၊ ဘ၀ အတွေ့အကြုံ ကိုလိုက်ပြီး အတွေးတွေလည်း ပြောင်းလဲ သွားတတ်ပြန်တယ်။

အသက် ကြီးလာတော့လည်း အတွေးတွေက ပြောင်းသွားပြန်ရော…၊ ဘယ်လောက်တောင် အဆုံးမရှိ ကျယ်ပြောလှတဲ့ အတွေးတွေလည်းလို့…၊

တခါတလေ ငယ်ငယ်တုန်းက အတွေးလေးတွေ ပြန်ပေါ်လာတယ်.။

ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေကို ပြန်လို့ တွေးတောမိတယ်......။

ကိုယ်ဖတ်ခဲ့ဖူးခဲ့တဲ့ စာအုပ် တွေထဲက အကြောင်းအရာတွေ၊ ဇာတ်ကောင်တွေ၊ လူနေမှု စရိုက်တွေ၊ ဘ၀ သရုပ်ဖေါ်တွေ…၊ တဦးနဲ့ တဦး သံယောဇဉ် နှောင်ကြိုးတွေ၊ တဦးအပေါ် တဦး ကိုယ်ချင်းစာ တရားတွေ၊ တဦးနဲ့ တဦး အမုန်းတရားတွေ၊ တဦးနဲ့ တဦး သစ္စာ မေတ္တာရှိပုံတွေ ပေါ့…။

(ဂျာနယ်ကျော်မမလေး) ရေးတဲ့ `သူလိုလူ´၊ `ရင်နင့်အောင်မွှေး´၊ `မုန်း၍မဟူ´၊ .........( ကျမ အရမ်းကြိုက် နှစ်သက်တဲ့ စာအုပ်တွေထဲက တချို့ပေါ့)….. ကျမအတွေးထဲမှာ ခုချိန်ထိ စိုးမိုးနေတဲ့ စာအုပ်တွေ… ခုချိန်ထိလည်း ပြန်ဖတ်ပြီး ဘယ်တော့မှ ဖတ်လို့ မရိုးနိုင်တဲ့ စာအုပ်တွေပေါ့။ ဒီစာအုပ်တွေ ထဲကနေ ကျမကို ကောင်းသော လမ်းညွှန်ခြင်းတွေ၊ ကောင်းသော စိတ်တွေ၊ ကောင်းသော အတွေးတွေကို တွေးနိုင်အောင်၊ မွေးမြူနိုင်အောင် မွေးဖွား ပေးခဲ့တဲ့ စာအုပ်တွေထဲက အတွေးတွေပဲပေါ့….။

ဒါကြောင့် ကျမ ကြိုက်နှစ်သက်မိတဲ့၊ ကျမ တန်ဖိုးထားတဲ့ စာအုပ်တွေ ကလည်း ကျမ အတွေးထဲမှာ နေရာ တနေရာ ၀င်ယူထားတဲ့ အရာတခုပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် အတွေးဆိုတာက အကန့်အသတ် မရှိ တွေးချင် တာတွေကို တွေးလို့ ရလေတော့ တခါတခါ ကိုယ်တွေးတဲ့ အရာတခုဟာ ကောင်းတဲ့ အတွေး ဖြစ်ချင်မှ ဖြစ်ကြမှာပါ။ တခါတခါ လောဘကြီးတဲ့ အတွေးမျိုးတွေ…၊ ဖြစ်ချင်တဲ့ကိစ္စတခု ဖြစ်ကိုဖြစ်ရမယ် ဆိုတဲ့ အတွေးမျိုးတွေ…၊ ဒေါသဖြစ်သွားစေမဲ့ အတွေးမျိုးတွေ…၊ သူတပါးကို အနိုင်ယူ လိုတဲ့ အတွေးမျိုးတွေ…၊ သူတပါးကို စိတ် အနှောက် အယှက် ဖြစ်စေမဲ့ အတွေးမျိုးတွေ…၊ ကိုယ့်ရဲ့ အတ္တကိုပဲ ရှေ့တန်းတင်မဲ့ အတွေးမျိုးတွေ… အဲလိုမျိုး ………..အတွေး၊ ………… အတွေး၊ တွေကို မတွေးမိဖို့ အရေးကြီးတယ်လို့ သုံးသပ်မိတယ်။

ဒါကြောင့် သူတပါး အပေါ် အမြင်ရှင်းရှင်းနဲ့ ကြည့်ပြီး ကောင်းတဲ့ စိတ်ထားလေးနဲ့ တွေးတတ်အောင် ကြိုးစားနေတယ်။

တခါတလေ ကျမ အတွက်တော့ သီချင်းလေးတွေ ထဲကလည်း အတွေးကောင်းတွေ ပေါ်လာတတ်တယ်။

ပြီးတော့ လက်တွေ့ ကျတဲ့ အတွေးလေးတွေ တွေးဖို့လည်း လိုတယ်။ မဖြစ်နိုင်မဲ့…၊ အကျိုးမရှိမဲ့ အတွေးမျိုးတွေ တွေးမိလာရင်လည်း ပြန်ပြီး ပြောင်းလဲတွေးတော ရအောင် လုပ်ရမယ်။ ဒီလိုမှ မဟုတ်ရင်လည်း အချိန်ကုန်ပြီး အရာမရောက် ဖြစ်မှာပေါ့။

ကိုယ်လုပ်နေရတဲ့ လုပ်ငန်းတခု၊ ကိုယ်တာဝန်ယူ ထားရတဲ့ အလုပ်တခု ကိုလည်း ပိုလို့ တိုးတက်အောင်၊ အောင်မြင်မှု တွေရအောင်၊ အကျိုးရှိအောင်၊ ဆိုတဲ့ အတွေးလေးကလည်း ကျမရဲ့ အတွေးထဲမှာ နေရာ ၀င်ယူထားတဲ့ အရာ တခု ဖြစ်နေပါတယ်။

ပြီးတော့ ကိုယ်ချစ်ခင်ရတဲ့ သူတွေ၊ ကိုယ်ခင်တွယ်ရတဲ့ နေရာလေး တခု နဲ့ အမြန်ဆုံး ပြန်ဆုံတွေ့ကြဖို့ ကလည်း ကျမရဲ့ အတွေးထဲမှာ တည်တံ့ ခိုမြဲစွာ ၀င်ရောက် နေရာယူထားတဲ့ အတွေး အစိုင်အခဲ တခုပါပဲ။

အခု လောလောဆယ်ကိုပဲ ဟိုး အနာဂတ် လမ်းဆီကို အတွေး ရောက်လို့……. အတွေးထဲမှာ အေးချမ်းတဲ့ သပ်ရပ်လှတဲ့ ခြံဝင်းလေးနဲ့ အိမ်လေး တခုထဲမှာ ကိုယ့်နဲ့အတူ ကိုယ်ပိုင်ဆိုင်ချင်တဲ့ အရာလေးတွေနဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ စာအုပ်တွေနဲ့ ကိုယ်နဲ့ အတူတူ အရာရာကို နားလည်မှု တွေနဲ့ မျှဝေခံစားနိုင်မဲ့ `........´ နဲ့ အေးမြတဲ့ မေတ္တာတွေ ထုံမွမ်းထားတဲ့ အရိပ်လေးထဲမှာ ပျော်မြူးလို့ပေါ့………….!

အရာအားလုံး ကလည်း တရားမျှတမှု တွေနဲ့ ကိုယ်ချင်းစာ တရား တွေနဲ့ လှပတဲ့ လူ့ဘောင် အဖွဲ့ အစည်းကြီးတခု က၀န်းရံလို့...........။

မချောရေ… သဒ္ဓါ့ရဲ့ အတွေးတွေ တော့ရေးလိုက်ပါပြီ။ ဖတ်လို့ မကောင်းခဲ့ရင် သဒ္ဓါရဲ့ စာပေအရေးအသား ညံ့တဲ့အတွက် သည်းခံပြီး ဖတ်ပေးဖို့ ပြောပါရစေ။

Monday, March 15, 2010

အရှုံး၏ ဖြစ်တည်မှု

လောကကြီးမှာ အရှုံးဆိုတာကို ကြောက်ကြတဲ့သူ၊ မတွေ့ချင်တဲ့သူ၊ ရင်မဆိုင်ချင်တဲ့သူ၊ မလိုချင်တဲ့သူ၊ လက်မခံချင်တဲ့သူ ..!!!!! အရှုံးထဲက ရုန်းထွက်ခဲ့တဲ့သူ….! တွေ…ပါပဲ..။

အရှုံးကို လူသားတိုင်း မတောင့်တကြ…။

မတောင့်တပေမဲ့လည်း မိမိရဲ့ သဘောသဘာဝအရ ကြောင့်ပဲဖြစ်ဖြစ်၊ တပါးသူရဲ့ ပယောဂ ကြောင့်ပဲဖြစ်ဖြစ် အရှုံးဆိုတာ ဖြစ်ပေါ်တတ်လေတော့ လူသားတွေ အတွက် လက်ခံရ ခက်ခဲတဲ့ အရာတခု ဖြစ်ခဲ့ပေါ့….။

အရှုံးဆိုတာမှာလည်း အမျိုးမျိုး ရှိကြတာပဲကိုး…။ ကိုယ့်ပညတ်ချက်နဲ့ကိုယ် အဓိပ္ပါယ်ဖွင့်၊ ခေါင်းစဉ်တွေ ဖွင့်လို့ မတူညီတဲ့ ခေါင်းစဉ်တခုအောက်မှာ ရှုံးခြင်း၊ နိုင်ခြင်း ဆိုတာ ကွဲလွဲကြလေတော့ ပုံသဏ္ဍန်လည်း မတူညီ…၊ ခံစားချက်လည်း မတူညီ…၊ အတိုင်းအဆလည်း မတူညီ…၊ အဖြစ်အပျက်ခြင်း မတူညီ…၊ ပြင်းထန်ပုံခြင်းလည်း မတူညီ..၊ လက်ခံပုံခြင်းလည်း မတူညီ နိုင်ကြ…..

ဆိုတော့…..

ပြန်လို့ ကြိုးစားတည်ဆောက် ကြတာမှာလည်း မတူညီနိုင်ဘူးလေ..။

အရေးကြီးတာကတော့ ရှုံးပြီးတဲ့သူဟာ ပြန်လို့ တည့်မတ်နိုင်အောင် ကြိုးစားကြရမှာပေါ့။ ဘ၀မှာ လဲကျဖူးတဲ့သူ၊ ကျရှုံးဖူးတဲ့သူတော့ ရှိကြမှာပါ။ ဒါပေမဲ့ ကျရှုံးပြီးရင်..၊ လဲကျပြီးရင်သာ ပြန်ထူနိုင်အောင်..၊ ပြန်အောင်မြင်နိုင်အောင် ကြိုးစားရမှာပါ။


ကျမ အပါအ၀င် အရှုံးကို မလိုချင်တဲ့ သူတွေဟာ အမြဲ မဟုတ်ခဲ့တာတောင် တခါတော့ အရှုံးနဲ့ ကြုံဖူးခဲ့ကြမှာပါလေ….။ ကြုံလာခဲ့ရတဲ့ အရှုံးကို ဘာကြောင့်ဆိုတာ ဝေခွဲပိုင်းခြားပြီး အသင့်တော်ဆုံး နဲ့ အောင်မြင်အောင် လုပ်ဖို့ပါပဲ..။

တခါတရံတော့လည်း ကိုယ်ကိုယ်တိုင် အရှုံးလို့ ထင်တာတွေဟာ တကယ်တော့ မရှုံးဘူးဆိုတာ တွေ့မြင်ချင်မှ တွေ့နိုင်မှာပါ။ ကိုယ်ကိုယ်တိုင် အောင်မြင်နေပါတယ်..၊ အရှုံးမဟုတ်ပါဘူး… နိုင်နေပါတယ်လို့ ထင်နေတာတွေက ရှုံးနေတာ ဖြစ်ချင်ဖြစ်နေလိမ့်မယ်…။

ဒါပေမဲ့လည်း ကိုယ်အနိုင်ရချင်တဲ့ ကိစ္စတရပ်ဟာ တခြား လူတယောက်မှာ အရှုံးဖြစ်ချင်ဖြစ် သွားလိမ့်မယ်။ အဓိက အရေးကြီးတာက ကိုယ့်ကြောင့်…၊ ကိုယ့်ရဲ့လုပ်ရပ်ကြောင့်…၊ ကိုယ့်ရဲ့ အပြုအမူကြောင့်…၊ ကိုယ့်ခံစားချက် အတွက်ကြောင့်…၊ ကိုယ်လိုချင်တာ တခု အတွက်ကြောင့်…၊ ကိုယ့်ရဲ့ လောဘကြောင့်…၊ ကိုယ့်ရဲ့ မလိုလားအပ်တဲ့ ဒေါသကြောင့်…၊ တခြား သူတယောက် မရှုံးသွားဖို့ပဲ လိုမယ်လေ..။

လူတယောက်ဟာ အမြဲတမ်း ကျရှုံးတဲ့သူတယောက် ဖြစ်နေမှာ မဟုတ်ပါဘူး။ အဲဒီ အရှုံးဆိုတဲ့ အရာတွေထဲကပဲ အကောင်းဆုံး ဖြစ်နိုင်တာတွေ… ရှာတွေ့နိုင်မှာပါ။ အရှုံးထဲကပဲ အရှုံးကို ခွန်အားအဖြစ် မွေးမြူပြီးတော့ ဆက်လက် ရှင်သန်နိုင်အောင် ကြိုးစားရမှာပေါ့.။

အရှုံးကို ပြန်လို့ကုစားတဲ့ အခါမှာ တယောက်နဲ့တယောက်လည်း မတူနိုင်ဘူးလေ။

တချို့က အရှုံးကို လွယ်လွယ်နဲ့ ကုစားလို့ ရနိုင်ပေမဲ့ တချို့အတွက်တော့ လွယ်လွယ်နဲ့ ကုစားဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်…။

ဘ၀ဆိုတဲ့ လောက လမ်းကြောင်းကြီးပေါ်မှာ ကိုယ်တယောက်တည်းသာ မဟုတ်ပါပဲ အရှုံး ဆိုတာ လူတိုင်း တွေ့ကြုံ နိုင်တဲ့ အစက်လေး တစက် ဖြစ်ပါတယ်လို့ ယုံကြည်လိုက်ရင် အရာအားလုံးကို ရင်ဆိုင် ဖြေရှင်းဖို့.. ခွန်အားသစ်တွေ မွေးဖွားဖို့… ကျော်လွှားသွားနိုင်ဖို့… ပြန်လည် ပြုပြင်ဖို့… ပြောင်းလဲပစ်ဖို့… ဆိုတဲ့ အင်အားသစ်တွေ ရဖို့ လွယ်ကူ သွားမှာပါ..။

ရုပ်ဝတ္ထုပစ္စည်းပဲ ဖြစ်ဖြစ်၊ စိတ်နဲ့ ဆိုင်တာပဲ ဖြစ်ဖြစ်၊ ဘယ်လိုမျိုး ဖြစ်ဖြစ် ရှုံးခြင်း၊ နိုင်ခြင်း ဆိုတာ အဓိက မကျစေပဲ ကိုယ်ပြုသမျှ ကိစ္စ ကိုယ်ပဲ ခံစားရတာမို့ သတိလေးနဲ့ ကပ်ပြီး စဉ်းစားချင့်ချိန်တာ အကောင်းဆုံး ဖြစ်မှာပါ..။

အဓိကက ရှုံးပြီးရင်း မရှုံးဖို့ပါပဲလေ……..!!!!!

Friday, March 12, 2010

ဘဘဦးဝင်းတင်မွေးနေ့

ဘဘ ဟံသာဝတီဦးဝင်းတင် ရဲ့ အသက်(၈၀) နှစ်ပြည့် မွေးနေ့
လေးစားရတဲ့ ဘဘဦးဝင်းတင်

ဘဘ ဦးဝင်းတင် သက်ကျော် ရာကျော်ရှည်ပြီး အန္တရယ် ခတ်သိမ်း ကင်းငြိမ်းလို့ ဘဘရဲ့ ရည်မှန်းချက်တွေ၊ ဆန္ဒတွေ အားလုံး အမြန်ဆုံး ပြည့်ဝနိုင် ပါစေလို့ ဆုမွန်ကောင်း တောင်းရင်း…..။
ဘဘရဲ့ မွေးနေ့မှာ အကျဉ်းထောင်တွင်း ရေးသားခဲ့တဲ့ `ကျားရဲ´ ကဗျာလေးကို ဂုဏ်ပြု ဖေါ်ပြ လိုက်ပါရစေ…။
ကျားရဲ
နေပြင်းလျှင်၊ နှင်းမှုန်လျှင်
ဆွေ့ဆွေ့ခုန်၊ အိုက်လိုအိုက်
ခိုက်ခိုက်တုန် ချမ်းလိုချမ်း။

အခန်းကျဉ်းကျဉ်း
အလင်းမ၀င် လေမ၀င်
နေမမြင် လမမြင်
လူမမြင် သူမမြင်မှာ
ထိုင်လျှင်ထိုင် မထိုင်လျှင်ငေး။
အိပ်လျှင်အိပ်၊ အအိပ်လျှင်တွေး။

သတင်းမေးဖို့ ဝေးရော
သီချင်းကလေးမှ မဆိုရ။
စာဖတ်ဖို့ ဝေးရော
ကဗျာကလေးမှ မစပ်ရ။

တရားဟောဖို့ဝေးရော
စကားလေးမှ မပြောရ။

အဟောသိကံ သံသရာ
ငါ့ကမ္ဘာ ပိစိကွေး
အခန်းကျဉ်းကလေး ပတ်လျှောက်လိုက်
သံတံခါးဝ ရပ်လိုက်
တမတ်တပ်တပ် တနေကုန်။
မနေ့ကလည်း တနေကုန်
ဒီနေ့လည်း တနေကုန်ပြန်
နက်ဖြန်လည်း ကုန်ဦးမယ်။

ကုန် ကုန် ကုန်
ကုန်ချင်သလောက် ကုန်စမ်း။

တရက်ကုန်မလား။ တသက် ကုန်မလား။
တလကုန်မလား။ တဘ၀ကုန်မလား။
တနှစ်ကုန်မလား။
တခေတ်ကုန်မလား။
အားမလျှော့ဘူး။ မပျော့ဘူး။
ပေဖြစ်တော့ ခံမယ်။
တူဖြစ်တော့ နှံမယ်။

အမှန်တရား တို့ဘက်မှာ ရှိတယ်။
ကာလယန္တရား တို့ဘက်မှာ ရှိတယ်။
ရှင်တော်ဘုရား တို့ဘက်မှာ ရှိတယ်။
သိကြရဲ့လား ဟား ဟား ဟား ဟား။

တိရိစ္ဆာန် ရုံက ကျားလို
လှောင်အိမ်ထဲမှာ တလွန့်လွန့်နဲ့
ကျားညွန့်တုံးတွေ ထင်နေသလား။
မှားလိုက်တဲ့အမြင်
ဟားတိုက်လို့ ရယ်ချင်စရာ။
အ၀ါပေါ်မှာ အနက်စင်း
မပျက်မယွင်း ကွက်ကွက်ကွင်း။

အရှင်းသား မလွဲသရွေ့
အထင်းသား စွဲသရွေ့
ကျားရဲဟာ ကျားရဲ။
ငါလည်း အဲဒီလိုပဲကွ ဟေ့။ ။

ဘဘ ကျန်းမာရေး ကောင်းမွန်ပါစေ...။

Wednesday, March 10, 2010

ရင်နဲ့အမျှ

ဝေဒနာတွေ ထဲမှာတော့ ဘယ်လို ဝေဒနာက အဆိုးရွားဆုံး လဲလို့ စဉ်းစားကြည့်တော့ ကိုယ်တကယ် ချစ်တဲ့သူတွေနဲ့ ဝေးကွာနေရတာက အဆိုးဆုံးလို့ ထင်တယ်။ ဟုတ်တယ်….။ ပြီးတော့ မချစ်မနှစ်သက်တဲ့ သူနဲ့ အတူ နေရတာလည်း အဆိုးရွားဆုံး ဝေဒနာလို့ ထင်တယ်။ ချစ်ခင်တဲ့ သူတွေနဲ့ ဝေးကွာပြီး မချစ်ခင် မနှစ်သက်နိုင်တဲ့သူ တွေနဲ့ နေရတာဆိုရင် တကယ့်ကို အဆိုးရွားဆုံး ဝေဒနာ ဖြစ်သွားပါပြီလေ။

ခုချိန်မှာ လူတွေဟာ မခွဲခွာချင်ပေမဲ့လည်း ခွဲခွာနေကြရ တာပဲ.မဟုတ်လား…။ မိဘနဲ့ သားသမီး၊ ဇနီး နဲ့ ခင်ပွန်း၊ ညီအကို မောင်နှမ၊ ဆွေမျိုး သားချင်း၊ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေ.၊ ပြီးတော့ ကိုယ့်မြေ ကိုယ့်နေရာလေး တခု………..

အခြေအနေ တခုအောက်မှာ မျှော်လင့်ချက် လေးနဲ့ အသက်ဆက် နေရပေမဲ့ ရင်နဲ့ရင်းပြီး နေရတဲ့ ဘ၀ တခုဟာ အဓိပ္ပါယ် ရှိနိုင်ပါ့မလား လို့လည်း တွေးမိတယ်။ ဒီလို အခြေအနေ တခုနဲ့ နေနေရတဲ့ သူတွေဟာ ကိုယ့်ကိုကိုယ် ဘယ်လို ဆက်ရှင်နိုင်ပါ့မလဲလို့ ဆိုတော့……. ပျော်စရာ တခုခုကို ကြံဖန် ရှာဖွေကြ၊ ၀ါသနာ ပါတာ တခုခုကို လုပ်ခွင့်ရကြ၊ အကျိုးရှိစေနိုင်မဲ့ အလုပ် တခုခုကို လုပ်ခွင့် ရနေကြ၊ တန်ဖိုးရှိရာ တခုခုကို လုပ်နေကြ…………. ဆိုရင်တော့လည်း……..!!!!!

ဒီလို ခေတ်ကြီးထဲမှာ လူဖြစ်ခွင့် ရလာတာကိုပဲ တခါတလေ အလိုမကျမိ…။

ကိုယ့်အပေါ် အားပေး နားလည်နိုင်မဲ့ သူ တဦးတလေမှ မရှိရင်တောင် ကိုယ့်ကိုကိုယ် စိတ်ဖြေနိုင်မဲ့ အတွေးလေး ဖြစ်ဖြစ်၊ စိတ်ခံစား သက်သာမှုလေးပဲ ဖြစ်ဖြစ်၊ စိတ်ဓါတ် ခွန်အားတွေ…. ရလာနိုင် ဖို့သာ ဆုတောင်းမိပါရဲ့………!

တခါတလေတော့လည်း မျှော်လင့်ချက် သန်းလာနိုင်မဲ့ စက္ကန့်လေးတွေကို ကြည့်ပြီး အချိန်တခု စောင့်ရမယ်လို့ ပြင်ဆင် ထားမိတယ်။

ဒါလည်း စိတ်ကူးယဉ် အိပ်မက်တခု ပါပဲ…။ ဒါပေမဲ့ စိတ်ကူးယဉ် အိပ်မက် တွေကို လက်တွေ့ အကောင်အထည် ဖေါ်ဖို့ မျှော်လင့်ချက်ချည်းပဲ မဟုတ်တဲ့ အတွေးအခေါ် အဖြစ် တွန်းပို့ ပေးနိုင်ရမယ်….. ယုံကြည်မှု ရှိရှိနဲ့ ရှေ့ကို လှမ်းလို့ ချီတက်နိုင်ရမယ်….. ဆိုပြီး တော့လည်း အားတင်းမိပြန်တယ်။

ဒီလိုပဲ ကိုယ့်ကိုကိုယ် အားတင်းရင်းနဲ့ ဘ၀ ဆိုတဲ့ လောက လမ်းကြောင်းကြီးပေါ်ကို တက်ခဲ့တာ ဘယ်လောက် တန်ဖိုးရှိရှိနဲ့ တက်ခဲ့ပြီးပြီလဲ….!

အရေးကြီးတာကတော့ တန်ဖိုးရှိရှိနဲ့ နေတတ်ဖို့၊ တန်ဖိုးရှိရှိနဲ့ အကျိုးပြုနိုင်ဖို့ ပါပဲ…။

ဒါကြောင့် ကိုယ့်နေရာလေးကို ခွဲခွာလာရတဲ့ သူတယောက်အနေနဲ့ တန်ဖိုးရှိစွာ အကျိုးပြုနိုင်ဖို့ မျှော်လင့်မိတယ်။

ကိုယ်ချစ်ခင်ရတဲ့ သူတွေနဲ့ ပြန်တွေ့ဖို့ မျှော်လင့်ချက် ရောင်ခြည်လေး တောင်မျှ မရှိနိုင်ရင် သေလူနဲ့ ဘာမှ မထူးခြားတဲ့ ဘ၀ တခု ကို ပိုင်ဆိုင်လို့….!!!!!

Monday, March 8, 2010

ရင်ခုန်ခဲ့ရတဲ့ အကယ်ဒမီ

အော်စကာ ဆုပေးပွဲကို ရင်ခုန်စွာနဲ့ ကြည့်ရှုလို့ ပြီးသွားပါပြီ…….။

Burma VJ ……….




ကိုယ့်နိုင်ငံရဲ့ အရေးကြီးလှတဲ့ ကားတကားလည်း ဖြစ်တာမို့ ရစေချင်ခဲ့တာပါ။ ဇကာတင်မှာ ပါတယ်ဆိုကတည်းက ရင်ခုန်ခဲ့ရပြီး ရမယ်လို့လည်း မျှော်လင့်ခဲ့တာပါ။

ဒီကားသာ ရမယ်ဆို ကိုယ့်နိုင်ငံ အကြောင်း၊ အဖြစ်အပျက်တွေကို… မသိသေးတဲ့ တော်တော်များများ နိုင်ငံတွေ၊ မသိသေးတဲ့ သူတွေဟာ အများကြီး သိလာနိုင်တယ်။ အဲဒီအတွက် ကျမတို့ နိုင်ငံမှာ တခုခု အကျိုးရှိလာမယ်လို့လည်း ထင်မိတယ်လေ..။

ကျမလည်း Burma VJ မရတာနဲ့ စိတ်မကောင်းဖြစ်ပြီး တခြား ဆုတွေတောင် ကြည့်ဖို့ အားမရှိ ဖြစ်သွားတယ်…။

အော်…
ဆုမရပေမဲ့လည်း ဇကာတင်ထဲမှာ ပါခဲ့တဲ့ အတွက် နိုင်ငံ တော်တော်များများက လူတွေ သိသွားနိုင်လိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်..။ အဲဒီအတွက်တော့ ၀မ်းသာ ဂုဏ်ယူမိပါတယ်..။

မျှော်လင့်ထားတဲ့ ဆုနဲ့ လွဲခဲ့ရပေမဲ့ တကမ္ဘာလုံးက သူတွေ တော်တော်များများ Burma VJ ဇာတ်ကားဆိုတာ ဘာကို ရိုက်ထားတာလဲ… ဘယ်လို အကြောင်းကို ရိုက်ထားတာလဲ… ဆိုတာ ကို သိသွားနိုင်မှာပါ…။

အဲဒီအတွက်တော့…….

Thursday, March 4, 2010

တမ်းတမိသော အမေ့လက်ရာ (၁)…

နေ့ခင်းဘက် ထမင်းစားနေရင်း… အမေ့ရဲ့လက်ရာ အရသာ ရှိရှိမစားရတာ ကြာပြီဖြစ်တဲ့ ကျမ…….. အမေ ချက်တဲ့ ဟင်းတွေထဲက `ဂဏန်း´ ဟင်းကို တမ်းတသွားမိတယ်။ အမေ ချက်တဲ့ ဟင်းအကုန်လုံး ကြိုက်တဲ့ ကျမက ထမင်းစားရင်း အမြဲ တမ်းတမိတယ်…။

ဒီနေ့တော့… ကျမအမေ ချက်တဲ့ ဟင်းလျာတွေထဲက ကျမကြိုက်တဲ့ `ဂဏန်း´ ဟင်းကို သတိရပြီး အရင်ဆုံး ရေးမိလိုက်တာပါ။

ငယ်ငယ်ထဲက ချေးအလွန်များတဲ့ကျမ..၊ ဟိုဟင်းမစား.. ဒီဟင်းမစားတဲ့ကျမ..၊ ဟင်းသီးဟင်းရွက် တော်တော်များများ မစားတဲ့ကျမ..၊ အသားဆိုလည်း အကုန်မစားတဲ့ကျမ..၊ ပဲဆိုလည်း မကြိုက်တဲ့ကျမ..၊ မုန့်ဆိုလည်း မစားတာများတဲ့ ကျမ…..

အဲလို မကြိုက်တာတွေ.. မစားတာတွေ များတဲ့ ကျမ… အမေနဲ့ ဝေးသွားတဲ့ အချိန်မှာ တော်တော့်ကို အဆင်မပြေ ဖြစ်သွားတာလေ..။ ကျမ ချေးများတိုင်း ကျမ စားချင်တာပြောတိုင်း ချက်ချင်းလို ထချက် ပေးတတ်တဲ့ အမေ… ။ ကျမအမေ ချက်တဲ့ `ဂဏန်း´ ဟင်းကို ဒီနေ့ အရမ်း တမ်းတမိနေတယ်။

ချဉ်ချဉ်စပ်စပ် အရည်လေး နဲ့ မဆလာ ခတ်ထားတဲ့ `ဂဏန်း´ ဟင်း ချက်တဲ့နေ့ဆို ကျမ အရမ်းပျော်တဲ့နေ့ပေါ့။ တခါတရံတော့ `ဂဏန်း´ ကို အကြော်မှုန့်နဲ့ ရောပြီး ကြော်. အချဉ်ရည်လေးနဲ့ လုပ်ပေးတတ်ပါတယ်။ အဲဒါမျိုး ဆိုရင်လည်း ခေါင်းမဖေါ်တမ်းပေါ့…။ တခါတလေလည်း… `ဂဏန်း´ ကိုပြုတ် စိတ်ရှည်လက်ရှည် အသားထွတ်ပြီး ကြက်သွန်စိမ်း၊ ငရုတ်သီးစိမ်း၊ သံပရာသီးနဲ့ သုပ်တတ်ပါတယ်။ `ဂဏန်း´ ဆိုရင် အရမ်းကြိုက်တဲ့ ကျမ အတွက်တော့ အကောင်းဆုံး ဟင်းတခွက်ပဲပေါ့…။

ကျောင်းတက် နေတုန်းကလည်း မနက် စောစော ထဲက ကျောင်းသွားတဲ့ကျမ ညနေ ပြန်ရောက်လို့ သမီးရေ ဒီနေ့ `ဂဏန်း´ ချက်တယ်လို့ ပြောလိုက်ရင်….. ကျမမှာ ပျော်လိုက်တာ…။

အခုတော့လည်း ဗိုက်ပြည့်ရင် ပြီးရော ဆိုပြီး စားကောင်းကောင်း မကောင်းကောင်း၊ ကြိုက်ကြိုက် မကြိုက်ကြိုက် စားလိုက်တာပဲလေ.။ ဟိုး……….အရင်က ချေးအလွန်များတဲ့ ကျမ ခုတော့လည်း သိပ်ပြီး ချေးထူလို့ မရတော့ပါဘူး။ ဘယ်လောက် ကောင်းတဲ့ဆိုင်မှာပဲ စားစား အမေ့လက်ရာ လောက်တော့ မကောင်းဘူးလို့ စိတ်ထဲမှာ တွေးမိတယ်…။ ဝေးကွာသွားတော့မှ အမေ့လက်ရာက ပိုကောင်းမှန်း ပိုသိလာရတယ်…။ ပိုတမ်းတမိ လာရတယ်…။

ကျမ ကြိုက်တဲ့ အမေ့ ဟင်းလျာတွေထဲက `ဂဏန်း´ ဟင်း ကို တမ်းတရင်းနဲ့ပဲ ကျမ သိပ်မကြိုက်တဲ့ ဟင်းတွေနဲ့ စားနေခဲ့တယ်လေ...။

လောလောဆယ် ကျမကြိုက်တဲ့ဟင်းတွေ ချက်ပေးမဲ့ အမေက အဝေးမှာ ဆိုတော့ တမ်းတမိရုံကလွဲပြီး……..!!!!!

Monday, March 1, 2010

သြော်…. ကွာခြားလိုက်ပါဘိ…..

တနင်္ဂနွေ နေ့က တူမလေးတို့ကျောင်းမှာ တရုတ်မီးထွန်းပွဲတော် ရှိလို့ ညအိပ်ပြီး ပွဲလုပ်ပါတယ်။ ဆရာမတွေနဲ့ ဘုန်းကြီးကျောင်း သွားပြီး ဆီမီးထွန်း၊ ကန်တော့ရတယ်။ ညဘက်မှာတော့ ကလေးတွေအတွက် ပွဲလုပ်ပါတယ်။ နောက်တနေ့ မနက်မှ အိမ်က ပြန်ကြိုရတယ်။ တခါမှ ကိုယ့်အိမ်မဟုတ်တဲ့ နေရာ တခုမှာ ညအိပ်ညနေ မနေဖူးတော့ ကျမဖြင့် စိတ်ပူလိုက်တာ…။ ကျောင်းက ဆရာမတွေက တပတ်လောက်ထဲက ကြိုပြီး ပြောထားတော့ ဖြစ်ပါ့မလားလို့လေ…။ တူမလေး ကတော့ ပျော်လို့………။

တခါမှလည်း ခွဲမအိပ်ဖူးတော့ ညရောက်ရင် အိမ်ကို သတိရပြီး ငိုနေရင် ဘယ်လို လုပ်ရပါ့မလဲပေါ့.။ စိတ်ပူတာ…. စိတ်ပူတာ…..။

သွားခါနီးလည်း ကျမက ထပ်ခါတလဲလဲ သမီး ဖြစ်ပါ့မလား.. သမီး ဖြစ်ပါ့မလားနဲ့….၊ ကျမကပဲ လိုအပ်တာထက် စိတ်ပူနေတာလား မသိ..။ အမယ်… တူမလေးကတော့ ဘာမှမပူနဲ့ သမီး ဖြစ်တယ်တဲ့။ ဘုရား…….ဘုရား….ကျမ ငယ်ငယ် ကနဲ့ အကွာကြီး ကွာနေပါ ပေါ့လား.။ ကျမတို့ အဲဒီ အရွယ်တုန်းက ဒီလို ခွဲနေဖို့ မပြောနဲ့ အပေါ်နဲ့အောက်ထပ်တောင် ခွဲမအိပ်ခဲ့ဖူးဘူး။ ဆိုတော့ သူတို့ လက်ထက်မှာ ခေတ်မှီသွားတာလား … အလေ့အကျင့် ဖြစ်သွား အောင်လို့လား။။ ကျမဖြင့် စဉ်းစားရင်းနဲ့တောင် တမျိုးကြီး ခံစားရတယ်။

ဒါပေမဲ့လည်း ပြန်စဉ်းစား လိုက်ပြန်တော့လည်း ကောင်းပါတယ်လေ….

အခုထဲက ခွဲနေရတဲ့ ခံစားမှုမျိုး အလေ့အကျင့် ဖြစ်တာပဲ၊ ကောင်းတာပေါ့လို့ တွေးလိုက်တယ်။ ဟုတ်တယ်… သူတို့လေးတွေ ကို ကြီးလာရင် ခွဲခွါရတဲ့ ခံစားမှုမျိုး မခံစားစေချင်ဘူး။ ခွဲခွါရရင်လည်း ကိုယ့်ကိုကိုယ် စိတ်အားငယ်မှု မရှိပဲ ရပ်တည်နိုင်အောင် လုပ်ပေးဖို့ လိုလိမ့်မယ်။ ဒါမှ ဘယ်လိုပဲ ဖြစ်ဖြစ် ခံနိုင်ရည် ရှိလာမှာ…။

သွားရမဲ့ မနက်မှာ သူက ၀ိရိယ အားကောင်းပြီး အစောကြီးနိုးလို့…။ ပြင်ဆင်ပြီး သူ့ကျောပိုးအိတ်ထဲ လိုတဲ့ ပစ္စည်းတွေ ထည့်ပေးလိုက်တယ်။ ကျောပိုးအိတ်ကြီးကို လွယ်ပြီး ပြုံးပျော်လို့….၊ အားလုံး အဆင်သင့် ဖြစ်ပြီဆိုတော့ တူမလေးက `သွားတော့မယ်…တာ့တာ´ တဲ့ …။ အေးဆေးပဲ ထွက်သွားလိုက်တာ..။ ကျမမှာသာ ရင်မောပြီး ကျန်ခဲ့တယ်…။

ညဘက်ကျတော့လည်း သတိရလိုက်တာ..၊ ခုချိန် ဘာတွေ လုပ်နေမလဲ…ထမင်းစားပြီးနေပြီလား… ဆော့နေမလား…. မုန့်စားနေမလားနဲ့ပေါ့……..

မနက် ပြန်ရောက်လာတော့ ပြုံးပျော်လို့.. ညကလည်း အိပ်ပျော်ပါတယ်တဲ့. မုန့်တွေလည်း အများကြီးစားရတယ်တဲ့.. ။ အော် ရင်ထဲတော့ တော်တော် အေးသွားတယ်။ မနက် အစောကြီး မုန့်တွေ စားလာပြီးပြီတဲ့ ပြောသေးတယ်…။ ကျမက ဘာတွေလုပ်ခဲ့ရလဲ.. ဘာတွေ စားခဲ့ရလဲ… ဘယ်တွေ သွားခဲ့ရလဲနဲ့ မေးခွန်းတွေ မရပ်မနား မေးလိုက်တော့ တခုပြီးမှတခု မေးပါတဲ့..။ ဟုတ်တာပေါ့…….. ကျမ လောကြီးသွားတယ်။

တူမလေးက ကျောင်းမှာ လုပ်ခဲ့ရတဲ့ အတွေ့အကြုံ ကို ပြန်ပြောတော့ ကျမမှာဖြင့် နာထောင်နေရင်း ဟိုး လွန်ခဲ့တဲ့ အတိတ်က ကိုယ့်ရဲ့ ငယ်ဘ၀ကို လွမ်းဆွတ်ပြီး ကျောင်းမှာ တယောက်တည်း နေခဲ့ရတုန်းက အချိန်ကို သတိရပြီး ၀မ်းနည်းသွားမိတယ်။ အဲဒီ အချိန်တုန်းကတော့ ကိုယ်ကို ကျောင်းမှာ ထားခဲ့ပြီး အမေ ပြန်သွားတော့ ရင်ထဲကနေ တခုခု ဆွဲထုတ်သွားလိုက် သလိုပဲ ခံစားခဲ့ရတယ်…။ အခု တူမလေးကို ကြည့်လိုက်တော့ စိတ်အေးသွားမိတယ်..။

အဲလို အလေ့အကျင့် ရှိသွားရင် ရှေ့လျှောက်ရမဲ့ ခရီးလမ်းမှာ သိပ်ပြီး မခက်ခဲတော့ ဘူးလို့ထင်တယ်။ အနှောက်အယှက်တွေ၊ ဝေးကွားမှုတွေ၊ ကို ခံနိုင်ရည် ရှိရှိ ပြင်ဆင်တတ်သွားမယ်… နေထိုင်တတ်သွားမယ်..။

အဲဒီ အတွက်တော့ ရှေ့ဆက်ပြီး သူ့ကို လေ့ကျင့် ပျိုးထောင်ပေးရလိမ့်အုံးမယ်…။

စိတ်ထဲမှာတော့ သြော်… ကွာခြားလိုက်တဲ့ ကိုယ့်စိတ်နဲ့လို့ တွေးတောရင်းနဲ့ ……