Tuesday, November 30, 2010

………´ အတွက်

အဝေးဆုံး ခရီးကို ကြောက်သတဲ့လား…….´

တခါတရံမှာ ဖြစ်ပေါ်လာတဲ့ အခြေအနေ အရေးကိစ္စတွေအရ အဝေးဆုံး ခရီးကိုလည်း သွားနေရအုံးမှာပဲ..။ အဓိကကတော့ ခရီးလမ်း ဝေးပေမယ့် သွားရတဲ့လမ်းကြောင်း ချောမွေ့ချင်မှ ချောမွေ့မှာ ဖြစ်ပေမယ့် အောင်မြင်ချင်တဲ့ဘ၀… ရှင်သန်လွတ်မြောက်ချင်တဲ့ သတ္တိ… တွေကို ရင်ခွင်မှာ ပိုက်ပြီး အဝေးဆုံးခရီးကို သွားနေရအုံးမှာပဲပေါ့.။

အဝေးဆုံး ခရီးကို ကြောက်ပြီး နီးနီးလေးမှာ ရှိတဲ့ ခရီးလေး တထောက်ကိုတော့ အစမ်းအနေနဲ့ပဲ ဖြစ်ဖြစ် မလျှောက်လှမ်းချင်ပါနဲ့..။

သွားနေရမယ့် ခရီးလမ်းကြီးက ဘ၀အတွက်လား……. အမှန်တရား အတွက်လား….. ယုံကြည်ချက် အတွက်လား….. အချစ်အတွက်ပေပဲလား…… ဆိုတာ သေချာသိဖို့ အတွက် စိတ်ကို တည်ငြိမ်စွာထားရင်း အမှန်တကယ် လိုအပ်ပြီး တန်ဖိုးရှိတဲ့... ဖြစ်ချင်တဲ့... ဆန္ဒတစုံကို ထွေးပွေ့ရင်း အဓိပ္ပါယ်ရှိတဲ့ လမ်းပေါ်မှာ တလှမ်းချင်း တလှမ်းချင်း ကြိုးစား လျှောက်လှမ်းရလိမ့်မယ်။

လိုအပ်သလား မလိုအပ်ဘူးလား ဆိုတဲ့ မရေရာ မသေချာတဲ့ စိတ်အငွေ့အသက်တွေနဲ့တော့ စိတ်ကို မညှိုးနွမ်းချင်ပါနဲ့။

ရည်ရွယ်ချက်မရှိပဲ ရွေ့လျား စီးမျောနေတဲ့ `တိမ်´တွေလို ဖြစ်ချင်ဖြစ်ခဲ့ကြပေမယ့် ခုချိန်မှာတော့ ရည်ရွယ်ချက်ကောင်းတွေကို ဆုပ်ကိုင် ဖန်တီးလုပ်ဆောင် နိုင်တဲ့သူ  တယောက် ဖြစ်ကိုဖြစ်ရမှာပေါ့။

ဒါပေမဲ့…..

အန္တရာယ် ရှိမှန်းသိပေမယ့် ဇွတ်တိုးပြီး လုပ်တတ်ကြတဲ့ သဘာဝတရားလေးတွေ ကိုတော့ သတိလေးနဲ့ ဆင်ခြင် ရလိမ့်မယ်။

မာနဆိုတာကလည်း အမြဲတမ်း ရှိနေဖို့ မသင့်တော်ပါဘူးလေ.. ရှိသင့်တဲ့ နေရာမှာ ထားရမယ့် မာနကို တန်ဖိုးရှိရှိနဲ့ အသုံးပြုရမယ်.. အဲဒီမာနက အသက်လည်း ဖြစ်နိုင်တာပေါ့နော်.။

အမျိုးမျိုးသော စိတ်ကူးယဉ်မှုတွေကို စိတ်ကူးယဉ်ဖူး ကြမှာပါပဲလေ…။ လက်တွေ့ လောကမှာ မရှိသင့်တော့ပေမယ့်လည်း စိတ်ကူးယဉ်ဖူးတဲ့ စိတ်ကူးကောင်းလေးတွေကိုပဲ ဖြစ်မြောက် အောင်မြင်အောင် အကောင်အထည်ဖေါ် ထုဆစ်တတ်ရင်လည်း နေပျော်တဲ့ ဘ၀လေးတခုကို ပိုင်ဆိုင်နိုင်လာမှာပါ။

လျှောက်လှမ်းနေရမယ့် ခရီးဝေးကြီး တလျှောက်မှာ တယောက်တည်း ဖြစ်ချင်ဖြစ်မယ်… စိတ်တူကိုယ်တူ အဖေါ်ကောင်း ပါချင်ပါနိုင်မယ်…. ဒါမှမဟုတ် စိတ်မတူတဲ့ အဖေါ် ပါကောင်းပါနိုင်တာပေါ့… ဘယ်လိုပဲဖြစ်ဖြစ်တော့ မိမိကိုယ်ကို အထီးကျန်နေပါလား ဆိုတဲ့ အတွေးမျိုးနဲ့ မချုပ်နှောင်ထားသင့်ဘူးလေ.။

မိမိနဲ့ စိတ်တူတဲ့ သူတယောက်ဟာ ဘယ်လောက်ပဲ ဝေးနေ ဝေးနေပါစေ.. နီးနီးလေးပါပဲလေ……..!!!

6 comments:

ဝက်ဝံလေး said...

လာဖတ်သွားတယ် မသဒ္ဓါ ...... ဆိုတာ ဘူ့ကိုပြောဒုံး ခစ်ခစ်

Anonymous said...

စိတ်ချင်းတူရင် ဝေးနေလည်း နီးနီးလေးလိုပဲ ဆိုတာလေး သဘောကျတယ်..

သိင်္ဂါကျော်

သော်ဇင်စိုး said...

ရေးထားတာအရမ်းကောင်းတယ်ဗျာ.. တစ်ပိုဒ်နဲ့ အဆက်အစပ်မရှိတာကိုပဲ.. ဆက်စပ်တစ်ခုလို ဖြစ်သွားတယ်.. :)

ချော(အစိမ်းရောင်လွင်ပြင်) said...

“.....................” အတွက် တဲ့
ဘယ်သူများပါလိမ့်... နာ့ကိုများ ပြောလေသလားး)
မာနဆိုတာ မလိုအပ်ဘဲ မထားတာကောင်းတယ်
အဲဒါတော့မှန်တယ်
အဲ... လိုအပ်ရင်လဲ ထားရပြန်တယ် မာန မရှိပြန်ရင်လဲ အဆင်မပြေဘူး..
ဘယ်သူနဲ့မဆို တစ်ချိန်ချိန်တော့ ဝေးရမှာဘဲမဟုတ်လားလေ
ဘယ်လောက်ဝေးဝေး စိတ်ချင်းနီးရင် နီးတယ်ထင်ရသလို ဘယ်လောက်နီးနီး စိတ်အနေချင်းဝေးရင်လဲ မနီးစပ်နိုင်ပါဘူး...

Anonymous said...

မှန်တယ် ညီမရေ သေချာဖတ်သွားတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

မြစ်ကျိုးအင်း said...

အားငယ်တတ်တာ မဟုတ်ပေမယ့် လက်တွဲဖော်ကောင်းလေးနဲ့ ဘဝခရီးကို လျှောက်ချင်တယ်။
တစ်ယောက်ထဲဆိုလည်း အဆင်ပြေအောင် လျှောက်ဖို့ ဘဝက သင်ပေးမှာပါပဲ။