Monday, November 8, 2010

နှလုံးသားထဲက ပဲ့တင်သံများ

နှလုံးသည်းပွတ်ထဲမှာ အမြစ်တွယ် နေရာယူခဲ့ပြီး.... ဖမ်းစားညှို့ငင်မှု ပြင်းပြင်းနဲ့ ရိုက်ခတ်လာပြီး.... ပဲ့တင်ထပ်သံတွေ အဖြစ် ထွက်ပေါ်လာလို့ ပဲ့တင်သံ လှိုင်းလေးတွေအဖြစ် ဖေါ်ကျူးသီကုံးခဲ့တာ တနှစ်ပြည့်ခဲ့ပါပြီလေ။


ဘယ်လိုသော တန်ခိုးသတ္တိတွေကြောင့်.... ဘယ်လိုသော တန်ဖိုးရှိမှုတွေကြောင့်.... ဘယ်လိုသော ၀ါသနာအရင်းခံကြောင့်.... ဘယ်လိုသော မျှဝေခံစားလိုမှုတွေကြောင့်... ဘယ်လိုသော မြတ်နိုးမှုတွေကြောင့်.... ဘယ်လိုသော အင်အားကြီးမှုတွေကြောင့်.... ဘယ်လိုသော ယုံကြည်ပြင်းထန်မှုတွေကြောင့်... တွယ်တာ ခိုင်မြဲစွာနဲ့ ရစ်ပတ်နှောင်တွယ် နေရာယူခဲ့တာပါလည်း......!


စာပေရဲ့ တန်ခိုး... စာပေရဲ့ တန်ဖိုး... စာပေရဲ့ အကျိုးကျေးဇူး တွေကြောင့် အသိဥာဏ် ပညာအားကောင်းလာပြီး စစ်မှန်တဲ့ လူမှုဘ၀ကို တည်ဆောက်လာနိုင်မှာပါ...။ ဒါကြောင့်လည်း စာပေနဲ့ ပက်သက်ပြီး ရူးသွပ်မှုတွေ ဖြစ်ခဲ့ရပါတယ်..။


စာပေရဲ့ တန်ခိုးကြောင့် လိမ္မာရေးခြား ရှိလာနိုင်သလို လောကရဲ့ အလှတရားကို ဖွေရှာလာနိုင်လို့ အတွေးအခေါ် ကောင်းလေးတွေ ရရှိပြီး ရဲရင့်တဲ့ နှလုံးသားနဲ့ မျှတမှု ရှိတဲ့ ၀န်းကျင်လေးတခုကိုလည်း ဖန်တီးနိုင်လာကြလိမ့်မယ်...။ အဲဒီအခါ မျှခြေရှိမယ့် သာယာလှပတဲ့ လောကလေး တခု ပေါ်ထွန်းလာမယ့် ထည်ဝါ ခံ့ညားတဲ့ ကမ္ဘာသစ်လေး တခုက ထွေးပွေ့ ဆီးကြိုလို့.... !


အတွေးနဲ့တင် လှပနေလိုက်တာ!!!!!


စာပေကို ဖတ်ရှုတဲ့အတွက် စာပေမျိုးစုံကနေ သုတတွေ၊ ရသတွေ၊ ဗဟုသုတတွေ၊ ဖြတ်သန်းလာခဲ့ကြတဲ့ ဘ၀ နေနည်းတွေ၊ နှလုံးသား အာဟာရဖြစ်စေမယ့် စာပေတွေ၊ အတွေ့အကြုံ ကောင်းလေးတွေ......... က နှလုံးသားထဲမှာ တန်ဖိုးရှိမယ့် စိတ်ကူးကောင်းလေးတွေနဲ့ အတူ ရှေ့ဆက်ဖို့ အားအင်တရပ် ဖြစ်လို့.....!


စာပေကို ဖတ်ရှုပြီး ရင်ထဲမှာ ခိုအောင်းလာခဲ့ရတဲ့ အသိပညာတွေ.. လှပတဲ့ လူ့ဘောင်လောကကြီးကို အလှဆင်ချင်မှုတွေ... စိတ်ခွန်အားတွေ... ယုံကြည်ချက်တွေ... တာဝန်ယူလိုမှုတွေ... မျှတတဲ့ အတွေးလေးတွေ.. ထောက်ထား ညှာတာလိုမှုတွေ... ဗဟုသုတတွေ...ကလည်း ရင်နဲ့အပြည့်.....!


စာပေ ဖတ်ရှုဖို့ဆိုတာ ၀ါသနာလေးတခုကိုလည်း အရင်းခံရမှာပါ..။ ရှိရင်းစွဲ ၀ါသနာလေးကို အစပြုလို့ ဖတ်ချင်စိတ်လေးတခုရဲ့ တိုက်တွန်းချက်ကြောင့် ဘယ်လိုကဲ့သို့သော စာပေမျိုးကိုမဆို မိမိ ဆင်ခြင်ဥာဏ်အားနဲ့ တဖြည်းဖြည်း ဖတ်ဖြစ်လာဖို့ပါပဲ...။ ဖတ်ရင်းဖတ်ရင်းနဲ့ပဲ စာပေရဲ့ အရသာ၊ စာပေရဲ့ အတိမ်အနက်၊ မတူသော လက်ရာကောင်းလေးတွေကိုလည်း သိခွင့်ကြုံလာမှာပါ... !


အဲဒီအခါမှာတော့ မိမိဖတ်လိုက်တဲ့ စာပေမျိုးစုံထဲကနေ သိလိုက်ရတဲ့ အသိလေးတခု၊ အလင်းလေးတခု၊ ခံစားမှုလေးတခု၊ တွေးတောမိခဲ့တဲ့ အတွေးလေးတခု၊ စိတ်အင်အားဖြည့်ပေးမယ့် စာစုလေးတခုကို မျှဝေပေးချင်လိုမှု ဆိုတဲ့ စိတ်လေးကလည်း ထွန်းလင်းတောက်ပလာပါရောလား.........!


စာပေကို မြတ်နိုးမှုကြောင့် မိမိရဲ့ စာပေလေးတွေကို မျှဝေဖြစ်ခဲ့တယ်... စာပေရဲ့ အသိတခုကို လက်ဆင့်ကမ်းပြီး ခံစားမှုလေးတွေ ပေးစွမ်းခဲ့တယ်.. အတွေးလေးတွေကို မျှဝေ ဖြစ်ခဲ့ကြတယ်...!


စာပေရဲ့ အင်အားကြီးမှုကြောင့် လူ့အဖွဲ့အစည်း၊ အ၀န်းအ၀ိုင်းကြီးထဲမှာ စိတ်ဓါတ် ခိုင်မာပြီး အမှန်တရားကို ချစ်မြတ်နိုးစွာနဲ့ မှန်ကန်တဲ့ လမ်းကြောင်းကြီးပေါ်မှာ မှန်ကန်တဲ့ ယုံကြည်ချက်တွေနဲ့ တလှမ်းချင်း တလှမ်းချင်း တိုးလို့ တိုးလို့....!


စာပေကို ဖတ်ရှုပြီး ရင်ထဲမှာ ဖြစ်ပေါ်ခဲ့ရတဲ့ ယုံကြည်ပြင်းထန်မှု တွေကို ဘယ်လို အရာတွေကမှ တိုက်စား ဖြိုဖျက် မသွားနိုင်ခဲ့ပါဘူး.။


နှလုံးသားထဲမှာ ကိန်းအောင်းနေတဲ့ ခံစားချက်လေးတွေ.. အတွေးလေးတွေ.. တခါတရံ စိတ်ခွန်အားလေးတခု ကျပျောက်သွားချိန်တွေ... လွင့်ပျံ့သွားချိန်လေးတွေ... တွေ့ကြုံရတဲ့ အတွေ့အကြုံ ဖြစ်ပျက်မှုလေးတွေ... လွမ်းဆွတ်ရတဲ့ နေရာလေးတွေ... တသသ ပြန်ပြီး လွမ်းမောရပြန်တဲ့ ကုန်ဆုံးသွားရသော တန်ဖိုးရှိခဲ့တဲ့ အချိန်လေးတွေ... ခွဲခွါမှု ဒဏ်ကြောင့် ဖြစ်ပေါ်ရတဲ့ စိတ်အနာတရလေးတွေ... ကို စာလုံးလေးတွေ အဖြစ် မျှဝေ သီကုံး ပေးချင်တဲ့ ပဲ့တင်သံ တဖြစ်လဲ ဖတ်စရာ့ စာလေးတွေကိုတော့ ခံစားမျှေ၀၀န်းကျင် လေးထဲမှာ ထွက်ပေါ် နေမယ် ထင်ပါတယ်..။


ကျမရဲ့ နှလုံးသားထဲမှာ ခိုအောင်း ခံစားနေသမျှ... စာပေရဲ့ ကျေးဇူးကို မြတ်နိုးဂုဏ်ယူ နေသမျှ... စာပေကို ဝေမျှချင်နေသမျှ... နှလုံးသားထဲက တန်ပြန် ရိုက်ခတ်လာမယ့် ပဲ့တင်သံတွေရဲ့ ရင်ခတ်သံတွေကို လူသားအားလုံးရဲ့ လောကလေးထဲမှာ လွင့်ပျံ့ခွင့်ကိုသာ ပေးပါလေ.....!!!!!


(သဒ္ဓါရဲ့ ဘလော့တနှစ်ပြည့် အမှတ်တရအနေနဲ့ ဒီပိုစ့်လေးကို ရေးပါတယ်..။)


လောကရဲ့ လုပ်ဆောင်ချက်တွေ..တာဝန်တွေ... ၀တ္တရားတွေကို နာရီ၊ မိနစ်၊ စက္ကန့်မလပ် လှုပ်ရှား ကြိုးစားနေကြရတဲ့အထဲ တနှစ်ဆိုတဲ့ ရာသီစက်ဝန်း အတွင်းမှာ ခင်မင်မှုကို ပိုက်ထွေးလို့ ရင်ထဲကနေ ဖြစ်ပေါ်လာတဲ့ ကဗျာသံစဉ်လေးတွေ၊ အမှတ်တရ စကားလက်ဆောင်လေးတွေ၊ သရုပ်ဖေါ်မှုလေးတွေ၊ တွေးခေါ်ထင်မြင်မှုလေးတွေ၊ အိပ်မက်တွေကို အသက်ဆက်ပြီး ခရီးဆက်ထွက်ဖို့ အင်အားလေးတွေ၊ ဆိုဒ်ဒီဇိုင်းလေးကို စိတ်ရှည်လက်ရှည် ပုံသွင်းပေးတဲ့အပြင် ကဗျာလေးနဲ့အတူ ပုံဖေါ်ထုဆစ်ပေးမှုလေးတွေ၊ စိတ်အာဟာရ ဖြစ်စေမယ့် စာစုလေးတွေ၊ ဘ၀ရဲ့ ကောက်ကြောင်းလေးတွေကို သရုပ်ဖေါ်ပေးတာလေးတွေ၊ “...........လေးတွေ” ကို ဘလော့ပေါ်မှာတင်မက သဒ္ဓါရဲ့ ရင်ထဲအထိပါ တသက်တာ သိမ်းဆည်းထားလိုက်ပါရစေ...။


ရေးပို့ပေးကြတဲ့ ချစ်ခင်ရတဲ့ ဘလော့ဂါမောင်နှမ အားလုံးကို ၀မ်းသာပီတိ အပြည့်နဲ့ ကျေးဇူးအထူးတင်ကြောင်းလည်း ပြောပါရစေ..။ အားအင်တရပ် ဖြစ်စေဖို့ စိတ်ခွန်အားအဖြစ် ရင်တွင်းစကားလေးတွေကို ပေးစွမ်းပေးခဲ့ကြတဲ့ စာဖတ်သူမိတ်ဆွေများအားလုံး..၊ ဖတ်သော်လည်း ရင်တွင်းစကား မပြောဖြစ်ခဲ့တဲ့... ပြောလို့မရခဲ့တဲ့ စာဖတ်သူမိတ်ဆွေများအားလုံး ကိုလည်း ကျေးဇူးစကား ဆိုပါရစေ...။



သဒ္ဓါ့အတွက် ရေးပေးခဲ့ကြတဲ့ အမှတ်တရ လက်ဆောင်လေးတွေကို ဖတ်ကြည့်ကြမယ်နော်...

.....................................................

"ဘ၀လမ်း"

လူဆိုတာ
ရေမြင့်ရာ ခိုစီး
ရေနိမ့်ရာ ကပ်မှီးတဲ့
ဗေဒါလို
လောကကို အလျားလိုက်ကြည့်
ဒီလိုနဲ့ အသိတွေပွား
ရစရာတွေ များလာကြတယ် ...။

တချို့အရာတွေက မှန်မယ်
တချို့အရာတွေက မှားမယ်
ဒါပေမယ့်
လျှောက်ခဲ့ဖူးတဲ့ လမ်းကပြောတယ်
ငါ့ကို မနင်းပဲ မင်း ကြီးပြင်းမလာဘူးတဲ့ ...။

မှတ်တိုင်တွေ အထပ်ထပ်ကျော်
သိမ်ငယ်မှုတွေ တွန်းထုတ်လိုက်
အောင်မြင်မှုတွေ ကျဆုံးလိုက်နဲ့
အဆိုးဘက်က တွေးရင်
ဘ၀က နှစ်ဆယ်သုံး နှစ်ပိုင်းတပိုင်းထက်
ပိုစောင်းလာနိုင်တယ် ...။

အရှေ့အရပ်က နေထွက်မယ်
အနောက်အရပ်မှာ နေ၀င်မယ်
ဖြစ်ရိုးဖြစ်စဉ်တွေထဲ
ဘာတွေကို ဝေခွဲနေမှာလဲ
မရေရာမှုတွေရှိရင်တောင်
ကျောပိုးအိတ်ထဲထည့်
လွယ်ပြီး ခရီးထွက်ကြစို့
ဟိုး ... ရှေ့မှာ သူတို့တောင် ရောက်နှင့်နေပြီလေ ...။
(၁.၁၀.၁၀)

..............................................................


"မနေ့တနေ့ကလို"

မနေ့တနေ့ကလိုပဲ

ကမ္ဘာရဲ့ ညနေခင်းက

အို မသွားခဲ့ပါဘူး။

မနေ့တနေ့ကလိုပဲ

ဘလော့ဂ်ဂါသူလေး တယောက်

သူမရဲ့ လှကမ္ဘာ ဆည်းဆာအောက်က

သဒ္ဓါလှိုင်း ဆိုတဲ့ ကလောင်နတ်ဓါး

အရောင်အသွေးစုံနဲ့အတူ ပေါ်ထွက်လာ။


မနေ့တနေ့ကလိုပဲ

အဖော်မွန်ဆိုတာ ဘာလဲမသိ

အချစ်ဆိုတာ ဘယ်ဆီဘယ်ဝယ်

မိသားစုနဲ့ တမြေခြား၊ တနယ်ခြားပေမယ့်

သူမကတော့

အိုမင်းမသွားမယ့်

သဒ္ဓါလှိုင်းနဲ့သာ ပုံအပ်ပြီး ချစ်သွားလေမလား

ဒါပေမယ့် ... ။


မနေ့တနေ့ကလိုပဲ

ကဗျာချစ်သောသူတယောက်

စာပေချစ်သောသူတယောက်

မြတ်နိုးတွယ်ချစ်ခင်စွာ

ထွေးပွေ့မယ့် ကူဖော်လောင်ဖက်

မနက်နိုးထ ရောက်ချိန်မှာ

ကြည်နူးပိတိဖြာဝေနိုင်ဖို့

`ဟပ်ပီးဘက်ဒေး´ သီဆိုရင်း

သဒ္ဓါလှိုင်းတယောက် ယနေ့မှသည်

နောင်နှစ်ပေါင်းထာဝစဉ်တိုင်

ကဗျာ၊ စာပေ ကလေးများ မွေးဖွားသန့်ရှင်နိုင်ပါစေသား။ ။



၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ( ၇ ) ရက်။

နိုဝင်ဘာလတွင် ကျရောက်မယ့် သဒ္ဓါလှိုင်းရဲ့ဘလော့တနှစ်ပြည့် မွေးနေ့လေးသို့ အမှတ်တရ လက်ဆောင် ကဗျာလေး ပို့ပေးလိုက်ပါတယ်ဗျာ။ ကျနော်တို့ အမ သဒ္ဓါလှိုင်းတယောက် မွေးနေ့မှာ ပျော်ရွှင်ပါစေ။

.......................................................

တနှစ်ပြည့်အတွက်...


အချိန်နဲ့ တပြေးညီ ပြား လာတဲ့.. ကမ္ဘာ့ မြေပုံ တချပ်

အလင်း..အမှောင် လိုင်း များ...ရွေ့လျား

လူတိုင်း လူတိုင်း ကိုင်ဆောင် ထားတဲ့ ... အချက်ပြ မီးများ..

သူ့ထက်ငါ မြှင့် ကိုင်ကြ..အချင်းချင်း ထွန်းကူ ကြ..

စူးရှလွန်းတဲ့..မီးရောင်..လေကွယ်အရပ်က..မီးရောင်

တချို့ ဝေးသွား.. တချို့ နီးလာ..

ငါတို့..ဒီမှာ... သူတို့ ..ဟိုမှာ...

မင်းတို့ ဆီမှာ ရော...

ဟေး.... မင့် မီးတိုင် ကို..ဆက်ထွန်းထား။

--------


ဘလော့ဂ် တွေ က နေ တဆင့်.. ခင်မင် လာ ရတဲ့.. ညီမ သဒ္ဓါလှိုင်း ရဲ့... ဘလော့ဂ် တနှစ်ပြည့် အတွက်.. လက်ဆောင်။

................................................


ချစ်ညီမ သဒ္ဓါလှိုင်း ဘလော့ဂ် တနှစ်ပြည့် အမှတ်တရစာ

စတေဒီယမ်ကို ရောက်ဖူးသလား ညီမလေးရေ...

တနေရာထဲ၊ တမိုးအောက် ထဲမှာပဲ အားကစား အစုံ လေ့ကျင့်လို့ရတဲ့ ကစားကွင်းကြီးကို ခေါ်တာ ညီမလေးရဲ့....


စတေဒီယမ်ထဲမှာမှ လူအများဆုံး သွားလေ့ရှိကြတဲ့ နေရာက ဘောလုံးကွင်းပဲ။


အစိမ်းရောင် ဘဲဥပုံ ဘောလုံးကွင်းကြီးနဲ့ သူ့ ပတ်ပတ်လည်မှာ အနီရောင် ကွင်းပတ် ပြေးလမ်းကလေးပေါင်း ၈လမ်းရှိတဲ့ ကွင်းကျယ်ကြီးပေါ့။ ကွင်းပတ် ပြေးလမ်းတို့ရဲ့ ထုံးစံ အတွင်းဆုံးလမ်းက အတိုဆုံးဖြစ်ပြီး အပြင်ဆုံးလမ်းက အရှည်ဆုံးပေါ့ ညီမရယ်။ စမှတ် ၊ ဆုံးမှတ် တွေသာ တူခဲ့မယ် ဆိုရင်ပေါ့နော်။


အမ အဲဒီကို ဂျော့ဂ်-Jog လို့ခေါ်တဲ့ လမ်းအသွက်လျှောက်ဖို့ အတွက် ရောက်လေ့ရှိတယ်။ ရောက်တိုင်းလည်း ဘေးပတ်ဝန်းကျင်က လူတွေကို သတိထား ကြည့်မိပါရဲ့ ညီမလေးရေ။

တချို့က ၅ပတ်၊ တချို့က ၁၀ပတ်၊ တချို့ကျတော့ နာရီဝက်၊ လေးဆယ့်ငါး မိနစ် အဲသလို မိမိ တတ်နိုင် သလောက်လေး လျှောက်ကြတယ်။ အဲဒီအခါ စတမ်မနာ လို့ခေါ်တဲ့ သက်လုံကောင်းဖို့ လိုအပ်တယ် ညီမရဲ့။ တဦးနဲ့ တဦး ခံနိုင်ရည် အလေ့အကျင့်ချင်း မတူကြတော့ သက်လုံ ကောင်းပုံခြင်းလည်း ခြားနားကြ တယ်လေ။ လျှောက်ကြတဲ့ ရည်ရွယ်ချက် ချင်းလည်း ကွဲပြားနိုင်တာပဲ။ တချို့က အပျော် ကြုံလို့ သူငယ်ချင်းနဲ့ လိုက်လာရင်း လျှောက်။ တချို့က ကျန်းမာရေး အတွက် မှန်မှန်လျှောက်၊ တချို့က ပြိုင်ပွဲဝင်ဖို့ အတွက် အပြင်းအထန် လာလေ့ကျင့်ရင်း လျှောက်ကြသူတွေ ရယ်လို့ ရှိကြတယ်။

အသုံးအဆောင် တွေလည်း ကွဲပြားကြပြန်တယ်။ သက်တောင့်သက်သာ ရှိတဲ့ အားကစား ဝတ်စုံနဲ့မို့၊ အထူးထုတ် ကူရှင် အပြည့်ခံထားတဲ့ ဖိနပ်နဲ့မို့ ပြေးလမ်းပေါ်မှာ အထောက်အကူ ကောင်းတွေ ဖြစ်ပြီး သူများထက် ပိုရှေ့ရောက်အောင် ပြေးနိုင်တာတွေလည်း ရှိပါရဲ့။ ရည်မှန်းချက်အတိုင်း အပတ်ရေ ပြည့်အောင် ပြေးနိုင်သူတွေ ရှိသလို၊ ရည်မှန်းချက် မပြည့်ခင် ကွင်းဘေးထွက်ထိုင် နေကြသူတွေလည်း ရှိသကွဲ့။

အဲလို သက်လုံမတူ၊ ရည်မှန်းချက် မတူ၊ သုံးစွဲပစ္စည်းချင်း မတူ၊ ခံနိုင်ရည်ချင်းလည်း မတူကြပေမဲ့ ဒါတွေ ဘယ်လောက်ကွဲကွဲ၊ အဆုံးတနေ့ မတော့ ဇွဲရှိရှိနဲ့ မှန်မှန် သွားနိုင်နေဖို့သာ လိုအပ်တာ ကလား။ မရပ်လိုက်နဲ့ ရပ်တာနဲ့ နောက်ကျန်ရစ်ခဲ့မှာ အသေအချာပဲ။

ဘဝ ဆိုတဲ့ စတေဒီယမ်ကြီး ထဲက ပြေးလမ်းပေါ်မှာ ရှိနေကြတဲ့ အမတို့ အားလုံးလည်း တူတူပဲပေါ့။ ဘဝမှာ အားနည်းချက် အားသာချက်တွေနဲ့ ဘာတွေ ဘယ်လောက်ပဲ ကွဲပြားနေပါစေ၊ စိတ်မပျက်နဲ့၊ အားမလျှော့နဲ့၊ ကွင်းဘေး ထွက်ထိုင်မနေနဲ့၊ မရပ်လိုက်နဲ့၊ နှေးချင် နှေးပါစေ ဇွဲရှိရှိနဲ့ မှန်မှန်သွားရင် တနေ့ ရောက်ကို ရောက်ရမှာပေါ့။

ညီမလေးရေ.....

တို့အားလုံး ပြေးလမ်းပေါ်မှာ...တာတို တာရှည် တူချင်မှ တူမယ်

ခရီး စခန်း ခြေလှမ်းတွေ ကွဲချင် ကွဲမယ်

အနှေး အမြန် စံနှုန်းတွေ ခြားနားချင် ခြားနားမယ်

ဇွဲ လုံ့လ ရိက္ခာ သက်လုံ ဖဝါးချင်းထပ်

တရစပ် မရပ်မနား သွားနေဖို့ပဲ လိုရင်း

ခရီးပြင်း နှင်ခဲ့ စက္ကန့်ပေါင်း သုံးကုဋေကျော် ( 31,536,000) ကြာခဲ့ပေါ့

မလျှော့တမ်း နောက်မဆုတ်စတမ်း

ပန်းဝင်ဖို့ သွားနေသူ....

တနှစ်ပြည့် ဘလော့ဂ်လေး အတွက် အမှတ်တရပါ ညီမ သဒ္ဓါ၊ စာရေးရင်း နေပျော်သော ဘဝထဲမှာ ချမ်းမြေ့စွာ ဆက်လက် လျှောက်လှမ်းနိုင်ပါစေညီမလေးရေ....:)

ချစ်ခင်စွာ

.....................................................

"ငှက်ကလေးရဲ့ ပြတင်းပေါက်"



ဖွင့်ဟထားသော ပြတင်းပေါက်ငယ်မှ တဆင့် အပြင်ဘက်ကို သူမ ငေးနေမိခဲ့၏။ သူမရဲ့မြင်ကွင်းထဲ တွင်တော့ ပြတင်းပေါက်အနီးမှ စိမ်းစိမ်းစိုစိုသစ်ပင်များနှင့်အတူ ခပ်လှမ်းလှမ်းမှ ရောင်စုံ ပန်းပွင့်များနှင့် စိမ်းဖျဖျမြက်ပင် များကို တွေ့နေခဲ့ရသည်။ ဟိုး....ခပ်ဝေးဝေးကို (မြင်နိုင်သလောက်) လှမ်းမျှော်ကြည့်ခဲ့ မိလျှင်တော့ ဘာအပင်ရယ်လို့ သေချာစွာ ဝေခွဲ နိုင်စွမ်းမဲ့ရသော သစ်ပင်များ ထူထူပိန်းပိန်း ဖုံးလွှမ်းနေခဲ့သည့် ညို့ညို့မှိုင်းမှိုင်း တောင်တန်းများနှင့် ကောင်းကင်ပြာပြာ....။


အမြဲလိုလို မြင်တွေ့နေရသော မြင်ကွင်းလေးပေမယ့် သူမအတွက်တော့ အခုထက်ထိ ရိုးအီ မသွားနိုင်ခဲ့ရသေးပါ...။ တစ်နေ့တာ ကိစ္စရပ်များနှင့် အခြားသော တာဝန်၊ ၀တ္တရားများမှ ပြီးဆုံးသည်နှင့် တစ်ပြိုင်နက် ဒီပြတင်းပေါက်လေးမှ မြင်ရသော မြင်ကွင်းလေးများကို စိတ်လိုလက်ရဖြင့် ထိုင်ကာ သူမ ငေးမောမိတတ်မြဲပင် ဖြစ်၏။


ထိုပြတင်းပေါက်ငယ် အတွင်းမှ နေရာလေး တစ်ခုတွင် သူမ ပိုင်ဆိုင်သော ပြတင်းပေါက်ငယ်လေး နောက်ထပ် တစ်ခု ရှိပါသည်။ သူမ ပိုင်ဆိုင်သော ထိုပြတင်းပေါက်ငယ်လေးသည် သူမရဲ့စိတ်ကူးများ အတောင်ပံဖြန့်ကာ ကြဲရွာမိသော နေရာလေးလည်း ဖြစ်ခဲ့၏။ သူမရဲ့ သိပ်သိပ်သည်းသည်း အတွေးများ၊ ခံစားမှုများ၊ တွေ့ကြုံရသမျှ အဖြစ်အပျက်များ၊ ၀ါသနာများ.... စသည်တို့ကို ထုဆစ်ကာ အသွင်သဏ္ဍာန် အမျိုးမျိုးဖြင့် ထိုကိုယ်ပိုင်ပြတင်း ပေါက်ငယ်လေးထက်တွင် ခဏတာပေါင်း များစွာပင် နူးညံ့ညင်သာစွာ တန်ဆာ ဆင်မိခဲ့တာလည်း အကြိမ်ကြိမ် ဖြစ်ပါသည်။


ထိုအခါ အရောင်အသွေး စုံလင်လွန်းသော ချစ်ခင် နှစ်သက်ဖွယ် အဆင်းအမျိုးမျိုးဖြင့် ငှက်ကလေးများသည် သူမရဲ့ပြတင်းပေါက်လေးတွင် ခဏတာ လာရောက် နားခိုတတ်ကြ လေတော့၏။ ပြီးနောက် ငှက်ကလေးများ သည် သူမရဲ့ပြတင်းပေါက်ငယ်လေးထက်မှ ပျံသန်း ထွက်ခွာခြင်းမပြုခင် အသံ အမျိုးမျိုးဖြင့် သာယာသော တေးသံများကို တစ်ပုဒ်ချင်းစီ မြုပ်နှံ ထားရစ် ခဲ့တတ်ကြလေသည်။ သို့သော် အချို့သော ငှက်ငယ်လေးများကမူ တိတ်တဆိတ် ဆိုသလို လာရောက် နားခို တတ်ကြပြီး တိတ်တဆိတ်ပင် ပြန်လည် ထွက်ခွါ သွားတတ်ကြသေး ပါသည်။ ထိုကဲ့သို့သော တေးသံလေးများကို သူမ နားဆင်ရသည့်အခါ များတွင် ဖြစ်ပေါ် လာတတ်သော သူမရဲ့ ရင်တွင်း ခံစားမှုများက ဘာနှင့်မှ နှိုင်းဆလို့မရနိုင်ခဲ့ပါ....။


ပြောပြနိုင်စွမ်း မရှိနိုင်ခဲ့ရ လောက်အောင်ပင် သူမနှစ်ခြိုက် ခုံမင် လွန်းလှပါသည်။


ထိုကဲ့သို့ လာရောက် နားခိုတတ်သော ငှက်ကလေးများ ထံတွင်လည်း သူမကဲ့သို့ပင် ပြတင်းပေါက်ငယ်လေးများ ကိုယ်စီ ပိုင်ဆိုင် ထားတတ်ကြသေး၏။ သူမ ကိုယ်တိုင်လည်း ထိုပြတင်းပေါက်ငယ်လေး များဆီကို (အချိန်ရတာနှင့်) နှစ်ခြိုက်စွာဖြင့် သွားရောက် ငေးမော မိတတ်ပါသေးသည်။


သို့သော် ရံဖန်ရံခါ ဆိုသလို(ရှားရှားပါးပါး) သူမပိုင် ပြတင်းပေါက်ငယ်လေး အနီးမှ ၀ိညာဉ် အရိပ် မည်းမည်းများ ရိပ်ခနဲ....၊ ရိပ်ခနဲ ဖြတ်သန်း သွားတတ်ကြသေး၏။ ထို့အတူ ပြတင်းဝမှ တိုးဝင်လာသော လတ်လတ် ဆတ်ဆတ် လေထုထဲတွင်လည်း တစ်ခါတရံ အချိန်များတွင် အဆိပ်ငွေ့များ မသိမသာ ရောယှက်ကာ ခပ်သဲ့သဲ့ ကပ်ပါလာ တတ်သေးပြန်သည်။ ထိုအခြေအနေမျိုး၊ အချိန်အခါမျိုးများတွင် ဆိတ်ငြိမ်စွာဖြင့် မျက်လွှာချ၊ အသက်ကို မသိမသာရော၊ သိသိသာသာဖြင့်ပါ သူမ အောင့်ထားတတ်မိ၏။ လွယ်တော့ သိပ်မလွယ်ကူလွန်းလှ...။ အကောင်း အဆိုး ရောပြွန်းမှုသည် နေရာတိုင်းတွင် ရှိနေတတ်တာမို့ ထိုကဲ့သို့သော အရာများကို တည်ငြိမ်စွာလက်ခံနိုင်ဖို့ သူမ ကြိုးစားရပေဦးမည်.....။


ထို့အပြင် ကြမ်းတမ်းလွန်းသော မိုးရေပေါက်များနှင့် အရှိန် ပြင်းထန်လွန်းသော ခပ်ရမ်းရမ်းလေများ အချိုးညီညီ ပေါင်းစပ် ပါဝင် နေခဲ့သည့် မိုးသက်လေပြင်းများ တိုက်ခတ် လာချိန်တွင်မူ မရှောင်လွှဲနိုင်စွာဖြင့် ပြတင်းပေါက်မှ တံခါးရွက်များကို သေချာစွာ သူမ စေ့ပိတ် ထားရပေလိမ့်မည်။ ဘာရယ်ကြောင့်မှတော့ မဟုတ်....၊ မိုးနှင့်လေ ကြမ်းတို့၏ ရိုက်ခတ်မှု အရှိန်ကြောင့် ပြတင်းပေါက်ဘောင်နှင့် တံခါးရွက်များ အချင်းချင်း ပြင်းထန်စွာ ရိုက်ခတ်မိကာ နာကျင် ကျိုးပဲ့သွားမှကို သူမ စိုးရိမ်လို့ပင် ဖြစ်ပါသည်။


သို့သော် အခုအချိန်ထက် ထိတော့ သူမရဲ့ကိုယ်ပိုင် ပြတင်း တံခါးပေါက်ငယ်လေးကို ဖွင့်ဟ ထားမိနေဆဲ.....။


~~~~~~@@@~~~~~

သူမသည် ငှက်ကလေးတစ်ကောင်ဖြစ်ပါသည်။ ။

~~~~~@@@~~~~~@@@~~~~~@@@~~~~~

======================================================================================================================

ဘလော့ဂ် ရေးဖော်ရေးဖက်ဖြစ်တဲ့ မသဒ္ဓါရဲ့ နိုဝင်ဘာ ၇ ရက်နေ့မှာပြည့်မယ့် တစ်နှစ်ပြည့် ဘလော့ဂ်သက် တမ်းအတွက် ခင်မင်စွာနဲ့ ဒီပို့စ်လေးကို အမှတ်တရ ရေးပေးလိုက်ပါတယ်....။ အခုတလောလည်း ဘာရယ်လို့ သေချာ မပြောနိုင်တဲ့ ပုံလေးတွေ လျှောက်ဆွဲနေမိလို့ တစ်ခါတည်း ထည့်ပေးလိုက်ပါတယ်ဗျာ....။

စိတ်ဆန္ဒ ရှိသလောက် အချိန်အတိုင်းအတာ တစ်ခုအထိ စာတွေ အများကြီး ဆက်ရေးသွားနိုင် ပါစေလို့လည်း ဆုတောင်း ပေးပါတယ်ခင်ဗျာ.....။

ခင်မင်ခြင်းအားဖြင့်........

(ငှက်ကလေးရဲ့ ပြတင်းပေါက်)

..................................................


“အလင်းပျိုးပြတိုက်”

ဘဝရဲ့ ခါးသီးမှုတွေကို
ချိုမြိန်လာအောင်တည်ဆောက်
အထီးကျန်ခြင်းတွေပျောက်ရအောင်
အိုအေစစ်လေးကို သူမဆောက်တယ်

သူပျိုးတဲ့ ကိုယ်ပိုင်ပြတိုက်လေးမှာ
ဖန်တီးခြင်း လက်ကနဲအရောင်က
မမှောင်သောအလင်းလိုပေါ့

သဒ္ဓါလှိုင်းလို့ တွင်တဲ့ကလောင်လက်မှာ
ခံစားချက်တွေစီးဆင်းလို့ 
ချရေးလိုက်တဲ့ ဝေါဟာရတိုင်းမှာ
စိတ်ရဲ့ အနှစ်သာရတွေ
အထင်းသားပေါ်နေတတ်တယ်

စာပေမြတ်နိုးခြင်း လေဟာနယ်မှာ
တဖွဲဖွဲကျနေတဲ့ မျှဝေခံစားခြင်းဆိုတဲ့
အေးမြတဲ့ တိမ်တိုက်တွေကတဆင့်
အလွမ်းပြေ ရင်ခွင်တစုံကိုအမောပြေစေရင်း

တည်မြဲခြင်းမှတ်တိုင်းလေးတခုဖြစ်နေဖို့ 
ရင်နှစ်ဆုတောင်းပေးမယ်
သဒ္ဓါတထစ် လှိုင်းတရစ်တိုးစေသော် . . .



............................................................

သဒ္ဓါလှိုင်း ဘလော့ တစ်နှစ်ပြည့် အတွက် အမှတ်တရ

ကျွန်တော် အချိန်အားရင် ကျွန်တော်တို့ ဘလော့ တောအုပ်ကြီးထဲကို စိမ်ပြေနပြေ လေညှင်းခံပြီး လမ်းလျှောက်သလို ရောက်ရာ ပေါက်ရာ ကလစ်နှိပ်ပြီး လျှောက်သွား တတ်ပါတယ်။ ဟိုဘလော့က ပို့စ်လေး ဖတ်လိုက် ၊ ဒီဘလော့က ပို့စ်လေး ဖတ်လိုက်နဲ့။ ပြုံးစရာရှိ ပြုံး ၊ တွေးစရာရှိ တွေး ၊ ငေးစရာရှိ ငေး၊ (ကိုယ့်ဖာသာ ) ငြင်းစရာရှိ ငြင်းရင်းနဲ့ပေါ့။

တစ်နေ့တော့ ဘလော့ တစ်ခုကို ရောက်မိတယ်။ ကျွန်တော် ဘလော့မှာ တင်ထားသော ပို့စ်တွေက စာတွေကို မဖတ်မိသေးပါ။
ကျွန်တော့် ထုံးစံ အတိုင်း ဘလော့တစ်ခု ရောက်ရင် ဆိုက်အပြင်အဆင်ကို သိပ် မကြည့်မိပါဘူး။ ဘလော့တစ်ခုမှာ စာက ပိုအရေးကြီးတယ် လို့ ကျွန်တော်က ယူဆမိတယ်။ ဒါပေမဲ့ ထိုဘလော့ရဲ့ Title လို့ ဆိုရမဲ့ စာသားကို အရင်ဖတ်မိတယ်။ ပြီးရင် ကျွန်တော့် ထုံးစံ အတိုင်း Title ကိုပါ သရုပ်ခွဲပြီး လျှောက်တွေးမိပါတယ်။

ဒီဘလော့မှာကတော့ Title က ရိုးရိုးလေးပါပဲ “ သဒ္ဓါလှိုင်း ” တဲ့။ ဒါပေမဲ့ အဲဒီလို ခေါင်းစဉ် တိုတိုလေးကပဲ ကျွန်တော့် အတွက် တွေးပြီး စဉ်းစားစရာ လေးတွေ ဖြစ်လာတော့တယ်။

“ သဒ္ဓါ ” ဆိုတာ “ ဘုရား စရှိသော အာရုံ၌ ယုံကြည်ခြင်း / ကံ ကံ၏အကျိုးတရားကို ယုံကြည်ခြင်း ” လို့ အဓိပ္ပါယ် ရပါတယ်။ ဒါပေမဲ့ ဒီ “ သဒ္ဓါ ” ဆိုသော စကားလုံးကို “ သဒါ ” လို့ပဲ အသံထွက်တယ်။ “ သဒါ ” လို့ဆိုရင် “ အခါခပ်သိမ်း / အမြဲတမ်း ” ဆိုတဲ့ အဓိပ္ပါယ်ပဲ ထွက်ပါတယ်။ ပြီးတော့ လူတွေက “ သဒ္ဒါ ” ဆိုတာနဲ့ မှားသုံးမိတတ်တယ်။ တကယ်တော့ “ သဒ္ဒါရုံ = အသံအာရုံ ” ဆိုသော အဓိပ္ပါယ်နဲ့ မှားတတ်သလို ၊ “ သဒ္ဒါ ” လို့ ဆိုရင်လည်း အင်္ဂလိပ် အခေါ် Grammar နဲ့ အသံထွက်ချင်း တူတော့ မှားမိတတ်တယ်။

တကယ်တမ်း တိုတိုပြောကြကြေး ဆိုရင် “ သဒ္ဓါ ” ဆိုတာ “ ယုံကြည်မှု ” ပါပဲ။ ဒီတော့ ဒီဘလော့ ပိုင်ရှင်က “ သဒ္ဓါလှိုင်း ” ဆိုတဲ့ ကလောင် နာမည်ကို ခေါင်းစဉ်ပြုထားသူ ဆိုတော့ သူဟာ “ ယုံကြည်မှုကို လှိုင်း ကဲ့သို့ အဆက်မပြတ် တည်ဆောက်နေသူလား ” လို့ ကျွန်တော် တွေးတော စဉ်းစားမိသည်။ သို့သော် သူ့စာတွေ ကျွန်တော် မဖတ်ရသေးပါ။

ခေါင်းစဉ်ကို စဉ်းစားပြီးတော့မှ သူ့စာတွေ ကျွန်တော် ဖတ်ကြည့်တော့ တကယ်ကို ကလောင်နာမည် ၊ ခေါင်းစဉ်နဲ့ ကိုက်ညီသော စာများကို ချပြထားသော နေရာလေး တစ်ခု ဖြစ်တယ် ဆိုတာ တွေ့လိုက်ရတယ်။ သူ ယုံကြည်ရာကို သူ့ရဲ့ ယုံကြည်မှုအတိုင်း သူ ချပြထားသော နေရာလေး တစ်ခုဟု ကျွန်တော် သတ်မှတ်ခဲ့မိသည်။ အရာရာတိုင်း အငြင်းပွားဖွယ် မရှိ ပြည့်စုံတယ်လို့ မပြောလိုပေမဲ့ သူ ရေးထားတာတွေက ပါးပါးလှပ်လှပ်နဲ့ ထင်သာ မြင်သာ ဖြစ်မိသော ဘလော့တစ်ခုဟုသာ “ သဒ္ဓါလှိုင်း ” ဘလော့ အတွက် ကျွန်တော့်ရဲ့ ရှု့မြင်ချက်ကို အမှတ်တရ လက်ဆောင် စကား အနေနဲ့ ပြောလိုပါတယ်။

ဘလော့ တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ မိမိယုံကြည်ရာကို လှိုင်းများအလား အဆပေါင်း များစွာ ယုံကြည်စွာ ဆက်လက် ရေးသား နိုင်ပါစေ။


လေးစားခင်မင်စွာဖြင့်

...............................................

"လှိုင်းတစီးရဲ့ ရမ်သမ်"

သောင်ပြင်ကမ်းစပ်တစ်လျှောက်.. လှိုင်းများ တွန့်လူး၊ မျောလူးနေကြသည်။ နေ၀န်းမှာ မနက်ခင်းဖြစ်သည့်တိုင် ဆောင်းအ၀င်နှင်းတွေကြောင့် လိမ္မော်သီးလို ဖြစ်နေသည်။ ဘာရယ်မဟုတ် သူ့မှာ မသဒ္ဓါလှိုင်းဘလော့ တစ်နှစ်ပြည့်တွင် သူမအတွက် အမှတ်တရ တစ်ခုခု ရေးပေးချင်လွန်း၍ လှိုင်းများကိုလေ့လာရန် ပင်လယ်သောင်စပ်သို့ ထွက်လာရခြင်းဖြစ်သည်။ တူရူမှ လှိုင်းများ ကမ်းတစ်လျှောက် လူးလွန့်နေသည်ကို သူ အချိန်ကြာကြာစောင့်ကြည့်ပြီးသည့်တိုင် လှိုင်းများရဲ့ ရင်ခုန်သံ၊ သူတို့ရဲ့ စကားသံတွေကို သူ ခုထိ နားမလည်သေး.. လှိုင်းများပြောဆိုနေကြသော သူတို့ စကားသံများမှာ.. ကဗျာများလား၊ စာစုတွေလား၊ စည်းချက်ညီညီဂီတသံစဉ်လား၊ စည်းလွတ်ဝါးလွတ် ဂီတသံစဉ်လား.. သူမသိသေး..။ ထိုအခိုက်... လေပြင်းတစ်ချက်တိုက်ခတ်လိုက်ရာ.. သူ့မှာ အတွေးထဲ ရုတ်တရက် လန့်သွားမိသည်။ လေပြင်းက သူ့ဆီတစ်ခုခု သယ်ဆောင်လာသလိုတောင် ခံစားလိုက်မိသည်။ စိတ်ထဲက ထသွားသော လှိုင်းတစ်ချို့ကို စကားလုံးတစ်ချို့ဖြင့်ပုံဖော်ကြည့်သည်။

"မုန်တိုင်းကြောင့်.. လွင့်ပါးခဲ့ပေမဲ့..
ဖြူစင်မှုက.. လေပြင်းဆီ ပါမသွားခဲ့ဘူး..
သူ့ နှလုံး.. နုပေမဲ့..
သစ္စာက.. ခေါင်းမာတယ်..."

တစ်ခုခု လိုနေသလို ခံစားရသည်။ မပြည့်စုံသေး.. သူမ ရေးသော စာတွေကို မနေ့ကပဲ သူ့အကြောင်း ပိုသိအောင် ဆိုသော အကြောင်းပြချက်နဲ့ အားလုံး နီးပါးတောင် သူဖတ်ခဲ့လိုက်သေးသည်။ သူမရဲ့ စာတွေထဲမှာ သစ္စာ တင်မက.. နောက်တစ်ခု ရှိသေးသည်။ သူ.. ထိုအရာမှာ ဘာလဲ.. ဘာလဲ.. ဆက်တွေးသည်။ လှိုင်းများ လေရဲ့ ရမ်သမ်ကိုလိုက်၍ လှုပ်ခတ် ပေးနေပေမဲ့ ထိုအတွေးက ဆက်မစီးနိုင်..။ သူ ထိုင်ရာက အထ.. လမ်းလျှောက်မယ် လုပ်လိုက်မှ.. သူ့နံဘေးက အမှိုက်ပုံကို သွားတွေ့သည်။ သူ ပျော်သွားသည်.. အမှိုက်ပုံ.. ဟုတ်တယ်၊ အမှိုက်ပုံ..

"ဆူးနှင်းဆီလို.. မရဲရင့်ရင်နေမယ်..
သူ့ကြွေးကြော်သံတစ်ချို့ကို
တွေ့သူရှိ မတွေ့သူရှိ.. နေမယ်..
ယုံကြည်မှုက နက်ရှိုင်းတယ်..."

စိတ်ထဲက သူမ ရေးထားသော မဲဆောက်က အမှိုက်ပုံဆီ စိတ်ရောက်သွားသောကြောင့်ဖြစ်သည်။ သူမ ရေးပြီး နောက် တစ်နှစ်လောက်ကြာမှ မီဒီယာတစ်ခုမှာ သူ တွေ့လိုက်ရသည်။ သူ့စိတ်ထဲက ချဉ်ခြင်းမပြေသေး.. ထိုအမှိုက်ပုံအား ဟိုကန်သည်ကန်လုပ်ရင်း.. အတွေးတွေ ဆက်ပွားနေမိသည်။ ဘလော့ရေးတဲ့ လှိုင်းမှာတော့ သစ္စာရော.. ယုံကြည်မှုရော.. ရှိတယ်.. ပင်လယ်က လှိုင်းတွေကို တစ်ချက်ပြန်လည်ကြည့်မိသည်။ ခုနက သူမြင်ခဲ့သော မြင်ကွင်းအား ပြန်မြင်သည်။ တစ်ချို့လှိုင်းတွေက ရေပြင်ပေါ်က လေပြင်းကြောင့် ဖြစ်ပေါ်ကြသည်.. တစ်ချို့လှိုင်းတွေက ရေပြင်အောက်မှ မြေလွှာပြတ်ရွေ့မှုကြောင့် ဖြစ်ပေါ်ကြသည်.. ဆူနာမီဆိုသော လှိုင်းကြီးတွေ.. မုန်တိုင်းတွေကြောင့် ဖြစ်သော လှိုင်းတွေကြောင့် လူတွေအများကြီး သေကြေခဲ့ဖူးသည်.. ဘာပဲဖြစ်ဖြစ် အစွန်းရောက်သွားရင် မကောင်း.. ဓမ္မတစ်ခုခုကို တွေ့လိုက်သလို သက်ပြင်းတစ်ခုကို ချလိုက်တော့မှ.. သူနံဘေးက အမှိုက်ပုံအား.. လှိုင်းတစ်ချို့ သယ်ဆောင်သွားကြောင်း တွေ့လိုက်ရသည်။ သြော်.. သူလိုလှိုင်းလည်း ရှိသေးတာပဲကိုး.. သူ နောက်တစ်ခါထပ် ပျော်သွားမိသည်။

"လောကပင်လယ်ထဲ...
သူဟာ.. လေပြင်းကို အသွင်ပြောင်း..
ကမ်းခြေရဲ့ ဒဏ်ရာကို..
ကုသပေးသူသာ ဖြစ်တယ်...."

သူ စိတ်ကျေနပ်သွားသည်။ သူ မရေးတတ် ရေးတတ် ရေးလိုက်သော ကဗျာမှာ ပြီးဆုံးသွားပြီလို့ထင်သည်။ ကဗျာကို..သူ "သဒ္ဓါလှိုင်း" ဟု အမည်ပေးလိုက်သည်။ သို့ပေမဲ့ သူ့အတွေးစတွေကတော့ မပြီးဆုံးတတ်သေးပါ.. ထိုသို့သော လှိုင်းက ကမ်းခြေရဲ့ ဒဏ်ရာတွေ အားလုံးကို စိတ်ရှည်လက်ရှည်၊ သည်းခံ ကုသပေးနိုင် ပါမည်လောဟု.. သူတွေးပူနေမိသည်။ သူကုသပေးနေသည်ကို သိသူရှိမည်။ မသိသူရှိမည်။ တစ်ချို့ မသိသူတစ်ချို့က ကမ်းခြေပေါ် အမှိုက်တွေ စည်းကမ်းမဲ့ ထပ်ပစ်၊ အမှိုက်တွေ စည်းကမ်းမဲ့ ထပ်ပုံကြဦးမည်သာ ဖြစ်သည်။ သူ လို စိတ်ချဉ်ဖောက်တာတွေ ဖြစ်လာနိုင်လောဟုလည်း သူ့မှာတွေးပူနေမိသည်။ သိုပေမဲ့ စိတ်ရှည်သော၊ ရိုးရိုးလေး နေတတ်သော၊ တစ်ခါတစ်လေ.. ရှက်သလိုလို ရွံ့သလိုလိုလေး ပြောတတ်သော သူမှာ.. သဒ္ဓါလှိုင်း သာဖြစ်သည်။ သွားပြီ..! အိမ် ပြန်ရောက်သည့်တိုင် သူ့မှာ လှိုင်းချက်များမှ မလွတ်တတ်သေး။ နှဖူးပေါ်လက်တင်ပြီး မျက်လုံး မှိက်လိုက်တော့ ကမ်းခြေက အမှိုက်များကို လှည်းကျင်းပေးနေသည့် ပုံရိပ်များက ပို၍ပို၍ ပီပြင်လာသည်။ ထိုပုံရိပ်များ မြင်ယောင်နေရင်းနဲ့ပင် သူ့မှာ အိပ်မက်ကမ္ဘာတစ်ခုသို့ ရောက်သွားသလိုရှိသည်။ ထိုနောက် သူ အိပ်ပျော်သွားတော့သည်။ သူ မသိလိုက်သော အဖြေတစ်ချို့ကို သူ.. အိပ်မက်ထဲ ကျိန်းသေ၊ ဆက်လက်၊ တွက်ချက်မိနေပေလိမ့်မည်မှာ အမှန်ပင်ဖြစ်ပါတော့သည်။
သော်ဇင်
...............................................................


မသဒ္ဓါရေ...

အမရဲ့ တစ်နှစ်ပြည့်ဘလော့ခ်အတွက် စာရေးပို့တာ နောက်ကျနေလို့ ဆောရီးပါဗျာ...။ ကျွန်တော်ဖတ်ဖူးတဲ့ စာလေးတစ်ပုဒ်ကို ပေးချင်ပါတယ်..။ သူများတွေလို ကဗျာလည်းမရေးတတ်တဲ့အတွက် စိတ်အာဟာရစာလေးတစ်စောင်ပါ..။ ရှည်တော့နည်းနည်းရှည်တယ်..။ ဘလော့ခ်တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် စာကောင်းပေမွန်တွေ ဆက်လက်ရေးသားနိုင်ပါစေဗျာ...။ ဒီစာလေးက ဆရာပါရဂူရဲ့ ဧကံသမယံ ဆိုတဲ့ စာအုပ်ထဲကပါ...။



နှလုံးသားဖြင့်

ဟိန္ဒူဘာသာ ဓမ္မကျမ်းဂန်ဖြစ်သော ဥပနိသျှဒ်၌ ၀တ္ထုတစ်ပုဒ် ပါရှိသည်။ ယာည၀ညကျအမည်ရှိ ရသေ့ကြီးနှင့် ဇနကဘုရင်တို့ စကားပြောနေကြသည်။ ဇနကဘုရင်က ရသေ့ကြီးကို မေးမြန်းလိုက်သည်။ “ကျွန်ုပ်စိတ်ထဲမှာ သင်္ကာမကင်းတဲ့ အချက်တစ်ခုရှိနေတယ်။ အဲဒီအချက်ကို ကျွန်ုပ် နားလည်သဘောပေါက်သွားအောင် ရသေ့ကြီး ရှင်းလင်းပြောပြပေးစေချင်ပါတယ်။ ကျွန်ုပ်တို့ တစ်စုံတစ်ရာကို ကြည့်နေတဲ့နေရာမှာ ဘယ်အရာဝတ္ထု၏ အလင်းရောင်နှင့် ကြည့်နေကြတာလဲ ရသေ့ကြီး”

ရသေ့ကြီးက ပြန်ပြောပြသည်။ “ဘုရင်မင်းကြီးက ကလေးသူငယ်တွေတောင် နားလည်တဲ့အကြောင်း လာမေးနေပြန်ပါပြီ။ ရူပါရုံတစ်ခုကို ကျုပ်တို့ ကြည့်တာမြင်ရတာဟာ နေရောင်ကြောင့်ဆိုတာ လူတိုင်းသိနေကြတဲ့ အချက် ဖြစ်တယ်မဟုတ်လား”

ဇနကမင်းကြီးက ထပ်မေးပြန်သည်။ “နေ၀င်သွားတဲ့အချကျတော့ ကျွန်ုပ်တို့ ဘယ်အလင်းရောင်နှင့် ကြည့်ကြတာလဲ”

ရသေ့ကြီးက ပြန်ဖြေသည်။ “နေရောင်မရှိတဲ့အခါကျတော့ လရောင်နှင့် ကြည့်ကြတာမဟုတ်လား”

ဇနကမင်းကြီးက ထပ်ဆင့်မေးလိုက်ပြန်သည်။ “လရောင်ကြယ်ရောင်တွေလည်း မရှိဘူး။ လကွယ်နေ့ည မိုးသားတိမ်လိပ်တွေ ဖုံးလွှမ်းနေတဲ့ ညအခါမျိုးဆိုပါတော့။ အဲဒီလို အချိန်မျိုးမှာတော့ ကျွန်ုပ်တို့ တစ်စုံတစ်ရာကို ဘယ်အလင်းရောင်းနဲ့ ကြည့်ကြတာလဲ”

ရသေ့ကြီး၏ အဖြေမှာ ဤသို့ဖြစ်သည်။ “အဲဒီလို အချိန်မျိုးကျတော့ ကျုပ်တို့ စကားအလင်းရောင်နှင့် တစ်စုံတစ်ရာကိုကြည့်ကြတယ်။ တောကလည်းနက်တယ်။ လေးဘက်လေးရပ် ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်နေတယ်။ ခရီးသွားတစ်ယောက် လမ်းပျောက်နေတဲ့အတွက် “ကျုပ်ကိုလမ်းပြကြပါ” လို့ အသံပေးလိုက်တယ်။ အဲဒီအခါမှာ ခပ်လှမ်းလှမ်းမှာရှိတဲ့ အခြားတစ်ယောက်က ခရီးပျောက်နေတဲ့လူရဲ့ အော်သံကြားရတော့ “ဒီကို လာ ကျုပ်လမ်းပေါ်မှာရပ်နေတယ်” လို့အောင်ပြောလိုက်တယ်။ လမ်းပျောက်နေတဲ့ ခရီးသွားဟာ စကားတည်းဟူသော အလင်းရောင်ကြောင့် လမ်းပေါ် ရောက်သွားခြင်းဖြစ်တယ်”

ဇနကမင်းကြီးက ထပ်ဆင့် မေးလိုက်ပြန်သည်။ “စကားပြောသံလည်း ပေါ်မလာဘူးဆိုပါတော့။ အဲဒီအခါမျိုးမှာ ကျွန်ုပ်တို့ ဘယ်လို အလင်းရောင်မျိုးနဲ့ ကြည့်ရမလဲ ရသေ့ကြီး”

ရသေ့ကြီးက ပြန်ပြောသည်။ “အဲဒီအခါမျိုးကျတော့ နှလုံးသား အလင်းရောင်နဲ့ကြည့်ရမယ်။ နှလုံးသား အလင်းရောင်နဲ့ကြည့်ရင် ဘယ်အရာမဆို မြင်ရတယ် မင်းကြီး”
..................

အမရေ.. နှလုံးသားနဲ့ အရာရာကို ကြည့်မြင်တတ်အောင် ကြိုးစားကြပါစို့ဗျာ...။

ခင်မင်တဲ့

............................................................

သဒ္ဓါအတွက် ဘလောဂ့်တစ်နှစ်ပြည့် အမှတ်တရ စကားများ

သဒ္ဓါအတွက် မှတ်မှတ်ရရ


သဒ္ဓါရဲ့ဘလော့လေးကို စပြီးဖတ်မိချိန်ကတည်းက သတိထားမိတယ်.. စာလေးတွေက တွေးစရာလေးတွေပေးတယ်.. သင်ခန်းစာလေးတွေ ပေးတယ်.. ဒီတော့ အမြဲတန်း လာဖတ်ဖြစ်ပါတယ်. စာတစ်ပုဒ်ကို သေသေချာချာ အားထုတ် ရေးထားတော့ စာဖတ်သူတွေအပေါ် အလေးထားတတ်တဲ့ စေတနာလေးတွေကိုလည်း တွေ့ရတယ်.. ဒါကြောင့်လည်း ဘလော့ပေါ်မှာတင်မက လူချင်းပါ ခင်မင် ရင်းနှီးမိပါတယ်.. ကိုယ်ပိုင်ဆိုင်ရာ ဘ၀တွေကို မတူညီတဲ့ နေရာ၊ မတူညီတဲ့ ဘ၀ အခြေအနေတွေနဲ့ ဖြတ်သန်းကြရင်း တူညီတဲ့ စာရေးဝါသနာကြောင့် ဘလော့ စာမျက်နှာတွေကနေ ခင်မင်ရင်းနှီးခွင့်ရခဲ့ကြတယ်. ဘလော့သက်တမ်း တစ်နှစ်ပြည့်ဆိုတော့ တို့နဲ့ အတူတူလောက်ဘဲ ကျမယ်.. ဘာဘဲဖြစ်ဖြစ် ဘလော့ရေးဖော်အချင်းချင်း ချစ်ချစ်ခင်ခင်နဲ့ ရင်းရင်းနှီးနှီး ရှိခွင့်ရတာ ၀မ်းသာမိပါတယ်. ရှေ့ဆက်ပြီးလည်း ကိုယ်အားတဲ့ အချိန်လေးတွေကနေ စာတွေရေးကြပါဦးစို့.. အတွေ့အကြုံလေးတွေ၊ ခံစားချက်လေးတွေ မျှဝေကြပါဦးစို့.. သန့်ရှင်းလှပတဲ့ စာမျက်နှာလေးတွေ ဖန်တီးကြပါဦးစို့နော်။ ဘလော့ပေါ်ကနေဘဲဖြစ်ဖြစ်၊ ကိုယ့်ပါဆင်နယ် ကိစ္စကြောင့်ဘဲ ဖြစ်ဖြစ် စိတ်ညစ်စရာ၊ စိတ်အားတက်စရာ၊ သိမှတ်စရာလေးတွေကို တစ်ယောက်နဲ့တစ်ယောက် မျှဝေကူညီကြရင်း ရှေ့ခရီးကို ဆက်ကြတာပေါ့..



စိတ်တူကိုယ်တူ ခင်မင်ခွင့်ရခဲ့ကြပြီး အဆိပ်အတောက်ကင်းတဲ့ သန့်ရှင်းသော စာမျက်နှာတွေ ဖန်တီးရင်း ကိုယ်သိတာ တတ်တာလေးတွေကို ဝေမျှခံစားကြရင်း တစ်နှစ်ဆိုတာ မကြာလှသေးပေမဲ့..ရင်းနှီးမှုတော့ ခိုင်မာခဲ့တယ်နော်။ ဒီအချိန်အတွင်းမှာ ဘလော့ဂါ အချင်းချင်းကနေဖြစ်စေ၊ စာလာဖတ်သူတွေ ဆီကနေဖြစ်စေ တုံ့ပြန်သံလေးတွေက သဒ္ဓါ့အတွက် အင်အားတစ်ခု ဖြစ်စေခဲ့မယ်လို့ ယုံကြည်ပါတယ်.. လူမှုရေး လုပ်ငန်းတွေလဲ ၀ါသနာပါတဲ့သဒ္ဓါတစ်ယောက် ရှေ့ဆက်ပြီး စာမျက်နှာလေးတွေ အများကြီး ဖန်တီးနိုင်ပါစေ၊ လူမှုရေး ကိစ္စတွေမှာလည်း အများကြီး အကျိုး ဆောင်နိုင်ပါစေ.. ဘလောဂ့် ပင်လယ်ကြီးမှာလည်း အားမာန်အပြည့်နဲ့ တက်စုံရွက်ကုန် ဖွင့်လို့ လှော်ခတ်နိုင်ပါစေ။ တစ်နှစ်ပြည့်မှသည် နောက်နှစ်များစွာတိုင် စိတ်ကူးကောင်းလေးတွေ၊ အတွေးကောင်းလေးတွေကို ဆက်လက် မျှဝေနိုင်ပါစေ။ သဒ္ဓါ ကိုယ်တိုင်လည်း ပျော်ရွှင်ချမ်းမြေ့စွာ စာတွေ ဆက်ပြီး ရေးသားနိုင်ပါစေ။ ကြည်လင် ချမ်းမြေ့ပါစေနော်။

ချစ်ခင်မှုများစွာဖြင့်


.................................................

အမှတ်တရ

“သ” က်ရှိတစ်ယောက်ရဲ့

ခါးသီးတဲ့ အပိုင်း အစ ရုပ်ကြွင်းတွေနဲ့

အဖြူရောင် အိပ်မက်ကို ထုဆစ်

ကုန်ဆုံးချင်းမဲ့ ကာလတွေကို စီးနင်းရင်း

အဓိပ္ပါယ်တွေကို သီကုံးနေတတ်ခဲ့တယ် . . . . .




“ ဒ္ဓါ ” . . ရင်ထဲက အနက်ရှိုင်းဆုံးနေရာမှာ

ဖြစ်တည်လာတဲ့ အစိုင်အခဲ ဒြပ်မဲ့ စကားလုံးတစ်ခုနဲ့

အတွေး အစ အန တွေကို ရောယှက်

အတ္တမပါတဲ့ အဖြူရောင် သံစဉ်တွေကို တေးသီခတ်လို့

ကိုယ့် အက္ခရာထဲမှာပဲ ကိုယ် ပျော်ဝင်စီးဆင်းနေတတ်ခဲ့တယ် . . . . .



“ လှိုင်း ” ပြာပြာရဲ့မာန်နဲ့ မိုးသောက်ကို ပျိုး

အလင်းအလက်မဲ့ နေ့ရက်တွေကို အံတုလို့

အပြင်း အရှ အမှုန် အမွား ခံစားချက်တွေနဲ့

ကလောင်ကိုသွေး လက်ကလေးတွေကို ကွေးရင်း

တမိုးအောက်မှာပဲ ရာဇ၀င်တွေကို ကညစ်နဲ့ ရေးဆစ်ခဲ့တယ်.....


မဒါရေ ကဗျာလေး ကမန်းကတန်းရေးခဲ့ရတဲ့တွက် ခံစားချက် စကားလုံး အဓိပါယ် လျှော့ရဲ နေရင် ခွင့်လွတ်ပေးပါနော့း) . . . . စာမရေးတာကြာတော့ အစကို မနည်းဆွဲထုတ်နေရတယ် . . .

ဒါပေမဲ့ အခု ကဗျာက

မဒါ ဘလော့ပို့စ်တွေထဲက စကားလုံးအများစုကိုပဲ သုံးထားခဲ့တာပါ . . . ဆရာ မောင်ချောနွယ် ပြောသလိုပဲပေါ့ . . . ကဗျာအစကို ရဖို့ ငါ မီးခတ် နေတယ်တဲ့ . . . ကျွန်တော်လည်း အဲလိုဖြစ်နေတာ . . . ကဗျာ မရေးတာ ၂ လနီးပါးရှိနေပီး ဆိုတော့ မနည်း မီးပြန်ခတ်နေရတယ်း) . . . .


မဒါရဲ့ ဘလော့ တစ်နှစ်ပြည့်မှသည်နောက် နှစ်ပေါင်းများစွာတိုင် မဒါ ခင်မင်သော သူငယ်ချင်း ရောင်းရင်းများနဲ့ အတူ မဒါရဲ့ဘလော့လေးမှာ ခံစားချက်တွေ ဆက်လက် ထုဆစ်နိင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်း))

ခင်မင်စွာဖြင့်



..........................................................

လက်ဆောင်ပေးခြင်း အနုပညာ

ကွန်ပြူတာ မှန်သားပြင်ပေါ်မှာ မြင်နေရတဲ့ အပြာရင့်ရောင် ရွှေနားကွပ် ဘောပင်လှလှလေးကို သေသေချာချာ မြင်ရအောင် အနီးကပ် ချဲ့ကြည့်မိသည် ။ ဘောပင်ရဲ့ အမျိုးအစားကို သေချာအောင် ဖတ်ကြည့်သည်။ Montegrappa 1912 - Gold18 K လို့ရေးထားတဲ့ သတင်း အချက်အလက် ကိုဖတ်ကြည့်ပြီး သူ့ရဲ့ မူရင်း ဈေးနှုန်းကို ဖတ်ကြည့်တော့ ဒါဟန်း ၁၃၅၀ လို့ရေးထားတာကို တွေ့လိုက်ရသည်။

ဒါပေမယ့် ပါကင်မပျက် အသစ်စက်စက် အတိုင်း ပြန်ရောင်းဖို့ သူခေါ်ထားတဲ့ဈေးက ဒါဟန်း ၅၀၀ ဆိုတာကို တွေ့လိုက်ရပြီး သူ့ရဲ့ ခေါ်ဈေးအောက်မှာ အပြိုင်အဆိုင် လေလံပေးနေတဲ့ ဈေးတွေက ဒါဟန်း ၂၅၀ ဒါဟန်း ၃၀၀ ထက်မပို။

ပထမပိုင်းမှာ သူတင်ထားတဲ့ ဈေးထက် လျှော့ပြီး ပေးကြသူတွေကို အပြစ်မြင်မိတဲ့ မျက်လုံးက ဒီဘောပင်လေးကို ပြန်ရောင်းလိုတဲ့ သူ့ရဲ့ အကြောင်းပြချက်ကို တွေ့ချိန်မှာတော့ ချက်ချင်းလိုလို အရောင် ပြန်ပြောင်းသွားခဲ့ပါသည်။

ကာယကံရှင် ကိုယ်တိုင် တန်ဘိုးမထားလိုတဲ့ အကြောင်းပြချက် အတွက် အခြားသူတွေ အနေနဲ့ အဆပေါင်းများစွာ တန်ဘိုးချပစ်ချင်ကြတာ ကတော့ မဆန်းလှတဲ့ လူ့သဘာဝပဲ ဖြစ်ပါသည်။

ဘောပင်လေးရဲ့ အောက်နားဆီမှာ ဖော်ပြထားတဲ့ သတင်းအချက်အလက်တွေရဲ့ အောက်ဆုံးနားမှာ ဖော်ပြထားတဲ့ ပြန်ရောင်းလိုတဲ့ အကြောင်းပြချက်ကတော့ Brand new Unwanted Gift တဲ့……..

အဲဒီ ရွှေနားကွပ် ဘောပင်လေးရဲ့ အောက်နားဆီမှာတော့ အသစ်စက်စက် သားရေလက်ပတ်ကြိုး အနက်ရောင် ယောက်ျားဝတ်နာရီလေးတစ်လုံးကို သူ့ရဲ့ မူလတန်ဘိုးထက် ထက်ဝက်တိတိလျှော့ပြီး ရောင်းဖို့ တင်ထားတာကို ထပ်တွေ့ရပြန်ပါသည်။ သူပေးထားတဲ့ ပြန်ရောင်းလိုတဲ့ အကြောင်းရင်းကလဲ Unwanted Gift ပါ………

နောက်ထပ် တွေ့လိုက်ရတဲ့ အသစ်စက်စက် ကွန်ပြူတာလေး တစ်လုံးကလဲ မြင်မြင်ချင်းပဲ မျက်လုံးထဲက မထွက်အောင်ကို ချစ်စရာ ကောင်းနေပါသည်။ သူ့ကို ပါကင်မပျက် ပြန်ရောင်းချင်တဲ့ အကြောင်းပြချက် လေးကလဲ ထုံးစံအတိုင်း Unwanted Gift ပါတဲ့………

ကျွန်မတို့ ဝန်ထမ်းတွေအတွက် သီးသန့် တင်ထားပေးတဲ့ Staff Mart ဆိုတဲ့ ဆိုဒ်လေးထဲမှာ ဖန်စီ နားဆွဲလေးတွေ နာရီ မျက်မှန် ကွန်ပြူတာ ပရင်တာ တီဗီ ရေခဲသေတ္တာ အိမ်မွေးတိရိစ္ဆာန် အိမ်ထောင်ပရိဘာဂ ကစလို့ ရွှေထည် ငွေထည် မော်တော်ကားတွေ အဆုံးကို အသစ်စက်စက် အနေအထားနဲ့ ပြန်ဝယ်လို့ ရနိုင်သလို တပတ်နွမ်း တစ်လက်သုံး Good second hand အဟောင်းထည် တွေကိုလဲ တွေ့ရတတ်ပါသည်။

အဲဒီဆိုင် လေးထဲမှာ ပြန်ရောင်းဖို့ တင်ထားတဲ့ ပစ္စည်းလေးတွေထဲမှာမှ Unwanted Gift လို့ ခေါင်းစဉ် တပ်ထားတဲ့ ပစ္စည်းလေးတွေက ကဗျာဆန်ဆန် သိက္ခာရှိရှိ လူတွေ အများဆုံး နှစ်သက်ကြတဲ့ အမှတ်တရ ပစ္စည်းလေးတွေ ဖြစ်သလို မူရင်းဈေးထက် အဆပေါင်းများစွာ လျှော့ချထားတတ်တာမို့ ဈေးအသက်သာဆုံးလဲ ဖြစ်နေတာကြောင့် ရက်ပိုင်း အတွင်းမှာပဲ အရောင်းအဝယ် ဖြစ်သွား တတ်တာကို အမြဲတွေ့နေပါသည်။

သူတို့ရထားတဲ့ လက်ဆောင် ပစ္စည်းတွေကို Unwanted Gift လို့ရက်ရက်စက်စက် ခေါင်းစဉ်တပ်ပြီး ပြန်ရောင်းပစ်ရက်တဲ့ လူတွေကိုလဲ လူထူးလူဆန်း တွေလိုပဲ မအံ့သြပဲ မနေနိုင်ခဲ့ပါ။

ပြီးတော့ Unwanted Gift ဆိုတဲ့ အသုံးအနှုန်းလေးက ကျွန်မကို အတွေးစများစွာ အံ့သြမှုများစွာကိုလဲ ပေးခဲ့ပါသည်။

သူတို့ကို လက်ဆောင်ပေးတဲ့သူတွေမှာ သူတို့ကို ချစ်ခင်လေးစား တန်ဘိုးထားသူတွေ မပါနိုင်ဘူးလား…

ဒီလက်ဆောင်လေးတွေကို ကိုယ်တိုင်သုံးစေချင်တဲ့ စေတနာနဲ့ သေသေချာချာ ရွေးချယ်ပြီး ဝယ်ပေးခဲ့တဲ့ သူတွေကို အားနာစိတ် စိုးစဉ်းလေးမှ မရှိကြဘူးလား….

သူတို့ရရှိထားတဲ့ လက်ဆောင်လေးတွေကို တန်ဘိုးမထားတတ်ကြဘူးလား…. ဆိုတဲ့ အတွေးတွေ အမျှင် မပြတ်အောင် ဝင်လာခဲ့ပါသည်….

Staff Mart မှာတွေ့နေရတတ်တဲ့ Unwanted Gift ဆိုတဲ့ အသုံးအနှုန်းလေးကို မြင်နေကျဖြစ်ပေမယ့် အဲဒီအသုံးအနှုန်းကို ရွေးချယ်သုံးတဲ့သူတွေကို စိတ်မကျေနပ်သလို ခံစားရတာမို့ ကျွန်မ မလိုချင်ခဲ့တဲ့ လက်ဆောင်ဆိုတာမျိုး ဘဝမှာ လက်ခံရရှိခဲ့ဘူးလား ဆိုတဲ့ မေးခွန်းအချို့ ကျွန်မခေါင်းထဲကို မသိမသာ ဝင်လာခဲ့ပါသည်။

တဆက်တည်းမှာပဲ သူတပါးကိုရော သူတို့မနှစ်သက်နိုင်မယ့် လက်ဆောင်ပစ္စည်းလေး တွေများ လက်ဆောင်အဖြစ် ပေးခဲ့ဘူးသလား ဆိုတဲ့ အတွေးနဲ့အတူ လက်ဆောင်ပေးရခြင်း အပေါ်မှာ တစတစ ထိန့်လန့်စိတ် ဝင်လာမိပြန်ပါသည်။

လက်ဆောင်ဆိုတာ ချစ်ခင်တွယ်တာရသူတွေကို အမြတ်တနိုး တန်ဘိုးထားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ မှတ်မှတ်ရရ ပေးတတ်ကြတာမို့ လက်ဆောင်ပေးရမယ့် သူတွေအတွက် လက်ဆောင် မပေးမီမှာရော လက်ဆောင်ပေးပြီးချိန်မှာရော အနည်းဆုံးတာ့ စိတ်လှုပ်ရှားမှု ဖြစ်စေတာ သေချာပါသည်။

လက်ဆောင်ဝယ်ပေးဖို့ အတွက် ရွေးချယ် စဉ်းစားရခြင်းကလဲ အနုပညာ တစ်ရပ်လို ကဗျာဆန်ဆန် စိတ်ကူးစိတ်သန်း တွေကို ဆွဲထုတ်ရတဲ့ အခိုက်အတန့်လဲ ဖြစ်ပါသည်။ လက်ဆောင်ကို ရွေးချယ် စဉ်းစားချိန်တွေမှာ လက်ဆောင်ကို လက်ခံမယ့်သူရဲ့ အကြိုက်တွေနဲ့ အနီးစပ်ဆုံးဖြစ်အောင် သူတို့ရင်ထဲက ဆန္ဒတွေကို ဖတ်နိုင်အောင် ကြိုးစားရတာကလဲ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အတွေ့အကြုံ တစ်ခု ဖြစ်ပါသည်။

လက်ဆောင်ပေးလိုတဲ့ အထိမ်းအမှတ်ကို တကူးတက ဖော်ပြစရာ မလိုလှပေမယ့် လက်ဆောင်ပေးလိုတဲ့ ရည်ရွယ်ချက်ကို လက်ဆောင်ပေးတဲ့ အချိန်မှာ ဖော်ပြဖြစ်မယ် ဆိုရင်တော့ ကိုယ့်ရဲ့ လက်ဆောင်လေးက နှစ်ထပ်ကွမ်း အမှတ်ရစရာ ဖြစ်နေမှာ သေချာလှပါသည်။ ဒါပေမယ့် ဘာ့ကြောင့် ဒီလိုလက်ဆောင်လေးကို ပေးတာပါလို့ ပွင့်ပွင့် လင်းလင်း ဖွင့်ပြောတတ်တဲ့သူကတော့ အင်မတန်ကို ရှားပါးလှပါသည်။

ကျွန်မ အထိတ်တလန့်ရလာတဲ့ အတွေးစလေးနဲ့အတူ ကျွန်မလုံးဝ မလိုချင်ခဲ့တဲ့ လက်ဆောင် ဆိုတာကို အပြေးအလွား စဉ်းစားမိလိုက်ပြန်တော့ ၁၅ နှစ်အတွင်းမှာ ပုံစံမျိုးစုံနဲ့ ရရှိခဲ့တဲ့ လက်ဆောင်ပေါင်း များစွာထဲက လက်ဆောင် တစ်ခု ထွက်လာခဲ့ပါသည်။

လွန်ခဲ့တဲ့ ၁၀နှစ်ကျော် ကာလတုန်းက ကျွန်မရဲ့ မွေးနေ့အတွက် အဒေါ်တစ်ယောက် အမှတ်တရ ပို့ပေးခဲ့တဲ့ အကျီင်္င်္အနီရဲရဲလေး တစ်ထည်ကို ပြန်မြင်ယောင်မိပါသည်။

အကျီင်္လေးက ကျွန်မ မနှစ်သက်တဲ့ ကြက်သွေးရောင်ရင့်ရင့် ဇာလှလှလေးနဲ့ ချုပ်ထားတဲ့ ပုံစံ ခပ်ဆန်းဆန်းလေး ဖြစ်သလို ကျွန်မ မဝတ်ပဲ သိမ်းထားခဲ့ပေမယ့် ၁၀ နှစ်ကျော်ကြာတဲ့ အထိ သူ့ရဲ့ဒီဇိုင်းက ဆန်းသစ်နေဆဲဖြစ်ပါသည်။

ကျွန်မ မနှစ်သက်တဲ့ အရောင် ဖြစ်နေတာမို့ လုံးဝမဝတ်ဖြစ်သည့် တိုင်အောင် အဲဒီအကျီင်္လေးက ကျွန်မအတွက် Unwanted Gift မဟုတ်ခဲ့တာ သေချာလှပါသည်။

ဘဝမှာ ပထမဆုံးလို့ ပြောလို့ရတဲ့ လက်ဆောင်တစ်ခုကိုလဲ ပထမနှစ် ကျောင်းသူဘဝမှာ ထူးထူးခြားခြား လက်ခံရရှိခဲ့ဘူးပါသည်။

ထမီမဝတ်တတ်သေးတဲ့ အချိန်မို့ ဂါဝန်တကားကားနဲ့ Shipping Company တစ်ခုမှာ အလုပ်စလုပ်နေတဲ့ အချိန်မှာ အသက် ၁၈ နှစ်မပြည့်တတ်သေးတဲ့ ကျွန်မအတွက် ကန်တော့လက်ဆောင်လို့ ခေါင်းစဉ်တပ်ပြီး ပေးလာတဲ့ ထမီလေးတစ်ထည်က ကျွန်မအတွက် အချိန်တိုင်းမှာ အမှတ်ရစရာ ဖြစ်စေခဲ့ပါသည်။

ကျွန်မရရှိခဲ့ဘူးတဲ့ လက်ဆောင်တွေနဲ့ ပက်သက်ပြီး ကျွန်မရဲ့ နှလုံးသားကို နွေးထွေးစေတဲ့အထိ ပျော်ရွှင်စေခဲ့တဲ့ လက်ဆောင်ပေါင်းများစွာကိုလဲ မကြာခဏဆိုသလို လက်ခံရရှိခဲ့ဘူးပါသည်။

လက်ခံရရှိခဲ့တဲ့ လက်ဆောင်တွေကြောင့် ပျော်ရွှင်ရတာထက် လက်ဆောင်လေးကို ရွေးချယ်ပေးရတဲ့ ရည်ရွယ်ချက်လေးတွေကို ကြားရချိန်မှာ မျက်ရည်ကျမတတ် ခံစားပျော်ရွှင်ရတဲ့ ခံစားချက်လေးတွေကိုတော့ ဘာနဲ့မှ မလဲနိုင်ခဲ့ပါ။

သူများတွေဆီကသာ အဲဒီလို အဓိပါယ် ပြည့်ဝတဲ့ လက်ဆောင်လေးရဲ့ ရည်ရွယ်ချက်ကို ကြားချင်နေခဲ့ပေမယ့် ကျွန်မကိုယ်တိုင်ကတော့ သူငယ်ချင်းတွေကို လက်ဆောင်ပေးမိတိုင်း ဘာ့ကြောင့် ဒီလိုလက်ဆောင်လေးကို ရွေးပေးရတယ်ဆိုတဲ့ ရည်ရွယ်ချက်ကလေးကို ပြောပြဖို့ ရှက်ရွံ့နေတတ်တာကိုတော့ အခုချိန်မှာ ပြန်တွေးမိတိုင်း အားနာမိပါသည်။

ကျွန်မရဲ့ သူငယ်ချင်း မိတ်ဆွေ သူငယ်ချင်းတွေအတွက် လက်ဆောင်လေးတွေ ရွေးချယ်ဝယ်ယူမိတဲ့ အချိန်တိုင်းမှာ တိကျတဲ့ ရည်ရွယ်ချက်ကလေးတွေ စိတ်ကူးစိတ်သန်းလေးတွေ ရှိခဲ့တာမို့ နောက်ထပ် လက်ဆောင်ပေးစရာ အကြောင်းဖန်လာတိုင်း ရည်ရွယ်ချက်လေးတွေကိုပါ ပြောပြဖြစ်အောင် ပြောပြမယ်လို့ တစ်ထိုင်တည်းမှာ ဆုံးဖြတ်လိုက်မိပါသည်။

လောလောဆယ်လေးမှာ ကျွန်မအတွက် အမှတ်တရ အဖြစ်ဆုံး လက်ဆောင်တစ်ခုကိုတော့ မမ မြသွေးနီဆီက လက်ခံရရှိခဲ့ပါသည်။

ရန်ကုန်ကို ခဏပြန်လည်မိတဲ့ အချိန်တိုတိုလေး အတွင်းမှာ နေ့လည်စာ အတူတူစားဖို့ မမြသွေးနီက ကြိုပြီး ဖိတ်ထားခဲ့ပါသည်။ မမြသွေးနီဆီကို သွားဖို့ ရည်ရွယ်ထားတဲ့ နေ့မှာပဲ ပန်းဆိုးတန်းက စာအုပ်ဆိုင်တွေမှာ ဆရာမ ခင်ခင်ထူးရဲ့ စာအုပ်တစ်အုပ်ကို အရင်ရှာဝယ်ဖို့ စိတ်ကူးမိပေမယ့် အိမ်ကထွက်တာ နည်းနည်း နောက်ကျနေတာမို့ နေ့လည်စားစားဖို့ အချိန်မလင့်ခင် မမြသွေးနီရဲ့ ရုံးခန်းကို အရင်သွားလိုက်မိပါသည်။

ထမင်းဆိုင်ကို မသွားခင် မမြသွေးနီရဲ့ ရုံးခန်းထဲမှာ ခဏစောင့်နေတဲ့ အချိန်မှာ မမြသွေးနီ လက်ဆောင် အဖြစ် ပေးလာတဲ့ စာအုပ်လေးကို တွေ့လိုက်တဲ့ အချိန်မှာတော့ ထခုန်မိမတတ် ဝမ်းသာသွားမိပါသည်။ ပန်းဆိုးတန်းမှာ ရှာဝယ်ဖို့ စိတ်ကူးခဲ့တဲ့ ဆရာမ ခင်ခင်ထူးရဲ့ မအိမ်ကံဆိုတဲ့ စာအုပ်လေးကို အချိန်မီတယ် ဆိုရုံလေးပဲ ခင်မင်ရတဲ့ မမဆီက လက်ဆောင် အဖြစ် အမှတ်တရ ရလိုက်တဲ့ အဖြစ်က အရမ်းကို အိပ်မက် ဆန်လွန်းလှပါသည်။

မမြသွေးနီကပဲ ကျွန်မရဲ့ ရင်ထဲက ဆန္ဒတွေကို မသိစိတ်ကနေ တဆင့် ကြိုပြီးဖတ်နိုင်ခဲ့တာလား ကျွန်မကပဲ အင်မတန် ကံကောင်း နေခဲ့တာလားတော့ မသိပါ။ အမှတ်တရတွေထဲကမှ ထူးခြားလွန်းတဲ့ အမှတ်တရလေး ဖြစ်ခဲ့တာတော့ သေချာလှပါသည်။

အဲဒီလက်ဆောင်လေးလိုပဲ ထူးထူးခြားခြား ရရှိခဲ့ဘူးတဲ့ ဒုတိယ လက်ဆောင်လေးတစ်ခုကလဲ ကျွန်မအတွက် တကယ့်ကို အမှတ်တရ ဖြစ်စေခဲ့ဘူးပါသည်။ တစ်ချိန်တုန်းက ကျွန်မ နှစ်သက်မိတဲ့ ပန်းရောင် ပစ္စည်းလေးတစ်ခုက ကျွန်မကို အိပ်မက်အဖြစ် လပေါင်းများစွာ နှိပ်စက်ခဲ့ဘူးပါသည်။ ကိုယ်တိုင် ဝယ်နိုင်တဲ့ အနေအထားမှာ ရှိနေပေမယ့် ဈေးနည်းနည်းကြီးနေတာမို့ ကျွန်မအတွက် မရှိမဖြစ် တကယ်လိုအပ်တာလား လိုချင်မိရုံသက်သက်ပဲလားလို့ အကြိမ်ကြိမ် စဉ်းစား ဆင်ခြင်ရင်း လပေါင်းများစွာကြာတဲ့ အထိ မဝယ်ဖြစ်တဲ့ ပစ္စည်းလေးတစ်ခုကို မထင်မှတ်တဲ့ အချိန်မှာ မထင်မှတ်တဲ့ သူတစ်ယောက်ဆီက လက်ဆောင်အဖြစ် ရခဲ့တဲ့နေ့က အိပ်မက်မက်နေသလို ခံစားပြီး အတိုင်းအဆမဲ့ ပျော်ခဲ့ဘူးပါသည်။

ပြီးတော့ လက်ဆောင်လေးတွေနဲ့ ပက်သက်ပြီး သူတို့ရွေးချယ်ပေးခဲ့တဲ့ လက်ဆာင်လေးတွေရဲ့ ရည်ရွယ်ချက်လေးတွေကလဲ တသက်မမေ့စရာ အမှတ်တရလေးတွေ ဖြစ်ခဲ့ဘူးပါသည်။

ကျွန်မရဲ့ မွေးနေ့တစ်ခုမှာ သူငယ်ချင်းမလေးတစ်ယောက်က ဟီလာရီ ကလင်တန် ရဲ့ စာအုပ်လေးကို လက်ဆောင်ပေးခဲ့ပါသည်။ သူငယ်ချင်း ပေးလာခဲ့တဲ့ အင်္ဂလိပ်စာအုပ် ခပ်ထူထူကိုကြည့်ပြီး စာအုပ် ထူထူကြီးကိုမှ ရွေးပြီး ဝယ်ပေးတဲ့ သူငယ်ချင်းကို ရုတ်တရက် နှုတ်ခမ်း စူလိုက်မိပါသည်။ ကျွန်မ နှုတ်ခမ်းစူမိတာကိုမြင်တော့ သူငယ်ချင်းက ဒီစာအုပ်ပေးရခြင်းရဲ့ ရည်ရွယ်ချက်ကို ပြောပြခဲ့ပါသည်။

ဟီလာရီက ကိုယ်ပိုင်ဘဝမှာရော အိမ်ထောင်သည်ဘဝမှာပါ အောင်မြင်မှု ရနေတဲ့ အမျိုးသမီး တစ်ယောက်မို့ သူ့လို အမျိုးသမီးတွေ လောကကြီးမှာ အများကြီး ရှိနေတယ်ဆိုတာ တလွဲတွေးပြီး နည်းနည်း ခေါင်းမာတတ်တဲ့ ကျွန်မကို သိစေချင်လို့ပါတဲ့။

သူပြောလာတော့မှ သူ့ကို တစ်ခါတုန်းက ပြောခဲ့ဘူးတဲ့ ကျွန်မရဲ့ ခံစားချက်တစ်ခုကို ကျွန်မ ပြန်ပြီး အမှတ်ရလိုက်မိပါသည်။ ကာယကံရှင်တစ်ယောက်လုံးက မေ့လျှော့နေမိတာတောင် သူက မမေ့နိုင်ပဲ ကျွန်မအတွက် သတိတရ မှတ်ထားပေးတဲ့ အတွက် သူ့ကို ပြောပြလို့ မတတ်အောင်ကို ကျေးဇူးတင်သွားမိခဲ့ပါသည်။

အထူးသဖြင့် သူမရွေးပေးခဲ့တဲ့ လက်ဆောင်ထက် အဲဒီလက်ဆောင်ကို ရွေးချယ်ပေးခဲ့တဲ့ ရည်ရွယ်ချက်နဲ့အတူ ကျွန်မရဲ့ စိတ်ကို ဖတ်တတ်နေခဲ့တဲ့ သူ့ရဲ့ မေတ္တာ စေတနာကို ပိုပြီး လေးစားမိပါသည်။

“မိန်းမတစ်ယောက်ဟာ အိမ်ထောင်ပြုမယ်ဆိုရင် သူမရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ အောင်မြင်မှုတွေကို ဒုတိယနေရာကို တွန်းပို့လိုက်ရလို့ အိမ်ထောင်မပြုသေးတဲ့ တစ်ကိုယ်တည်းသမားတွေ နဲ့ယှဉ်ရင် နည်းနည်းတော့ အဆုံးအရှုံးများတတ်တယ်… အဲလို ဖြစ်မှာကိုကြောက်တယ် … “ လို့ တချိန်တုန်းက သူမကို ကျွန်မပြောပြခဲ့ဘူးပါသည်။

လက်ဆောင်တွေရဲ့ ရည်ရွယ်ချက်နဲ့ ပက်သက်ပြီး အမြဲတမ်း အမှတ်ရနေစေတဲ့ နောက်တစ်ယောက်ကတော့ ကျွန်မရဲ့ အဘွားတစ်ယောက်ပဲဖြစ်ပါသည်။ ကျွန်မရဲ့ ဟိုးငယ်စဉ် ကလေးဘဝကစလို့ ယနေ့အချိန်အထိ မွေးနေ့တွေတိုင်းမှာ အဘွားက underwear တွေကိုပဲ လက်ဆောင်အဖြစ် မှတ်မှတ်ရရပေးတတ်ပါသည်။

မိန်းကလေးတစ်ယောက်ရဲ့ အဓိကတန်ဘိုးကို နားလည်ပြီး ကိုယ်တိုင်က တန်ဘိုးထား ထိန်းသိမ်းတတ်အောင် ရည်ရွယ်တဲ့ ရှေးရိုးဆန်တဲ့ မြန်မာ အမျိုးသမီးကြီးတစ်ယောက်ရဲ့ စေတနာကို ကျွန်မ အဘွားရဲ့ မွေးနေ့ လက်ဆောင်လေးတွေမှာ တွေ့ခဲ့ရဘူးပါသည်။

ကျွန်မချစ်မြတ်နိုးရတဲ့ လက်ဆောင်လေးတွေကို ကဗျာဆန်ဆန် အိပ်မက်ဆန်ဆန် လက်ခံရရှိခဲ့ဘူးတဲ့ အချိန်တွေနဲ့အတူ တခါတရံမှာ လက်ဆောင်ပေးသူရဲ့ နမော်နမဲ့နိုင်မှုကြောင့် အလွဲများစွာနဲ့ လက်ခံရရှိခဲ့ဘူးတဲ့ လက်ဆောင်တွေကြောင့် ငိုရခက် ရီရခက် အဖြစ်မျိုးတွေနဲ့ကြုံရတဲ့ အချိန်တွေလဲ ရှိခဲ့ဘူးပါသည်။

သိမ်းထားရမှာလဲခက် လွင့်လဲ လွင့်မပစ်ရက်လောက်အောင် စိတ်ကို ဒုက္ခဖြစ်စေတဲ့ လက်ဆောင်တွေ ဆိုပေမယ့် မိတ်ဆွေ သူငယ်ချင်းတွေရဲ့ စေတနာပဲ ဆိုတဲ့ အသိနဲ့ ကြိတ်မှိတ် သိမ်းထားခဲ့ဘူးတဲ့ လက်ဆောင်အချို့ကလဲ ကျွန်မကို သာမာန်ထက်ပိုပြီး အမှတ်တရ ဖြစ်စေခဲ့ပြန်ပါသည်။

ကျွန်မ မြင်တွေ့ခဲ့တဲ့ အတွေ့အကြုံတွေအရ အရွယ်မရောက်သေးတဲ့ ကလေးငယ်များအတွက် လက်ဆောင်ရွေးရသည်မှာ လွယ်ကူသလောက် အရွယ်ရောက်နေပြီဖြစ်သော လူကြီးများအတွက် လက်ဆောင်ရွေးရသည်မှာ မဟာစွန့်စားခန်းတစ်ရပ်ပင် ဖြစ်ပါသည်။

လက်ဆောင်ပေးခြင်းသည် အနုပညာ တစ်ရပ်ဖြစ်မည်ဆိုလျှင် လက်ဆောင်ပေးခြင်း အနုပညာကို ကျွန်မတို့ အကျွမ်းတဝင်ဖြစ်အောင် သင်ယူဖို့ လိုမှာသေချာလှပါသည်။

ကျွန်မတို့ စိတ်ကူးစိတ်သန်းများဖြင့် ရွေးချယ်မိသော လက်ဆောင်များသည် နှစ်သက်လိုလားသူအတွက် အိပ်မက် တစ်ခုလဲ ဖြစ်နိုင်သလို ဘဝတစ်ခုလဲ ဖြစ်သွားနိုင်ပါသည်။

သို့သော် မနှစ်သက် မလိုလားသူများအတွက်တော့ အမှိုက်တစ်ခု ထပ်တိုးသွားမှာသေချာနေတာမို့.....

Unwanted Gift များလျော့နည်းစေဖို့ လက်ဆောင်လှလှ ပေးတတ်စေဖို့..........


နှင်း

ဒီပို့စ်လေးကတော့

ညီမလေး သဒ္ဓါလှိုင်းရဲ့ ဘလော့ တစ်နှစ်ပြည့် အမှတ်တရ

ခင်တဲ့

..........................................................



“မသဒ္ဓါ (သို့မဟုတ်) သူမအတွက်”

သူသူငါငါ ခင်မင်လာကြ
မိတ်ဆွေများစွာ ဖော်သဟာကို
ပျူပျူငှာငှာ ကြည်သာစွာဖြင့်
ချိုစကားခွန်းဖွဲ့ နှုတ်ဆက်တတ်တာ
“သူမ” ပါ။

အတွေးစိတ်ကူးတွေကို
အရေးနဲ့ကွန့်မြူးကာပုံဖော်လို့
စာဖတ်သူရောင်းရင်း
အပေါင်းအသင်းများအား
စုံလင်သောရသ
အတွေးစများ
ပေးဝေငှတာ
“သူမရဲ့စာ” ။

ဒီလိုနဲ့မှတ်တိုင်တစ်ခုစိုက်ထူ
အားအင်တွေယူလို့
မလျှော့သောလုံ့လနှင့်
ရှေ့ဆက်ဖို့ရန်အသင့်
ရဲရဲရင့်ရင့်
သဲတစ်ပွင့်အဖြစ်နဲ့
လောကကိုအလှဆင်ကာ
ယုံကြည်ရာကိုလျှောက်လှမ်း
ရှေ့ဆက်မယ့်လမ်း
ခရီးကြမ်းပင်ဖြစ်စေ
ပန်းတွေဝေမယ့်
မနက်ဖြန်တွေအတွက်
အိပ်မက်တွေကိုအသက်ဆက်
“သူမ....ခရီးဆက်ထွက်ခဲ့တယ်။”
ချစ်တဲ့မသဒ္ဓါအတွက် ဂျင်းရဲ့လက်ဆောင်း)
အင်ကြင်းသန့့််
...................................................................

သူမ (သို့) သဒ္ဓါလှိုင်း

သူမကို မြသွေးနီ စတင်သတိထားမိတာက အွန်လိုင်းမှာ မြသွေးနီစာတွေ မရေးခင်ထဲကပါ။

မြသွေးနီ နှစ်ခြိုက်တဲ့၊ ပုံမှန်ဝင်ဖတ်နေတဲ့ ဘလော့ဂ်ဂါအချို့ရဲ့ ဘလော့ဂ်ပို့စ်တွေရဲ့ ကွန်မန့်တွေမှာ သူမရဲ့ ထူးခြားတဲ့ နာမည်လေးကို တွေ့နေမိတယ်။ အဲ့ဒီအချိန်အထိ သူမရဲ့ဆိုက်ထဲကို မရောက်ဖြစ်သေးပါဘူး။ ဘာလို့လည်းဆိုတော့ အဲ့ဒီအချိန်အခါတုန်းက မြသွေးနီက ဘလော့ဂ်ဂါတွေရဲ့ စာတွေကို လိုက်ဖတ်နေတဲ့ စာဖတ်သူ တစ်ယောက်သာပါ။ မြသွေးနီနှစ်ခြိုက်သူ ဘလော့ဂ်ဂါ တော်တော် များများက ဘလော့ဂ်စပေါ့က များတယ်။ ဘလော့ဂ်စပေါ့ကလည်း သိတော်မူတဲ့အတိုင်း မြသွေးနီတို့ရဲ့ ရွှေပြည်ကြီးကနေဆို ကျော်ခွပြီး ဖတ်ရတာမျိုး။ ဖတ်ယုံသာဖတ်လို့ရပြီး ကွန်မန့်ပေးလို့ မရတာမျိုး။ နည်းပညာပိုင်းမှာက ကိုယ်က ဇီးရိုးနောလစ်ရှ် ဆိုလေတော့ ရန်ကုန်က တချို့သူတွေ ၀င်ဖတ်ကွန်မန့်ပေးလို့ ရတယ်ဆိုတော့ အားကျမိလိုက်တာ။ ဒီလိုနဲ့ မရမက အွန်လိုင်းက စာတွေကို စွဲစွဲမြဲမြဲ လိုက်ဖတ်ဖြစ်ရင်း သူမနာမည်လေးကို ရင်းနှီး တွေ့မြင်ခဲ့ရတာပါ။

နောက်ပိုင်း မြသွေးနီ အွန်လိုင်းမှာ စာစရေးတော့ ဘလော့ဂ်ဂါတွေရဲ့ ချိတ်ထားတဲ့ လင့်ခ်တွေမှာ သူမရဲ့ ထူးခြားတဲ့ နာမည်လေးက သူမရဲ့ပို့စ်အသစ် တက်လာတိုင်း တွေ့မြင်လာရတာကို သတိပြုနေမိခဲ့တယ်။ နောက်... ချစ်စရာကောင်းတဲ့ အချက်လေးက သူမရဲ့ ဆိုက်မှာ ချိတ်ထားတဲ့ လင့်ခ်တော်တော် များများက ပို့စ်တိုင်းကို ပို့စ်အသစ် တစ်ပုဒ် တက်လေတိုင်း မပျက်မကွက် သွားဖတ်ပုံရတယ်။ မြသွေးနီ ၀င်ဖတ်တဲ့ ဘလော့ဂ်တိုင်းမှာ သူမရဲ့ခြေရာလေးတွေကို တွေ့နေရတယ်။ နောက်.. ကွန်မန့်တွေကို သေသေချာချာကို ရေးပေးတတ်တာ တွေ့ရတော့ အသစ်တက်သမျှ ပို့စ်တိုင်းကို သူမ အလေးထား ဖတ်တယ်ဆိုတာ မြသွေးနီ သတိထားမိလာတယ်။ မြသွေးနီ မနေနိုင်တော့ပါဘူး။ သူမရဲ့နာမည်လေးကို ကလစ်လုပ်လို့ သူမဆိုက်ထဲ ရောက်ဖြစ်သွားပါတော့တယ်။ အဲ့ဒီတစ်နေ့ လုံး သူမ ဆိုက်ထဲမှာ စာတွေ လိုက်ဖတ်ရင်း တစ်နေကုန် ခဲ့တယ်။ တချိန်ထဲမှာပဲ သူမရဲ့ နာမည်လေးကို မြသွေးနီရဲ့ ချစ်မိတ်ဆွေ ဘလော့ဂ်ဂါများ အောက်မှာ လင့်ခ်ချိတ်ခွင့် တောင်းလို့ ချိတ်ထားဖြစ်လိုက်တယ်။

နောက်ပိုင်း သူမရဲ့ ကွန်မန့်လေးတွေ မြသွေးနီပို့စ် တက်တိုင်း တွေ့လာရတယ်။ မြသွေးနီလည်း သူမဆိုက်ကို ကျော်ခွလို့ အမြဲရောက်ဖြစ်တယ်။ ကွန်မန့်ကတော့ ပေးလို့ရတဲ့ အချိန်ဆို ပေးဖြစ်ခဲ့တယ်။ စာတွေကတော့ အသစ်တက်တိုင်း ဖတ်ဖြစ်ခဲ့တယ်။ Cbox လေးတွေမှာ ခြေရာလေးတွေ ချန်ဖြစ်ကြတယ်။ ဘလော့ဂ်နှစ်ခုကြားမှာ၊ အပြန်အလှန် ကွန်မန့်တွေကြားမှာ သူမနဲ့မြသွေးနီ ရင်းနှီး ကျွမ်းဝင်လာသလို ခံစားရလေတယ်။

တစ်ရက်။ အဲ့ဒီတစ်ရက်မှာ သူမက မြသွေးနီရဲ့ Gtalk မှာ Add လာတယ်။ ၀မ်းသာအားရပဲ လက်ခံဖြစ်တယ်။ ဒီလိုနဲ့သူမနဲ့မြသွေးနီ အွန်လိုင်းမှာ အဆက်အသွယ် ရှိလာကြတယ်။ မြသွေးနီရဲ့ အော်တို ဆန့်စ်အရ သူမက မြသွေးနီထက် ငယ်မယ်လို့ ထင်ထားပြီးသားပါ။ ဒါပေမယ့် အွန်လိုင်းမှာ သိကျွမ်းသူ မှန်သမျှ ကြီးကြီးငယ်ငယ် တလေးတစား ဆက်ဆံ တတ်လေတော့ သူနဲ့စကားပြောလေတိုင်း မသဒ္ဓါရယ် လို့ပဲ ခေါ်ခဲ့တယ်။ သူကလည်း မမြသွေးလို့ ခေါ်တယ် ။

ဒီလိုနဲ့ မနှစ်က နွေရာသီ၊ ရွှေပြည်တော်ကြီးမှာ သောက်ရေဘေး ဒုက္ခကြုံလေတော့ သူမရဲ့ ကူညီယိုင်းပင်း လိုတဲ့ စိတ်စေတနာတွေကို သိခဲ့ရတယ်။ မြသွေးနီပါဝင်နေတဲ့ Save The Aged အဖွဲ့ကို သောက်ရေ အတွက် အလှူငွေတွေ ကိုယ်အားစိတ်အား ရှိသမျှ ကောက်ခံပေးလှူခဲ့တယ်။ တချိန်ထဲမှာပဲ သူမကိုယ်တိုင် Save The Aged ရဲ့ မန်ဘာ ဖြစ်ခဲ့လေတယ်။ သူမရဲ့ ပြင်းပြတဲ့ ဆန္ဒတွေထဲမှာ မပြည့်စုံတဲ့ ကလေးငယ်တွေ အတွက် အသိဥာဏ်ပညာ တိုးပွားစေဖို့၊ ဗဟုသုတရပြီိး လိမ်မာရေးခြား ရှိစေဖို့အတွက် စာကြည့်တိုက်ငယ် တစ်ခု အကောင်အထည် ဖော်ပေးချင် နေတယ် ဆိုတာ မြသွေးနီကို ဖွင့်ဟ တိုင်ပင်ခဲ့ဘူးပါတယ်။ တစ်နေ့၂၄နာရီ မလုံလောက်တဲ့ မြသွေးနီ အတွက် သူမ ဆန္ဒကို အခုအချိန်ထိ ကူညီ မဖြည့်ဆည်း ပေးနိုင်သေးလို့ ညီမသဒ္ဓါကို ဒီပို့စ်လေးထဲကနေပဲ တောင်းပန် လိုက်ပါဦးမယ်။

အဲ့ဒီနောက်ပိုင်း သူမနဲ့ မြသွေးနီ အွန်လိုင်းမှာ ပိုမို ရင်းနီိးလာတယ်။ အားလပ်ချိန်တွေမှာ အွန်လိုင်းပေါ် ရှိနေချိန်တိုင်း နှုတ်ဆက်စကားတွေ ပြောဖြစ်တယ်။ နောက်ပိုင်း ရင်းနှီးလာတော့ တစ်ယောက်ကို တစ်ယောက်မေးရင်း သူမက မြသွေးနီရဲ့ ညီမလေးအရွယ် ဆိုတာသိလာရတယ်။ ဒီလိုနဲ့ အခေါ်အဝေါ် တွေကလည်း ညီမရေ... မမရေ ပြောင်းလာရပြန်တယ်။ {မြသွေးနီကို မသိသူများက ကလေးမလေးလို့ ထင်တတ်ကြပါတယ်။ ဆိုက်မှာလည်း ကလေးမလေး တွေလို နုနုရွရွလေးတွေလည်း မရေးဘူးပဲနဲ့များ ။အင်း.. ဒါလဲ ဘ၀ပေး ကုသိုလ် တစ်မျိုးပဲလို့ ဖြေတွေးတွေးလိုက်ပါတယ်။ ဤကားစကားချပ်။ :) }

သူမက စာတွေကို တလေးတစားနဲ့ သေခြာရေးသူ ဆိုတာ သူမရဲ့စာတွေကို ဖတ်ကြည့်ရင် သိနိုင်ပါတယ်။ သူမ စာတွေက စာဖတ်သူကို မက်ဆေ့ခ်ျလေး တစ်ခုခုတော့ ပေးခဲ့တာချည်းပါဘဲ။ သူမက သူရေးတဲ့ စာတွေက ဖတ်ပြီးရင် အတွေးလေးတွေ ပွားမိရတာမျိုးပါ။ သူမက စာတွေကို သေခြာ အလေးထား ရေးသူဆိုတာ မငြင်းနိုင်ပါဘူး။ သူမဟာ အွန်လိုင်းမှာ မြသွေးနီထက် အများကြီးစောတဲ့ စီနီယာဘလော့ဂ်ဂါ တစ်ဦးပါ။ သူမ စာတွေကို မြသွေးနီ တလေးတစား ဖတ်ပါတယ်။ အတုယူ မှတ်သားထိုက်တာတွေ ကို မှတ်သားမိပါတယ်။

သူမရဲ့ သဒ္ဓါတရားဟာ သူမရဲ့ အမည်လေးလိုပါဘဲ။ သဒ္ဓါတရားတွေ အမြဲ ဖိတ်လျှံနေသူ သူမပါ။ သူမကို ခင်မင်ရတဲ့ အထဲမှာ ယဉ်ကျေးစွာ စကားပြောဆို တတ်တာလေး ကလည်း တစ်ခုအပါအ၀င် ပါ။ ကံအားလျော်စွာ Save The Aged အတွက် လုပ်မြဲဖြစ်တဲ့ အင်တာဗျူးလေးမှာ သူမကို မြသွေးနီ ဗျူးခွင့် ရလိုက် ပါသေးတယ်။ မြသွေးနီ သူမကို ဘယ်လို မေးခဲ့ပြီး သူမက ဘယ်လိုများ ဖြေထားခဲ့သလဲ ဆိုတာ သိချင်သူများ ဒီနေရာလေးမှာ " ၀င်ဖတ်ကြည့်လို့ရပါတယ်ရှင်။ သူမရဲ့ ၀က်ဘ်ဆိုက် တစ်နှစ်ပြည့်လေးမှာ အမှတ်တရ တစ်ခုခု ရေးပေးပါ ဆိုလို့ သူမအကြောင်း သိသလောက်လေးကို မ၀ံ့မရဲ ရေးလိုက်ရပါတယ်။

ချစ်ခင်ရပါတဲ့ ညီမသဒ္ဓါလှိုင်းတစ်ယောက် စိတ်ကျန်းမာ၊ ကိုယ်ချမ်းသာစွာနဲ့ (၁)နှစ်ပြည့်မှသည် နောင်နှစ်ပေါင်း များစွာတိုင် ပိုမိုကောင်းမွန်သော စာတွေအများကြီး ဆက်လက် ရေးနိုင်ပါစေကြောင်း၊ ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကြပါစေကြောင်း၊ စာရေးသက်(၁)နှစ်ပြည့် အတွက် ရည်ရွယ်ပြီး မြသွေးနီမှ ဒီပို့စ်လေးနဲ့အတူ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင်။

ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျကြပါစေ။


................................................................

blogတစ်နှစ်ပြည့်အတွက် အမှတ်တရ


မသဒ္ဓါလှိုင်းရဲ့ ဘလော့ဂ် တစ်နှစ်ပြည့် အမှတ်တရ အနေနဲ့ လွန်ခဲ့တဲ့ တစ်နှစ်ခန့်က ကျွန်တော့်ရဲ့ ဖြစ်ရပ်လေး တစ်ခုကို အမှတ်တရ အနေနဲ့ ပြောချင်ပါတယ်။

ဒီအကြောင်းလေးကိုလည်း ကျနော့်ရဲ့ ခံစားချက်တစ်ချို့နဲ့ ပေါင်းပြီး ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါသေးတယ်။ အဲဒီဆောင်းပါးကို “ ကျွန်တော်နှင့်ပြတိုက် ” ဆိုပြီး ခေါင်းစဉ်ပါ ရွေးထားဖြစ်ခဲ့တယ်။ ဆောင်းပါး အဖြစ် ရေးဖြစ်ခဲ့ပေမယ့် ဘလော့ဂ်ပေါ်မှာတော့ မတင်ခဲ့ဖြစ်ပါဘူး။ ကျွန်တော့်ရဲ့ ဘလော့ဂ်အပေါ်မှာ ထားတဲ့ စိတ်ခံစားချက်ကို ရေးထားတဲ့ ဆောင်းပါးလေးပါ။ ကိုယ့်ခံစားချက် ဆိုပေမယ့် ဘလော့ဂ်ရေးဖော်တွေနဲ့ အငြင်းပွားဖွယ်ရာ ဖြစ်လာနိင်မလား စိုးရိမ်စိတ်နဲ့ ပို့စ်တစ်ပုဒ် အဖြစ် မတင်ဖြစ်ခဲ့တာပါ။ အဲဒီဆောင်းပါးထဲမှာ ပါဝင်တဲ့ စာပိုဒ်တစ်ချို့ကို အမှတ်တရ အနေနဲ့ ထုတ်နှုတ်ပြီး မသဒ္ဓါရဲ့ ဘလော့ဂ်တစ်နှစ်ပြည့် အတွက် ပို့ပေးလိုက်ပါတယ်။

+++++++
ဘလော့ဂ်လောကမှာ ရပ်တည်ရင်း ၊ လည်ပါတ်ရင်းနဲ့ တစ်နေ့မှာ ဘလော့ဂ်ဂါ တစ်ယောက်နဲ့ ခင်မင်ခဲ့တယ်။ သူ့စာလေး သွားဖတ်ရင်း သဘောကျမိတဲ့ အရေးအသားလေး ဖြစ်လို့ စီဘောက်မှာ နှုတ်ဆက်ရင်း ခင်မင်ဖြစ်ခဲ့တာပါ။ ဒီလိုနဲ့ Gtalk မှာ chat ဖြစ်ကြတယ်။ လင့်ချိတ်ထားဖို့ အတွက် ဘလော့ဂ်လိပ်စာတွေလည်း အပြန်အလှန် သေသေချာချာပေးဖြစ်ကြတယ်။

သူ့လင့်ကို ကျနော် ချိတ်နေချိန်မှာပဲ သူကလည်း ကျနော့်ဘလော့ဂ်ထဲ ဝင်ပြီး စာတွေဖတ်နေခဲ့တယ်။ သူက မြန်မာပြည်မှာ နေတဲ့ အမျိုးသား ဘလော့ဂ်ဂါ တစ်ယောက်ပါ။ ဒီလိုနဲ့ ကျနော် သူ့ကို ကျနော့် ဘလော့ဂ်လိပ်စာ ပေးပြီးလို့ ၁၀ မိနစ် မပြည့်ခင်မှာ ကျနော် သူ့ကို စာ လှမ်းရိုက်လိုက်တယ်။

ကျနော်။.......။ စာဖတ်နေတာလား
သူငယ်ချင်း ။.....။ ဟုတ်တယ်။ ကျနော် ဖတ်နေတာ။ “....” ပို့စ်ကို ရောက်ပြီဗျ

သူပြောတဲ့ ပို့စ်လေးက ကျနော်တင်ထားတာနဲနဲ ကြာပြီ။ နောက်ဆုံးတင်တဲ့ပို့စ်က ပြန်ရေရင် ၃ ပုဒ်မြောက်ပေါ့။ ဒီတော့ ၁၀ မိနစ်အတွင်းမှာ သူ ဖတ်တာ ၃ ပုဒ် ရှိပြီဆိုတဲ့ သဘောဖြစ်နေတယ်။

ကျနော်။......။ ဒါဆို ဖတ်တာ ၃ ပုဒ် ရှိနေပြီပေါ့
သူငယ်ချင်း ။....။ အင်းလေ

သူ့အဖြေကြားတော့ ကျနော် စိတ်နဲနဲ ညစ်သွားရတယ်။ သူ ၁၀ မိနစ်အတွင်းမှာ ဖတ်တဲ့ ၃ ပုဒ်ကို ရေးနိင်ဖို့ ကျနော် ရက်ပေါင်းများစွာ တွေးခဲ့ရတယ်။ ရေးခဲ့ရတယ်။ အချိန်တွေ အများကြီး ပေးခဲ့ရတယ်။ ဒါပေမယ့် သူ ဖတ်တာက ၁၀ မိနစ်ပဲ ကြာတယ်။ ဝတ္ထုတို တစ်ပုဒ်က သိပ်မရှည်ဘူးဆိုပေမယ့် ၃ ပုဒ် ဖတ်မယ်ဆို မိနစ် ၂၀ လောက် အချိန်ပေးမယ် ဆိုရင်တောင် နဲနဲ ကျေနပ်ရမှာပါပဲ။ ကိုယ့်စာကို သေသေချာချာ ဖတ်စေချင်စိတ် လို့ဆိုရမယ်။ ဒီတော့ မကျေနပ်တာ မဟုတ်ပေမယ့် ကျနော် သူ သိအောင် စာ လှမ်းရိုက်လိုက်တယ်။

ကျနော်။......။ ဖတ်တာ မြန်လှချည်လားဗျာ ။ ကျနော့်မှာ ရေးထားရတာ အကြာကြီးဗျ

အဲဒီမှာ သူပြန်ဖြေတယ်။ သူ့အဖြေကြားတော့ ကျနော့်ရင်ထဲမှာ လင်း ခနဲ ဖြစ်သွားသလိုပဲ။ အဖြေလေးက ရင်ထဲထိ ရောက်သွားခဲ့လို့ အခုချိန်ထိ အဲဒီ ခံစားချက်ကို မှတ်မိနေစေခဲ့တယ်။

သူငယ်ချင်း ။.......။ မမြန်လို့ မရဘူးဗျာ။ တမင်မြန်အောင်ကို ကျင့်ထားရတာ။ ကျနော်တို့ အင်တာနက် သုံးရတာ တစ်နာရီ ၅၀၀ ပေးရတယ်ဗျ

အဲဒီအဖြေကြားတော့ ကျနော့်ရင်ထဲမှာ သူ့ကို မကျေမနပ်ဖြစ်တဲ့ စိတ်လည်း မရှိတော့ဘူး။ ကျနော်တခါမှ မတွေးဖူးတဲ့ အဖြစ်တစ်ခုကို သိလိုက်ရတာကြောင့် ရင်ထဲမှာလည်းတစ်ကယ်ကို တစ်မျိုးလေး ဖြစ်သွားခဲ့ရတယ်။ အင်တာနက်ကို တလလုံး အချိန်ပြည့်သုံးလို့ရနေခဲ့တဲ့ ကျနော့်အတွက် တနာရီ ၅၀၀ ဆိုတာ ကြားလေ့မရိတဲ့ စကားဖြစ်သလိုမေ့နေခဲ့တဲ့ အဖြစ်လေးပါပဲ။ အခုတော့ ကျနော် ရင်ထဲမှာ လင်းခနဲ ဖြစ်သွားတဲ့ အထိ သေသေချာချာ သိသွားခဲ့ရပြီ။ ဒီတော့ သူ့ကို ကျနော် စာတစ်ကြောင်း လှမ်းရိုက်တယ်။

ကျနော်။.....။ ကျေးဇူးတင်တယ်ဗျာ။ တနာရီ ၅၀၀ ကုန်ရတာကို ကျနော် သတိမရမိဘူး။ အခုတော့ သိသွားရပြီ။ နောက်ဆိုရင် ကျနော် စာတွေကို သေသေချာချာ ရေးပါ့မယ်

ကျနော့်စာမြင်တော့ သူ အပြုံးတစ်ခု ပြန်ပို့လာတယ်။ အဲဒီနောက် ကျနော် အများကြီး ဆက်တွေးမိတော့တာပဲ။ ကျနော့်စာကြောင့် စာဖတ်သူတွေရဲ့ အချိန်တွေ ငွေတွေ အလဟဿ ဘယ်နှစ်ကြိမ်တောင် ဖြစ်ခဲ့ပြီးပြီလည်း တွေးမိတဲ့ နောက်မှာတော့ စာတစ်ပုဒ်တိုင်း အတွက် သေသေချာချာ အားစိုက်ထုတ်ဖို့ သတိထားမိခဲ့တော့တယ်။ ကိုယ့်စာထဲမှာ မှတ်သားစရာ ဒါမှမဟုတ် ရသတစ်ခုခု မပါဘူးဆိုရင်တောင် စာဖတ်သူတွေကို လေးစားစိတ်ထားပြီး ရေးဖို့နဲ့ ဝင့်ကြွားတဲ့ အရေးအသားမျိုး ၊ ငါပဲသိ ငါပဲတတ်တဲ့ အရေးအသားမျိုး မဖြစ်ဖို့ ကိုယ့်ကိုကိုယ် အမြဲ သတိပေးဖြစ်ခဲ့ပါတော့တယ်။

+++++
“ကျွန်တော်နှင့်ပြတိုက်” ဆိုပြီး ဆောင်းပါးလေး ရေးဖြစ်တော့ သူ့နာမည်ကို ထည့်သုံးဖို့ ခွင့်ပြုခဲ့တဲ့ သူငယ်ချင်းနဲ့ အမှန်တကယ် ပြောဖြစ်ခဲ့တဲ့ဖြစ်ရပ်မှန်လေးပါ

+++++++++

မသဒ္ဓါလှိုင်းရဲ့ တစ်နှစ်ပြည့် ဘလော့ဂ်လေးလည်း ရှေ့ဆက်ပြီး စာဖတ်သူအပေါ် စေတနာ ထားတဲ့ စာကောင်းပေမွန်တွေ ထပ်ရေးဖို့ မျှော်လင့်မိပါတယ်။
ခင်မင်သောအားဖြင့်


.....................................................................

“မသဒ္ဓါနှင့်ချစ်စရာကြောင်ကလေးများ”

ကျနော်လည်း အပြစ်ကင်းစွာ အပျင်းတစ်နေတာ အချိန်အတော်ကြာခဲ့ပြီပေါ့။ စာရေးဖို့ စိတ်ကပေါ်လာပေမယ့် စာတစ်ပုဒ်တော့ ဖြစ်မလာခဲ့ဘူး။ ဟိုလိုလို ဒီလိုလိုနဲ့ ဝေလေလေ တွေ များနေတယ် ဆိုပါတော့..။ စိတ်ကူးထဲမှာတော့ အကြမ်းတွေး တွေးပြီး စိတ်ကူးထဲမှာပဲ မှန်းပြီး ရေးရေးဖြစ်နေတာ..။ ဒီနေ့တော့ စာတစ်ပုဒ် မဖြစ်မနေ ရေးကို ရေးမယ်..။ ရှိသမျှအာရုံတွေ အကုန်စုစည်းပြီး ဇွဲနပဲနဲ့ “ဒူးမထောက် ရှူးမပေါက်တမ်း” ပြီးအောင် ရေးတော့မည်ကွာ လို့ စိတ်ကို “ဒုန်းဒုန်း” ချလိုက်တော့တယ်..။

ကွန်ပျူတာကို “ထောက်” ကနဲ ဖွင့်ပြီးသကာလ ပိုစ့်တစ်ပုဒ် ရေးဖို့ စပြီး ပြင်ဆင်လိုက်တယ်..။ ဝင်နေကျ၊ မဝင်ရ မနေနိုင် တဲ့ ဘလော့တို့.. ဂျီမေးတို့.. ဖေ့ဘုတ်တို့.. နောက်.. ဖတ်နေကျ ဝက်ဆိုဒ်တွေ အကုန်ပိတ်..။ စာရေးဖို့ပဲ အားခဲထားလိုက်တော့တယ်..။ အားခဲပြီး ခဏတွင်းမှာပဲ သွားဖြဲ လိုက်တယ်..။ “ဟီးးးးးး ဟီးးး.. ကျွန်ုပ် ဘာရေးရမည်နည်း???”။

ဟိုး.. လွန်ခဲ့တဲ့ (၃) နှစ်လောက်က စာတစ်ပုဒ် ရေးမယ် လို့ အကြောင်းအရာ တစ်ခုကို တွေးလိုက်ပြီ ဆိုရင် ချက်ချင်း ထရေးဖြစ်တာပဲ..။ ခဏပဲ ပြီးအောင် ရေးလိုက်နိုင်တယ်..။ ကောင်း၏ မကောင်း၏ အပထား စာတစ်ပုဒ်ကတော့ ဖြစ်သွားတာပဲ..။ ဘလော့ဂါ ပေါက်စ ဘဝဆိုတော့လည်း ဘာမဆို ဘလော့ဂါ မျက်လုံးနဲ့ ပြူးပြဲ ကြည့်လိုက်တာပဲ..။ ကောင်မလေး တစ်ယောက် လမ်းလျှောက်နေတာ လိုက်ကြည့်ပြီးရင်လည်း ဘလော့ဂါတွေး တွေးလိုက်တယ်.. ပြီးရင် ရေးမယ်..။ အဲ့လို အဲ့လို.. ထစ်ခနဲရှိ ပိုစ့် တင်ချင်နေတာပဲ..။ ခေါင်းကိုက်လည်း ပိုစ့်ဖြစ်တယ်။ ဝမ်းလျှောလည်း ပိုစ့်ဖြစ်တယ်။ ရှိရှိသမျှ တွေ့ရာ အကုန် ပိုစ့်လုပ်ပစ်တော့တာပဲ..။

ခုများတော့လည်း ပိုစ့် တစ်ပုဒ် လချီကြာနေပြီ။ နှစ်တောင် ကူးချင်ချင်ဖြစ်လာတယ်..။ ဘလော့ကလည်း စည်စည်ကားကားသိပ်မရှိတော့..။ ဘလော့ ပတ်ဝန်းကျင်ကလည်း ကိုယ့်ကို မေ့တေ့တေ့ ဖြစ်လောက်ပြီ။ ကျနော်ကလည်း ဘလော့တွေ အဖတ်ကျဲသလို ဖတ်ဖြစ်ရင်လည်း ကော်မန့်တွေ သိပ်မပေးဖြစ်တော့ဘူး..။ အရင်ကတော့ ဘယ်ပြောကောင်းမလဲ ကော်မန့်ဆို (၁) ကွ.. ဆိုပြီး အပြေးအလွှား ဖတ်ဖြစ်တာပဲ..။ ခုတော့ နိုင်ငံရေးလေး လိုက်ဖတ်လိုက်၊ ဖေ့ဘုတ်ထဲ ဝင်ကြည့်လိုက်၊ ဂိမ်းကစားလိုက်နဲ့ သိပ် မဘလော့ဖြစ်တော့ပဲ အတော် ငြိမ့်နေခဲ့တာ..။ ဆိုတော့ ဒါဟာ ဘလော့ရောဂါ ပျောက်သွားပြီလို့ ပြောလို့ ရမယ်ထင်တယ်..။ ဘလော့ ရောဂါ သိပ်ဆိုးတာ ဘလော့ဂါတိုင်း ခံစားဖူးကြမယ်ထင်ပါတယ်..။ ဟိုအရင် အဲ့ဒီရောဂါ စွဲကပ်နေတုန်းကဆို နေ့မအိပ် ညမအိပ်။ ထမင်းမစား၊ ဟင်းမစား။ ကုန်ကုန် ပြောရင် အိမ်သာတောင် မတက်ဘူး.. (အောင့်ပြီး ဘလော့တာ:P..)..။ အားအားရှိ ဘလော့ပဲ ဂင်းနေတာပဲ..။ ဘလော့ထဲဝင် တောင်ရေးမြောက်ရေး ဟိုအိမ်လည် ဒီအိမ်လည်.. စလိုက် နောက်လိုက်နဲ့ ပျော်စရာတော့ အတော်ကောင်းတာပဲ..။ အင်း... ခုတော့...။

လေကြောရှည်နေတာနဲ့ ဒီနေ့ ရေးမယ်ဆိုတဲ့ ပိုစ့်က မပြီးပဲ ဖြစ်တော့မယ်။ “ကဲ.. လာလရော့ ပိုစ့် တစ်ပုဒ် ရေးတော့မည်”..။

အရင်ဆုံး ခေါင်းစဉ်တစ်ခု တပ်ကြည့်လိုက်တယ်..။
“ငကန်းနှင့်ငစွေ”
သိပ်မကြိုက်သေးဘူး။ ဒါဆို နောက် တမျိုး ပြောင်းမယ်ကွာ..
“ကုလားကြီးနှင့် အရာကြီး”
ဒါလည်း မဟုတ်သေး။
နောက် ခေါင်းစဉ်တစ်မျိုး ထပ်တပ်ကြည့်တယ်..။
“ဒီပုတ်ထဲက ဒီပဲ”
ဒါလည်း မဖြစ်သေးပါဘူးလေ။ တနေ့ကပဲ “မြွေဆိုးတစ်ကောင် အရေခွံလဲလိုက်သလို” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပိုစ့် တစ်ပုဒ် ရေးထားသေးတယ်..။ ခုလည်း ဒီခေါင်းစဉ်မျိုးနဲ့သာ ထပ်ရေးရင်.. “တယ်... ဒီငရင်နော်..” ဆိုပြီး အကြိမ်းခံရနိုင်တယ်..။ အဲ့.. ဒီနေ့ ဘာနေ့ပါလိမ့် (၇-၁၁-၂၀၁၀) အင်း.. ရေးလို့ ဘယ်ဖြစ်မလဲ..။ ဟုတ်ပါ့.. ရာသီစာတွေ ရေးတယ် လို့ ထင်ခံနေရမယ်..။ မဖြစ်သေးပါဘူး... တခြားပြောင်းတွေးပြီး တချောင်းပြားရေး.. အဲ့လေ တခြားပြောင်းရေးတာပဲ ကောင်းပါတယ်လေ..။

ဆိုတော့ဖြင့် “ဘာရေးလျှင် ကောင်းမည်နည်း” ခေါင်းခဏ ထိုင်ကုတ်နေလိုက်တယ်..။ ထွက်စမ်း အကြံ..။ ခေါင်းကုတ်ပြီး အတွေး မထွက် ပြန်တော့ နှာခေါင်းကုတ်ပြန်တယ်..။ ဘာကုတ်ကုတ် အတွေးက တောင်ရောက် မြောက်ရောက်နဲ့ ဆိုတော့..။ မထူးပါဘူးလေ ဆိုပြီး စာရေးနေတာ ပိတ်ပြီး ဂိမ်းကစားဖို့ စဉ်းစားလိုက်တယ်..။ အို... မဖြစ်ဘူး..။ ဒီနေ့တော့ စာတစ်ပုဒ် ပြီးအောင်ကိုရေး..။

ကီးဘုတ်ကို ကြည့်လိုက်၊ မော်နီတာကို ကြည့်လိုက်နှင့် အတွေးက မပေါ် အကြံကလည်းကုန်ပြီမို့ ဂဠုန်ပဲ ဆားချက်လိုက်ရင် ကောင်းမလား..။ ပိုစ့် အဟောင်းတွေ ရှာပြီးတင်ဖို့ ကြံမိပြန်တယ်..။ မကောင်းပါဘူးလေ..။ တခါကလည်း ကိုယ် အဟောင်း ပြန်တင်ချင်လို့ သူများကိုပါ တဂ်ပြီး အဟောင်း ပြန်တင်ခိုင်းဖူးတာ သတိရသွားတယ်..။ အသစ်ပဲ ရေးပါလေ..။

ဟိုတွေး ဒီတွေးနှင့် အကြောင်းအရာတွေ အမျိုးမျိုးတွေးကြည့်နေတာ တစ်ခုမှ အကြည်ဓါတ်က မရ။ စာရေးတယ် ဆိုတာကလည်း အကြည်ဓါတ်လေးရမှ ရေးကောင်းတာ..။ အကြည်ဓါတ်ရဖို့ကလည်း တခါတခါ လချီ စောင့်ရတယ်..။ အပျင်းဓါတ်ကြီးသာ ရရ နေတော့ လူကလည်း အပျင်းရုပ်နဲ့ နားရင်း အုပ်ချင်စရာကြီး..။

ရေးရမယ့် ပိုစ့်က လက်ဆောင်ပေးရမယ့် ပိုစ့်..။ ရက်ချိန်းကလည်း နောက်ဆုံးနေ့ကို ရောက်နေပြီ..။ ဘာအကြောင်းရေးရမလဲ အတွေးက ခုထိမပေါ်..။ ကျီးကြည့်ကြောင်ကြည့်နဲ့ ကြောင်တိကြောင်တောင် ဖြစ်နေဆဲမှာပဲ အတွေးက “ဒိုင်း” ဆိုပြီး ဝင်လာတယ်..။ ဟုတ်ပြီ.. “ကြောင်” အကြောင်းရေးမယ်ကွ..။ ငါဟဲ့ အူကြောင်ကြား..။

ရေးဖို့ ဇာတ်လမ်း၊ ဇာတ်ကွက်လေးကို စိတ်ကူးနဲ့ အရင် ချကြည့်လိုက်မယ်..။
ကိုယ်တိုင်ကတော့ ကြောင်အဖေကြီး အဖြစ် ခံစားပြီး ရေးမယ်လေ လို့ ကြောင်တောင်တောင် ဆုံးဖြတ်လိုက်တယ်..။ ဇာတ်လမ်းလေးကို ဒီလိုလေး ပုံကြမ်းချကြည့်လိုက်မယ်.. ကြောင်မိသားစုရှိမယ်.. သူတို့ နေတဲ့ အိမ်က အိမ်ရှင်တွေ အိမ်ပြောင်းတော့ ကြောင်မိသားစု ကွဲသွားမယ်.. ကြောင်ကလေး (၂) ကောင်က အိမ်ရှင်တွေနဲ့ ပါသွားမယ်.. အဲ့ဒီမှာ ကြောင်အဖေကြီးနဲ့ ကြောင်အမေကြီးက တစ်နေရာကို ရောက်သွားမယ်..။ သူတို့ ကလေးတွေ ပျောက်လို့ ဝမ်းနည်းပြီး ကလေးတွေကို ပြန်လိုက်ရှာမယ်.. ကြောင် မိဘနှစ်ပါး ခြေဦးတည့်ရာ သွားရင်း ရုံး တစ်ရုံးကို ရောက်သွားမယ်... အဲ့ဒီ ရုံးက ဘယ်သူ့ရုံးလဲ ဆိုရင် “သဒ္ဓါလှိုင်း” ရဲ့ ရုံး...။

“ဟဲ့.. သဒ္ဓါလှိုင်း က ဘယ်ကနေ ပါလာတာတုန်း“ ဆိုရင်.. ဟုတ်တယ်လေ.. ကျနော် အခု ရေးမှာက သူ့ဘလော့အတွက် ရေးရမယ့် ပိုစ့်..။ သူ မပါလို့ ဖြစ်မလား..။ သူ့ဘလော့ (၁) နှစ်ပြည့် အမှတ်တရ ပိုစ့် ဆိုတော့ သူက မင်းသမီးဖြစ်ရမှာပေါ့..။

“ကဲ.. ဒါဆိုလည်း ဆက်ကွာ..” လို့ ဘယ်သူမှာ မပြောပဲ ကိုယ့်ဟာကိုယ် ဆက်တွေးလိုက်တော့မယ်..။ ဘယ်လို ဆက်ရေးရင် ကောင်းမလဲ ဆိုတော့ အင်းးး.. ဟုတ်ပြီ.. သဒ္ဓါလှိုင်းက အဲ့ဒီရုံးက မန်နေဂျာမလေးပေါ့ကွယ်.. တခြားရုံးသူ ရုံးသားတွေက ကြောင်ကြီးနှစ်ကောင် ကို မောင်းထုတ် ကြမှာပေါ့လေ.. အဲ့ဒီမှာ ကြင်နာ သနားစိတ်ရှိတဲ့ မိန်းမချောလေး သဒ္ဓါလှိုင်းက (အဟေးဟေး.. သူ့အကြောင်း ရေးမှာဆိုတော့ သူ့ကို စာဖတ်သူ ချစ်ခင်စိတ်တွေ ဖြစ်လာအောင် သူ့ကို ပိုပိုသာသာလေး ရေးရမှာပေါ့ကွယ်.. အဲ့လေ.. အပြင်မှာလည်း ဒီလိုပါပဲနော် :P) အဲ့ဒီမှာ သဒ္ဓါလှိုင်းက ကြောင်နှစ်ကောင်ကို အစာတွေ ကျွေးပြီး ခေါ်ထားလိုက်တယ် လို့ ရေးမယ်..။ ကြောင်နှစ်ကောင်ရဲ့ ပြောစကား အဲ့ စကားပြောတွေနဲ့ သဒ္ဓါလှိုင်းရဲ့ သနားကြင်နာစိတ်၊ သူ့ရဲ့မေတ္တာတွေကို ဖော်ပြမှာပေါ့..။ မကောင်းဘူးလား..။

အင်း... ဘယ်လို ဆက်ရင် ကောင်းမလဲ..!! ဒီလိုလေး ဆက်လိုက်မယ်.. တစ်ရက် အဲ့ဒီကြောင် နှစ်ကောင် ပျောက်..။ မိသဒ္ဓါတစ်ယောက် သောက ရောက်..။ စိတ်တွေ ပူနေမှာပေါ့ကွယ်..။ ကားများ တိုက်သွားသလား..။ သူများတွေများ ဖမ်းသွားသလား ဆိုပြီး စိတ်ပူနေမှာပေါ့.. ဒီနေရာမှာ သူ့ရဲ့ ဝမ်းနည်းမှု စိတ်ပူမှုကို အသေအချာ ပေါ်လွင်အောင်တော့ ရေးရမယ်..။ တကယ်တော့ ဘယ်ဟုတ်မလဲ.. ကြောင် အမေကြီးက ဇွတ်ပဲ.. အတင်းထွက်သွားပြီး သူ့ကလေးတွေကို သွားရှာတာတဲ့.. ကြောင်အဖေကြီးက ကားတွေ များတယ်.. ကားတိုက်ခံရလိမ့်မယ်.. ဘယ်မှာမှန်း မသိတဲ့.. ကလေးတွေကို ဒီလို ရမ်းပြီးရှာနေလို့ ပြန်တွေ့ဖို့ မလွယ်ဘူး.. သဒ္ဓါလှိုင်းကို ပြောပြီး သတင်းစာထဲ ကြောင်ပျောက်ကြော်ငြာ ထည့်ခိုင်းမယ် ဘာညာဆိုပြီး စကားပြောတွေနဲ့ ဒါမှမဟုတ် သရုပ်ဖော် အပြတွေနဲ့ ရေးမယ်လေ..။ အဲ့ဒီမှာ.. ကြောင် မိန်းမကလည်း ပြောတာကို မရဘူး.. ကလေးတွေကို လွမ်းလွန်းလို့ ငိုယိုပေါ့..။ တားနေတာကို မရဘူးပေါ့ အတင်းပဲ ထွက်သွားရော ဆိုပါတော့.. ဒါနဲ့ ကြောင်အဖေကြီး..အဲ.. ကြောင်အဖေကြီးဆိုတာ ကျနော်ပေါ့.. ကြောင်မကြီးနောက်ကို.. လိုက်ရတော့တာပေါ့ ဆိုပြီး လုပ်လိုက်မယ်..။ ဒီတော့ ကြောင်ကြီးနှစ်ကောင် ပျောက်သွားတော့ သဒ္ဓါလှိုင်း စိတ်ပူရပြီပေါ့..။

အဲ့ဒီမှာ ဇာတ် နာသွားအောင် ကြောင်အဖေကြီး ကားတိုက်ခံလိုက်ရင် ကောင်းမလား..။ အင်း မဖြစ်ပါဘူးလေ.. ကိုယ်က သူ့နေရာက ခံစားပြီး ရေးတာဆိုတော့ ကိုယ်တော့ အသေခံလို့ မဖြစ်..။ မထူးပါဘူး ကြောင်အမေကြီးကို သေခိုင်းမယ်..။ ဒီလိုဆိုတော့လည်း အင်း.. မဟုတ်သေးဘူး...။ ကြောင်ကလေးတွေနဲ့ ကြောင်မိဘနဲ့ ပြန်တွေ့ပေးလိုက် မယ်ဆိုရင်ရော..။ တွေ့တာတော့ တွေ့ပေးရမှာပဲ ပြန်တွေ့ပုံလေးနဲ့ ဘယ်လိုတွေ့ပေးမှာလဲ ဆိုတာက အရေးကြီးတယ်..။ ဒီလို လုပ်လိုက်မယ်လေ.. ကြောင်ကလေး နှစ်ကောင်က သူတို့ မိဘတွေကို ရှာဖို့ သူတို့နေတဲ့အိမ်ကနေ ခိုးထွက်လာလိုက်မယ်.. ခြေဦးတည့်ရာ သွားပြီး ကြောင်အဖေကြောင်အမေတို့ကို လိုက်ရှာတယ်ပေါ့... သနားစရာ ဖြစ်အောင် ဖွဲ့လိုက်မယ်လေ.. မိုးတွေမိပြီး ကြောင်လေးတွေ ချမ်းတုန်နေကြမယ်.. ငိုနေတာမျက်ရည်တွေနဲ့ အစားလည်း မစားရလို့. ။ အရမ်းဆာနေကြမယ်ပေါ့..။ အင်း ဘယ်လို ဆက်ရေးရင် ကောင်းမလဲ..??

ဒီလို ဆက်မယ်..။ ကြောင်မိဘနှစ်ကောင်လည်း ဘယ်ရောက်လို့ ဘယ်ပေါက်သွားမှန်း မသိဘူးပေါ့.. ရေးချင်ရင်၊ ချဲ့ချင်ရင် ဆက်ရေးလိုက်မယ်.. ကြောင်အမေကြီးက ဖျားတောင် ဖျားနေပြီပေါ့..။ တစ်လမ်းဝင်တလမ်းထွက် သူတို့ ကလေးကို လိုက်ရှာနေကြတယ်ပေါ့..။ ဒီလိုနဲ့ ညနေဘက်ကျတော့ သဒ္ဓါလှိုင်းကလည်း အလုပ်က ပြန်မယ်..။ စိတ်မကောင်းခြင်းတွေနဲ့ပေါ့.. ပြီးရင် လမ်းဆုံ တစ်နေရာမှာ ဟိုဘက်က လာနေတဲ့ ကြောင်နှစ်ကောင်နဲ့ မင်းသမီး သဒ္ဓါလှိုင်းနဲ့ ပက်ပင်းပြန်တွေ့ပေးလိုက်မယ်.. အဲ့ဒီနေရာမှာ စာဖတ်သူ ဝမ်းသာသွားအောင် ဗုံသံ ဆိုင်းသံတွေ ကြားယောင်လာအောင် ဖွဲ့ပေါ့.. (အဟေးဟေး) ပြီးတော့ ကြောင်နှစ်ကောင်နဲ့ သဒ္ဓါလှိုင်း တစ်ဖက်နဲ့ တစ်ဖက် ကြည့်နေကြမှာပေါ့.. နောက်.. သဒ္ဓါလှိုင်းက ကြောင်နှစ်ကောင်နား ကပ်သွားလိုက်..။ ဒီနားမှာ အဲ့ဒီကြောင်နှစ်ကောင်က စာဖတ်သူထင်နေသလို ကြောင်မိဘတွေ မဟုတ်ပဲ ကြောင်ကလေးလေး နှစ်ကောင် ဖြစ်နေတာကို အလှဆင်ပြီးရေးလိုက်မယ်.. စာဖတ်သူ စိတ်လှုပ်ရှားလာအောင် အာရွှီး ပေးမှာပေါ့ကွယ်..။

မြန်မြန်ဇာတ်ပေါင်းလိုက်ရင် ကောင်းမလား ဒါမှမဟုတ် ကြောင်ကလေးထဲက တစ်ကောင်ကို အာရှတော်ဝင် ပို့ပြီး ဆေးရုံ တက်ခိုင်းလိုက်ရင် ကောင်းမလား.. မိုးမိပြီး.. ဖျားနေတယ်ဆိုပြီး..။ (အဟေးဟေး..) ထားပါလေ..။ ဒါနဲ့ သဒ္ဓါလှိုင်းက ကြောင်ကလေးနှစ်ကောင်ကို အိမ်ခေါ်သွားမယ်..။ အိမ်မှာ အစာကျွေးပြီး နွေးနွေးထွေးထွေး ထားမယ်ပေါ့ကွယ်..။ ပြုစုမယ်ပေါ့..။ နွားနို့တွေ ဘာတွေ တိုက်ပေါ့..။ ကဲ.. ဘယ်လို ဆက်ရင် ကောင်းမလဲ..း))

ဆက်မယ်..။ အဲ့ဗျာ နောက်တနေ့ သဒ္ဓါလှိုင်းရုံး ရောက်တော့ ရုံးလှေခါးအောက်မှာ ကြောင်မိဘနှစ်ပါး.. တစ်ယောက်ကို တစ်ယောက်ဖက်ပြီး အိပ်ပျော်နေတာကို တွေ့တယ်လို့ ဇာတ်ကွက်ကို ပြန်ဆင်လိုက်မယ်..။ သဒ္ဓါလှိုင်းလည်း... “ဟယ်....))))))..” ဆိုပြီး အံ့သြဝမ်းသာ ဖြစ်ပြီး မျက်ရည်တွေ ဘာတွေတောင် ဝဲတက်လာလို့ ဆိုပြီး သရုပ်ပါအောင် ဖွဲ့လိုက်မယ်..။ မျက်ရည်ကျရင်လည်း ကျမယ်ပေါ့.. မကျရင်လည်း မကျဘူးပေါ့..။ ဒါနဲ့ သူလည်း ကြောင်နှစ်ကောင်ကို ပွေ့ချီပြီး ရုံးခန်းထဲ ခေါ်သွားလိုက်ပေါ့.. ရေတွေဘာတွေ သုတ်ပေးပြီး သူ့ထမင်းဗူးလေး ဖွင့်ပြီး ကျွေးပေါ့..။ သူက အရမ်းကို သနားကြင်နာတတ်တဲ့ မေတ္တာရှင်မလေးလို ပုံပေါ်လာအောင် ရေးရမှာကိုး..။ ကဲ.. ဘယ်လို ဆက်မလဲ..။

ကြောင်မိဘကို ရုံးမှာ (၃) ရက်လောက် ထားထားလိုက်မယ်.. ကလေးတွေနဲ့ ပေးမတွေ့သေးဘူး..။ သဒ္ဓါလှိုင်းကလည်း အိမ်က ကြောင်ကလေးလေး နှစ်ကောင်ကို ပြုစုလိုက်..။ ရုံးက ကြောင်မိဘနှစ်ပါးကို ပြုစုလိုက်..။ စာဖတ်သူအားမလို အားမရတွေ ဖြစ်လာအောင် ပေးမတွေ့သေးပဲ ဆွဲထားဦးမယ်လေ.. စာဖတ်သူစိတ်ထဲကနေ “ပေးတွေ့လိုက်ပါတော့လား..” လို့ ဖြစ်လာအောင် ဖန်တီးမယ်လေ.. အဲ့ဒီမှာ အသည်းယားအောင် ရေးရမှာ ဆွဲရေးရမှာပေါ့..။ သိပ်ချဲ့နေလို့လည်း မဖြစ်ပြန်ဘူး စာဖတ်သူ စိတ်ညစ်ပြီး ဆက်မဖတ်ပဲ နေတတ်တယ်လေ..။ ဘယ်လို ဆက်ရင် ကောင်းမလဲ..။ ဇာတ်ကို ဆက်ရှည်ချင်ရင်တော့ သဒ္ဓါလှိုင်းရဲ့ ချစ်သူက ကြောင်ကို မုန်း..။ သဒ္ဓါလှိုင်းနဲ့ ပြဿနာတက်..။ ဒါမှ မဟုတ်ရင်လည်း သဒ္ဓါလှိုင်းရဲ့အိမ်က တစ်ယောက်ယောက်က ကြောင်ကလေး နှစ်ကောင်ကို သွားလွှတ်ပစ်လိုက်..။ အဲ့ဒီနေ့မှာပဲ သဒ္ဓါလှိုင်းကလည်း ရုံးက ကြောင်မိဘနှစ်ကောင်ကို အိမ်ခေါ်လာ.. ကြောင်မိသားစု မတွေ့ပဲနဲ့ တခါထပ်လွဲသွား..။ အဲ့လို လုပ်ရင် ကောင်းမလား.. (အဟေးဟေး) ဒါမှ မဟုတ် မိသားစု မြန်မြန်ပြန်တွေ့ပေးလိုက်ရင် ကောင်းမလား..!!! သဒ္ဓါလှိုင်းကလည်း အဲ့ဒီ ကြောင် (၄) ကောင်ကို မိသားစုမှန်း သိသွားတာမျိုးနဲ့ ဝမ်းသာ ခုန်ပေါက် ပျော်မြူး.. အိမ်မှာပဲ ကြောင်မိသားစုကို မွေးထားလိုက် အဲ့လို ပျော်ပျော်ပါးပါး ဇာတ်သိမ်းလိုက်မယ် ဆိုရင်ရော..။ မပြီးချင်သေးရင်တော့ ကြံဖန်ပြီး ဆက်ရှည်လိုက်မယ်လေ...။ တွေးတော့သာ လွယ်နေတာ.. တကယ်ရေးရင် ဒီအတိုင်း မဟုတ်ပဲ ဇာတ်က ပြောင်းရင် ပြောင်းသွားဦးမှာ..။

အိုကေ ဒီလောက်ဆို ဇာတ်လမ်းကတော့ ပုံကြမ်းရပြီ..။ အတွေးထဲမှာတော့ ဇာတ်ကွက်တွေ၊ လှုပ်ရှားပုံတွေ၊ နောက်ခံ သရုပ်ဖော်ပြကွက်တွေက ပုံပေါ်လာပြီ..။ စကားလုံးနဲ့ အဖွဲ့အနွဲ့လေး ထပ်ထည့်လိုက်ရင် အိုကေလောက်ပြီ..။

ကဲ.. အခုချက်ချင်းပဲ စရေးတော့မယ်...။
ခေါင်းစဉ်ကို ဒီလိုလေး ပေးလိုက်မယ်..!!!

“မသဒ္ဓါနှင့်ချစ်စရာကြောင်ကလေးများ”


(ပြီးပါပြီ)
............................................... ********** ...............................................

ညီမငယ် သဒ္ဓါလှိုင်းရဲ့ ဘလော့ (၁) နှစ်ပြည့် အမှတ်တရမှာ ပျော်ရွှင်ချမ်းမြေ့စွာနဲ့ ဆက်လက် ဘလော့ဂင်းနိုင်ပါစေလို့.. ဆုတောင်းပေးလိုက်ပါတယ်..။ ကျနော် ရေးမယ်လို့ ပြောနေတဲ့ ကြောင်မိသားစု ဇာတ်လမ်းလေးက ညီမငယ် ရေးခဲ့ဖူးတဲ့ “ခဏတာ” ဆိုတဲ့ ပိုစ့်လေးကို ခံစားတွေးမိပြီး ရေးထားတာပါ..။ အချိန် တကယ်မရလို့ ဝတ္ထုတိုပုံစံ မရေးဖြစ်တာကို နားလည် ခွင့်လွှတ်ပေးပါနော်..။ နောင်များ အချိန်ရရင် ဒီဇာတ်လမ်းလေးကို ပြန်ရေးပါမယ်လို့..။ အခုတော့ ဒီပိုစ့် လက်ဆောင်လေးနဲ့ပဲ ကျေနပ်နှစ်သက်ပေးပါလို့..။
အဆင်ပြေပျော်ရွှင်ပါစေကွယ်..။

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
.....................................................................
Congratulations For Your Blog

ကိုယ်စွဲလန်းတဲ့ ကျောင်းပုံရိပ်ကို ကိုယ့်လိုပဲ တစွဲတလန်းရှိတဲ့ Blog လေးဖြစ်တဲ့ အပြင် ကိုယ်သိနေတဲ့ ညီမလေး ရေးတာမို့ မကြာခဏ ၀င်ဝင်ဖတ်မိပါတယ်။

စာလေးတွေ သပ်သပ်ယပ်ယပ် ရေးသလို Blog လေးကလည်း သပ်သပ်ယပ်ယပ် မို့လည်း စိတ်ချမ်းသာ ရပါတယ်။ ခုတော့ ဒီ blog လေး နှစ်လည်ပြီ။

ကျမကတော့ စာတွေ ဖတ်.. စာတွေ ရေးနေချင်တာဟာ စိတ်ချမ်းသာစရာ ကောင်းတဲ့ ၀ါသနာပဲလို့ သတ်မှတ်သူမို့ အဲလို ၀ါသနာပါတဲ့သူတွေကို နှစ်လိုတတ်ပါတယ်။ အဲဒီအခါ Blog လေးတွေ များလာတာဟာ နှစ်လိုစရာ မိတ်ဆွေတွေ များများ ရှိတာပဲလို့လည်း ကျေနပ်ရပါတယ်။ အဲဒီ မိတ်ဆွေတွေထဲ တယောက်ဖြစ်တဲ့ သဒ္ဓါလှိုင်း.. ဘလော့လေး ကြာရှည် တည်ပါစေ ဆုတောင်းရင်း နှစ်လည်မွေးနေ့ အထိမ်းအမှတ်စာ ပါးလိုက်ပါတယ်။
ချစ်သော
မေငြိမ်း

………………………………………………………….

'' တေးဆက်ဆိုပါ သဒ္ဓါလှိုင်း "


ဟောသည့် ဖန်မျှင် အလင်းတန်းထဲမှာ
ပြတင်းပေါက်ကလေး တခု ရှိတယ်...

အဲသည့် အနောက်မှာ
ကောင်မလေးတယောက်ပါ့...

ဒါမှ မဟုတ်...
ငြိမ်ငြိမ်လေး စီးဆင်းနေတဲ့
မြစ်တစင်း...

ဒါမှ မဟုတ်...
ပင်လယ်ကို ထမ်းထားနေတဲ့
ကမ်းခြေတခု...

ဒါမှ မဟုတ်...
ရောင်စဉ် ခွန်နှစ်သွယ် ဖြာထွက်နေသော
တိမ်လွှာတစ...

ဟော...
အချိန်ကာလတွေဆိုတာကလည်း
လှစ်ကနဲ... လှစ်ကနဲ... နေနေပါ့လား...

တနှစ်ပြည့်သွားပြီတဲ့...
အဲ့သည့် ပြတင်းပေါက်ကလေး...

ဟက်ပီးဘာ့သ်ဒေး -
ဟက်ပီးဘာ့သ်ဒေး ပါ...
ပြတင်းပေါက်ကလေးရေ့...

တေးဆိုလိုက်ပါတယ်...

ကမ္ဘာမြေကို
မင့်တေးတွေနဲ့
ဆက်လက်ချိုမြိန်စေလိုက်ပါ့...

(ချစ်ခင်သော...)

ATN (အကိုအောင်သာငယ်) ........................................................................

သမီးအတွက် ကဗျာ...

မြစ်တမြစ်ဟာ သူ့နှလုံးသားနဲ့ သူစီးရတာ ..

အဲဒီမြစ်ဟာ သမီးဖြစ်စေ ....။


ကမာပုလဲ
မတ်လ ၂၀၁၁။

......................................................................



ကမ်းခြေရေးတဲ့ လှိုင်း

ဆူနာမီတွေထက်
အများကြီး မြင့်တယ် ...
ကြောက်မသွားကြပါနဲ့
အဲဒီလှိုင်းက သဒ္ဓါလှိုင်းပါ ...
ကျနော်လို ကမ်းခြေကောင်တွေ
အမြဲမျှော်လင့်နေရတဲ့
စာတွေ သယ်ဆောင်လာတဲ့လှိုင်း ...။

ပင်လယ်တွေ မခမ်းသလို
လှိုင်းတွေ မကုန်သလို
သဒ္ဓါလှိုင်း လည်း
ကျနော်တို့ ရင်ကို
ဆက်ပြီး ရိုက်ခတ်နေနိုင်ပါစေ ....။ ။

(သဒ္ဓါလှိုင်းဘလော့ဂ် တစ်နှစ်ပြည့်အမှတ်တရ)

ချမ်းမြေ့ပါစေ ....
နွေဆူးလင်္ကာ

........................................................

25 comments:

သော်ဇင်စိုး said...

ကမ္ဘာလောကမှာ အဓိကအကျဆုံးသော အကြောင်းအရာတွေကို စာပေတွေအဖြစ် ဘာသာစကားအမျိုးမျိုးနဲ့ မှတ်တမ်းတင်ထားကြပါတယ်။ ဒါကြောင့် လူသားတွေဟာ မိမိမှာ ရှိတဲ့ မိမိရဲ့အတွေ့အကြုံ၊ အယူအဆ၊ သမိုင်း၊ နောက်ဆုံး လူတို့ ရဲ့ လေဘ၊ ဒေါသတို့ ကင်းဝေးတဲ့ လမ်းဓ ကျင့်စဉ်တွေကအစ လူသားတွေဟာ စာပေမှာပဲမှတ်တမ်းတင်ထားကြပါတယ်။
အလိမ္မာစာမှာရှိ ဆိုတဲ့ စကားတော့ရှိပါတယ်။ ဒါပေမဲ့ စာဖတ်တဲ့ စာရေးတဲ့ သူတိုင်းဟာ လိမ္မာကြတာတော့မဟုတ်ပါဘူး။ ဒါတွေကို ငါ့မင်းငါ့ချင်း ၀ါဒီ ကွန်မြူနစ်တွေဟာ စာပေကို သာမန်လူတွေထက် လိုက်စားခဲ့ကြပါတယ်။
ခုကျွန်တော်တို့ အားလုံး ဘလော့ရေးနေကြပါတယ်။ အင်တာနက်ပေါ်မှာ နောင်ကာလ ဘယ်လောက်ကြာမှ ပျောက်ပြယ်သွားမယ်မှန်းမသိတော့။ ဘလော့ဟာ ကျွန်တော့်တို့ရဲ့ သမိုင်း၊ ကျွန်တော်တို့ရဲ့ ခေတ် လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဘယ်လောက် သဘောထားကြီးနိုင်ခဲ့သလဲ၊ ကျွန်တော်တို့ ဘယ်လောက် စဉ်းစားတွေခေါ်နိုင်ခဲ့သလဲ၊ ဆိုတာတွေကို အင်တာနက် စာမျက်နှာပေါ်မှာ မှတ်တမ်းတင်ထားလိုက်ပါပြီ။ နောင်လာနောင်သာများ ဖတ်ရှုပြီး အတွေးတွေပွားကြပါလိမ့်မယ်။

တစ်နှစ်ပြည့်မှသည် နှစ်ပေါင်းရာချီတိုင် အမှန်တစ်ရားအတွက် တံတိုင်းတစ်ခုဖြစ်နိုင်ပါစေ..

~ဏီလင်းညို~ said...

တစ်ကယ့်အရောင်စုံပန်းတွေပွင့်တဲ့ တောတန်းတစ်ခုထဲကို ရောက်သွားသလိုပါပဲ.....။
ဖတ်လို့ကောင်းတဲ့စာတွေလေ.....။

ထပ်ဆုတောင်းပေးပါတယ်......။
စာတွေအများကြီးဆက်ရေးနိုင်ပါစေလို့ဗျာ......။

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

ညလင်းအိမ် said...

ကြည်လင်သော စာပေရဲ့ ရိုက်ခတ်မှုတွေက
စိတ်ကို ပျော်မွေ့စေသလိုပဲ
စာပေတွေမှာ မွေ့ပျော်ရင်း ရှေ့ဆက်နိုင်ပါစေ အစ်မ ...

ခင်မင်စွာဖြင့်
ညလင်းအိမ်

Khinmarlaraung said...

အမရေ...ဖတ်ခဲ့ဖူးသမျှ ထဲမှာ ပထမဦးဆုံး အကြိမ် ထင်ပါတယ်။ ရသတွေ အစုံ၊ အနုပညာတွေ အစုံ၊
အသိပညာတွေ အစုံ၊ စာရေးသူ ကိုယ်တိုင်လေးစားအား
ကျရတဲ့ စာပေမောင်နှမတွေ အကုန် တစ်နေရာတည်းမှာ
ဆုံပြီး စာအလှဖော်နေခဲ့သလိုပါပဲ။ :)
တကယ်ကို...ဝမ်းသာဂုဏ်ယူမိပါကြောင်းပါ..မရေ။
...ခင်မင်လေးစားလျှက်...ခင်မာလာအောင်...:)

ချော(အစိမ်းရောင်လွင်ပြင်) said...

တစ်နှစ်ပြည့်မှာ သဒ္ဓါရဲ့ ဘလောဂ့်မောင်နှမတွေရဲ့ အမှတ်တရစကားတွေက ဖတ်ချင်စဖွယ်လေးတွေကြီးပါဘဲ
အားလုံးက သေချာအလေးအနက် ရေးပေးထားကြတာကို တွေ့ရတယ်..
စာရေးကောင်းသလို လူချစ်လူချင်များတဲ့ သဒ္ဓါရဲ့ ပုံရိပ်ကလေးတစ်ချို့ကို ဖမ်းဆုပ်မိလိုက်တယ်..
ပျော်စရာနေ့ရက်ကလေးတွေကို ပိုင်ဆိုင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ စာတွေရေးနိုင်ပါစေ သဒ္ဓါရေ။

ကိုရင်နော် said...

ပျော်ရွှင်ခြင်းများစွာဖြင့် ဆက်လက် ဘလော့ဂင်းနိုင်ပါစေ..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
(ကိုရင်နော်)

Anonymous said...

ညီမသဒ္ဓါလှိုင်း...

၁နှစ်ပြည့်မှသည် နောက်နေ့ရက်ပေါင်းများစွာ စာကောင်းပေမွန်များ ကျန်းမာ ချမ်းသာစွာဖြင့် ယခုထက်ပို၍ ရေးနိုင်ပါစေသော်ဝ်..။

ဆန္ဒနဲ့ဘ၀လည်း တစ်ထပ်တည်းကျပါစေသော်ဝ်။

ချစ်သော...
မြသွေးနီ

ချစ်ကြည်အေး said...

ချစ်ညီမ သဒ္ဒါ...ပိုစ့်ရော အမှတ်တရစာလေးတွေရော ကောင်းကောင်းနဲ့ ဖတ်သွားလိုက်တာ အားလုံးပြီးတော့ ရင်ထဲ ကြည်နူးသွားတယ်။ ရေးဖော်တွေရဲ့ နွေးထွေးမှုလေးတွေ...။

ဆက်လက်၍ နောက် နှစ်ပေါင်းများစွာတိုင် ခံစားရတဲ့အတိုင်း စာလေးတွေ ဆက်ရေးပါဦးနော်....

ချစ်ခင်စွာ
အမချစ်

mysterysnow said...

ညီမလေး

အမှတ်တရဖြစ်စေမယ့် တစ်နှစ်ပြည့် ပို့စ်လေးပါပဲ....
ရသစုံလင်လွန်းတဲ့ ပို့စ်လေးတစ်ခုမှာ
စာပေမောင်နှမတွေရဲ့ ချစ်ချင်းမေတ္တာတွေကို တွေ့လိုက်ရတယ်....
တစ်နှစ်ပြည့်မှသည် နောင် နှစ်ပေါင်းများစွာအထိ
စာတွေဆက်ရေးနိုင်ပါစေ...

ခင်တဲ့
နှင်း

Kay said...

ညီမရေ..ဒီမှာလဲ ထပ်ပြီး.. ဆန္ဒ ပန်းစည်း တစည်း ၀င်ချိတ် သွားတယ်။
း)

မြတ်မွန် said...

လှပလိုက်တဲ့ အထိမ်းအမှတ်လေးပါပဲ မသဒ္ဓါ..။
လက်ဆောင်ပိုစ့်လေးတွေ အားပါးတရ ဖတ်သွားပါတယ် မရေ။ ဆက်လက်အောင်မြင်ပါစေရှင်။

အဖြူရောင်နတ်သမီး said...

ယနေ့မှ“စ”...၍
ထာဝရ တိုင်....

တိမ်တိုက်တွေကတဆင့်အလွမ်းပြေ ရင်ခွင်တစုံကိုအမောပြေစေရင်း
တည်မြဲခြင်းမှတ်တိုင်းလေးတခုဖြစ်နေဖို့ 
ရင်နှစ်ဆုတောင်းပေးမယ်သဒ္ဓါတထစ် လှိုင်းတရစ်တိုးစေသော် . . .

ကိုရီး{ကိုကြီး} said...

မသဒ္ဒါ

အနု အညံ့ ညင်ညင်သာသာလေးတွေ ရေးတတ်သူရယ်လို့ သတိထားမိနေခဲ့ပါတယ်
ပြောခဲ့သလိုပါပဲ..... ခြေစ လက်စ မထားဖြစ်ခဲ့ပေမယ့်။
မသဒ္ဒါကို ချစ်ခင်တဲ့ မောင်နှမတွေရဲ့ လက်ဆောင်တွေနဲ့တင် အားရကျေနပ်စရာကြီးပါ
တစ်နှစ်ပြည့်မှသည်...... အစဉ် ...... ဝါသနာနဲ့ ထပ်တူသော ရပ်တည်မှု ပြည့်စုံပါစေဗျာ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

ahphyulay said...

အင်း...
ကျွန်တော်နောက်ဆုံး ထင်..၊
စာ ကို ရေးရတာ ဖတ်ရတာ ဝါသနာပါတာချင်းက
သွားတူနေကြသူချင်း မို့ ပါပဲ။
ရေးစရာလေးတွေ့  လို့  ရေးများရေးနေရရင်လေ..
ဘာကိုမှ မမြင်နိုင်တော့ အောင်ပါပဲ။
တစ်နှစ် ပြည့် မှ တဆင့်  နောင် နှစ်ပေါင်း များစွာအထိ
ဆက်လက် အောင်မြင်သွားနိုင်ပါစေတော့ ရယ်လို့  ။

ဇွန်မ said...

အမသဒ္ဓါလှိုင်း... ဒီကနေ့ကျရောက်တဲ့ ကြည်နူးဖွယ်ရာ ဘလော့ဂ်သက်တမ်း တစ်နှစ်ပြည့်ကနေ နောင်နှစ်ပေါင်းများစွာ အခုလို ခင်ခင်မင်မင် ရင်းရင်းနှီးနှီး နွေးထွေးစွာနဲ့ ဘလော့ဂ် မောင်နှမများရဲ့ ကွန်မန့်လေးတွေကို ဖတ်ခွင့်ရပါစေလို့ ဆုမွန်ကောင်း တောင်းတယ်နော်။ အမအမြဲတန်း ပျော်ရွှင်ချမ်းမြေ့ပါစေ....

ဝေလင်း said...

အစ်မရေ တိုက်တိုက်ဆိုင်ဆိုင်ဗျာ အစ်မနဲ့ ကျွန်တော်က တစ်ရက်ထဲ တစ်နှစ်ထဲ ဘလော့ဂ်လောကထဲကို ရောက်လာကြတာပဲဗျ...။ အွန်လိုင်းပေါ်မရောက်တာကြာလို့ အစ်မ ဘလော့ဂ် တစ်နှစ်ပြည့်တာ မသိလိုက်မိဘူး။ အရင်ကလည်း သတိမထားမိဘူး..။ ကျွန်တော့် ဘလော့ဂ်လည်း ဒီနေ့ပဲ တစ်နှစ်တိတိ ပြည့်တယ်။ တိုင်ပင်ထားရင်တောင် လွဲချင်လွဲဦးမယ်...။ အစ်မရဲ့ ၂၀၀၉ နိုဝင်ဘာ ၈ရက်နေ့က ငါအိုသွားတဲ့ အခါဆိုတဲ့ ပို့စ်လေးလည်း ၀င်ဖတ်ကြည့်မိတယ်...။ိတိုက်ဆိုင်မှုလေးတွေ ရှိတတ်တဲ့ ထဲမှာ ဒီတိုက်ဆိုင်မှုလေးကတော့ ကြည်နူးအမှတ်တရဖြစ်ဖွယ်ပဲအစ်မရေ...

ကိုဇော် said...

ဘလော့ တစ်နှစ်ပြည့်မှ နှစ်ပေါင်းများစွာ ပျော်ရွှင်စွာ ဆက်လက် လျှောက်လှမ်းနိုင်ပါစေ။

blackroze said...

ဘလော့တနှစ်ပြည့်မှသည်
နောင်နှစ်ပေါင်းများစွာတိုင်အောင်
စာပေအကျိုးသယ်ပိုးနိုင်ပါစေလို့
ဆန္ဒပြုလျှက်.............

သဒ္ဒါရေ...ကျမဒီတလောမအားတာာနဲ့
လာတာနောက်ကျသွားတယ်..
စိတ်မဆိုးပါနဲ့နော်...

မြစ်ကျိုးအင်း said...

ဘလော့ဂ်လောကမှာ အောင်မြင်စွာ ပျော်ရွှင်စွာ သူငယ်ချင်းများနဲ့အတူ ဆက်လက် ချီတက်နိင်ပါစေဗျာ

ခွန်သဒ္ဓါ said...

စာတွေ အများကြီး ဆက်လက်ရေးသားနိုင်ပါစေ.....

အင်ကြင်းသန့် said...

မသဒ္ဓါရေ.... ဂျင်းကတော့ အမြဲနောက်ကျနေတော့တာပဲနော်....။ ဆုတောင်းတာနောက်ကျပေမယ့် ဆန္ဒတွေကတော့ နောက်မကျပါဘူးနော်....ချစ်တဲ့မသဒ္ဓါတစ်ယောက် ဘလော့လောကမှာ နှစ်ပေါင်းများစွာတိုင်သည်အထိ အောင်မြင်စွာဆက်လက်ချီတက်နိုင်ပါစေသား....

ချစ်တဲ့
ဂျင်း

မိုးငွေ့...... said...

သဒ္ဒါ့ရဲ့ဘလော့တစ်နှစ်ပြည့်မွေးနေ့ပွဲလေးက အားရစရာပါလား စည်ကားသိုက်မြှိုက်လို့...။
နောင်နှစ်ပေါင်းများစွာထိ ကဗျာတွေစာတွေများများရေးနိုင်ပါစေလို့.....။

ခင်တဲ့
မိုးငွေ့

အနမ်း said...

စာပေ ဖတ်ရှုဖို့ဆိုတာ ၀ါသနာလေးတခုကိုလည်း အရင်းခံရမှာပါ..။ ရှိရင်းစွဲ ၀ါသနာလေးကို အစပြုလို့ ဖတ်ချင်စိတ်လေးတခုရဲ့ တိုက်တွန်းချက်ကြောင့် ဘယ်လိုကဲ့သို့သော စာပေမျိုးကိုမဆို မိမိဆင်ခြင်ဥာဏ် အားနဲ့ တဖြည်းဖြည်း ဖတ်ဖြစ်လာဖို့ပါပဲ...။ ဖတ်ရင်းဖတ်ရင်းနဲ့ပဲ စာပေရဲ့ အရသာ၊ စာပေရဲ့ အတိမ် အနက်၊ မတူသော လက်ရာကောင်းလေးတွေကိုလည်း သိခွင့်ကြုံလာမှာပါ... !

မှန်လိုက်တာနော်.. တစ်နှစ်ပြည့်လေးမှ နောင်နှစ်ပေါင်း များစွာတိုင် ဘလော့သက်တမ်းလေးတည်တံ့ပါစေ..လို့ ဆုတောင်းပါတယ်

ခင်လေးငယ် said...

သဒ္ဓါရေ....

တိုက်ဆိုင်မှု အကြောင်း အရာ အမျိုးမျိုးနဲ့ တာဝန်ကျေခွင့် မရခဲ့တဲ့ အတွက်...
တောင်းပန်ပါရစေ ညီမလေး..
နေရာတစ်ခုပေါ်မှာ မသက်မသာ လဲလျောင်းနေခဲ့ရင်း ရင်ထဲက ဆုတောင်းပေးဖြစ်ခဲ့တာလေးကို ညီမလေး ရင်နဲ့ ကြားမိနိုင်ပါစေ...
စာကောင်းလေးတွေနဲ့ ဘလော့လေးကို မြတ်နိုးစွာ စောင့်ရှောက်ရင်း နှစ်ပေါင်းရာချီတိုင်အောင် နိုင်ငံအကျိုးကို သယ်ပိုးနိုင်တဲ့ အမျိုးသမီးကောင်းလေး အဖြစ် စာတွေအများကြီး ဆက်ရေးနိုင်ပါစေ...

ချစ်တဲ့...
မမခင်လေး

ကိုခိုင် said...

တနှစ်ပြည့်မွေးနေ့လေးမှာ
အမှတ်တရရေးခွင့်ရလို့
ကျေးဇူးပါ။
“အတွေးနဲ့တင်လှနေလိုက်တာ”
ဆိုတာလေးသဘောကျမိပါတယ်။
အဲဒီလှပတဲ့အတွေးလေးတွေကို
အမြဲတန်းအကောင်အထည်ဖော်နိုင်ပါစေ။
အတွေးကောင်းပြီး
အရေးလည်းကောင်းသူမို့
နှစ်ပေါင်းများစွာဆက်လက်ရေးသားနိုင်ပါစေလို့
ဆုတောင်းပေးပါတယ်။
အစစအရာရာအဆင်ပြေပါစေ။
ကျန်းမာပါစေ။
ခင်မင်စွာဖြင့်

ကိုခိုင်