Tuesday, November 16, 2010

တကယ်သာဖြစ်လိုက်ပါတော့

ပတ်ဝန်းကျင် တခုလုံး တိတ်ဆိတ်ငြိမ်သက်လို့…..။ ခါတိုင်း အော်မြည်နေတဲ့ ဌက်ကလေးတွေလည်း ဘယ်များ ရောက်လို့ နေကြပါလိမ့်. ။ ကြားနေကျ ဌက်လေးတွေရဲ့ တေးသံချိုလေး တခုကို တမ်းတမိလိုက်တာ!!!

ဆောင်းလေရဲ့ အအေးဓါတ် လွန်ကဲမှုကြောင့် ခပ်ကွေးကွေးလေး ဖြစ်နေတဲ့ ကျမ ဆက်ပြီးတော့ ကွေးနေလိုက်တယ်.။ စိမ့်ပြီး အေးလိုက်တာ……!

ဟိုးးးးးးးးးးးး မိုးကုတ်စက်ဝိုင်းရဲ့ တခုသော နေရာလေးကို ရောက်သွားခဲ့တယ်.။ ကောင်းကင်ကို မော့ကြည့်လိုက်တော့ သာယာအေးချမ်းတဲ့ အလင်းတန်းကြီးတခုက အုပ်မိုးလို့.။

အို….. လူတွေ လူတွေ
အများကြီးပါလား……..

သူတို့တွေ ဘယ်ကိုသွားနေကြပါလိမ့်…!

ကျမသွားမယ့် နေရာကိုများ ဦးတည် သွားနေကျတာများလား..!

ကျမလည်း လူအုပ်နဲ့အတူ တိုးဝင် ရောက်သွားပြီ…

သူတို့ အားလုံးရဲ့ မျက်ဝန်းလေးတွေကလည်း မျှော်လင့်ချက် ရောင်ခြည်တွေနဲ့ တလက်လက် တောက်နေလိုက်တာ… ပန်းတိုင်တခုကို ချီတက် နေကြသလိုပဲ....။

တချို့ လူတွေကို ကြည့်လိုက်တော့ တူညီဝတ်စုံတွေနဲ့ ရင်ထဲ အသည်းထဲက အချိန်ကာလကြာ မြိုသိပ်ထားခဲ့ကြတဲ့ စကားလုံးတွေကို ဖွင့်ဟလို့…။

ကျမရဲ့ ရင်ထဲက ပြောချင်နေတဲ့ စကားလုံးတွေကတော့ လည်ချောင်းဝမှာပဲ တစ်ဆို့ နေပါလားးးးးးးး

တဖြည်းဖြည်း လျှောက်သွားရင်းနဲ့ ရှေ့တူရုဆီကို ကြည့်လိုက်တော့ ကျမတို့ အားလုံးရဲ့ ရှေ့မှာ မားမားမတ်မတ် ရပ်တည်နေတဲ့ မေတ္တာတရား နက်ရှိုင်းပြီး ရဲရင့်တဲ့ နှလုံးသားပိုင်ရှင် အမေ………!

ကျမတို့ အားလုံးကို ပြောဆို လမ်းပြပေးနေတဲ့ စကားလုံးတိုင်း စကားလုံးတိုင်းတွေက ရင်ထဲထိအောင် စွဲမြဲ နစ်ဝင်လို့ နေခဲ့ပါပြီ…။

အခက်အခဲတွေ အားလုံးကို ကျော်လွှားရင်ဆိုင်နိုင်ဖို့ ခွန်အားသတ္တိတွေ ကိုလည်း အပြည့်အ၀ ရရှိနေ ခဲ့ကြပါပြီ…။

အားလုံးသော သူတွေရဲ့ ရင်ထဲမှာတော့ ညီညွတ်မှုတွေနဲ့ အရာရာကို မကြောက်မရွံ့ ဇွဲ နဲ့ ချီတက်ဖို့ တာဆူနေခဲ့ကြပါပြီ..။

လိုချင်တာကို ရအောင် အားလုံးသောသူတွေနဲ့ အတူတကွ ကြိုးစားပြီး လုပ်ရမယ်တဲ့…. ။ ကြိုးစားဖို့ အားလုံး အသင့် ဖြစ်နေကြပါပြီ…။

တချက်တချက်တော့ လူအုပ်ကြီးရဲ့ ၀မ်းသာမှုတွေနဲ့ ပြောဆိုနေကြတဲ့ အသံတွေကြောင့် ဘာပြောသံမှ မကြားရလောက်အောင် ဖြစ်သွားခဲ့ရပြန်တယ်..။ ကျမလည်း ပြောချင်လိုက်တာ…! အမေကတော့ ပြောတယ်… ကိုယ့်ရဲ့ စိတ်ထဲမှာ ရှိနေတာတွေကို အသိပေးပါတဲ့… ကျမပြောလို့ မရပါလားးးးးးးးးးးး ကျမပြောမယ့် စကားလုံးတွေက လည်ချောင်းဝမှာတင်ပဲ အပြင်ကို ထွက်မလာပါလား…………!

ဒါပေမဲ့…………

ကျမရဲ့ ရင်ထဲမှာတော့ သေချာ ထုတ်ပိုးထားတဲ့ စကားလုံးတွေက အစီအရီပါပဲ……..

ကျမ အတွေးရေယာဉ် ကြောကြီးထဲ နစ်မြောနေတုန်း ဟေးးးးးးးးးးးးဟေးးးးးးးးးးးးးးး ဆိုတဲ့ အသံကြောင့် ရုတ်တရက် လန့်သွားတယ်… အော် ကျမတယောက် အတွေးလွန်နေတာကိုး…။

`ကျမ တယောက်ထဲ လုပ်ဖို့ လုံးဝ ရည်ရွယ်ချက် မရှိဘူး..။ အများနဲ့ အတူလုပ်မှာ. ကျမတို့ အပေါ်မှာ ကြင်နာမှုရှိတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေနဲ့ အတူ လုပ်မယ်တဲ့´… ကျမ ကြက်သီးထလိုက်တာ….! အမေရဲ့ တည်ကြည် လေးနက်တဲ့ သစ္စာ စကားတွေထဲက တခွန်း…!

အော်…. အမေ. ဘယ်လောက်များ ပင်ပန်းနေရှာရော့မလဲ…

အမေ.. ကျန်းမာပါစေ၊ ချမ်းသာပါစေ…………………….. ဆိုတဲ့ အသံတွေ မိုးကောင်းကင် တခုလုံး ပြည့်လျှံလို့ မြည်ဟိန်းသွားလိုက်တာ.!!!

အပြန်ခရီးမှာတော့ ကျမရဲ့ ရင်ထဲက ပြောချင်နေတဲ့….

အမှန်တရားကို ချစ်မြတ်နိုးပြီး ယုံကြည်ချက်ရှိရှိနဲ့ လျှောက်လှမ်းနေကြတဲ့ သူတွေရဲ့ ရင်ထဲက စစ်မှန်တဲ့ ဆန္ဒတွေ….. အနှစ်နှစ် အလလ စောင့်မျှော်နေကြတဲ့ မျှော်လင့်ချက် လင်းရောင်ခြည် တန်းလေးတွေ…. မတူညီပေမဲ့ တူညီကြတဲ့ ညီရင်းတွေရဲ့ ညီညွတ်မှု သံစဉ်တွေ….. တဦးနဲ့တဦး နားလည်မှု၊ ယိုင်းပင်းမှု၊ သည်းခံမှု၊ သိတတ်မှု၊ တန်ဖိုးထားတတ်မှု ဆိုတဲ့ အမြင်ကောင်းလေးတွေနဲ့ ဆက်ဆံမှုတွေ….. ငြိမ်းချမ်းရေး ရှိဖို့ ရှေ့ဆောင်လမ်းပြပေးပြီး ကျမတို့တွေရဲ့ ယုံကြည်မှု အင်အားကို အမိအရ ဆုပ်ကိုင်ထားနိုင်တာတွေ….. ဆိုတဲ့ ပြည့်လျှံနေတဲ့ စကားလုံးတွေကို ထွေးပိုက်ရင်း….!!!

ခိုင်မြဲတဲ့ ယုံကြည်ချက် အင်အားတွေ တနင့်တပိုးနဲ့ စိတ်ရွှင်လန်း တက်ကြွလို့ လှမ်းလာခဲ့တော့တယ်…

အိမ်ကို ပြန်ရောက်တော့ အတွေးထဲမှာတင် ပျော်နေလိုက်တာ..!
 
ဗြုန်းဆို စိမ့်ကနဲ အေးစက်သွားပြီး ကြည့်လိုက်တော့ ဟင်…… ကျမရောက်နေတဲ့ နေရာလေးက အမေနဲ့ အဝေးမှာပါလားးးးးးးးးး

အေးစက်နေတဲ့ ပါးပြင်ပေါ်မှာ ဆောင်းလေအေးနဲ့အတူ အေးစက်စက် မျက်ရည်စတချို့ ကပ်ငြိ တွဲခိုလို့…!!!!!

13 comments:

သော်ဇင်စိုး said...

ကျွန်တော်တို့ရဲ့မျှော်လင့်ခြင်းလို့ပြောရင်.. ရိုင်းရာကျနေမလားမသိဘူး..
ဟီးရိုးမဟုတ်ဘူးလို့ သူပြောခဲ့တယ်လေ..
ဒါပေမဲ့ သူ မလုပ်နိုင်တဲ့ အရာမရှိဘူးလို့ လူဖြစ်စကတည်းက ယုံနေမိတာ ခုထိပါပဲ..
တရားမျှတမှုတွေ ကမ္ဘာတည်သ၍တည်ပါစေ

ahphyulay said...

ကျွန်တော်လေ..
ဝက်ဆိုဒ်တစ်ခုထဲမှာ လူရွယ်တစ်ယောက်က အမေစု
လွတ်ပြီလို့ ကြားလဲကြားရော ချုံးပွဲချ ငိုခဲ့ တယ် ဆိုတာနဲ့ 
ကျွန်တော့် ရင်ပါ ဆို့  သွားခဲ့ ရတယ်လေ၊
အားလုံးရဲ့  အားကိုးရာ မျှော်လင့် ရာ အလင်းရောင်ဖြစ်သလို
ပြည်သူရဲ့  နှလုံးသည်းပွတ်လဲ ဖြစ်လို့  ကျွန်တော်လဲ
လွတ်တဲ့ နေ့ က ဗေဒါရောင်လေး ရွေးဝတ်ခဲ့ လို့ 
“ မဗေဒါ ” ဆိုပြီး ဏုဏ်ပြု ရေးသားလိုက်မိတယ်လေ..။

အဖြူရောင်နတ်သမီး said...

“ဘဲအုပ်က တရာနှစ်ရာ..မဗေဒါက တပင်ထဲ...ပန်းပန်လျှက်ပဲ...”

တိုင်းပြည်တိုးတက်ဖို့အတွက်..
ပန်းပန်ထားတဲ့ အမေသာမက မည်သူမဆို အမှန်တရားဘက်က ရပ်တည်နိုင်ကြပါစေ....

ကိုဇော် said...

တကယ်ကို ဝမ်းသာမိတာဗျာ။

sirimingala said...

ကောင်းလိုက်တာ။ အမေ့နှင့်ပတ်သက်တဲ့
အကြောင်းလေးကို ရေးချင်နေတာ။ အခုတော့
ဖတ်လိုက်ရတယ်။ထပ်တူပါပဲ။

မဗေဒါ (၈၈) said...

ညီမရေ ..

အတူတူပဲ.. ခံစားချက်တွေ..။

အိပ်မက်တွေကနေ နိုးထ ရအောင် အားလုံးလက်တွဲကြရမယ် ထင်ပါ့..။

မဗေဒါ (၈၈)

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘယ်လောက်ဝေးဝေး ရင်ထဲမှာ အမေရှိနေတယ်ဆိုရင်
နီးနီးလေးပါသဒ္ဓါရဲ့..
လူတွေရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ဖို့ဆိုတာ အာဏာနဲ့လည်း မရဘူး.. ငွေနဲ့လည်း မရဘူး... ဘယ်သူကမှ အမေ့လောက် လူတွေရဲ့ နှလုံးသားကို စိုးမိုးနိုင်စွမ်းရှိမှာမဟုတ်ဘူး... သူမမှာ အာဏာလည်းမရှိ၊ ငွေလည်းမရှိ
ဒါပေမဲ့ ဘာကြောင့်များ သူ့ကိုလူတွေအားလုံးက ချစ်ခင်မြတ်နိုးကြပါသလဲ...
လူထုအပေါ်ထားတဲ့ စေတနာ မေတ္တာကြောင့်ဘဲပေါ့နော်..

နှင်းဟေမာ said...

အစ်မရေ....
ထပ်တူညီတဲ့ နှလုံးသားနဲ့အတူ ခံစားချက်တူညီစွာနဲ့ လာရောက်ဖတ်မှတ်ပါတယ် ....

ကိုခိုင် said...

အန်တီစုဦးဆောင်တဲ့
အေးချမ်းသာယာဝပြောတဲ့
မြန်မာနိုင်ငံကိုအမြန်ဆုံးတွေ့လိုလှပါပြီ။
အန်တီစုလွတ်ပြီဆိုတဲ့သတင်းကိုကြားတဲ့သူတွေရဲ့
မျက်ဝန်းတွေမှာမျက်ရည်စတွေကိုယ်စီနဲ့ပါ။
အန်တီစုဘေးအန္တရာယ်များမှကင်းဝေးပါစေ။
အန်တီစုသက်တော်ရာကျော်ရှည်ပါစေ။

အစစအရာရာအဆင်ပြေပါစေ။

ကိုခိုင်

ယွန်း said...

ခံစားချက်က ထပ်တူထပ်မျှပါပဲအစ်မ..
အမေစုဟာ အားလုံးရဲ့ 
မျှော်လင့်ချက်ပဲ..ပြည်သူတွေရဲ့  ရင်ထဲ အသည်းထဲကနေ ပြည့်ပြည့်၀၀
ယုံကြည်ခြင်းခံရတဲ့သူ..
ပြည်သူတွေအားလုံးရဲ့  "အမေ" ..

အနမ်း said...

အမေ့ရဲ့စကားသံကိုကြားမိတော့..တကယ်ကိုကြက်သီး ထတာပါပဲ..

ဆောင်း said...

ဖတ်ပြီးတော့ အမေ့ကိုလွမ်းလိုက်တာ

မေပယ်လ် said...

တင်ပြပုံလေး လှတယ်
:)