Saturday, July 3, 2010

ငယ်ဘ၀ ရူးသွပ်မှု…

ငယ်ဘ၀ရဲ့ အပိုင်းအစလေး တွေကို ပြန်ပုံဖေါ်ကြည့်မယ် ဆိုရင် လူတိုင်းလူတိုင်းမှာ ဖြူစင်တဲ့ ရူးသွပ်မှု တခုစီတော့ ရှိခဲ့ကြတယ်..။

ကဗျာမြတ်နိုးလို့ ကဗျာရူးသွပ်တဲ့သူ၊ စာပေ ရူးသွပ်တဲ့သူ၊ အားကစား ရူးသွပ်တဲ့သူ၊ ငါးလေးတွေကို တယုတယ မွေးပြီး ရူးသွပ်တဲ့သူ၊ အနုပညာ ဗီဇအရ အနုပညာ ရူးသွပ်ခုံမင်တဲ့သူ၊ အနုပညာထဲကမှ ဂစ်တာတီးတာ ရူးသွပ်တဲ့သူ၊ သီချင်းဆို ရူးသွပ်တဲ့သူ၊ အကကို ရူးသွပ်တဲ့သူ၊ ကျောင်းဆရာမတွေ ကို အားကျပြီး စာသင်ချင်လို့ ဆရာမ ရူးသွပ်ခဲ့တဲ့သူ…………… စတဲ့ ရူးသွပ် ခုံမင်ခဲ့တဲ့သူတွေ အများကြီး…… ရှိခဲ့ကြတယ်…!!!

ငယ်ဘ၀ တခု.....

ကဗျာမြတ်နိုးတဲ့ သူတွေ အချင်းချင်း ကိုယ့်ရဲ့ ကဗျာဖန်တီးမှုတွေကို စာအုပ်လေးတွေ အဖြစ် ပုံနှိပ်လို့…၊ ၀တ္ထုတိုလေးတွေ ရေးပြီး မ၀ံ့မရဲနဲ့ မဂ္ဂဇင်းထဲမှာ ဖေါ်ပြခွင့်ရဖို့ ကြိုးစားပမ်းစား…၊ အားကစား ခုံမင်သူတွေထဲမှာတော့ ဘောလုံး ချစ်သူတွေက ကျောင်းပေါင်းစုံဘောလုံး၊ မြို့နယ်ဘောလုံး၊ နောက်နိုင်ငံကျော်အထိ ဘောလုံးသမားကောင်း အဖြစ် စိတ်ကူးဖန်တီးလို့..၊ တိရစ္ဆာန်လေးတွေကို ချစ်ခင်ကြတဲ့ သူတွေ.. မွေးမြူချင်တဲ့ သူတွေထဲမှာမှ ငါးလေးတွေ မွေးချင်တဲ့သူတွေက ငါးကန်လေးတွေ လှလှပပ လုပ်ပြီး ငါးလေးတွေကိုမွေးလို့…၊ အနုပညာ ဗီဇ ထက်သန်သူတွေက ထက်သန်ရာ ထက်သန်ရာ ဘက်မှာ စိတ်ပါလက်ပါ ဖန်တီးလို့..၊ စာသင်ကြားချင်သူတွေ ကတော့ အခြေအနေ ပေးရင်ပေးသလို စာသင်ကြားပေးလို့..

တချို့ကတော့ ငယ်ဘ၀ရဲ့ ပုံရိပ်တွေ ပျောက်ကွယ် သွားခဲ့ကြရတယ်.။ ဒါပဲ ဖြစ်ရမယ် ဆိုတဲ့ တင်းကျပ်တဲ့ ဘောင်အတွင်းမှာ မဖြစ်မနေ ပြုလုပ်နေ ကြရတာတွေ…..ဒုနဲ့ဒေး……..!

ဒါပေမဲ့ အသက်အရွယ် ကြီးလာပေမဲ့ ငယ်ဘ၀ရဲ့ စိတ်ကူးအိပ်မက်၊ ရူးသွပ်မှု တွေက မပျောက်မပျက် ရင်ထဲတနေရာမှာ ဖြစ်တည်နေတာကိုတော့ ဘယ်လိုအရာကမှ တားဖြစ်နိုင်စွမ်း မရှိကြပါဘူး.။

ဘ၀ရဲ့ စိန်ခေါ်မှုတွေကြောင့် လမ်းကြောင်း ဦးတည်ချက် ပြောင်းသွားပေမဲ့ ငယ်ဘ၀ရဲ့ ရူးသွပ် ခုံမင်မှုတွေကို အခြေအနေ ပေးရင်ပေးသလို ထုဆစ်ချင်ကြတယ်… သီကုံးချင်ကြတယ်…။

တချို့ကတော့ ငယ်ဘ၀ရဲ့ ရူးသွပ်မှု အတိုင်း မျောပါ နစ်ဝင်ရင်း အောင်မြင်မှုတွေ တနင့်တပိုးနဲ့…။

ငယ်ဘ၀ရဲ့ ရူးသွပ်မှု လမ်းကြောင်းကနေ သွေဖီ သွားခဲ့ရပေမဲ့ ဖြစ်တည်ခဲ့ရတဲ့ ဘ၀ ထဲမှာ စိတ်ကူးစိတ်သန်း ထက်သန်စွာ အကောင်းဆုံး လုပ်ဆောင်ချက်တွေနဲ့ လျှောက်လှမ်းနိုင် မယ်ဆိုရင် တချိန်တုန်းက မက်ခဲ့..ရူးသွပ်ခဲ့ရတဲ့ ငယ်ဘ၀ ပုံရိပ်တွေလည်း ထပ်ချပ်မကွာ လိုက်လာမှာပါ..

တချို့ကတော့ ငယ်ဘ၀ ရူးသွပ်ခုံမင်မှုတွေက ဘ၀ရဲ့ ရိုက်ခတ်မှုဒဏ်တွေ၊ ဘ၀ရဲ့ ရေစီးကြောင်းဒဏ်တွေကြောင့် မှုန်မှိုင်း ပျောက်ပျက်ခဲ့ရပြီး နှမြောစရာ ကောင်းစွာနဲ့ လွင့်စင် သွားခဲ့ကြရတယ်…။

တချို့ကလည်း လှိုင်းတံပိုး ဘယ်လောက်ပင် ထန်ထန် ဆိုတဲ့ စိတ်ဓါတ် အားမာန် နဲ့ ငယ်ဘ၀ ရူးသွပ်မှုကို မဖြစ်မနေ တည်ဆောက်ပြီး ကူးခတ်နေကြတယ်..

တချိန်က ရူးသွပ်ခဲ့ရတဲ့ ငယ်ဘ၀ရဲ့ အိပ်မက်တွေကို အကောင်အထည် မဖေါ်နိုင်ပေမဲ့ ပစ္စပ္ပုန်မှာ တွေ့ကြုံ လှုပ်ရှားနေထိုင်နေရတဲ့ ဘ၀လေးကိုပဲ မိမိအပါအ၀င်.. မိမိဝန်းကျင်လှပ သပ်ရပ်အောင်..၊ အကောင်းဆုံး တည်ဆောက်နိုင်ပြီး အနာဂတ်အတွက် လှပတဲ့ လူ့အဖွဲ့အစည်း တခု ဖြစ်လာအောင် ပြုစု ပျိုးထောင်နေရင်း ငယ်ဘ၀ ရူးသွပ်ခုံမင်မှုတွေကိုလည်း အလှဆင် နိုင်ကြပါစေလို့ ရည်ရွယ်ရင်း…

ကျမရဲ့ တချိန်က ငယ်ဘ၀ ရူးသွပ်မှုလည်း ကျမနဲ့အတူ ဖြစ်တည်ခွင့် မရခဲ့ရရှာ….!!!!!

25 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

သဒ္ဓါရဲ့ ငယ်ဘ၀ရူးသွပ်မှုက ဘာပါလိမ့်
မော်ဒယ်ဂဲလ်ဖြစ်ဖို့များလား...း)
အားမလျှော့ပါနဲ့
ဖြစ်နိုင်ပါသေးတယ်....
လာ Waka Waka အတူတူကပြီး ကျင့်လိုက်ကြစို့.........ဟိဟိ..

သူကြီးမင်း (တုံးဖလား) said...

ငယ်ဘ၀ရူးသွပ်မှုကို အကောင်အထည်ဖော်နိုင်တဲ့သူ အလွန်ကိုရှားပါတယ် ညီမ။ ဒါပေမဲ့ အခုထက်ထိ ရူးသွပ်ခွင့်ရှိတုန်းပါဘဲ။ ဆက်လက်ပြီးသာ ရူးသွပ်ပါ။ ရူးသွပ်မှုအတိုင်း လိုက်လုပ်ရင် ရည်မှန်းချက်အောင်မြင်တတ်ပါတယ်။

ခိုင်နုငယ် said...

ဟုတ်ပ..ဟိုးးးအပေါ်ကမမချောပြောသလိုပဲ
မသဒ္ဓါရဲ့ငယ်ဘ၀ရူးသွပ်မူ့ကဘားများပါလိမ့်။
ခိုင်နုငယ်ကတော့..ငယ်ကတည်းကရူးသွပ်ခဲ့ဖူးတာ
အက၀ါသနာပါတာပဲ။ ကျောင်းကပွဲတွေဆိုခိုင်နုငယ်မပါရင်
မပြီးဝူး။
အက၀ါသနာပါတာဆိုရင်တော့အတူတူအငြိမ့်ဇာတ်သဘင်
ထောင်ရအောင်လို့..။

လသာည said...

ငယ်ဘ၀ရူးသွပ်မှုက မရှိမဖြစ်ပဲလေ။ ရူးသွပ်ဖူးမှ ရရှိဖူးမှာတဲ့ ကြားဖူးတယ်။ အောင်မြင်တဲ့ ရူးသွပ်မှုကျတော့ ပန်းတိုင်လို့ ပြောကြပြီး မအောင်မြင်တဲ့ ရူးသွပ်မှုကျတော့ အိပ်မက်လို့ တင်စားကြတယ်။
သဒ္ဒါကရော.. ဘယ်လိုများဖြစ်မလဲ..

(လေးလေးနက်နက်တွေးပြီး မန့်ခဲ့ပါတယ် သဒ္ဒါရေ)
အတွေးလေးတချို့ရသွားတဲံ့အတွက် သဒ္ဒါကို ကျေးဇူးတင်ပါတယ်။

ဏီလင်းညို said...

သဒ္ဒါရေ......

ငယ်ဘ၀ရဲ့ စိတ်ကူးအိမ်မက်တွေကတော့ တစ်ကယ်ပဲ လူတိုင်းလိုလိုမှာရှိမှာပါ....။
ကိုဏီလင်းတို့လည်း.......တက်တက်စင်အောင်လွဲချော်သွေဖီခဲ့ရတယ်.....။ အရှေ့နဲ့ အနောက်လိုပါပဲ.....။
စာတွေပဲထိုင်ရေး၊ ထိုင်ဖတ်ရင်း..နေချင်မိတဲ့စိတ်ကို.......ခုတော့ဘလော့ဂ်လေးရေးရင်း....ဖြေသိမ့်နေမိတယ်လေ.......း)

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

အင်ကြင်းသန့် said...

မသဒ္ဒါရေ....ဂျင်းရဲ့ငယ်ဘ၀ အိပ်မက်က အဆိုတော်လေ အဆိုတော်....အခုတော့ အခုတော့....ဟင့်း((


ညီမလေး
ဂျင်ဂျင်း

ကိုဇော် said...

တစ်ခါက ကျနော့်ကို လူတစ်ယောက်က မေးဖူးတယ်။
ဖြစ်ချင်တာ နဲ့ ဖြစ်သင့်တာ ဘာကို လုပ်ရမလဲတဲ့။
ကျနော်ကတော့ ဖြေလိုက်ပါတယ်။
ကိုယ်တိုင် ကျေနပ် စိတ်ချမ်းသာချင်ရင် ဖြစ်ချင်တာသာ လုပ်လို့. . .
တကယ်တမ်း လောကမှာ ကြီးကြီးကျယ်ကျယ် အောင်မြင်သူတွေကလည်း ဖြစ်ချင်တာကိုပဲ ဇောက်ချ လုပ်ကြတာပါ။ ကျနော်လည်း ရူးသွပ်နေတဲ့ လူတစ်ယောက်ပဲ ဖြစ်ချင်တယ်။ အုတ်ရောရော ကျောက်ရောရော သူများ လုပ်တိုင်း လိုက်လုပ်သူ မဖြစ်ချင်ဘူး။

နေ၀သန် said...

မှန်၏ ဗျာ..... ငယ်ငယ်ကတည်းဖြစ်ချင်တာတချို့ မဖြစ်နိုင်ပါဘူးလေဆိုပြီး ဘ၀မှာ လျှောက်တဲ့လှမ်းက တစ်လှမ်းဖြစ်ပေမယ့် အခုတော့ အဲလို ၀ါသနာပါတာတွေ တခုပြီးတခုလုပ်တတ်လာပြီ...း)))...ကောင်းတယ်.. ဒီပို့စ်လေး...


ခင်မင်တဲ့
နေ၀သန်

SHWE ZIN U said...

သဒ္ဒါနဲ့ ချော ၀ါကာ ၀ါကာ ကတာကို ကြည့်အုန်းမယ်ဟားးးးးးးးး

ကဲ ဘာရူးသွပ် မှု့လည်း မသဒ္ဒါရေ သိချင်ပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Myanmar Good Knowledg Co., Ltd said...

မင်္ဂလာပါ။

ကျွန်မကတော့ အရင်ကကော၊ အခုကော၊ နောင်ကော ရူးသွပ်မှုများစွာ အိပ်မက်များစွာနဲ့ အသက်ရှင်နေပါတယ်။

“ပုထုဇနော ဥမ္မာ့တကော” လို့ကြားဘူးတာပဲလေ။ စာလုံးပေါင်း မှားရင်ပြင်ပေးပါနော်။

ခင်မင်လျှက်

sosegado said...

ကောင်းလိုက်တဲ့ အရေးပါပဲ၊ ငယ်ငယ်တုန်းက ဘာရူးသလဲမမေးနဲ့၊

blackroze said...

ငယ်ငယ်ကတော့ရူးသွပ်မှု့တွေကဘာများသလဲ
မမေးနဲ့မသဒ္ဒါရေ...အခုနေခါပြန်စဉ်းစားမိရင်
စိတ်ထဲတမျိုးလေးဘဲ..ပြန်ခံစားမိတယ်..

မြစ်ကျိုးအင်း said...

ကျွန်တော်တော့ ငယ်ငယ်က ထူးထူးခြားခြား ရည်ရွယ်တာ မရှိခဲ့ဖူးနဲ့တူတယ်။ ခုပြန်စဉ်းစား ကြည့်တာ မမှတ်မိဘူး။

ပန်းနုနှင်းဆီ said...

ငယ်ငယ်ကတော့ ပညာတွေအများကြီးတတ်တဲ့ ထူးထူးချွန်ချွန် အမျိုးသမီးတွေရဲ့ ဘ၀ကိုအားကျတယ်
ဖြစ်လဲဖြစ်ချင်ခဲ့တယ်.. လက်တွေ့မှာတော့ ကိုယ်ဖြစ်ချင်တာတွေ ခုချိန်ထိ ဖြစ်မလာခဲ့သေးပါဘူး...
ဘာဘဲဖြစ်ဖြစ် စိတ်ကူးနဲ့ ရူးရတာလဲ ကျေနပ်စရာပါနော်..

Junction Point said...

အလွဲတွေနဲ့ပဲဖြစ်လာတော့ မရူးသွပ်ရဲတော့ဘူး
သူငယ်ချင်းရေ
ဖြစ်ချင်တာက တစ်ခု ဖြစ်လာတာက တစ်မျိုး
အဲ့ဒီတော့ မရူးသွပ်တော့ဘူး
ရူးသွပ်မှုက ကိုယ့်စိတ်ကို နာကျင်စေတဲ့အထဲမှာတစ်ခုအပါဝင်ပဲလေ

Junction Point said...

အလွဲတွေနဲ့ပဲဖြစ်လာတော့ မရူးသွပ်ရဲတော့ဘူး
သူငယ်ချင်းရေ
ဖြစ်ချင်တာက တစ်ခု ဖြစ်လာတာက တစ်မျိုး
အဲ့ဒီတော့ မရူးသွပ်တော့ဘူး
ရူးသွပ်မှုက ကိုယ့်စိတ်ကို နာကျင်စေတဲ့အထဲမှာတစ်ခုအပါဝင်ပဲလေ

မောင်သီဟ said...

ဟိဟိ ကျွန်တော့်ငယ်ဘ၀ ရူးသွပ်မှုက မိဘနဲ့ ဆရာတွေ ဗျောတင်တာခံရတယ် ပုံတွေဆွဲလို့ကျောင်းစာအုပ်တွေထဲ ပုံတွေချည်းပဲ လေယာဉ်ပျံတွေနဲ့ စစ်သင်္ဘောတွေဆွဲတယ် မောင်းတဲ့သူအရမ်းဖြစ်ချင်တာ အခုတော့ ဆိုက်ကားတောင်နင်းတတ်ပါဝူးးးဗျာာာား)း)
အခုတော့ ပန်းပင်လေးတွေပဲစိုက်ပြီးနေချင်တယ်း)

မောင် လေး said...

ငယ်ဘဝရူးသွပ်မှုလား....။ဆယ်တန်းကျောင်းသားဘဝက
ရေးခဲ့တဲ့ ဝတ္ထုလေးတွေ၊ကဗျာလေးတွေကို ပြန်ဖတ်မိတိုင်း
ဘာသာပြုံးမိတယ်..။ငယ်ငယ်ကတော့ ငယ်ဘဝရူးသွပ်မှု
ပေါ့လေ..။ကြီးလာတော့ ဘာရူးသွပ်မှုလို့ပြောရမှန်းတောင်
မသိတော့ပါဘူးဗျာ။(ကြီးဘဝရူးသွပ်မှုလို့တော့မပြောကြေး
နော်...း) )

ချိုကျ said...

ဆန္ဒ နဲ့ ဘဝ တစ်ထပ်ထဲ ကျနိုင်ပါစေလို့ စာလေးကိုဖတ်ပြီး ဆုတောင်းပေးခဲ့တယ်နော် သဒ္ဓ့ါရေ....:)

ခင်တဲ့(ချိုကျ)

ဧပရယ်လ်ပူး@ပူးတေ said...

ပူးတေရဲ့ ငယ်ဘဝရူးသွပ်မှုက ဘာလဲလို့ ပြန်စဉ်းစားကြည့်တော့ အရမ်းများနေတယ်... ရူးသွပ်တာတွေ အရမ်းများနေတယ်..ငယ်ငယ်ကတော့ အစ်ကိုဝမ်းကွဲတွေ အစ်မဝမ်းကွဲတွေ နိုင်ငံခြားက ပြန်လာပြီးရင် ရန်ကုန်ပြန်ရောက်ရင် ဆွေမျိုးတွေဆုံကြပြီး လျှောက်လည်ကြတာကို အရမ်းဝမ်းသာတော့ ကိုယ်တိုင်လဲ သူတို့လူမျိုး ပြန်လာပြီး အမျိုးတွေနဲ့ဆုံချင်တဲ့ လူတယောက်အဖြစ်လဲ ရူးသွပ်ခဲ့ဖူးသေးတယ်...၇ူးသွပ်မှုတွေအများကြီးထဲကမှ တစ်ခုပေါ့လေ.. အခုတော့ အဲဒီတစ်ခုဖြစ်ခွင့်ရနေပေမယ့် မဖြစ်ချင်တော့ဘူး...ရန်ကုန်မှာပဲ ကိုယ်တွေ့ချင်တဲ့ ဆွေမျိုးတွေနဲ့ အချိန်မရွေး တွေ့ခွင့်ရတဲ့လူပဲ ဖြစ်ချင်တော့တယ်.... ခုတလော အိမ်လွမ်းနာကျနေလို့ပါ.... ;'(

သော်ဇင်စိုး said...

ငယ်ငယ်ကတော့ ရူးသွပ်မှုတွေ တသီကြီးနဲ့.. ခုတော့ဗျာ.. ကိုယ်ဖြစ်ချင်တာ ဘာမှန်းတောင် ရေရေရာရာမသိတော့ပါဘူး.. အားလုံးမေ့သွားပါပြီ.. ကိုယ်လုပ်ချင်တာကိုပဲလုပ်ချင်ပေမဲ့ သံယောဇဉ်တွေ.. မေတ္တာအကြွေး.. စတာတွေက ချည်ထားတော့.. တစ်ခါတစ်လေ.. ကိုယ်ဝိဥာဏ်လေးတောင် ပျောက်သွားမလားလို့ စိုးရိမ်နေရတယ်..

flowerpoem said...

ငယ်ဘ၀က ရူးသွပ်မှုနဲ့ တစ်ထပ်တည်းမကျခဲ့ပါဘူး မသဒ္ဓါရယ်..

ပေါ့ဆိမ့် said...

အနော် လည်း ခုထိတော့ တလွဲ စီပဲ ...
ဒါပေမယ့် ကောင်းတာတွေ လုပ်ရင်း စိတ်ချမ်းသာ တတ်အောင် ကြိုးစား နေပါတယ် ..

ညီညီ said...

ဟိုး..ငယ်ငယ်တုန်းက ကျွန်တော်သည်ကလေးဖြစ်ခဲ့သည်.
အဲ..ကလေးဆိုတော့ ဘာဖြစ်ချင်တယ်..ညာဖစ်ချင်တယ် ပေါ့..အဟီ..အခုတော့ လုပ်သလိုမဖြစ်လို့  ဖြစ်သလိုလုပ်ပီး
နေနေရတယ်..

ဘဝမှာဖြစ်ချင်တာတွေဖြစ်ခွင့်ရခဲ့ရင် .......
....................................
........အားလုံးမဟုတ်ရင်တောင်မှ..တခုလောက်ပေါ့..
ပိုစ့်အတွက်ကျေးဇူးခင်ဗျာ..အတွေးလေးတွေ
တော်တော်ရသွားပီး..

ပုံမှန် said...

ဖြစ်ချင်တာက ဆန္ဒလေ ဖြစ်လာတာ က ဘဝ ဆန္ဒနဲ့ ဘဝတစ်ထပ်တည်း ကျတဲ့ သူရှားပါတယ် ကျွန်တော်ဆို မော်ဒယ်ဘွိုင်းလုပ်ချင်တာလေ ဟီးးးး