Monday, June 28, 2010

တံတိုင်းတခု…

ပြတင်းပေါက်က တဆင့် လွင့်စင် ဖြာကျလာတဲ့ မိုးစက် မိုးပေါက်လေးတွေကို ကြည့်နေရင်း မျက်နှာပေါ်ကို မိုးရေ တချို့ ကပ်ငြိ စွန်းပေလို့ စိုထိုင်းစ ပြုလာပါပြီကော…။ ရင်ထဲမှာလည်း မျက်ရည်မိုးတွေ တစိမ့်စိမ့် ရွာနေတာကိုတော့ ကိုယ်တိုင်ကလွဲလို့ ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူးလေ..။

ဘယ်လောက်ကြာသွားလည်း မသိလိုက်ပေမဲ့ ဟိုးလွန်ခဲ့တဲ့ တချိန်က ခုလို မိုးရွာနေတဲ့ နေရာလေး တခုကို အမှတ်မထင် ရောက်သွားတာကို အမှတ်ထင်ထင် သိလိုက်ရတယ်..။

`ပလုံ´ …….`ပလုံ´……..`ပလုံ´…………

ရေကန်ထဲကို စိတ်ရှိလက်ရှိ ပစ်ပေါက်နေတဲ့ ခဲလေးတွေကို ကြည့်ပြီး ပစ်ပေါက်ပါစေ ဆိုပြီး ကြည့်နေတဲ့ `ကို့´ ကို ကျေးဇူးတင်မိတယ်.။ စိတ်ရှိတိုင်း လုပ်ခွင့်ပေးလို့ပါ…။

အို……… ကျမ စိတ်သက်သာရာရအောင် လုပ်နေတာကို ထိုင်ကြည့်နေတဲ့ `ကို့´ ကို ထပ်ပြီး ကျေးဇူးတင်နေမိတယ်.။

လောလောဆယ် ကျမကို မတားကြပါနဲ့ လွတ်လွတ်လပ်လပ် လုပ်ခွင့်ပြုပါလို့ စိတ်ထဲကနေ အထပ်ထပ် တောင်းဆိုနေမိတယ်……..။ ငိုချင်ရင်လည်း အားရအောင် ငိုလိုက်ပါ……. စိတ်ကိုမထိန်းထားနဲ့တဲ့……..

တဒင်္ဂ ငြိမ်သက်သွားမိတယ်……. ထိန်းချုပ်ထားရင်းနဲ့ အလိုအလျောက် မျက်ရည်တွေ ကျလာပြီးမှ ရှိုက်ကြီးတငင် ငိုချလိုက်မိတော့တယ်..။ ကျမကို နောက်ဆုံးအနေနဲ့ အားရအောင် ငိုခွင့်ပြုပါ………။

ဟုတ်တယ်…… နက်ဖန်ဆို `ကို´က ကျမနဲ့ အဝေးဆုံး နေရာတခုကို ထွက်သွားတော့မှာပဲလေ..။ တားပိုင်ခွင့် မရှိတဲ့ ကျမကို ငိုခွင့်ပြုရုံ ငိုခွင့်ပြုကြပါ..။

ဝေးတယ်ဆိုတာကို ပထမဆုံးအကြိမ် ခံစားရတဲ့ ခံစားမှု တရပ်အနေနဲ့ ဝေးကွာခြင်း ဒုက္ခကို ဘယ်လောက်ထိ ခံစားနေရအုံးမှာလဲ မသိပေမဲ့ သေချာတာကတော့ ကျမတို့ကို ဝေးကွာမှုဆိုတဲ့ တံတိုင်းကြီး တခုက ခြားနားထားလိုက်ကြပြီ…။

ဝေးကွာမှု ဆိုတဲ့ တံတိုင်းကြီးက ဘယ်လိုတံတိုင်းကြီးလဲ…… ကျမဖြင့် မုန်းလိုက်တာ……… ဘယ်လို အကြောင်းကြောင့် ကျမတို့ နှစ်ဦးကို ခွဲခွါခဲ့ရတာလဲ………

တံတိုင်းကြီးရဲ့ နောက်မှာရော ဘာတွေရှိနေလဲ… ရှိနေတဲ့ အရာတွေထဲမှာတော့ ဓနဂုဏ် အင်အားတွေ ပါနေမယ်ဆိုတာ…. !!!

တကယ်ဆို နှုတ်ဆက် လက်ပြ ထွက်ခွါသွားမှာကို မကြည့်လို မမြင်လိုလို့ `ကို´ သွားမဲ့ နေ့မှာ လိုက်မပို့တော့ဖို့ ဆုံးဖြတ်ထားပြီးသား..။

ဟုတ်တယ်…….. ကျမဆိုတဲ့ ကျမကလည်း… လေ…

ကျမကို အရင် နှုတ်ဆက် ထွက်သွားမှာကို မလိုလားတဲ့ သူ..။ ကျမရှေ့က ထွက်ခွါသွားမှာကို မကြည့်ချင်တဲ့သူ…။ အတ္တကြီးတဲ့သူပေါ့…။ ကျမကသာ နှုတ်ဆက် ထွက်သွားချင်သူ.. ကျမသာ ဦးဆုံး ထွက်သွားချင်သူ.. ကျမသာ ဦးဆုံး နှုတ်ဆက်ချင်သူ..

ဒါကြောင့် `ကို´ ကလည်း ကျမ လိုက်မပို့တာကို နားလည် စာနာနိုင်ခဲ့တာပေါ့…။

`ကို´ ကလည်း ကျမကို ကျန်းမာရေး ဂရုစိုက်ဖို့.. သူခေါ်ရင် သူ့နောက်ကို လိုက်ဖို့ အဆင်သင့် လုပ်ထားဖို့ .. မှာတမ်းချွေနေလေရဲ့…

ဘယ်လိုပဲဖြစ်ဖြစ် ကျမအနေနဲ့ `ကို့´ နောက်ကို ဘယ်တော့မှ လိုက်ဖြစ်မှာ မဟုတ်ဘူး ဆိုတာ သိနေလေတော့….

`ကို့´ ကိုလည်း ကျမ မလိုက်ဖြစ်မဲ့ အကြောင်း ပြောမထွက်ရက်ဘူးလေ..။

`ကို´ ပြောတဲ့ စကားလုံးတိုင်း ကျမ နားထောင်နိုင်စွမ်း မရှိတာကို ခွင့်လွှတ် နားလည်စေချင်တာ ကလွဲလို့…

သေချာတာကတော့ တံတိုင်းကြီးရဲ့ နောက်ကွယ်က မာယာထောင်ချောက်တွေနဲ့ ပြည့်နှက်နေမဲ့ နေရာတွေထဲမှာ ကူးခပ်ဖို့ စိတ်အင်အား ရှိမှာ မဟုတ်လို့ပါ `ကို…´။

23 comments:

ဧပရယ်လ်ပူး@ပူးတေ said...

မိုက်တယ်မမ... ဖြစ်ရပ်မှန် ကိုယ်တွေ့လား... မာနတော့မကြီးပါနဲ့ နှစ်ယောက်လုံးအတွက်ကောင်းမယ်ဆိုရင် သူခေါ်ရာလိုက်သွားလိုက်ပါနော်...တံတိုင်းကြီး မခံစေနဲ့။ :)

ခင်တဲ့
ပူးတေ

လသာည said...

အခုထိ ငိုနေတုန်းလားဟင်။ မငိုနဲ့တော့ တိတ်တိတ် သူလာခေါ်တဲ့အချိန် လိုက်နိုင်အောင် ပြင်ထားနော်။

ခိုင်နုငယ် said...

အချစ်အင်အားက..မည်သည့်တံတိုင်းမျိုးကို
မဆိုချိုးဖောက်နိုင်တယ်လို့ချို့ကတော့ဆိုကြတယ်။
ငိုနေတယ်ဆိုတော့စိတ်မကောင်းဘူးရယ်..
သူလာခေါ်ရင်လိုက်နိုင်ဖို့ပြင်ဆင်ထား...

နေ၀သန် said...

ကိုယ်ချင်းစာပါတယ်။ ဘယ်လိုခံစားနေရမယ်ဆိုတာကိုပေါ့။ ငိုပါ..။ မတားပါဘူး။ ဒီအချိန်မှာ ကျရတဲ့ မျက်ရည်ဟာ သိပ်ကို တန်ဖိုးကြီးလွန်းပါတယ်။ တဆတ်ဆတ် တုန်ခါနေတဲ့နှလုံးသားက ညှစ်ထုတ်လိုက်လို့ ထွက်လာတဲ့ မျက်ရည်စက်တွေမှာ လေးနက်မှုတွေ၊ နာကျင်မှုတွေ၊ လွမ်းဆွေးမှုတွေ၊ အပြည့်အနှက်ပါပဲဗျာ...။

ခင်မင်တဲ့
နေ၀သန်

(တကယ့်အဖြစ်အပျက်အနေနဲ့ပဲ မန့်ခဲ့ပါတယ်ဗျာ)

SHWE ZIN U said...

ဘဝ ဆိုတာ တိုတိုလေးပါ ချစ်တဲ့သူ နဲ့ မဝေးပါစေနဲ့ဗျာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ကျော်ညိုသွေး said...

ဒီစာလေးက တကယ့်အဖြစ်မှန်ဆိုရင်...
ဆိုတဲ့အတွေးကြောင့် ဖတ်ပြီးပြီးချင်း ပြောချင်တဲ့ စကားတွေတော့ မပြောတော့ပါဘူး။

ဒါပေမယ့် ငိုချင်လျှက် လက်တို့ ဆိုသလိုပဲ။

မောင် လေး said...

ဝေးကွာမှုတံတိုင်းတွေခြား ခြင်း ခံနေရတာ တစ်ယောက်ထဲ
မဟုတ်ပါဘူး...။အဖော်တွေရှိပါသေးတယ်..။
ကိုယ်ချင်းစာမိပါတယ်...။

အင်ကြင်းသန့် said...

မသဒ္ဓါရေ....ဘယ်လောက်ခံစားနေရမယ်ဆိုတာ နားလည်မိတယ်....ဘာပြောပေးရမှန်း မသိပေမယ့် ဆုံးဖြတ်ချက်ကိုမပြင်တော့ဘူးလားဟင်မမ....ချစ်တဲ့သူတိုင်းကို ဆုံဆည်းစေချင်လို့ပါ။

ချစ်တဲ့
ညီမလေး
ဂျင်း

ချော(အစိမ်းရောင်လွင်ပြင်) said...

မဆုံခင်ဝေးနေကြတာ အားတင်းထားပါ သဒ္ဓါရေ..
အရေးကြီးတာက ဝေးနေချိန်မှာ တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိကြဖို့ပါဘဲနော်.. အမြန်ဆုံး နှစ်ကိုယ်တူနီးခွင့် ရပါစေကွယ်..

ချစ်တဲ့
မချော

ကိုဇော် said...

ကိုယ်တွေ့ ထင်တယ်နော်. .
ဒါကြောင့် စွဲဆောင်မှု ရှိနေတာ :P

မြစ်ကျိုးအင်း said...

တခါက ခြားခဲ့ဖူးတဲ့ တံတိုင်းက ဘဝတခုလုံးစာ အထိ ဖြစ်ခဲ့ဖူးတယ်။ ကိုယ့်အဖြစ်ကို သတိရတော့ ထိထိရှရှ ပြန်သတိရမိပါတယ်။

blackroze said...

ချစ်သူတွေဘယ်တံတိုင်းမှမခြားစေချင်ဘူး
သဒ္ဒါရယ်...
ခွဲခွာတယ်ဆိုတာစာတွေကဗျာတွေထဲမှာဘဲ
လှတာပါ..တကယ်ခံစားရတဲ့အခါမှာတော့
ရင်နဲ့ရင်းပြီးခံစား၇တာပါ...

ညအလင်္ကာ said...

ချစ်သောသူနဲ့ ပေါင်းစည်းတာကိုတော့ မြင်ချင်ပါတယ်ခင်ဗျာ
ငိုနေရုံနဲ့ ကိုယ်ပဲ စိတ်ထိခိုက်ရတာ
ဒါကြောင့် ချစ်ရသောနဲ့ ဆုံစည်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ

မိုးငွေ့...... said...

အဲဒီမာနတံတိုင်းကို ဖြိုလိုက်ပါ...


ခင်မင်စွာဖြင့်
မိုးငွေ့

ကောင်းမွန်ဝင်း said...

အရမ်းချစ်တော့ အရမ်ခံစားရတာလေ။
ချစ်တဲ့သူနဲ့ ပေါင်းဆုံနိုင်ပါစေ။

ချိုကျ said...

စာနာမိတယ် သဒ္ဓါရေ...ဒီလိုပါပဲဗျာ ဒီလမ်းကိုက ဖြောင့်တာရှားတယ်ဗျ....တိတ်ပါဗျာ ငိုမနေပါနဲ့တော့ စာတွေရေးလေ အားပေးမယ် :)

ခင်တဲ့(ချိုကျ)

thaw zin soe said...

ချစ်နေရဲ့သားနဲ့ အတူတူမနေရဘူးဆိုတာ သဘာဝမကျပါဘူး.. သူ့ဟာ ကိုယ်အတွက် မရှိမဖြစ်ဆိုတာ သေချာရင်တော့ ဘာတွေဖြစ်နေနေ ဂရုစိုက်မနေသင့်ဘူး လို့ထင်ပါတယ်.. ပျော်ရွှင်ပါစေဗျား..

နွေဆူးလင်္ကာ said...

တံတိုင်းကြီးကို ကြည့်သွားတယ်။ ဟုတ်တယ် ဘော်လုံးပွဲကြောင့် စာကို မရေးဖြစ်ဘူးဗျာ။

ပန်းနုနှင်းဆီ said...

ခံစားချက်ကလေးကို ကိုယ်ချင်းစာမိတယ်..
တစ်ခါတစ်လေတော့ ခြားနေတဲ့တံတိုင်းတွေက ဖြိုဖို့ခက်လှတယ်နော်...
စိတ်အင်အားတွေ ပြည့်လာပါစေ.. လို့ ခင်မင်စွာဆုတောင်းပေးသွားပါတယ်..

ရေသန့်  said...

မမြင်ရတဲ့ တံတိုင်းပေါ့ 

kokomaung.uk said...

သူလာခေါ်မှာပါ။ တံတိုင်းတွေ ဘယ်လောက်ထူထူ သူ လာကို လာမှာပါ။ စိတ်အားငယ်စရာတွေ မတွေးနဲ့တော့နော် ညီမ။

အင်းတော်ရှမ်း said...

တကယ်ခံစားချက်အပြည့်နံ့ရေးထားလို့လားတော့ မသိဘူး ရင်ထဲမှာကို နင့်သွားတာတော့ အမှန်ပဲဗျာ ။ ခံစားရတာလေးတွေ သက်သာသွားအောင် ဒါလေးလာဖတ်လှည့်ပါအုံးနော်
http://www.indawshan.com/2010/07/blog-post_6856.html

Myat Pan Nwe (မြတ်ပန်းနွယ်) said...

ဖတ်ရတာ ဆွေးဆွေးမြေ့မြေ့ ရှိလိုက်တာ ..

ခင်မင်စွာဖြင့်
မြတ်ပန်းနွယ်