Saturday, May 8, 2010

ဘယ်သောအခါမှ ပျောက်ကွယ်မသွားမဲ့ `အမေ´


ကမ္ဘာ့အမေများနေ့မှာ အမေအတွက် ဘယ်လိုဂုဏ်ပြုစာ ရေးရမလဲလို့ တွေးရင်း… တွေးရင်းနဲ့…

ကျမရဲ့ မတောက်တခေါက် စာရေးသားပုံနဲ့ ကျမအမေရဲ့ မေတ္တာကျေးဇူး အနန္တတွေက ကြီးမားလွန်းမက ကြီးမားပြီး နှိုင်းယှဉ်ဖို့ ခိုင်းနှိုင်းလို့ မရလောက်အောင် များပြားလွန်းမက များပြားနေတာကြောင့် ရေးဖို့ အလွန့်ကို မ၀ံ့မရဲ ဖြစ်နေမိပါတယ်..။ ဒါပေမဲ့လည်း အမေများနေ့မှာ အမေအတွက်လည်း တခုခု ဂုဏ်ယူချင်၊ ဂုဏ်ပြုချင်တာကြောင့်လည်း ကျမရဲ့စိတ်ထဲမှာ အတော့်ကိုပဲ မချင့်မရဲ ဖြစ်နေရပြန်တယ်။

ကျမရဲ့ ရေးသားချက်တွေဟာ အမှန်တကယ်တော့ ဆပ်လို့ မကုန်နိုင်တဲ့ ကျေးဇူးရှင် ကျမအမေရဲ့ မေတ္တာနဲ့စာရင် မြူမှုန်လေး တမှုန်စာလောက်ပဲ ရှိမယ်လို့ ယုံကြည်မိတယ်။

ကျမ အမေဟာ သားသမီးတွေ အပေါ်မှာ ငယ်ငယ်ကတည်းက ဘယ်လိုပြုစု ပျိုးထောင်ခဲ့ရလဲဆိုတာ ကျမတို့ မောင်နှမ တွေကအသိဆုံး ဖြစ်နေလို့ပါပဲ………. အမေ။

သားသမီးတွေကို ပညာတတ် ဖြစ်စေချင်လွန်းလို့ အမျိုးမျိုး ကြိုးစားပြီး ပိုပြီး အပင်ပန်းခံခဲ့တာ တွေကိုလည်း ကျမတို့တွေ အသိဆုံးပါပဲ………. အမေ။

မိသားစု အပေါ်မှာလည်း တကယ့်ကို တာဝန်တွေကျေလွန်းလို့ အများရဲ့ အံ့သြ ချီးမွန်းမှုကိုလည်း ခံရတာ မဆန်းပါဘူး………. အမေ။

ဆွေမျိုး မိတ်ဆွေတွေ အပေါ်မှာလည်း အခက်အခဲရှိလာရင် စိတ်အား ထက်ထက်သန်သန် နဲ့ ကူညီဖို့ အဆင်သင့် ဖြစ်နေတယ်ဆိုတာ ကျမတို့တွေ အသိဆုံးပါ.......... အမေ။


မှတ်မှတ်ရရ..

ကျမ ဆယ်တန်းမှာ…

ညဘက် ညဥ့်နက်အောင် စာကျက်တဲ့ကျမကို မအိပ်မချင်း ဘေးနားကနေ စောင့်ပေးပါတယ်။ တရက်မှာ တနေ့လုံး ပင်ပန်းနေတော့ ကျမဘေးနားမှာ လှဲပြီး စောင်လေးခြုံလို့ စောင့်ပေးနေပါတယ်။ ကျမဘေးနားမှာ ခြင်ဆေးလည်း ထွန်းထားပါတယ်။ ကျမက နောက်ကိုလှည့်ကြည့်လိုက်တော့ အမေကို ခြင်ကိုက်မှာစိုးလို့ ခြင်ဆေးခွေကို ကျမအမေရဲ့ ဘေးနားကို ကပ်ပြီးထားလိုက်မိပါတယ်။ တော်တော်ကြာတော့ ကျမအမေက အမလေး ပူလိုက်တာဆိုလို့ ကျမ နောက်လှည့်ကြည့်တော့မှ ကျမအမေရဲ့ ဒူးခေါင်းမှာ ခြင်ဆေးကနေ မီးကူး၊ စောင်ကိုလောင်ပြီး ဒူးခေါင်းကိုလောင်နေပါတယ်။ ဒူးခေါင်း ပူတော့မှ သိပါတယ်။ ဒူးခေါင်းနားက စောင်မှာ အပေါက်ကြီး ဖြစ်သွားပြီး အပူလောင်သွားပါတယ်။ ဒါနဲ့ပဲ နောက်ဆို ခြင်ဆေးကို မထွန်းရဲတော့ပါဘူး။

ကျောင်းအတွက် ထမင်းဗူး အဆင်သင့် ဖြစ်အောင် အစောကြီး ထချက်၊ မနက်စာ မုန့်စားဖို့ အဆင်သင့် လုပ်ပေးနေရင်းနဲ့တောင် မအားတဲ့ကြားထဲကနေ ကျမတို့လိမ်းဖို့ သနပ်ခါးကလည်း သွေးပေးပြီးသား ပါ။ ကျမတို့ကတော့ အဆင်သင့် လိမ်းရုံပဲပေါ့။ အဲဒီအချိန်တုန်းကတော့ အမေ ဘယ်လောက် ပင်ပန်းမှန်းကို မသိခဲ့ ရရိုး အမှန်ပါ။

ကျမတို့ အရွယ်ရောက် လာတော့လည်း ကျောင်းတက်နေရတဲ့ ကျမတို့တွေ အတွက် ပင်ပန်းခဲ့ရပြန်တာပါပဲ။ ခုချိန်ထိလည်း ကျမတို့တွေ အတွက် ဘေးနားကနေ အားလုံးကို လုပ်ကိုင်ပေးနေတုန်း၊ အကြံဥာဏ်ကောင်းတွေ ပေးနေတုန်းပါ။

သားသမီးတွေ အပေါ် အလွန့်ကို တာဝန်ကျေပွန်သလို ကျမအဖေအပေါ်မှာလည်း အလွန်ကို တာဝန် ကျေပွန်ပြီး ဇနီးကောင်းပီသ ပါတယ်။

ပြီးတော့ ခင်ပွန်း သားသမီးတွေ အပေါ်မှာသာ တာဝန်ကျေပွန်ရုံမက မောင်နှမဆွေမျိုးသားချင်းအပေါ် မှာလည်း အလွန်ကို တာဝန်ကျေပွန်ပါတယ်။ တခါတရံ ကျမတို့တွေက အမေ ပင်ပန်းတာကို ကြည့်ပြီး အားမလို အားမရနဲ့ ပြောမိကြပါတယ်။ ဒါပေမဲ့လည်း ကျမအမေကတော့ ဆွေမျိုးတွေ အခက်အခဲ တခုခု ဖြစ်လာရင် အမြဲ တတ်နိုင်တဲ့ဘက်က ကူညီနေမြဲပဲ။

အပေါင်းအသင်း မိတ်ဆွေတွေ အပေါ်မှာလည်း လိုအပ်လာရင် ကူညီဖို့ အဆင်သင့်ပါပဲ။။ ဒါကြောင့်လည်း မိတ်ဆွေတွေရဲ့ ချစ်ခင်မှုကို အပြည့်အ၀ ခံစားရပြန်ပါတယ်။ ကျမတို့တွေက တခါတလေမှာ အမေကို ကြည့်ပြီး ရင်မောရပါတယ်။ ဘာလို့လဲဆိုတော့ သူများအတွက်ပဲ ပူပန်နေလို့ပါ။။။ သူများက မရှိဘူးလို့ ပြောပြန်ရင်လည်း မရှိရှိတာကို ပေးပြီး ကူညီတတ်မြဲ.. စိတ်ပူပန်မြဲ… ။ ကျမတို့က `မေ´ ဒီလောက်ထိ မပူနေပါနဲ့လို့ ပြောရင်လည်း မရပါဘူး။

အခုတော့ အမေကို စိတ်ချမ်းချမ်း သာသာနဲ့ အပူအပင်ကင်းပြီး နေနိုင်စေဖို့ ကျမအမေကို နှလုံးသားထဲကနေ ဆုတောင်းနေရုံ...

ပြီးတော့ `အမေ´ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာအောင် အစွမ်းကုန် ကြိုးစား နေထိုင် ဆောင်ရွက် ပြီး အမေ ဖြစ်စေချင်တဲ့ သမီးကောင်း တယောက် ဖြစ်စေရပါမယ်လို့လည်း ကတိပြုရင်း...

မေလ(၉) ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အမေများနေ့မှာ အမေများအားလုံး ကျန်းမာ၊ ချမ်းသာ၊ စိတ်ချမ်းသာ၍ ချစ်သော သားသမီးများနဲ့ မခွဲမခွါ အတူ နေထိုင်နိုင်ပါစေ လို့ ဆုတောင်းရင်း လက်ဆယ်ဖြာမိုး ရှီခိုးဦးချ ကန်တော့ပါတယ်။

ကမ္ဘာ့အမေများနေ့ကို ဂုဏ်ပြုရေးသားသည်။

16 comments:

အဖြူရောင်နတ်သမီး said...

အမေများနေ့ကို ထပ်တူ ဂုဏ်ပြုသွားပါတယ်...သဒ္ဓါရေ...

Flower said...

ကမ္ဘာပေါ်က အကြီးမြတ်ဆုံး အမျိုးသမီးဖြစ်တဲ့ အမေကို
စာတွေနဲ့ရေးဖွဲ့ကြပေမဲ့ ဘယ်တော့မှ လုံလောက်တယ် ဆိုတာမရှိတဲ့ ဂုဏ်ရည်တွေနဲ့ ပြည့်စုံသူပါဘဲနော်.. ကြီးလာလေ အမေ့ရဲ့မေတ္တာတွေကို နားလည်သဘောပေါက်မိလေပါဘဲ..
လူတိုင်း အမေ့မေတ္တာကို စောစော နားလည်သဘောပေါက်စေချင်တယ်..
အမေတွေအားလုံးကို လေးစားစွာဦးညွှတ်လိုက်ပါတယ်..

မဗေဒါ said...

ညီမရေ

အမေဆိုတဲ့ မေတ္တနဲ့ အရာရာကို ပေးဆပ်ခဲ့တဲ့ အမေတွေအတွက်
အမတို့ တွေ ကြည်နူး မှုတွေ ဝိုင်းခံစားကြတာပေါ့..

မဗေဒါ

ကိုလူထွေး said...

ဒူးက အမာရွတ်ကိုတွေ့တိုင်း ချစ်တဲ့သမီးကို သတိတရ ရှိနေတော့မှာပဲ...

းဝ)

sosegado said...

ထပ်တူခံစားသွားပါတယ်၊ အမေနဲ့ဝေးနေပေမယ့် အမေကို့ ရင်ထဲမှာ အမြဲ သတိရနေပါတယ်၊

what is good things said...

ဖတ်ရှုခံစားသွားပါတယ်။ အမေများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေလို့ဆုတောင်းမိပါတယ်။

Blackroze said...

အမေ..ဆိုတာဘာနဲ့မှနှိုင်းယှဉ်လို့မရပါဘူး...

Unknown said...

I'm also feel with you.coz everybody love their mother and I'm one of them.now I miss to much to my mother.actually my mother pass away last year.arr when I thinking about my mother I cannot do anything I was too bad upon my mother.If possible I want to take back the time for 1 year.I want to pay back a lot to my mother but it's cannot be.So I want to request that take care your mother of your best when she still live please.........

မြစ်ကျိုးအင်း said...

ကြီးမြတ်သော မိခင်တွေကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြပါစို့

မနက်ဖြန်တော့ အမေ့ကို ဖုန်းဆက်ရမယ်

Unknown said...

အမေ....
...........

ညလင်းအိမ် said...

တုနှိုင်းမရပါဘူးဗျာ ...

ကိုခိုင် said...

ထပ်တူထပ်မျှပါ။
အမေ့ကိုမတွေ့ရတာလဲ
တော်တော်ကြာပါပြီ။
မသဒ္ဒါလှိုင်းစာဖတ်ပြီး အမေ့ကို
ပိုပြီးသတိရသွားပါတယ် ။

ပျော်ရွှင်ပါစေ။

ကိုခိုင်

အင်ကြင်းသန့် said...

သဒ္ဓါရေ...သဒ္ဓါက အဲဒီလိုလေးတွေ ရေးထားတော့ မေမေ့ကို လွမ်းသွားရပြီ...

ခင်တဲ့
အင်ကြင်း

lamintayar said...

အစ်မရေ အမေးများနေ.အမှတ်တရ ပိုစ်.လေးကို ဂုဏ်ယူစွာနဲ.လာဖတ်သွားပါတယ်အစ်မ ကျွန်တော်မေမေလဲ မမေမေ လိုပဲ အကုန်လုံးတူတယ် သားသမီးပေါ်ဂရုစိုက်ချက်ကတော. အစ်မရေးထားတဲ.အတိုင်းရယ် ဆွေမျိုးသားချင်းတွေအပေါထားရှိတဲ.စိတ်ထား အားလုံးအတူတူပဲ ကျွန်တော်လဲမတင်ဖြစ်လိုက်ဘူး အစ်မ အဲ.နေ.ကိုကျော်သွားမှသိလိုက်ရတယ် အခုတလောအဆင်မပြေမှု.တွေအရမ်းများနေတာနဲ. စိတ်အရမ်းညစ်နေတယ်အစ်မ အဲ.ဒါနဲ.ပဲဆိုက် ထဲလဲမဝင်ဖြစ်တာ....မိဘနဲ.ထာဝရ ပျော်ရွင်စွာနေနှိင်ပြီး လုပ်ကြွေးပြုစုနှိင်သော သမီးကောင်း ရတနာ လေးဖြစ်နှိင်ပါစေ အစ်မ...ပျော်ရွင်ပါစေ..

မြသွေးနီ said...

မသဒ္ဓါရေ...
အလုပ်တွေပိနေလို့ နောက်ကျမှ ရောက်ရတာခွင့်လွှတ်နော်..။
ကျွန်မတို့အားလုံး အမေနေ့ မသတ်မှတ်ထားလည်း
အမေ့ကျေးဇူးတွေကို သိတတ်နေကြရမှာပါနော်..။
အမေ့ရဲ့မေတ္တာတွေက အနှိုင်းဆမဲ့ပါပဲနော်..။

Nge Naing said...

အမေများအားလုံး သားသမီးများ၏ နွေးထွေးမှုကို ပြန်လည် ရရှိပြီး ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ။