Tuesday, April 27, 2010

ကြွေးဟောင်းဆပ်ခွင့်ရပြီး ကြွေးသစ်ပေးနိုင်တဲ့သူဖြစ်ရပါလို၏

ကြွေးဟောင်းဆပ်ခွင့်…..

လူတိုင်းလူတိုင်းဟာ ကြွေးဟောင်းဆပ်ခွင့် မရကြပါဘူး။

တချို့ကတော့ ကြွေးဟောင်း ဆပ်ခွင့်ရပေမဲ့ မဆပ်ကြတဲ့သူတွေ..၊ တချို့ကတော့ ဆပ်ခွင့် မရကြသူတွေ..၊ တချို့ကတော့ မဆပ်နိုင်ကြသူတွေ..၊ တချို့ကတော့ ကြွေးဟောင်းကိုပဲ စားသုံးနေသူတွေ..

ကြွေးဟောင်းဆိုတာ မိဘ အပေါ်တင်နေတဲ့ အကြွေးလား.. မိမိကို ကျေးဇူးပြုဖူးသူတွေ အပေါ်တင်နေတဲ့ အကြွေးလား…….

အဲလို ..........`လား´ ပေါင်းများစွာ စဉ်းစားမိပြန်တယ်...။

တချို့က ဆပ်ခွင့်ရပေမဲ့လည်း မိမိရဲ့ အသိဥာဏ် မမြင်မှု အတွက်၊ မိမိရဲ့ လောဘ အတွက်၊ မိမိရဲ့ မေ့လျော့မှု အတွက်၊ မိမိရဲ့ မိုက်မဲမှု အတွက်၊ သူတပါး လွှမ်းမိုးမှု အောက်မှာ နေရတဲ့ အတွက်၊ မိမိ ကိုယ်တိုင်က မဆပ်နိုင်ပါဘူး…. မလုပ်နိုင်ပါဘူးလို့ ထင်မြင်နေတဲ့ အတွက်၊ လူ့ဘောင် လောကကြီးရဲ့ များမြောင်လှတဲ့ ကိစ္စ အထွေထွေနဲ့ ရင်ဆိုင် နေရတဲ့ အတွက်၊ ကျပ်တည်းလှတဲ့ ဘ၀ပေး အခြေအနေ တခုအောက်မှာ နေရတဲ့ အတွက်၊ အဝေးရောက် နေကြတဲ့ အတွက်၊ နီးနေပေမဲ့လည်း မလိုအပ်ဘူးလို့ ထင်နေတဲ့ အတွက်၊ …………… အတွက်တွေ ကြောင့် ကြွေးဟောင်းဆပ်ခွင့် မရကြပါဘူး။

တချို့ကတော့ ဆပ်ခွင့် ကြုံပေမဲ့၊ ဆပ်ခွင့် ရပေမဲ့ မဆပ်ကြသူတွေပေါ့.....

တချို့ကတော့ ဘယ်လိုမှ ဆပ်ခွင့် မရနိုင်ကြသူတွေပေါ့.....

တချို့အနေနဲ့တော့ ကြွေးဟောင်းဆပ်ခွင့် ဆုံးရှုံး နေကြရတာပါ…။ အဲလို ဆုံးရှုံးနေရတဲ့ သူတွေ အနေနဲ့လည်း တနည်းနည်းနဲ့ ဆပ်ခွင့် ရဖို့ ကြိုးစား ရမှာပါ.။

ကြွေးဟောင်း ဆပ်ခွင့် မရကြသူတွေနဲ့ ကြွေးဟောင်း ဆပ်ခွင့် ရပေမဲ့ မေ့လျော့နေတဲ့ သူတွေ……..အမှောင်လမ်းမှာ လျှောက်လှမ်း နေကြသူတွေကို ကြည့်ပြီးတော့လည်း ဆပ်ခွင့်ရစေဖို့ မျှော်လင့် တောင့်တမိတယ်။

ကြွေးဟောင်းဆပ်ခွင့် ရဖို့ ပုံစံ အမျိုးမျိုးနဲ့ လျှောက်လှမ်းနေတဲ့ သူတွေ ရှိသလို ကြွေးဟောင်းဆပ်ခွင့် ရှိပြီး ကြွေးဟောင်း ဆပ်နေသူတွေရဲ့ ပီတိ ဖြစ်စရာ ခြေလှမ်းတွေကလည်း အတုယူစရာလို့ ထင်မြင်မိတယ်။

ကြွေးဟောင်းဆပ်ခွင့် ကြုံတယ်ဆိုကတည်းက ထူးခြားလှတဲ့ ကုသိုလ် အဖြစ်ကို ရောက်နေပါပြီ။

ကြွေးဟောင်းဆပ်ခွင့် ရကြမယ်ဆိုရင်တော့ ဘယ်လို ပုံစံမျိုးနဲ့မဆို ဆပ်နိုင်ကြပါစေ…။

ကြွေဟောင်းဆပ်ခွင့် ရဖို့ မျှော်လင့်တောင့်တသူ အားလုံးလည်း ဆပ်ခွင့် ရနိုင်ကြပါစေလို့…။

ကြွေးသစ်ပေးနိုင်ခွင့်…..

လူတိုင်းနီးပါးဟာ ကြွေးဟောင်းဆပ်ခွင့် မရနိုင်ကြပေမဲ့.. ကြွေးဟောင်းဆပ်ခွင့် မကြုံနိုင်ပေမဲ့.. ကြွေးဟောင်းဆပ်ဖို့ မေ့လျော့နေပေမဲ့...

ကြွေးသစ်ပေးဖို့.. ကြွေးသစ်ချနိုင်ဖို့တော့ လုပ်ကိုင်နိုင်ကြတဲ့ အလုပ်တခုပါပဲ..။(ဒါကလည်း အများအားဖြင့် သားသမီးအပေါ် မှာဆိုရင် ပိုမှန်ကန်ပါတယ်)

ကြွေးသစ်ဆိုတာ မိမိရဲ့ သားသမီး အပေါ် ချမဲ့ ကြွေးသစ်လား.. အလှူဒါနနဲ့ ပက်သက်ပြီး ချမဲ့ ကြွေးသစ်လား.. မိမိရဲ့ ဆွေမျိုး မိတ်ဆွေ အပေါ် ချမဲ့ ကြွေးသစ်လား.. အကူအညီ လိုအပ်နေတဲ့ ပုဂ္ဂိုလ်တွေ အပေါ် ချမဲ့ ကြွေးသစ်လား.. ဒုက္ခရောက်သူ အပေါ်ကို ချမဲ့ ကြွေးသစ်လား..

ငွေအင်အား၊ လူတယောက်ရဲ့ မေတ္တာတရားကို အခြေခံလို့ စိတ်ဓါတ် ခွန်အားနဲ့ ဘယ်အရာ. ဘယ်အလုပ်. ဘယ်နေရာ. ဘယ်အခြေအနေမျိုး. မှာမဆို ကိုယ်ရော စိတ်ပါ ထက်ထက်သန်သန် နဲ့ ကူညီနိုင်တာလည်း ကြွေးသစ် ချခြင်း တမျိုးပဲ မဟုတ်ပါလား..။

မိမိကိုယ်တိုင် မမြင်မိပေမဲ့ မိမိရဲ့ လုပ်ရပ် တခုဟာ သူတပါးရဲ့ လိုအပ်မှု တခုကို ဖြည့်ဆည်းပေးလိုက် ရတာကိုက ကြွေးသစ်ချတာပဲလေ…။

မိမိ ကိုယ်တိုင်ရော ကြွေးဟောင်းဆပ်ခွင့် ရပြီး ကြွေးသစ် ချဖို့ မေတ္တာတွေ.၊ စိတ်ဓါတ် ခွန်အားတွေ ဘယ်လောက်များ ရရှိထားပြီလဲ... ရလာတဲ့ မေတ္တာ ခွန်အားကိုလည်း လက်တွေ့အသုံးချလို့ ရနေပါပြီလား....

ကြွေးဟောင်းကိုပဲ ရိတ်သိမ်းကြပြီး ကြွေးသစ် မျိုးစေ့မချ နိုင်သူတွေ အတွက် မျိုးစေ့ကျဲဖို့ တိုက်တွန်း ဆန္ဒပြုရင်း…

(ယနေ့ ကဆုန်လပြည့် `ဗုဒ္ဓနေ့´ အတွက် ရည်စူးပြီး ရင်ထဲ တနေရာမှာ ခိုအောင်းသွားနိုင်ဖို့ အတွက် မျှော်လင့်ရင်း..)

16 comments:

အဖြူရောင်နတ်သမီး said...

ကြွေးသစ်မပေးနိုင်သေးပေမယ့် ကြွေးဟောင်းဆပ်နိုင်အောင် အရင်ကြိုးစားလိုက်ပါ့မယ် သဒ္ဓါရေ...

စိတ်ထားနူးညံ့တဲ့ သူငယ်ချင်းလေး..ရွှင်လန်းချမ်းမြေ့ပါစေရှင်....

နှင်းနဲ့မာယာ said...

ကြွေးသစ်ချဖို့ စဉ်းစားရတော့မယ် :D

နှင်းနဲ့မာယာ

အင်ကြင်းသန့် said...

သဒ္ဓါရေ...ဖတ်မှတ်သွားတယ်နော်...ဒီလိုနေ့ထူးနေ့မြတ်မှာ ကောင်းမွန်တဲ့ အသိတရားလေးကို ရရှိအောင် မျှဝေပေးတဲ့ သဒ္ဓါတစ်ယောက်လည်း စိတ်ရှိသလောက် ကြွေးဟောင်းဆပ်ခွင့် ကြွေးသစ်ချနိုင်ခွင့်တွေ ရရှိပါစေလို့...

ခင်တဲ့
အင်ကြင်း

SHWE ZIN U said...

ကြွေးသစ် ကတော့ မရှိပါဘူး ကြွေးဟောင်း ကတော့ ဆပ်ပါတယ်ဗျာ

ဟီး..ဟီး ညီမ အင်ကြင်း ပြောသလို ဆုတောင်းပေး လိုက်တယ်နော်

ခင်တဲ့
ရွှေစင်

ဒဏ္ဍာရီ said...

တကယ်ကို လေးစားမိပါတယ် သဒ္ဓါရေ... နေ့ထူးနေ့မြတ်လေးမှာ ကျေးဇူးစပ်ရမယ်ဆိုတဲ့ အသိလေးနဲ့ သတိပေးသွားလို့ ကျေးဇူးတင်မိပါတယ်။ နွယ်တို့လည်း ကြွေးဟောင်းကို ရိပ်သိမ်းနိုင်အောင် ကြိုးစားရင်း ကြွေသစ်အတွက် ခွန်အားတွေ မွေးရဦးမယ်။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

Flower said...

အသိတရားရှိဖို့ သတိလေးပေးထားတဲ့ပိုစ့်လေးကို
ကျေးဇူးတင်စွာဖတ်သွားပါတယ်သဒ္ဓါ
အင်း လူတိုင်းဘဲ ကြွေးဟောင်းဆပ်ဖို့တာဝန်ရှိတာပေါ့နော်..
ကြွေးသစ်တော့ မချနိုင်သေးပါဘူး..ဟိ
အဟောင်းဘဲကျေအောင် ဆပ်ပါတော့မယ်

ဝက်ဝံလေး said...

ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ ဆိုတဲ့ သီချင်းလေး သတိရသွားတယ် မနန်းပြောသလိုပဲ ကြွေးသစ်မပေးနိုင်ပေမယ့် ကြွေးဟောင်းဆပ်နိုင်အောင် ကြိုးစားရမယ် အခွင့်ရပါစေလို့မျှော်လင့်ပါတယ်

ဒါနဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့က ဒီနေ့လား အရင်တုံးက မေလလောက်ကျတာမဟုတ်ဘူးလား မသိဘူးနော် မမ ပြောမှပဲသိရတာ ဟီးးးးး

Cameron said...

ကဆုန်လပြည့်အတွက် ကုသိုလ်လေးဖြစ်အောင် ပို့စ်လေးရေးနိုင်တဲ့ အတွက် ၀မ်းသာပါတယ်...။

ခင်မင်စွာဖြင့်
မိုးငွေ့

ကိုကိုးအိမ် said...

ကျွန်တော်ကတော့ ကြွေးသစ်ချဖို့မလွယ်ပါဘူးဗျာ
ကြွေးဟောင်းတောင် အနိုင်နိုင်ပါ
မဒဏ္ဍာရီကတော့ ငြုပ်သီးစားပြီးစပ်နေလားမသိဘူး
ကြွေးဟောင်းစပ်နေတယ်တဲ့ အဟီး...နောက်တာနော်

ကိုကိုးအိမ်

မြသွေးနီ said...

သဒ္ဓါရေ...
သဒ္ဓါရဲ့ ပို့စ်ခေါင်းစဉ်လေးက မြသွေး ဘုရားဝတ်ပြု တိုင်း ဆုတောင်းနေကျပါ။ ထပ်တူမကျပေမယ့် အဓိပ္ပါယ်ကတော့ အတူတူပါဘဲ။

အခုလောလောဆည်တော့ ...
စာအကြွေးတွေဆပ်သွားပါတယ်နော်။

ခင်မင်လေးစားစွာ...
မြသွေးနီ

what is good things said...

တတ်နိုင်သလောက် ကြွေးဟောင်းတွေလည်း ဆပ်ချင်ပါ တယ်။ ကြွေးသစ်တွေလည်း မျိုးစေ့ချဖို့ကြိုးစားနေပါတယ် သဒ္ဓါရေ..။

သိင်္ဂါကျော် said...

မိဘနဲ့ ပတ်သက်လို့တော့ ကြွေးဟောင်းလည်း မဆပ်နိုင်သေးပါဘူး.. သားသမီး ကြွေးသစ်ချဖို့လည်း စိတ်ကူးတော့ မရှိပါဘူး။

အရင်က ကြွေးဟောင်း များများ မရှိခဲ့လို့ ခုဘဝမှာ သိပ်မပြည့်စုံတာဆိုတော့ ဒါန၊ သီလ၊ ဘာဝနာ ကြွေးသစ်ချဖို့တော့ ကြိုးစားရမှာပေါ့နော်...

~ဏီလင်းညို~ said...

သဒ္ဒါရေ......
ကိုဏီလင်းကတော့ ကြွေးဟောင်းပဲ ဆပ်ပါတော့မယ်ဗျာ.........း))
ဆပ်လို့မ၀သေးဘူး...ခုထိ....။
ဒီပို့စ်လေးအတွက် ကျေးဇူး.......။

ခင်မင်တဲ့
ဏီလင်းညို

မြစ်ကျိုးအင်း said...

ပို့စ်ဖတ်ပြီး ကိုယ့်ကိုကိုယ် ပြန်ကြည့်ဖြစ်တော့ အားရစရာပါပဲ
ကြွေးဟောင်းတွေတောင် မကျေသေးဘူးးး
တော်သေးတယ် ကြွေးသစ်ချဖို့ မတွေးထားသေးလို့

ကိုခိုင် said...

ကြွေးဟောင်းတွေကို
မြန်မြန်ကြေချင်လှပါပြီ။
နောက်လူတွေအတွက်
အကောင်းဆုံးတွေပဲ
ပေးချင်ပါတယ်။
ပျော်ရွှင်ပါစေ။

ကိုခိုင်

ညလင်းအိမ် said...

ကျွေးဟောင်းဆပ်နိုင်အောင်ပဲ အရင်ကြိုးစားအုန်းမယ် မသဒ္ဒါရေ ...