Wednesday, April 21, 2010

တမ်းတမိသော အမေ့လက်ရာ (၂)…


ဒီနေ့ မနက်စောစောမှာ ကျမအမေ ဖုန်းဆက်တော့ ရခိုင်မုန့်တီ ချက်စားတယ်တဲ့။ သမီးစားချင် နေမယ်မလားတဲ့။ ကြားလိုက်တာနဲ့တင် သားရေယိုပြီး ကျမအမေ့ရဲ့ ချက်နေကြ ရခိုင်မုန့်တီ လက်ရာလေးကို ပြေးပြီး မြင်ယောင် နေမိတယ်။

စိတ်ထဲမှာလည်း သိပ်ကို စားချင်တာပေါ့လို့ ပြောနေမိတယ်။ တကယ်တော့ စားချင်တယ်လို့ ပြောမထွက်ခဲ့ပါဘူး အမေ…။

အစားအသောက် ချေးများလွန်းတဲ့ ကျမ…..!

ချေးများတာထက် မစားတဲ့အရာ များလွန်းတဲ့ ကျမ….!

တော်ရုံချက်တာ စားလို့ မရတဲ့ ကျမ….!

အခုတော့ အစားအသောက်နဲ့ ပက်သက်ရင် ချေးမများနိုင်တော့ပါဘူး။ ဗိုက်ပြည့်အောင် စားတဲ့ သဘော အနေနဲ့ပဲ စားလိုက်တာပါပဲ။ ဒါလည်း အခြေအနေက ကျမကို သင်ပေး လမ်းညွှန် လိုက်တယ်လို့ ထင်တယ်လေ။ ဒီလို အခြေအနေမှာ ဒီလို နေရမှာပဲ ဆိုတဲ့ ကိုယ့်ကိုကိုယ် နေထိုင်တတ်၊ စားသောက်တတ်အောင် သင်ခန်းစာ ရလိုက်ပါတယ်။

အရင်တုန်းကတော့ ကျမအမေ ရခိုင်မုန့်တီ ချက်မယ်ဆိုရင် ကျမက အမေဘေးနားမှာ ၀ိုင်းကူလုပ်ပေး နေကြပေါ့။ ပြီးတော့ ကျမအမေ ချက်တာ ထိုင်ကြည့်နေကြလေ။

ရခိုင်မုန့်တီ ချက်တဲ့အခါ အကောင်းဆုံး ငါးကတော့ (ငါးရွှေ) ငါးပါ။ ငါးရွှေက ညှီတဲ့အတွက် အရင်ဆုံး ငါးကို မီးလေးနဲ့ ကင်လိုက်ပါတယ်။ ပြီးတော့မှ ပဒဲကော၊ ကြက်သွန်ဖြူ၊ ငါးပိ၊ ဂျင်း ထဲ့ပြီး ငါးနဲ့ ပြုတ်ပါတယ်။ ဆားနဲ့ အချိုမှုန့်ကတော့ သင့်သလောက် ထဲ့ပါတယ်။ ငါးကလတ်ပြီး ချိုနေရင် အချိုမှုန့်တောင် သိပ်ပြီး ထဲ့စရာမလိုပါဘူး။ ပြီးမှ ပြုတ်ထားတဲ့ ငါးကို အရိုးနွှင်ပြီး ဒယ်အိုးထဲ ဆီထဲ့ပြီး နနွင်းမှုန့် နဲနဲနဲ့ ခြောက်သွားအောင် ကြော်ပါတယ်။ အဲဒါကို (ငါးမုန့်)လို့ခေါ်ပါတယ်။ ကျမအမေကတော့ ဟင်းရည်အိုးထဲကိုလည်း ပြုတ်ပြီးသား ငါးကို နွှင်ပြီး ထဲ့ပါသေးတယ်။ ကြော်ထားတဲ့ ငါးမုန့်ကတော့ စားတော့မှ ဟင်းပန်းကန်ထဲ ထဲ့စားကြတာပါ။ စားတော့မယ်ဆိုမှ မုန့်ဖတ်၊ ဟင်းရည်၊ ငါးမုန့်၊ နံနံပင်၊ အချဉ်အဖြစ်တော့ မန်းကျည်ရည် (ဒါမှမဟုတ် မန်းကျည်းသီးစိမ်းရရင်တော့ မန်းကျည်းသီးစိမ်းကို ရေနွေးလေးနဲ့ ဖျော်ထားပေါ့)၊ ငရုပ်သီး အဖြစ်တော့ (ငရုပ်သီး အစိမ်းမှုန့်ကို ဆီနဲ့ ကြော်ထားတာ)၊ တချို့ကတော့ ငရုပ်သီး အစိမ်းတောင့်ကို ထောင်းပြီး ရေနဲ့ဖျော်ထားတာ ကို ထဲ့ကြပါတယ်။

အားလုံး စုံစုံလင်လင် ထဲ့ပြီးပြီ ဆိုရင်တော့ ပူပူစပ်စပ်လေး ရခိုင်မုန့်တီ စားလို့ ရပြီပေါ့။

ကျမ သိပ်ပြီး ကြိုက်နှစ်သက်တဲ့ အစားအသောက်လေးပါ။ ကျမကြိုက်တဲ့ အမေ့ ဟင်းလက်ရာတွေထဲက တခုဖြစ်တဲ့ ရခိုင်မုန့်တီကို တမ်းတရင်းနဲ့…..။

တချို့ တချို့သော အရာတွေက ဝေးကွာသွားတော့မှ တန်ဖိုး ရှိမှန်း ပိုသိလာကြတယ်။ နီးနီးလေး တုန်းကတော့ တန်ဖိုးရှိမှန်း မသိကြဘူးလေ။ နီးနေတဲ့ အတွက်လည်း တန်ဖိုး ရှိမှန်း သိနေပေမဲ့ မပြောဖြစ် ခဲ့ကြတာတွေ ရှိတတ်ကြပြန်တယ်။ ဝေးသွားတော့မှ မပြောဖြစ်ခဲ့တဲ့ အကြောင်းတွေ ကို ပြန်ပြီး မပြောဖြစ်ခဲ့ရကောင်းလားလို့ အားမလို အားမရ ဖြစ်ကြပြန်တယ်။

ဒါပေမဲ့ တချို့ မပြောဖြစ်ခဲ့တာတွေက နောက်ကျသွားမှန်း အချိန်လွန်မှ သိကြရတယ်။ ဒါကြောင့် နီးနေတုန်းမှာ တန်ဖိုးရှိကြောင်း၊ အသိအမှတ်ပြုကြောင်း ပြောဆို ဖြစ်ခဲ့ ကြရင် တန်ဖိုးရှိတဲ့ အချိန်တွေကို ပိုင်ဆိုင် နိုင်ကြမှာပါ။ ဒါကြောင့် နီးနေတုန်းမှာ အကောင်းဆုံး စကားလုံးလေးတွေနဲ့ တန်ဖိုးရှိမဲ့ စကားတွေကို ပြောဆို ကြမယ်ဆို စိတ်ချမ်းမြေ့ စရာကောင်းတဲ့ အချိန်လေးတွေကို ကြုံတွေ့နိုင်ကြမှာပါ။ တချို့ကျတော့လည်း ပါးစပ်က ပြောတာထက် ရင်ထဲ၊ စိတ်ထဲကနေ အသိအမှတ်ပြု ကြတယ်။ အကောင်းဆုံး ကတော့ စကားလုံးလေးတွေနဲ့ပဲ ကိုယ့်ရဲ့ တန်ဖိုးထားတတ်မှု နဲ့ စိတ်ထဲမှာ ရှိနေတဲ့ အတိုင်း ပြောဆို နိုင်ကြပါစေလို့ ဆန္ဒပြုရင်းပေါ့.......။

12 comments:

ချော (အစိမ်းရောင်လွင်ပြင်) said...

သဒ္ဓါရေ
ရခိုင်မုန့်တီကို မြည်းစမ်းရင်းး
အောက်ဆုံးက စာ၂ပိုဒ်ကို
အရသာအပြည့်အ၀ ခံစားသွားတယ်...
တိုက်ဆိုင်သလိုလိုမို့လေ....း)
သဒ္ဓါအတွက် ကျောက်စိမ်းတစ်တုံးယူလာတယ်..
လူကြုံက စလုံးကို မသယ်ရဲလို့ဆိုလို့
မထည့်ပေးလိုက်ရဘူး... ရန်ကုန်ပြန်ရောက်ရင် လက်တို့လိုက် သဒ္ဓါရှိတဲ့နေရာကို လာပို့ပေးမယ်.နော်.
နှစ်သစ်နဲ့အတူ ပျော်ရွှင်ချမ်းမြေ့ပါစေသဒ္ဓါရေ..
ထပ်တူညီတဲ့ စာသားလေးတွေအတွက် ကျေးဇူး.....

kokomaung.uk said...

ရခိုင်မုန့်တီ ပူပူစပ်စပ်လေး စားလိုက်ချင်ပါဘိ။

နီးနေရင် အပြစ်မြင်တတ်ပြီး ဝေးသွားတဲ့အခါကျမှ ပိုလွမ်းတတ်တာ လူတွေရဲ့သဘာဝတစ်ခုပါဘဲ။ ဝေးဝေး နီးနီး ချစ်ချစ်ခင်ခင်နေကြရင်တော့ အကောင်းဆုံးပေါ့လေ။

ပျော်ရွှင်ပါစေ။

sosegado said...

အမေ ကိုရော ရခိုင်မုန့်တီ ရော လွမ်းသွားတာပေါ့၊ ဟုတ်တယ် အမေချက်တဲ့ ဟင်း/မုန့် တွေလောက် စားကောင်းတဲ့ ဟင်း မတွေ့သေးဘူး။ ထပ်တူညီလျှက်။

အင်ကြင်းသန့် said...

သဒ္ဓါရေ...အင်ကြင်းက ရခိုင်မုန့်တီ အရမ်းကြိုက်တဲ့သူမို့လို့ ဖတ်ရင်း တကယ်ပဲ တံတွေးတွေမျိုချမိပါရဲ့...နောက်တစ်ခုက မချောပြောသလိုပဲ အောက်ဆုံးက စာပိုဒ်လေးနှစ်ခုကို နှစ်သက်မိတယ်...ဒါပေမယ့် အင်ကြင်းသဘောကတော့ ပြောမှ သိတာထက် ပြောစရာမလိုပဲ ရင်ထဲကနေ ခံစားနားလည်သိပေးတာကို ပိုသဘောကျတာ...

နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေနော်...

မြစ်ကျိုးအင်း said...

ကျနော်က ရခိုင်မုန့်တီကို ချဉ်ချဉ်စပ်စပ်လေး သောက်ရတာ ကြိုက်တယ်။ ဆိုင်ရောက်ရင် မုန့်တီ အရည်နဲ့ တပွဲစားနေရင်း မုန့်တီသုတ်ပါ ကြိုမှာထားတာပဲ။ စပ်စပ်နဲ့ အသုတ်လေး စားလိုက်မှ အာသာပြေရော။

သတိရရင် ကိုယ့်ဘာသာ လုပ်စားကြည့်ပါလား၊ အိမ်ကို လွမ်းရတော့ စိတ်ပန်းပါတာပေါ့။
ရောက်တဲ့အခြေအနေမှာ စိတ်နဲ့ကိုယ် အဆင်ပြေစေချင်တယ်။

ကျနော်လည်း မေမေကြော်တဲ့ ထမင်းကြော် စားကောင်းကြောင်း အိမ်ပြန်ရောက်ရင် သတိတရနဲ့ ပြောပြရအုံးမယ်။ ဝေးသွားမှ မပြောခဲ့ရမှန်း သတိရတယ်လေ။

Nge Naing said...

သွားရေယိုအောင် ရေးထားပြန်ပြီ။ မုန့်တီဆို ဘာမုန့်တီပဲဖြစ်ဖြစ် ရခိုင်မုန့်တီ၊ ထားဝယ်မုန့်တီ၊ ရန်ကုန်ကုန် မုန့်ဟင်းခါး၊ ထိုင်းမုန့်တီ အကုန်ကြိုက်တယ်။ ငါးရွှေတော့ မြန်မာပြည်မှာတုန်းက မစားဘူး နောက်ပိုင်း ပြည်ပရောက်တော့ သူများချက်ထားတာ မသိရင်စားတယ်။ ကိုယ်တိုင်ချက်ရင်တော့ ဘယ်တော့မှ ငါးရွှေကို ၀ယ်မချက်ဘူး။ ငါးကွန်းရှပ်တို့လို ငါးတွေပဲ ရွေးပါတယ်။ ရခိုင်မုန့်တီကို ချွေးတလုံးလုံးကျအောင် ခပ်သောက်ချင်တယ်။ ပြောရင်းတောင် သွားရေယိုလာပြီ။

မိုးငွေ့...... said...

ရခိုင်မုန့်တီကတော့ ကြိုက်မှကြိုက်ပဲ...။ ဒီမှာဆို မင်းလမ်းမုန့်တီကို ရှူးရှူးရှဲရှဲစားပြီးရင် မုန့်လက်ဆောင်းကိုအချိုတည်းကြတယ်... သရေယိုသွားပြီလား...။
ဟုတ်တယ်...လူတွေဟာ ကိုယ်မလုပ်လိုက်ရတဲ့ အရာတွေကို “အကယ်၍” ဆိုတဲ့စကားလုံးနဲ့ ကြားခံပြီး
နောင်တအရိပ်ယောင်ပြတတ်ကြတယ်...။ ဘာပဲဖြစ်ဖြစ် ညီမလှိုင်းတစ်ယောက် ရင်ထဲကပြောချင်တာတွေ ဖွင့်ဟပြောဆိုနိုင်ပါစေ..။

ခင်မင်စွာဖြင့်
မိုးငွေ့

~ဏီလင်းညို~ said...

သဒ္ဒါရေ...
တစ်ကယ်ပါပဲလေ...။
မိခင်ချက်တဲ့ လက်ရာကိုတော့ ဘယ်သူမှ မှီနိုင်မယ်မထင်ဘူးလေ....။
(ရခိုင်မုန့်တီစားချင်ရင် နောက်တစ်ခါ မလေးရှားက ကိုဏီလင်းနေတဲ့ အိမ်စုတ်စုတ်လေးကို ဘလော့ဂ်ရေးတဲ့ မောင်နှမတွေနဲ့ အတူလာခဲ့...။ ကိုဏီလင်း ချက်ကျွေးမယ်....။ စပါယ်ရှယ်ထက်ရှယ်စေရမယ်....း))
ပျော်စေချင်လို့ စသွားတယ်...။
နှစ်သစ်မှာပျော်ရွှင်ပါစေလို့ဗျား....။
(ကိုဏီလင်းက ရှိုးပွဲတွေဆက်ပြီး... အလုပ်များနေလို့...ဟဲ...ဟဲ....း))


ခင်မင်တဲ့
ဏီလင်းညို

အဖြူရောင်နတ်သမီး said...

ရခိုင်မုန့်တီတဲ့...
အရမ်းစားချင်နေတာ...
စာဖတ်ယုံနဲ့တင် အနံ့လေးက နှာခေါင်းနားမှာ တဝဲလည်လည်ရောက်လာသလိုပဲ...
သွားရည်ကျလာပြီနော်....

“ နီးနေတုန်းမှာ အကောင်းဆုံး စကားလုံးလေးတွေနဲ့ တန်ဖိုးရှိမဲ့ စကားတွေကို ပြောဆို ကြမယ်ဆို ”..ဆိုတဲ့ စာကြောင်းလေး အရမ်းမှန်တယ်နော်...

အစဉ်လေးစားလျှက်....
စာကြွေးတွေ လိုက်စပ်နေတာ...
နောက်ကျတာခွင့်လွှတ်ပါ သဒ္ဓါရေ...

ဇော်သိင်္ခ said...

ရခိုင်မုန့်တီလေး လာစားသွားတယ်နော်...
နီးနီးနေပြီး.. ချစ်ခင်ကစား မဆိုတက်တာတော့ မကောင်းဘူးနော်... နီးနီးဝေးဝေး ချစ်ခင် မြတ်နိုးမှု စကားလေးတွေနဲ့ အမြဲပြောဆိုနေနိုင်မယ်ဆိုရင်တော့ ပိုပြီး မေတ္တာ တရားက လေးနက်သွားတာပေါ့ဗျာ..
ခင်မင်စွာဖြင့်
ဇော်သိင်္ခ

မြသွေးနီ said...

မသဒ္ဓါရေ..
ရခိုင်မုန့်တီက မိန်းကလေးတော်တော်များများ နှစ်သက် ကြတယ်နော်။ မြသွေးကတော့ အရည်ထက် မုန့်တီ အသုတ်ကို ဟင်းခါးပူပူလေးနဲ့ သောက်ရတာ ပိုကြိုက် မိတယ်။ မသဒ္ဓါတစ်ယောက် အမေ့ရဲ့ မုန့်တီသုတ်လေး အမြန်စားရပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်။

ကိုခိုင် said...

ဆန္ဒတွေပြည့်ဝပါစေ။
စာလာဖတ်ပါတယ်။
ရခိုင်မုံ့တီ.....
မစားရတာကြာပါပြီ။

ကိုခိုင်