Monday, April 26, 2010

အနှောင်အဖွဲ့


ကြာနေပြီဖြစ်သော ဟောင်းနွမ်းနေတဲ့ ဗူးလေးတဗူးကို ဘီဒိုထဲကနေ အမှတ်မထင် ထုတ်ကြည့်လိုက်မိတယ်။

အော်………

ဒီဗူးလေးကို မထုတ်ကြည့်ဖြစ်ခဲ့တာ ဆယ်စုနှစ်တောင် ကျော်လာခဲ့ပေါ့…

အဟောင်းကို အသစ်မဖြစ်ချင်တာရယ်၊ အတိတ်ကို မေ့ပစ်လိုက်ချင်တာရယ် ကြောင့် ဗီဒိုအံဆွဲ တနေရာမှာ ခိုလှုံခွင့်ပေးထားခဲ့တာ…

ဗူးလေးထဲမှာတော့ မျက်စိနဲ့မြင်နိုင်တဲ့ ဒိုင်ယာရီ စာအုပ်လေး တအုပ်၊ ပုလဲလက်ကောက်လေးတရံ၊ ရေသံပုတီးလေးတကုံးနဲ့ မျက်စိနဲ့ မမြင်နိုင်တဲ့ ချစ်ခြင်းမေတ္တာတွေပေါ့………

အရာရာကို အသစ်ကနေ ပြန်စလို့ ရမယ်ဆိုရင် ပြန်စချင်ပါတယ်လို့ ဆိုရင် မှားများသွားပြီလား….

မသေချာ မရေရာတဲ့ မျှော်လင့်ချက်တွေနဲ့ ရှင်သန်နေရတာထက် စာရင် ပြတ်ပြတ်သားသား ဘ၀တခုကို လက်တွေ့တည်ဆောက် လိုက်တာက အကောင်းဆုံးပဲ မဟုတ်လား…။ အဲဒီ မသေချာတဲ့ မျှော်လင့်ချက်တွေကြောင့်ပဲ ရယူ ပိုင်ဆိုင်လိုစိတ်တွေ အားကြီးလာရင်း တဖြည်းဖြည်းနဲ့ နာကျင်မှုတွေသာ တိုးလာပါရဲ့.။

တကယ်တော့လည်း ကိုခန့်ရယ်… မင်းနဲ့ပက်သက်ပြီး မျှော်လင့်ချက်တွေ ဆိတ်သုဉ်း ပျောက်ကွယ်သွားခဲ့တာ ဆယ်စုနှစ်ကျော် ကြာခဲ့ကြပေါ့..

ဲဒီ ပျောက်ကွယ်နေတဲ့ မျှော်လင့်ချက် တွေထဲမှာလည်း နေသားတကျ ဖြစ်အောင် ဖန်တီးပေးခဲ့တာကိုး……

အဲဒီနေ့က မိုးတွေရွာမနေခဲ့သလို နှင်းတွေလည်း ကျမနေခဲ့ပါဘူးလေ….

တို့ထိုင်နေကျ (ကန်တင်း)ဆိုင်လေးထဲကို မင်းဝင်လာခဲ့တယ်လေ.၊ တို့ဘေးနားက ၀ိုင်းမှာ ထိုင်ပြီး တို့ကို ကြည့်နေခဲ့တာကို နောက်ကျမှ သိခဲ့ရတယ်။ ရှင်းသန့်နေတဲ့ မင်းရဲ့မျက်နှာနဲ့ အလိုက် ကတ္တီပါ ဖိနပ်စီးတတ်တဲ့ မင်းကို တို့နောက်ကျမှ မှတ်မိခဲ့တယ်။ နောက်မှ သိလိုက်ရတာက တို့ထက် အတန်း တနှစ်ကြီးပြီး တို့နဲ့မေဂျာတူတယ် ဆိုတာပါပဲ။ နေ့တိုင်း တို့ထိုင်နေကျ နေရာလေးကို အမြဲ လာထိုင်တတ်ပြီး တို့သူငယ်ချင်းတွေက တဆင့် တို့ကို ခင်ခွင့်တောင်းခဲ့တာ၊ တို့နဲ့ ရင်းနှီးခွင့် တောင်းခဲ့တာကို… အဲဒီထဲကသာ ခင်မင်ခွင့် မပေးဖြစ်ခဲ့ရင်ပေါ့…

ဒီလိုနဲ့ပဲ နေ့စဉ် တွေ့မြင်နေကြ ကန်တင်းလေးထဲမှာ…. စာသင်ခန်းရှေ့မှာ…. တို့ကို ကြံဖန် စကားလာပြောတတ်တဲ့ မင်းကို တို့ကလည်း အားနာနာနဲ့ စကားပြန်ပြောမိသလို မထင်မှတ်ပဲ ခင်မင်မိကြတယ်လေ။ တို့သူငယ်ချင်းတွေထဲက တယောက်က မင်းကို ကန်းတင်းထဲက မင်းထိုင်မဲ့ခုံမှာ `ဆေးလိပ်မသောက်ရဘူးနော်… ကျမ်းမာရေးကို ထိခိုက်လိမ့်မယ်´ လို့ စာရွက်လေး ပေါ်မှာ ရေးပြီး ချပေးခဲ့တာကို အမှတ်ရမိတယ်။ ပြီးတော့ အနောက်က လိုက်လာပြီး မင်းက `ဆေးလိပ်မသောက်တော့ဘူးနော်´တဲ့….။ တို့ကတော့ ငေးပြီးတော့သာ ကျန်နေခဲ့မိတယ်..။ မင်းသူငယ်ချင်းတွေကလည်း တို့ကို မင်းနဲ့ သဘောတူလို့….. အမျိုးမျိုး နီးစပ်အောင် အကြောင်းရှာကြတာ တို့သိတာပေါ့..။

ဒါပေမဲ့လည်း တို့သိတာတော့ ဘယ်လောက်ပဲ မေတ္တာရှိနေနေ ကံတရား ဆိုတာကလည်း ရှိသေးတာကလား…။

ဘာပဲဖြစ်ဖြစ် တို့စိတ်ချမ်းသာ ချင်တယ် ကိုခန့်ရေ……..။ စစ်မှန်တဲ့ မေတ္တာတွေနဲ့ အတူ တို့ကလည်း သစ္စာရှိစွာနဲ့ ပြန်လို့ တုံ့ပြန်ချင်ပါတယ်..။ တို့ကလည်း လူတယောက်ကို လွယ်လွယ်နဲ့ မချစ်နိုင်သလို လွယ်လွယ်နဲ့ မေ့မသွားနိုင်တဲ့သူ မို့လို့ပါ…။ တို့ရင်ထဲကို လွယ်လွယ်နဲ့ ၀င်လို့မရသလို ရင်ထဲကနေ လွယ်လွယ်နဲ့ ထုတ်ဖို့ ခက်ခဲတဲ့ သူတယောက်လို့ ကိုယ့်ကိုကိုယ် သိနေလို့ပါ…။

တစတစနဲ့ တို့ရင်ထဲ မင်းဝင်လာတာကို သိလာခဲ့တယ်လေ…။

ဒီလိုနဲ့ပဲ မင်းနဲ့ကိုယ် လူသိရှင်ကြား ချစ်သူတွေ ဖြစ်လာခဲ့ကြတယ်။ တို့က သူငယ်ချင်းတွေနဲ့ မခွဲမခွာ အတူ နေလို့ မင်းမနာလို ဖြစ်ခဲ့တာ… သူငယ်ချင်းတွေကလည်း သူတို့နဲ့ အတူ မနေရင် စိတ်မကောင်း မနာလို ဖြစ်ခဲ့ကြတာ တို့ကတော့ ကြားထဲကနေ ဘယ်သူ့ကိုမှ မနာလို မဖြစ်ရအောင်.. စိတ်မကောင်း မဖြစ်ရအောင် တို့နေပေးခဲ့ပါတယ်လေ…။ တို့က သူငယ်ချင်းတွေကို ချစ်သလို မင်းကိုလည်း စိတ်မကောင်း မဖြစ်စေချင်တာပါ ကိုခန့်ရယ်…………….

တို့ရဲ့ အားလုံးကို စိတ်ချမ်းသာစေချင်တဲ့ စိတ်ကို အသိအမှတ် မပြုခဲ့ပါလား....

ဘာမဟုတ်တဲ့ ကိစ္စလေးတွေကြောင့်လည်း ပဋိပက္ခ မဖြစ်ချင်ပါဘူး ကိုခန့်ရယ်…………။ ဒါပေမဲ့လည်း မနာလိုများခဲ့တဲ့သူ… ကိုယ်ကလွဲလို့ တခြားသူနဲ့ ခင်တာကို မလိုချင်တဲ့သူနဲ့ တို့ဘာဆက်လုပ်ရမလဲ…….၊ စိတ်ရှုပ်ရတာကို လက်မခံချင်တဲ့သူအနေနဲ့ သိပ်ကို ခက်ခဲတဲ့ အဖြစ်အပျက်တွေနဲ့ လုံးပန်းခဲ့ရတယ်ဆိုရင် တို့ဘာဆက်လုပ်သင့်သလဲဟင်…….။

တဘက်က ချစ်သူ…တခြား တဘက်ကလည်း သိပ်ကိုချစ်ခင်ရတဲ့ သူငယ်ချင်းတွေ..……

တို့ ဘာလုပ်ရမလဲ…………………

သူငယ်ချင်းတွေနဲ့ ချစ်သူနဲ့ လွန်ဆွဲပွဲတခုလို့ ပြောရင်လည်း မမှားပါဘူးလေ….

မင်းနဲ့တို့ရဲ့ ဆက်ဆံရေးက အဲဒီထဲက မသေချာ မရေရာခဲ့ပါဘူးလေ..။ ဒါပေမဲ့လည်း တို့က ရှေ့ဆက်တိုးပြီးတော့သာ အဆင်ပြေမဲ့ ဆက်ဆံရေး တရပ် ဖြစ်ဖို့ ကြိုးစားခဲ့ပါတယ်။ တို့ကို မေတ္တာ နှောင်ကြိုးတွေက တုတ်နှောင်ထားခဲ့ ပြီးပြီကိုးးးးးးးး.

ဖြစ်ပြီးရင် ပျက်ရမယ်ဆိုတဲ့ ထုံးကို နှလုံးမူနိုင်ခဲ့ရင် တို့ရဲ့ အခြေအနေ က ပုံမှန်ထက် ဆိုးမှာ မဟုတ်ပါဘူးလို့.။ တို့နှစ်ယောက် ဘယ်လိုပုံစံမျိုးနဲ့မှ မဝေးချင်ပါဘူးလို့ ပြောရင် မင်းယုံမှာ မဟုတ်ဘူး ဆိုတာ တို့သိပါတယ်။ မင်းကလည်း တို့ကို မင်းထက် သူငယ်ချင်းတွေ အပေါ် ပိုချစ်ခင်တဲ့သူ အဖြစ် သတ်မှတ်ခဲ့တာကိုး။

တခြားသူ အမြင်မှာ တို့သူငယ်ချင်းတွေကြောင့် ပြောင်းလဲခဲ့တာပါလို့ ပြောတာကို တို့လက်မခံပါဘူး ကိုခန့်ရေ..။ အဓိကက တို့နှစ်ယောက်နဲ့ပဲ သက်ဆိုင်တဲ့ ကိစ္စ တခုဖြစ်နေလို့ပါ။ ဘယ်သူတွေ ဘယ်လောက်ပဲ ဖျက်ဖျက် တို့နှစ်ယောက် မပျက်ဖို့သာ အဓိက မဟုတ်လား။ ဒါပေမဲ့လည်း မာနကြီးတဲ့တို့နဲ့ အလျှော့မပေးတတ်တဲ့ မင်းနဲ့ ဘယ်လိုမှ ပေါင်းစည်းလို့ မရဘူးဆိုတာကို တို့ သိလို့နေပါပြီ။။။ ဒါကြောင့်လည်း မသေချာတဲ့ မျှော်လင့်ချက်တွေနဲ့ ကိုယ့်ကိုကိုယ် မတုတ်နှောင်ချင်လို့ပါ ကိုခန့်ရေ….။

ဘယ်လိုပဲ ဖြစ်ဖြစ် ရင်ထဲ တနေရာမှာ တသက်စာ အတွက် ခိုင်ခိုင်မာမာ ရှိခဲ့တာပါလို့ ပြောရင် မင်း ရီနေမလား..။ လှောင်ပြောင်တဲ့ အကြည့်တွေနဲ့ တို့ကို ကြည့်နေမလား..။ ရိတိတိနဲ့များ ဘာတွေပြန်ပြောနေမလဲ..။ မယုံကြည်နိုင်ပါဘူးလို့များ ပြောနေမလား..။

ဆိုတာ…………….ကို…….

တို့သိချင်နေခဲ့ပါတယ်…… ကိုခန့်ရယ်….။

ဒါပေမဲ့ အချုပ်အနှောင် ဘ၀က ကင်းလွတ်ခွင့် ရခဲ့တဲ့ အတွက်တော့ မင်းကို တသက်စာ ကျေးဇူးတင်မိ နေမှာပါ…။ တို့က အချုပ်အနှောင် ကင်းပြီး လွတ်လပ်တဲ့ ဘ၀ကို တရှိုက် မက်မက် မက်မောလို့ပါကွယ်…။ ဒါကြောင့်လည်း အချစ်ထက် လွတ်လပ်တဲ့ ရင်းနှီးခင်မင် ပွင့်လင်းမှုကို ပိုပြီး ဦးစားပေးခဲ့တာပေါ့။။။

ဒါကြောင့်လည်း မင်းက ပိုပြီး နာကျည်း သွားခဲ့တယ်မလား….။

မင်းတို့ကို တသက်စာ နာကျည်း လိုက်ပါတော့..။ ဘယ်တော့မှ ခွင့်မလွှတ်ပါနဲ့တော့… ကိုခန့်.............

တို့လည်း အနှောင်အဖွဲ့ က လွတ်ကင်းခွင့် ရသွားခဲ့ပါပြီ.....။

10 comments:

ဒဏ္ဍာရီ said...

ဝထ္ထုလေးကို ဖတ်ပြီး စိတ်ထဲမှာ တမျိုးလေး ခံစားလိုက်ရတယ်။ ချစ်တဲ့သူတိုင်း ပေါင်းဆုံစေချင်သလို စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေမှာ မာနတွေ မရှိစေချင်ဘူး သဒ္ဓါရယ်။ ဒါပေမယ့် ကြေကြေနပ်နပ် ခွဲခွါခဲ့ကြတာ ဆိုရင်တော့ မခံစားပါနဲ့တော့။ အတိတ်ကို ပြန်မကြည့်တော့ပဲ ကိုယ်ရွေးချယ်ခဲ့တဲ့လမ်း မှန်တယ်လို့သာ လက်ခံယုံကြည့်ထားလိုက်ပါနော်။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

အဖြူရောင်နတ်သမီး said...

ဝတ္ထုလေးက ဆွေးဆွေးမြေ့မြေ့လေးနဲ့ အဆုံးသတ်သွားခဲ့တယ်..။
ဘဝမှာ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်ခွင့်မရခဲ့တဲ့အခါမျိုး..၊
သို့တည်းမဟုတ် အကြောင်းအမျိုးမျိုးကြောင့် နောက်ဆုတ်လိုက်ရတာမျိုး...နဲ့ကြုံတွေတဲ့အခါမျိုးတွေမှာ...ခံစားခြင်းဆိုတာကတော့ ဘယ်သူမှမသိအောင် တိတ်တိတ်ကလေး
“ခံစားနေလို့တော့ ရပါသေးတယ်..”..တစ်ရက်(သို့)တစ်လ(သို့)တစ်နှစ်(သို့)တစ်သက်တာပေါ့....

ချော (အစိမ်းရောင်လွင်ပြင်) said...

သဒ္ဓါရေ ကိုယ်တွေ့လားဟင်
ခံစားချက်တစ်စွန်းတစ်စတွေပျော်ဝင်နေတယ်လို့
ခံစားမိလိုက်တယ်.. သဒ္ဓါနဲ့ထပ်တူ ခံစားမိပါတယ်
မှန်တယ်ထင်လို့ လျှောက်ခဲ့ရင် နောင်တမရတာအကောင်းဆုံးပါ..
ခံစားမနေပါနဲ့တော့.. တို့ကတော့ ကိုယ့်ကိုနာကျင်မှုပေးမဲ့ အမှတ်တရပစ္စည်းဆို
ဘာမှကို မသိမ်းတတ်တာ..း)
ဒီတော့ ပြန်ကြည့်တိုင်း အတိတ်ကို ပြန်သတိရစရာ မလိုတော့ဘူးပေါ့နော်..

အင်ကြင်းသန့် said...

ဟုတ်ပါတယ် သဒ္ဓါရေ....ဘယ်သူတွေကိုမှ ဘယ်လိုအကြောင်းကြောင်းနဲ့မှ မခံစားကြရစေချင်ပေမယ့် ကိုယ်က မှန်တယ်ထင်လို့ ဆုံးဖြတ်ခဲ့ပြီးရင်တော့ နောင်တရမနေနဲ့တော့သိလား...

ခင်တဲ့
အင်ကြင်း

ကိုခိုင် said...

ကိုယ်တွေ့တွေလားဟင်...
ဖတ်လို့ကောင်းတယ်။
.....
ဘာဆက်ရေးရမှန်းမသိလို့.....
မရေးတတ်တော့ဘူး။
အဆင်ပြေပါစေ။

ကိုခိုင်

Blackroze said...

အနှောင်အဖွဲ့ဆိုတာတကယ်တော့ကြိုးတမျိုးပါဘဲလေ..

မြသွေးနီ said...

သဒ္ဓါရေ ...
ဖူးစာမပါလို့သာမှတ်ပါနော်..။
အတိတ်ဒါဏ်ရာတွေက အမြဲအမှတ်တရရှိ နေတတ်တာ မျိုးပါ။ ချစ်သောသူနဲ့ ဆုံဆည်းနိုင်ပါစေရှင်..။

~ဏီလင်းညို~ said...

သဒ္ဒါရေ......
ဖတ်ရတာ..... ကောင်းတယ်........။
ဝတ္တုလေးလိုပဲ ခံစားသွားတယ်......။
စာရေးသူနဲ့ သူရေးတဲ့စာကို မရောထွေးချင်လို့.......။

ခင်မင်တဲ့
ဏီလင်းညို

ညလင်းအိမ် said...

ဝတ္ထုလေး ကောင်းတယ်ဗျ ...

ကိုလူထွေး said...

ဘယ်သူဘက်ကမှ မလျှော့နိုင်မှတော့ တချိန်ချိန်မှာ ပြတ်တော့တာ သဘာဝပဲလေ...

(ဒါနဲ့ ရေသံပုတီးဆိုတာ ဘယ်လိုမျိုးပါလိမ့်...)