Friday, April 9, 2010

မျက်နှာဖုံးများနဲ့ကကွက်



မျက်နှာဖုံး………!!!


လူတိုင်း လူတိုင်းမှာ မျက်နှာဖုံး ကိုယ်စီ ရှိကြပြီး အဲဒီ မျက်နှာဖုံး ကိုယ်စီနဲ့ပဲ ကခုန်နေကြ ရတာပါ။ မျက်နှာဖုံး ကလည်း အမျိုးမျိုး ရှိကြလေတော့…… လူတဦးနဲ့ တဦးရဲ့ မျက်နှာဖုံး တွေလည်း တူနိုင်မယ် မထင်ပါဘူး။

တချို့က မင်းသား မျက်နှာဖုံး၊ တချို့က လူကြမ်း မျက်နှာဖုံး၊ တချို့က အပြုံး မျက်နှာဖုံး၊ တချို့က လူချမ်းသာ မျက်နှာဖုံး၊ တချို့က လူဆင်းရဲ မျက်နှာဖုံး၊ တချို့က ဘီလူး မျက်နှာဖုံး၊ တချို့က ဟန်ဆောင် မျက်နှာဖုံး၊ တချို့က အရူး မျက်နှာဖုံး၊ တချို့က အာဏာရ မျက်နှာဖုံး၊ တချို့က ပညာတတ် မျက်နှာဖုံး၊ တချို့က ပညာမဲ့ မျက်နှာဖုံး၊ တချို့က ရိုးသားတဲ့ မျက်နှာဖုံး၊ တချို့က လိမ်ညာတဲ့ မျက်နှာဖုံး၊ တချို့က အပြစ်ကင်းစင်တဲ့ မျက်နှာဖုံး၊ တချို့က အထင်ကြီးနေတဲ့ မျက်နှာဖုံး၊ တချို့က အားငယ်တဲ့ မျက်နှာဖုံး၊ တချို့က မျက်ရည်တွေ လွှမ်းမိုးနေတဲ့ မျက်နှာဖုံး၊ တချို့က ဒေါသတွေနဲ့ မျက်နှာဖုံး………။

များလွန်းလှတဲ့ မျက်နှာဖုံးတွေထဲမှာ ကိုယ်လည်း ဘယ်လို မျက်နှာဖုံးနဲ့ ပါလိမ့်……။

တချို့ကလည်း နေရာ ဒေသ ကိုလိုက်ပြီး မျက်နှာဖုံး အမျိုးမျိုးကို တပ်လို့ ကခုန်နေကြတယ်။ တချို့ကလည်း နေရာ ဒေသ ပြောင်းသွားပေမဲ့ မျက်နှာဖုံး တမျိုးထဲကိုပဲ တပ်ပြီး ကကွက်မျိုးစုံနဲ့ ကကြပြန်တယ်။ တချို့ကလည်း အချိန်ကာလ ကိုလိုက်ပြီး မျက်နှာဖုံး ပြောင်းသွားကြတယ်..။ ဘယ်လိုပဲ မျက်နှာဖုံး ပြောင်းလဲ သွားပါစေ…. အရေးကြီးတာကတော့ မိမိရဲ့ စိတ်နဲ့ တထပ်တည်း ကျနိုင်တဲ့ မျက်နှာဖုံး ဖြစ်ဖို့ လိုပါတယ်။ မိမိရဲ့ စိတ်မပါပဲ သူတပါးရဲ့ လွှမ်းမိုးမှုကြောင့်ပဲ ဖြစ်ဖြစ်၊ သူတပါးရဲ့ ထိန်းချုပ်မှုကြောင့်ပဲ ဖြစ်ဖြစ်၊ ကြောက်စိတ်ကြောင့်ပဲ ဖြစ်ဖြစ်၊ ငွေအင်အားရဲ့ မလွန်ဆန်နိုင်မှုကြောင့်ပဲ ဖြစ်ဖြစ်၊ အတ္တကို ရှေ့တန်းတင်တာကြောင့်ပဲ ဖြစ်ဖြစ်… ဟန်ဆောင် မျက်နှာဖုံး ကိုတပ်ရင် မလှမပနဲ့ အကျည်းတန် မျက်နှာဖုံး ဖြစ်သွားမှာပါ။

မိမိရဲ့ စိတ်နဲ့ ညီမျှနိုင်မဲ့ မျက်နှာဖုံးကို ကိုယ်တိုင် ရွေးချယ်လို့ လှပသေချာ သပ်ရပ်တဲ့ မျက်နှာဖုံး တပ်ဖို့ပါပဲလေ။ တပ်နိုင်ဖို့ စိတ်လည်း ရှိရမှာပါ။ သူတပါး တပ်ခိုင်းတဲ့ မျက်နှာဖုံး ကို မတပ်ဖို့တော့ ကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်း ရှိရမယ်…။

မိမိ ကိုယ်ပိုင် မျက်နှာဖုံး ကို ယုံယုံကြည်ကြည်နဲ့ တပ်ဖို့ လိုအပ်ပါတယ်.။

နေရာ ဒေသ ကိုလိုက်ပြီး မျက်နှာဖုံး ပြောင်းတပ်မယ် ဆိုရင်လည်း မိမိ ကိုယ်တိုင် လှပတဲ့ မျက်နှာဖုံး ဖြစ်ဖို့ကို သေချာ ရွေးချယ်နိုင်ပြီး အများရဲ့ ရှုံ့ချ ကဲ့ရဲ့မှုက လွတ်မှသာ သန့်ရှင်း စင်ကြယ်တဲ့ မျက်နှာဖုံးနဲ့ လူအဖြစ်နဲ့ ရပ်တည်နိုင်ပြီး လှပတဲ့ မျက်နှာဖုံး လူသား ဖြစ်သွားမှာပါ…။

မြို့မျက်နှာဖုံး………

မြို့မျက်နှာဖုံး ဆိုတာလည်း ရှိသေးတာပဲလေ။ မြို့ရဲ့ လူချမ်းသာ အထင်ကရ ပုဂ္ဂိုလ်မျိုး…၊ ဘာဖြစ်လို့များ မြို့မျက်နှာဖုံး လို့ ခေါ်ကြတာလဲ…၊ ဓန အင်အား ချမ်းသာတာ ဖြစ်ချင် ဖြစ်နိုင်မယ်၊ အာဏာ ရှိတာ ဖြစ်ချင် ဖြစ်နိုင်မယ်၊ လူချစ်လူခင် များပြီး အများအကျိုး ကူညီ ဆောင်ရွက် ပေးနိုင်တာ ဖြစ်ချင် ဖြစ်နိုင်မယ်၊ ဓန အင်အားလည်း ချမ်းသာပြီး အများအကျိုး ကူညီပေးနိုင်လို့ ကိုယ်ချင်းစာတရား ရှိတဲ့သူ တယောက် ဖြစ်ချင် ဖြစ်နိုင်မယ်၊ စိတ်ကောင်း နှလုံးကောင်းရှိတဲ့ သူတယောက် ဖြစ်ချင် ဖြစ်နိုင်မယ်………..။

မြို့မျက်နှာဖုံး ဆိုပေမဲ့လည်း လူထုအများရဲ့ ချစ်ခင်မှုကို ပိုင်ဆိုင်ထားနိုင်တဲ့ သူလား…. ဒါမှမဟုတ် အများရဲ့ ရွံရှာ မုန်းတီးမှုကို ပိုင်ဆိုင် ထားတဲ့ သူလား…….။ အများက မလွှဲသာ မရှောင်သာ ချစ်ခင်ချင်ယောင် ဆောင် နေကြရတဲ့ သူလား……။

တချို့ကလည်း အသိအမြင်တွေ ရပြီး ဟန်ဆောင် မျက်နှာဖုံး တွေကို ခွါချလို့ မိမိနဲ့ သက်ဆိုင်တဲ့ မျက်နှာဖုံးကို တပ်ပြီး ပျော်မြူးလို့………!

တချို့ကလည်း အသက်အရွယ် ကြီးလာပေမဲ့ ဟန်ဆောင် မျက်နှာဖုံးတွေ၊ တန်ဖိုးမရှိတဲ့ မျက်နှာဖုံးတွေကို တပ်လို့ မိမိရဲ့ အတ္တ ထဲမှာ နောင်တမရ ပျော်မြူး နှစ်ခြိုက် နေဆဲပဲ…….!

တချို့ကလည်း အသက်အရွယ် ငယ်ပေမဲ့ မိမိရဲ့ ကိုယ်ပိုင် မျက်နှာဖုံးနဲ့ မိမိရဲ့ စိတ်နဲ့ထပ်တူကျတဲ့ အများအတွက် တန်ဖိုး ရှိနိုင်မဲ့ မျက်နှာဖုံး တွေ တပ်ပြီး ဘ၀ရဲ့ ကြီးမြတ်မှုကို ခံယူနေလို့………..!

တချို့ကလည်း ပညာတတ်ပေမဲ့ သူတပါးရဲ့ ထိန်းချုပ်မှု အောက်က မလွတ်မြောက်နိုင်ပဲ တပါးသူရဲ့ မျက်နှာဖုံးနဲ့ ကပြ အသုံးတော် ခံလို့………..!


တချို့ကလည်း အခြေအနေ တခုကြောင့် အတတ်ပညာ မရှိပေမဲ့ အသိပညာ ကြွယ်ဝပြီး လူသားတွေ အတွက် အကျိုး ရှိမဲ့ မျက်နှာဖုံး ကိုတပ်လို့ ကြည်နူး ရွှင်လန်း နှစ်ခြိုက်ပြီး လောက လမ်းကြောင်းကြီးပေါ်မှာ အကျိုးရှိရှိ လျှောက်လှမ်းလို့...........!

လူသား အားလုံးလည်း ကိုယ်စီ ကိုယ်စီ လှပ သပ်ရပ် သန့်ရှင်း စင်ကြယ်တဲ့ မျက်နှာဖုံးတွေ နဲ့သာ အလှဆင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း......။

16 comments:

ဇော်သိင်္ခ said...

အပြုံး မျက်နှာဖုံး နဲ့ ရိုးသားတဲ့ မျက်နှာဖုံး၊ ရိုင်းပင်းကူညီတက်တဲ့ မျက်နှာဖုံး ပိုင်ရှင်ဖြစ်ဖို့ တက်နိုင်သလောက်တော့ ကြိုးစား လိုက်ပါအုံးမယ်
ကျေးဇူးတင်ပါတယ် မျက်နှာဖုံး တွေ အကြောင်း ဖတ်ရလို့
ပျော်ရွှင်စရာကောင်းသော သင်္ကြန်လေးကို ခံစား နိုင်ပါစေနော်..

မဗေဒါ said...

ငယ်ငယ်တုံးကတော့ မျက်နှာဖုံးက သိပ်လှတယ်
အသက်အလယ်လောက်ထိတော့လည်း နဲနဲလှနေသေးတယ်
အခုတော့ ယဲ့ယဲ့ပဲကျန်တော့တယ်..။

ကြိုးစားပါမည်..

မဗေဒါ

sosegado said...

အဓိပ္ပါယ် ရှိတဲ့ စာတပုဒ်ပါပဲ၊
ဟန်ဆောင်လောက ဆိုတဲ့အတိုင်း မျက်နှာဖုံးတွေတော့ လိုအပ်နေဦးမှာပဲ။
ဖတ်ရင်းနဲ့ တရုတ်ပြည်မှာ မျက်နှာဖုံး အကကြည့်ခဲ့တာ သတိရသွားတယ်၊ ပြောင်းလိုက်တဲ့ မျက်နှာဖုံးတွေ တခဏတွင်းမှာ။

ဧပရယ်လ်ပူး@ပူးတေ said...

မမရေ အတွေးလေးနဲ့ အရေးလေးကို သဘောကျမိတယ်...
ပူးတေလဲ တခါတလေလဲ ဘီလူးမျက်နှာဖုံးတပ်ပြီး မကချင်ပဲ ထွက်ကခဲ့ရတဲ့ ဇာတ်ကွက်တွေ ရှိခဲ့ဘူးတယ်... မိသားစုအတွက် ကိုယ့်အတွက် ဥပမာ အမေက ငွေချေးရင် အမြဲဆုံးလေ့ရှိတယ်... ဒါပေမယ့် လာချေးတဲ့သူတိုင်းကို ပေးလေ့ရှိတယ်.. ဒါကြောင့် ကိုယ်ရှိရင် အမေလဲ ထုတ်မချေးရဲဘူး။ လာတဲ့လူလဲ တောင်ပြောမြောက်ပြောနဲ့ ပြန်သွားရတယ်.. အဲလိုအချိန်မျိုးမှာ ဘီလူးမျက်နှာဖုံးနဲ့လေ..ဒါက အနီးစပ်ဆုံးဥပမာပဲပေါ့..
:D

Blackroze said...

ွှအ၇မ်းအဓိပါယ်ရှိတဲ့စာလေးတပုဒ်ပါဘဲ...

အဖြူရောင်နတ်သမီး said...

ဟုတ်ပ...
အဓိပ္ပါယ်ရှိတဲ့ စကားလုံးတွေပါပဲ...
ဘဝရဲ့ မျက်နှာဖုံးဆိုတာ အခြေနေနဲ့ အချိန်ခါ ပေါ်မူတည်ပြီး အမြဲအရောင်ပြောင်းနေတတ်တာပဲနော်...
------------------------------------------------
ရွှင်လန်းချမ်းမြေ့ပါစေ သဒ္ဓါရေ...

ဏီလင်းညို said...

သဒ္ဒါရေ......
နေပါဦး......ကိုဏီလင်းရော ဘာမျက်နှာဖုံးတပ်ရင်ကောင်းမလဲဆိုတာ စဉ်းစားလိုက်ဦးမယ်...း))
အန်းနီးဝေး..... ပို့စ်လေးကိုတော့ သဘောကျတယ်...။
ခင်မင်တဲ့
ဏီလင်းညို

Beauty Studio USA Branded Store said...

သန့်ရှင်းစင်ကြယ်တဲ့ မျက်နှာဖုံးလေး လိုချင်တယ်ဗျာ။ မျက်နှာဖုံးဆိုတာ ဟန်ဆောင်မှုတွေရဲ့ ကန့်လကာတစ်ချပ်မို့ ကန့်လကာနောက်ကွယ်မှာတော့ မနေပါရပါစေနဲ့သားဗျာ။ စိတ်ကူးကောင်းတဲ့ တင်ပြမှုလေးပဲဗျာ။

ဒဏ္ဍာရီ said...

မှန်တယ် သဒ္ဓါရယ်... လောကမှာ ဟန်ဆောင် အပြုံးတုတွေ တပ်ထားတဲ့ အတ္တကြီးတဲ့ မျက်နှာဖုံးတွေနဲ့ သူတွေ အများသားပဲ။ သဒ္ဓါပြောသလို ပတ်ဝန်းကျင်အနေအထားအရ ပြောင်းလဲသွားကြတဲ့ မျက်နှာဖုံးတွေရောပေါ့။
ဒီပိုစ့်လေးက တကယ့်ကို တန်ဘိုးရှိပြီး မှတ်သားစရာပါ။ ကိုယ်တိုင်လည်း ပြောင်းလဲသွားတဲ့ မျက်နှာဖုံးကို ချွတ်နိုင်အောင် ကြိုးစားရအုံးမယ်။ စိတ်ထားကိုတော့ ကောင်းမွန်အောင် လေ့ကျင့်နေထိုင်ပါတယ်။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

မြစ်ကျိုးအင်း said...

ဒီခေတ်မှာ မျက်နာဖုံးတွေ ပိုတပ်လာကြတယ်။
အပြုံးစစ်စစ်တွေ ပိုများလာစေချင်ပါတယ်။
မချောင်လည်တဲ့ ခေတ်မို့လို့နဲ့ တူပါရဲ့ ကိုယ်အဆင်ပြေအောင် အပြုံးတုတွေ များများ လာတော့တယ်။
အတွေးရော အရေးပါ ကောင်းတဲ့ ပိုစ်လေးပါပဲ။

Flower said...

တစ်ချို့တွေရဲ့ အပေါ်ယံမျက်နှာဖုံးကို ခွာချလိုက်တဲ့အချိန်မှာ
ကိုယ်မမျှော်လင့်ထားတဲ့ မူလသွင်ပြင် စစ်စစ်ကို မြင်လိုက်ရတတ်တယ်..
အဲဒီမူလသွင်ပြင်က ဒီလူရဲ့ ဇာတိစစ်စစ်လဲဖြစ်ပါတယ်..
တစ်ချို့တွေက မျက်နှာဖုံးနဲ့ မကွာခြားတဲ့ မူလဇာတိ..
တစ်ချို့တွေက ပြင်ပ မျက်နှာဖုံးနဲ့ လုံးဝမလိုက်ဖက်တဲ့
ကြောက်စရာ မူလဇာတိတွေနဲ့..
အပေါ်ယံဖုံးလွှမ်းထားတဲ့ မျက်နှာဖုံးဟာ
ကိုယ်နဲ့မလိုက်မဖက်
ဟန်ဆောင် တတ်ဆင်ထားတဲ့ မျက်နှာဖုံးမဖြစ်သင့်ဘူးနော်..

အင်ကြင်းသန့် said...

များလွန်းလှတဲ့ မျက်နှာဖုံးတွေထဲမှာ ကိုယ်လည်း ဘယ်လို မျက်နှာဖုံးနဲ့ ပါလိမ့်……။..


အင်း....စဉ်းစားစရာပါပဲလား သဒ္ဓါရေ...အတွေးကောင်းလေးဖတ်ရလို့ ကျေးဇူး...

ခင်တဲ့
အင်ကြင်း

shwezinu said...

အလှဆုံး မျက်နှာဖုံးလေး ကို ရွေးရရင်တော့

ခင်တဲ့

ရွှေစင်

Nge Naing said...

အစ်မတော့ မျက်နှာဖုံးမလိုဘူး အမြဲတမ်း ဒီမျက်နှာနဲ့ ဒီမျက်နှာပါပဲ။ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ။

Cameron said...

ဒီပို့စ်လေးကို သဘောကျမိတယ်...။ လောကမှာ လူအမျိုးမျိုး မျက်နှာဖုံးကိုယ်စီတပ်ထားကြတယ်..။ အဲဒီထဲမှာမှ ကိုယ်တပ်တဲ့ မျက်နှာဖုံးနဲ့ ကိုယ်စိတ်တစ်ထပ်တည်းကျနေဖို့ပဲလိုပါတယ်...။

ခင်မင်စွာဖြင့်
မိုးငွေ့

မြသွေးနီ said...

မသဒ္ဓါရေ...
မျက်နှာဖုံးလေးတွေကို သရုပ်ခွဲပေးသွားတာ နှစ်သက် မိတယ်။ ဟန်ဆောင်မျက်နှာ ဖုံးစွတ်ထားသူတွေနဲ့ မတွေ့မိချင်ဘူး။ ကိုယ်တိုင်လည်း ပဂတိ အရှိ မျက်နှာဖုံးလေးကိုပဲ နှစ်ခြိုက်မိတယ်။