Friday, April 2, 2010

မေ့သွားတဲ့ အချိန်မှာ..

မနေ့က မနက်ထဲက ကျမတို့ရုံးမှာ ဧပရယ်ဖူးနေ့ ကိုသတိထားဖို့ ပြောဆိုနေကြတယ်..။ ကျမကလည်း သတိထားရမယ် ဆိုပြီး စိတ်ထဲမှာတော့ တွေးမိလိုက်ပါသေးတယ်။ ဒါပေမဲ့လည်း အလုပ်လုပ်ရင်းနဲ့ သတိမထားမိပဲ မေ့သွားတာပါပဲ။

နေ့လည်မှာတော့ ညီမ တယောက်က လှမ်းပြီး `လူတယောက်´ သေသွားပြီ ဆိုပြီး လှမ်းပြောပါတယ်။ အဲဒီလူက ကျမတို့ မေတ္တာထားတဲ့ လူတယောက်ပေါ့။ အဲဒီထိတော့ ကျမဧပြီဖူးနေ့ကို မှတ်မှတ်ရရ ရှိနေတုန်းပါပဲ။ ကျမက အဲဒီ ညီမလေးကို ပြန်ပြောလိုက်ပါတယ်။ လာမနောက်ပါနဲ့လို့..။ လူတွေကို စိတ်ပိုင်းဆိုင်ရာ ဒုက္ခပေးဖို့၊ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခပေးဖို့ အတွက် အသက်ရှင်နေအုံးမှာပါလို့။ လူအများကို ဒုက္ခပေးနေတဲ့ သူတွေဟာ အသက်ရှည်ကြတာ များတာကို တွေ့ကြရတယ်။ ဘာဖြစ်လို့များပါလိမ့် လို့လည်း ကျမ အကြိမ်ကြိမ် စဉ်းစားခဲ့ဖူးတယ်။ ခံရတဲ့သူတွေလည်း ၀ဋ်ရှိသမျှတော့ ခံရအုံးမှာပေါ့လို့ စိတ်ပြေရာ ပြေကြောင်း တွေးနေမိတယ်။

ညဘက်မှာတော့ ကျမစိတ်ထဲမှာ ဧပရယ်ဖူးနေ့ကို မေ့သွားပါပြီ။ လုပ်ဖေါ်ကိုင်ဖက် တယောက်က ဖုန်းဆက်ပြီး ရုံးမှာ ပစ္စည်းတခု ကျန်နေခဲ့တာ သိလားတဲ့။ ကျမလည်း စိတ်ထဲမှာ ဘာပစ္စည်းများ ကျန်နေခဲ့တာ ပါလိမ့်လို့ စဉ်းစားနေမိတယ်။ ဘာကျန်ခဲ့တာလည်း ဆိုတော့ တွေ့ရင်သိမှာပေါ့တဲ့။ အဲဒါနဲ့ ကျမလည်း မနက်မှပဲ ကြည့်တော့မယ်ဆိုပြီး အိပ်လိုက်ပါတယ်။ မနက် ရုံးရောက်တဲ့ အထိလည်း ကျမမှာ ရှာလိုက်ရတာ…။ ဘာပစ္စည်းကျန်နေခဲ့ ပါလိမ့် ဆိုပြီးတော့..။ ဘာမှလည်း မတွေ့ပဲနဲ့ ကွန်ပြူတာ စားပွဲပေါ်မှာ အလုပ်နဲ့ဆိုင်တဲ့ ပစ္စည်းကလွဲလို့ ဘာမှလည်း မတွေ့မိဘူး။ ကျမနဲ့ လုပ်ဖေါ်ကိုင်ဖက် ညီမလေး ရောက်တော့မှပဲ ရှင်းသွားတော့တယ်လေ..။ ဧပြီဖူးနေ့လေတဲ့….။ အဲဒီတော့မှ သြော်…….. မေ့သွားတဲ့အချိန်မှာ…… ဧပရယ်ဖူး အတွက် နောက်တာပါလားဆိုပြီးတော့..။ မေ့လည်း မေ့တဲ့ ကျမပါပဲလေ…။

တခါတရံ ကျမတို့တွေဟာ မေ့သွားတဲ့ အချိန်မှာ သတိထားနေတဲ့ ကိစ္စလေးတွေကိုပဲ အမှတ်တမဲ့ ဖြစ်သွားတတ်ကြပါလားလို့.။

ဧပရယ်ဖူးနေ့မှာ မေ့သွားတဲ့ အခိုက်အတံ့လေးမှာ ဖြစ်သွားတဲ့ အခြေအနေလေးပါ….။

17 comments:

ဒဏ္ဍာရီ said...

ဟုတ်တယ် သဒ္ဓါရေ.... အဲဒီရက်ကို မိုးလင်းကတည်းက သတိထားနေရတယ်။ ဒါတောင် ခံလိုက်ရသေး.. ကိုယ်ခံရတာတော့ ပြောချင်တော့ဘူး။း))

ခင်မင်လေးစားလျှက်

ဇောင်း said...

မေ့တတ်တာက တော်တော်ဆိုးတယ်နော်၊ ကျွန်တော်လည်း ခဏလောက် မေ့သွားတာနဲ့ ခံလိုက်ရတယ် တစ်ခု :)

ZaunG

အဖြူရောင်နတ်သမီး said...

ဒီမှာတော့ အလုပ်တွေထဲမှာ ချာလပတ်လည်နေတာနဲ့ပဲ သူများက ဖူးလ် စရာမလိုပဲ အလိုလို ဖူးလ်နေရတယ်..းး)))

အင်ကြင်းသန့် said...

ဟဲဟဲ...မမဏ္ဍာရီ ခံလိုက်ရအောင် ဘယ်သူက စတာလဲ မသိဘူး (အဲဒီသူ တော်တော်ဆိုးတယ်...သိချင်ရင် သူ့ကိုသာ မေးကြည့်တော့ သဒ္ဓါရေ....:)))

what is good things said...

ဟုတ်တယ် ဟုတ်တယ်
သိနေလျှက်သားနဲ့ကို မေ့သွားတဲ့စက္ကန့်လေးမှာ မထင်မှတ်တာလေးက ရုတ်တရက်ဖြစ်သွားတာဆိုတော့..
မနေ့ကတစ်နေ့လုံး သတိနဲ့ နေလာခဲ့သမျှ ညနေ မှကိုယ်လည်း ကြုံလိုက်ရတယ်။ တူတူပဲး))))

ဝက်ဝံလေး said...

ဟားဟားးးး ဝက်ကို ဒီလိုလာကြောလို့မရဘူးဗျ
သူငယ်ချင်းတယောက်က custom message တင်ထားတယ် သိလား လက်ထပ်တော့မယ် ဘာညာပေါ့ ကိုယ်လဲ တမျိုးတော့ ဖြစ်သွားတာပေါ့ ငယ်ငယ်လေးရှိသေးတာကို ယူတော့မှာလားပေါ့ ဂုဏ်ယူပါတယ် လုပ်လိုက်သေးတယ် နောက်မှမဟုတ်ပါဘူး ဆိုပြီး နင် နောက်နေတာလား မေးတော့မှ ဟုတ်တယ်တဲ့ ဟားဟားးးးးးးးးးးးး
မခံရဘူးကွ ငါကွ ဝက်တဲ့ တဝက်တည်းရှိတယ် နော် ၂ ဝက်ဆိုရင် ပေါ်စားမယ် ဘာမှတ်တုံး ဟိဟိ

အဲဒီနေ့တုံးက ၂ ယောက်တော့ ထိသွားတယ် သမီးလုပ်လိုက်တာ ဟိဟိ ကျန်တဲ့လူတွေကျတော့ မအောင်မြင်ဘူး ဟီးးးးးးးး

မြသွေးနီ said...

မသဒ္ဓါရေ...
သတိထားနေလျှက်က မြသွေးနီလည်း ထိတာပါပဲ။
ပျော်စရာလေးတွေနောက်ရင် ပိုကောင်းတာပေါ့နော်။
စိတ်ညစ်ရမှာ.. စိတ်ထိခိုက်ရမှာမျိုးတော့ သူများကိုလည်း မနောက်ချင်ပါဘူးနော်။

Nyi Nyi said...

သြော်....ဧပရယ်ဖူးဆိုတာ..မြန်မာပြည်မှာတော့..၁၂လလုံးလုံးရှိတယ်ကွ။ သိလား... သတင်းစာတွေလေ။ ဟိဟိ....

နှင်းနဲ့မာယာ said...

လူသေတဲ့သတင်းက ဒူဘိုင်းအထိရောက်လာတယ်သိလား..
းး)))
သိတယ်ဟုတ် ဧပရယ်ဖူးဆိုပေမယ့်..
အဲဒီလူသေသတင်းကျတော့ တကယ်ထင်သွားတယ်...အဟိ

နှင်း

sosegado said...

တစ်ချို့ကမေ့တတ်တာ ကောင်းတယ်လို့ပြောတယ်၊ ငါမေ့သွားလို့… sorry ငါကတကယ်မေ့တတ်လို့နဲ့….. မေ့သွားလိုက်ကြတာ. မမေ့တဲ့သူခံဆိုသလို…

Unknown said...

ကျွန်တော်လည်း မေ့သွားလို့ အိပ်ရာကတောင် မထရသေးခင် ခံလိုက်ရသေးတယ်။

ညလင်းအိမ် said...

အမှန်ပါပဲဗျာ ... ကျွန်တော်မှာလည်း သိသိကြီးနဲ့ ခံလိုက်ရတယ် ...

အဲဒီတစ်ယောက် သတိသာထား ... ဟွန်း ...

Flower said...

ဟိဟိ
ခံရတဲ့သူတွေချည်းပါဘဲလား
တို့ကတော့ မခံရဘူးကွ.. တစ်နေကုန်ဂျီတော့ မတက်ဘဲ ပုန်းနေတာလေ..
ညပိုင်းလေးခနဘဲတက်လိုက်တုန်း
အစ်မ လွန်ခဲ့တဲ့ ၂နာရီလောက်က တက်လာသေးလားတဲ့
တစ်ယောက်ကလာမေးတယ်
မတက်ပါဘူး တွေ့လိုက်လို့လားဆိုတော့
ဟုတ်တယ်တွေ့လိုက်တယ်တဲ့
ဒီတော့ စိတ်က ပူသွားတယ်။။
ငါမတက်တာသေချာတယ် ဘယ်လိုဖြစ်တာလဲဆိုပြီး နင်သေချာပြောစမ်း ဘယ်ချိန်လဲ နင်စကားပြောလိုက်သေးလား
ဘာပြန်ပြောလဲဆိုတော့
ပြန်ပြောတယ် ၀ူးထွားထွားတဲ့
ဒီတော့မှ နောက်မှန်းသိတော့တယ်
တစ်နေကုန်ပုန်းနေရက်နဲ့ ညဘက် မေ့သွားချိန်မှ ထိဖြစ်အောင်ထိသွားသေးတယ်
တောက်.......း)း)
မေ့တယ်ဆိုတာ ကောင်းကိုမကောင်းတာ

kiki said...

သတိလက်လွတ် .... ဖြစ်တတ်ပါတယ် ။

ပျော်စေရုံသက်သက်လောက်ပဲ စတာ နောက်တာလောက်ပဲ ကောင်းတယ် နော် ။
တချို့ များ လူတဖက်သား စိတ်ဒုက္ခရောက်တဲ့ ထိ စတတ်သေးတယ် ။။
ဒီနှစ်တော့ အုတ်လိုင်းပေါ် ကို မတက် တော့ တာ နဲ့  လွတ်သွားတယ် ...

SHWE ZIN U said...

ညီမ ပြောသလိုဘဲ မကောင်းတဲ့ လူတွေကြ အသက်ရှည်လိုက်တာနော်..
မေတ္တာတွေများ အပို့လွန်သွားလို့လား မသိပါဘူး

ခင်တဲ့
ရွှေစင်

~ဏီလင်းညို~ said...

သဒ္ဒါရေ......
ကိုဏီလည်း..... အဲ့ဒီသတင်းကို စလုံးက (ဒီကပြန်သွားတဲ့သူငယ်ချင်းတစ်ယောက်) လှမ်းပို့တာ လက်ခံရမိသေးတယ်လေ.......း))
ဒါမျိုးတွေ ရိုးနေပြီမို့........ so.... sorry ပါပဲလို့ ပြန်ပို့ပစ်လိုက်တယ်.......း))
တစ်နှစ်မှ မခံရဘူးဆိုရင် ယုံမလားတော့မသိဘူး.....ဟား.....ဟား........း))
ခင်မင်တဲ့
ဏီလင်းညို

flowerpoem said...

မှန်တယ် အမရေ