Wednesday, August 15, 2012

အလွှာပါးလေးတစ်ချပ်

ကမ္ဘာမြေတစ်နေရာလေးမှာ အမှတ်တမဲ့အဖြစ် မှတ်မှတ်ရရ ရောက်ရှိလာခဲ့တဲ့ အလွှာပါးလေးတစ်ချပ်..။

ဘယ်နေရာကနေ လာမှန်းမသိခဲ့တဲ့ အလွှာလေးတစ်ချပ်က နောက်ဆုံးဘယ်နေရာမှာများ အဆုံးသတ် ပျောက်ကွယ်မလဲ ဆိုတာလည်း သိမနေခဲ့ပါဘူး။ အဆုံးသတ်ရမယ့် နေရာလေးတစ်ခုနဲ့ အဆုံးသတ်မယ့် အချိန်ဆိုတာကိုသာ သိနေခဲ့မယ်ဆိုရင်.. အဲဒီ အလွှာလေးရဲ့ သိမှုတစ်ချို့ကို ဖမ်းဆုပ်လိုက်ချင်ပါရဲ့..။ အလွှာပါးလေးပေါ်မှာ ဘယ်လိုအရာတွေက နေရာယူထားကြမလဲ.
 
အဆုံးသတ်မသိတဲ့ အရာတစ်ခုနဲ့အတူ ဖြစ်တည်ခွင့် ရလာခဲ့တဲ့အခိုက် လက်ရှိ အလွှာပါးလေးရဲ့ နေထိုင်ခွင့်လေးကရော၊ ကမ္ဘာမြေပေါ်မှာ ဘာတွေခြွေချ ထားခဲ့မှာလဲ..၊ ဘာတွေချန်ထား ရစ်ခဲ့မှာလဲ..၊ 

အလွှာပါးလေးတစ်ချပ်ကြောင့် လောကလေးထဲမှာ ဘာတွေများ အခြေတိုးမြင့်မှာလဲ.. မပြောင်းလဲပဲ ရှိနေမလား. ပိုလို့ဆုတ်ယုတ်သွားလေမလား. အလွှာပါးလေးတစ်ချပ်ကြောင့် တခြားသော အရာတွေအတွက် ဝန်ပိလေးလံစေမှာလား၊ အလွှာပါးလေးရဲ့ တစ်နေရာစာအတွက် တစ်ခုသော အရာအတွက် ဘယ်လိုစိန်ခေါ်ခြင်းတွေပဲ ရှိနေပါစေလေ. အလွှာပါးလေးရဲ့ တုံ့ပြန်မှုတစ်ချက်က အရာရာကိုကျော်လွှား အံတုနိုင်မယ့် မျှတမှုမရှိ ခက်ခဲတဲ့ အကျပ်အတည်း အမိုးတစ်ခုအောက်မှာ ဖြစ်နေပေမယ့် တန်ပြန်တိုးဝှေ့ပြီး အမှန်တရားကို ရဲရဲဝံ့ဝံ့ ဖေါ်ထုတ်နေမယ့် သတ္တိတစ်ခု အလွှာပါးလေး တစ်ချပ်လုံးမှာ စီးဝင်နေမှာပါ။
 
ကောင်းခြင်းဆိုခြင်း ရောပြွန်းနေတယ်ဆိုတာ နိယာမသဘောတစ်ခု ဖြစ်ပေမယ့် အလွှာလေးတစ်ချပ်ကတော့ ကောင်းခြင်းတွေပဲ အုပ်မိုးထားချင်ခဲ့တယ်၊ ကမ္ဘာမြေပေါ်မှာ သင်းပျံ့တဲ့ရနံ့တွေ ထုံမွှမ်းပြီး အလှဆင်နေချင်တယ်၊ အလင်းရောင် ထိန်ငြီးနေတဲ့ လောကလေးတစ်ခု ဖန်တီးပေးနေချင်တယ်၊ အလွှာလေးထဲမှာ ရှိနေတဲ့ ဝတ်ရည်လေးတွေကို သောက်သုံးခွင့်ရစေချင်တယ်၊ ဝတ်ရည်လေးကြောင့် အင်အားတစ်ရပ် အဖြစ် ကြီးထွားပြီး တန်ပြန် အင်အားသစ်တွေ တိုးပွားစေချင်တယ်၊

အလွှာလေးတစ်ချပ်က သူလိုချင်တဲ့ အရာတွေကို စိတ်ထဲက တလိုက်ရုံနဲ့ အရာအားလုံး ဖြစ်လာအောင် ပြုလုပ်ပေးနိုင်မယ့် အာလာဒင်ဆီမီးခွက်လေး  တစ်လုံးကိုလည်း မျှော်လင့် တမ်းတ မိနေသေးတယ်။

ဘယ်ကနေလာမှန်းမသိ. ဘယ်နေရာကို သွားရမှန်းမသိ.. ဘယ်လိုအကြောင်းနဲ့ ပျောက်ကွယ် သွားရမှန်းမသိ.. ဘယ်နေရာမှာ စွန့်လွှတ် လိုက်ရမှန်းမသိတဲ့ အလွှာလေးတစ်ချပ်က ကမ္ဘာ့မြေပြင် တစ်နေရာ လောကလေးထဲမှာ ရှိနေခဲ့ပြီး မသိတဲ့အရာတွေကို သိအောင် ရှာဖွေဖို့တော့ မရှည်လျားတဲ့ ခရီးတစ်ခု ထွက်ဖို့ ပြင်နေရပြီ။။။

21 comments:

mstint said...

အာလာဒင်ဆီးမီးခွက်လေးရဲ့ စွမ်းဆောင်ချက်တွေ မှန်သမျှ သဒ္ဓါအတွက် ပြီးပြည့်စုံမှုများဖြစ်ပါစေ။
ကိုယ်စိတ်နှစ်ပါးကြည်လင်စွာနဲ့ မွေးနေ့ပေါင်းများစွာ ဖြတ်သန်းနိုင်ပါစေလို့။ (ရန်ကုန်ရောက်ရင်အစားပြန်ကျွေးမယ်း)

မေတ္တာဖြင့်
တီတင့်

လေပြေချို said...

“အလွှာပါးလေးတစ်ချပ်” ကိုအားပေသွားပါတယ်ရှင်..
နှလုံးစိတ်ဝမ်း အေးချမ်းပါစေနော်
ဘ၀နဲ့ဆန္ဒတထပ်တည်းကျပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်..
ခင်တက်တဲ့
လေပြေချို

ကိုကိုမောင်(ပန်းရနံ့) said...

Happy Birthday, Sister.
Hope many happy return to you now and forever!!

သိင်္ဂါကျော် said...

မွေးနေ့မှာ ပျော်ရွှင်ပါစေ..
လူတိုင်းဟာ ခရီးသွားတွေပါလေ..

ကြည်ဖြူခင်ခင် said...

အင်း.. အာလာဒင်ဆီမီးခွက်ကလေးကိုတော့ မျှော်လင့်လို့ရရင်.. ကြည်ဖြူလည်း လိုချင်ပါသေးရဲ့.. ဒီမွေးနေ့ကစလို့လည်း နောင်နှစ်ပေါင်းများစွာတိုင်အောင် စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ ပိုစ့်တွေလည်း အများကြီးတင်နိုင်ပါစေရှင်..။

ဘုန်းဘုန်းတောက် said...

အလွှာပါးလေး တစ်ချပ်တိုင်းစီသည် ကြိုတင်မသိခြင်းငါးမျိုးကို ရင်ဝယ်ပိုက်ပြီး ခရီးသွားနေကြသည်။

မွေးနေ့မှာ ရွှင်လန်းချမ်းမြေ့ပါစေ သဒ္ဓါရေ...

(မြဘုရားရောက်ရင် ဘုန်းဘုန်းအတွက်လည်း ဆုတောင်းပေးပါဦးနော်...)

အလွမ်းမြို့ said...

သဒ္ဒါရေ... အလွှာပါလေးကို အားပေးသွားတယ်။

မွေးနေ့လေးမှစ နောင်နှစ်ပေါင်းများစွာ စိတ်ချမ်းသာ
ကိုယ်ကျန်းမာဖြင့် လိုရာခရီးကို ဖြတ်သန်းနိုင်ပါစေ

Anonymous said...

အဲဒီအလွှာပါးလေးတစ်ချပ်က အမျဉ်တန်းတွေနဲ့ အရောင်တွေယှက်နွယ်ခဲ့မယ်ဆိုရင်တောင်... အဆုံးမှာ အားလုံးကို ကြောခိုင်းထွက်ခွါနိုင်ပါစေဟု...(D)

မွေးနေ့မှာ ပျော်ရွင်မှုအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

ညီရဲ said...

စိတ်သဘောထား ပြည့်ဝလှတဲ့ အလွှာပါးလေး ပျော်ရွှင်တဲ့ မွေးနေ့ ရက်လေးကို ပိုင်ဆိုင်ပြီး နောက်နောင်လဲ သူ့ ပတ်ဝန်းကျင်ကို ကောင်းခြင်းတွေ အုပ်မိုးထားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် အစ်မ...

Unknown said...

ဒါမွေးနေ့ပိုစ့်လေးပေါ့နော်.... အားပေးသွားတယ် မမရေ

လွင်ပြင်လှိုင်းငယ် said...

မွေးနေ့တိုင်းမှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးတယ်နော် ။

ဝေမိုးနိုင်(မုံရွာ) said...

အလွှာပါးပါးလေးတစ်ချပ် .......................................................

မိုးညချမ်း said...

မမရဲ့ အလွှာပါးလေး မွေးနေ့ပိုစ့်ကို အားပေးဖတ်ရှုသွားပါတယ်နော် ... :) စာပေတွေအများကြီး ဆက်လက်ရေးသားနိုင်ပါစေ မမ ...

စံပယ်ချို said...

မွေးနေ့မှာ ပျော်ရွှင်ပါစေ
ဘ၀ရဲ့ အောင်မြင်မှုတွေကိုလဲ ခံစားရပါစေ
( အဆုံးသတ်ရမယ့် နေရာလေးတစ်ခုနဲ့ အဆုံးသတ်မယ့် အချိန်ဆိုတာကိုသာ သိနေခဲ့မယ်ဆိုရင်.. အဲဒီ အလွှာလေးရဲ့ သိမှုတစ်ချို့ကို ဖမ်းဆုပ်လိုက်ချင်ပါရဲ့)

ချစ်စံအိမ် said...

မွေးနေ့မှာစိတ်ကူးကောင်းလေးရေးတတ်တဲ့မမရေ
ပျော်ရွှင်သောနေ့များကိုဖြတ်သန်းနိုင်ပါစေ...

~ဏီလင်းညို~ said...

မသဒ္ဓါရေ့...

နောက်ကျနေပေမယ့်လည်း သတိတရ လာဆုတောင်းပေးသွားပါကြောင်းဗျား။
မွေးနေ့တိုင်ရော၊ နေ့ရက်တိုင်းရော စိတ်သွားတိုင်းကိုယ်ပါပြီး ကျန်းမာသုခပြည့်စုံတဲ့ ဘ၀တစ်ခု ပိုင်ဆိုင်နိုင်ပါစေဗျ။

ခင်မင်ခြင်းအားဖြင့်....
ဏီလင်းညို

လရိပ်အိမ် said...

နောက်ကျနေပြီထင်တယ်။
Happy Birthday to you!!!

Unknown said...

သိပ်တန်ဘိုးရှိတဲ့စာလို့ မှတ်ချက်ပေးပါတယ်

ငြိမ်းစိုးဦး said...

အလွှာပါးလေးက လွှမ်းခြုံနိုင်ဖို့ ခရီးဆက်တဲ့အခါ ဦးတည်ရာသို့ ဖြတ်သန်းနိုင်ပါစေကြောင်း ...

Angelhlaing(May everybody be happy and healthy! said...

အရမ်းကို နောက်ကျနေတဲ့ ဆုတောင်းလေးအတွက် ခွင့်လွတ်ပါမမရေ...ပျော်ရွင်ဖွယ် မွေးနေ့လေး ဖြစ်ပါစေရှင်...

အင်းတော်ရှမ်း said...

အလွှာပါလေးကိုဖြတ်သန်းဖို့ အားအင်တွေအပြည့်အဝပိုင်ဆိုင်နိုင်ပါစေ....