Friday, December 23, 2011

ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်မယ်

ခရစ်စမတ် သစ်ပင်လေးမျာဖြင့် ထူးခြားဆန်းသစ်စွာ အလှဆင်ယင်ခြင်း မရှိသောအိမ်လေးတခုထဲတွင် အချိန်ကာလများ တရွေ့ရွေ့စီးမျောရင်း ကုန်ဆုံးခဲ့ရပါသည်။ တခါတရံတွင် နှင်းခဲများ ဖုံးလွှမ်းလျက်ရှိသော အေးချမ်းမည်ဟု ထင်ရသည့် နေရာလေးများကို သွား၍ နှင်းခဲလေးများနှင့် တို့ထိကစားချင်ပါသည်၊ နှင်းခဲလေးများကို ကိုင်လိုက်လျှင် အေးစက်စွာ ကျင်ကနဲဖြစ်သွားမည့် ရသလေးတခုကို မက်မက်မောမော ခံစားကြည့်ချင်ပါသည်။ ဘယ်လောက်ပင် နှင်းကို တမ်းတစေကာမူနှင်းခဲများကျနေခြင်းမရှိသော မြူများဆိုင်းနေသည့် နေရာလေးတခုတွင်ပင် အေးချမ်းသည့် ဥတုလေးတခုအဖြစ် ထွေးပိုက်ပြီး ကုန်ဆုံးနေခဲ့ရပါသည်။ ကျမ မပိုင်ဆိုင်သော အချိန်တခုကို ရွေးချယ်ခွင့် ရှိမည်ဆိုလျှင် နှင်းများ အဆုပ်လိုက် ကျနေပြီး တဖြောက်ဖြောက် ကျနေမည့် နှင်းမှုန်များကြား အေးခဲနေသော နေရာလေးတခုတွင် ပြေးလွှား ဆော့ကစားရင်း ခနတာ နားခိုချင်ပါသည်။


များပြားလှသော တာဝန်ဝတ္တရားများနှင့် နေရသော အချိန်တခုကို မိမိကိုယ်တိုင် နှစ်သက်စွာ ဆုပ်ထားမိရဲ့သား ရှိနေသော ကျမသည် အနားယူရန် အချိန်လေးတခုကို နှစ်နှစ်ကာကာ လိုချင်ခဲ့မိပါသည်။ ထို့ကြောင့်ပင် တပါးသူများ၏ တခမ်းတနား လှပစွာ ကျင်းပကြသော ခရစ်စမတ်ကဲ့သို့နေ့မျိုး၊ နှစ်သစ်ကူးကဲ့သို့ညမျိုးကို ပျော်ရွှင်ဖွယ်ရာများဖြင့် ကုန်ဆုံးချင်ခဲ့ပါသည်။ ခရီးထွက်ရခြင်းကို ပျော်မွေ့သော၊ ဝါသနာပါသော ကျမသည် အခြေအနေပေးလျှင် ယခုလို ခရစ်စမတ်နေ့လေးကို ခရီးထွက်ခြင်းဖြင့် ဖြတ်သန်းချင်ပါသည်။ ကျမချစ်ခင်သော သူတချို့ကို ခရစ်စမတ်ကဒ်လေးများ ပေးခဲ့ဖူးသည်ကို စဉ်းစားရင်း ယခုအချိန်တွင် ကျမချစ်မြတ်နိုးသောသူကို ခရစ်စမတ်လက်ဆောင်လေးအဖြစ် ချမ်းအေးသော ညနေခင်းလေးတွင် နွေးထွေးမှုရှိမည့် အမှတ်တရလေးတခုကို ပေးချင်နေမိပါသည်။ ပြီးလျှင် ကျမချစ်ခင်သော သူတချို့ကို ခရစ်စမတ် ပန်းစည်းလေးများပေးပြီး သူတို့၏ ပျော်ရွှင်မှုအပြုံးလေးများကို မြင်တွေ့ချင်နေပါသည်။


*********


လောကဓါတ်တခွင်လုံး စိမ့်အေးပြီး ချမ်းအေးနေသည့်အခိုက် ကုန်လွန်ခဲ့ပြီးသော ပြက္ခဒိန်စာရွက်လေး တရွက်ပေါ်က ရက်လေးတရက်တွင် ကံ့ကော်ပန်းများ အဆုပ်လိုက်ပွင့်ပြီး ရေတမာနံ့လေး သင်းနေသော လမ်းကလေးပေါ်တွင် ခြွေချခဲ့ဖူးသည့် ပြန်မရနိုင်တော့မည့် ခြေရာလေးများကို တမ်းတနေမိသည့်အခိုက် အနွေးထည်ထူထူ ဝတ်ဆင်ထားသော သူတယောက်၏ ချိုသာသော အပြုံးလေးတခုအောက်တွင် နှလုံးသွေးများ ရပ်တန့်တော့မလောက်ဖြစ်ခဲ့ပြီး သူ၏စကားသံများကြားတွင် နူးညံ့စွာ ပျော်ဝင်စီးဆင်း ခဲ့ဖူးသည်ကို ပြန်လည် မြင်ယောင်နေရင်း ရှတသော သံစဉ်တခုအောက်တွင် နင့်ကနဲ နာကျင်ခဲ့ရပါသည်။


*********


နှစ်သစ်တခုကို ကြိုဆိုသည့်ညတွင် ကျမချစ်မြတ်နိုးသော၊ ကျမချစ်ခင်သော သူများနှင့် မီးဖိုလေးနားတွင် သီချင်းများ သီဆိုရင်း ရင်ခုန်စွာနှင့် အတူရှိနေချင်ပါသည်။ သို့သော် အိပ်မက်တခုအနေနှင့်သာ ဖြစ်မည်ဟု တွေးတောမိသောအခါ နှလုံးသား တနေရာတွင် စူးနစ်မှုတခု အဖြစ်နှင့်သာ လက်ခံခဲ့မိပါသည်။ အထက်တန်းကျောင်းသူဘဝတွင် သူငယ်ချင်းတယောက်ဆီမှ နှစ်သစ်ကူးလက်ဆောင်အဖြစ် ရခဲ့ဖူးသော ဒိုင်ယာရီစာအုပ်လေးတအုပ်၊ အနီရောင်ဆေးခြယ်ထားသော ကဒ်လေးတခုနှင့် ပိုက်ဆံအိတ်ဖြူလွလွလေးသည် ယနေ့တိုင် ကျမဗီဒိုလေးထဲတွင် ခိုအောင်းနေဆဲ ရှိနေပါသည်။


နှစ်ဟောင်းတခုကို ဝှေ့ယမ်းနှုတ်ဆက်ပြီး နှစ်သစ်တခု၏ စာမျက်နှာ ထက်တွင် ကောင်းသောခြင်းရာများဖြင့် ရေးဆွဲနိုင်ရန် ပြင်ဆင်ခဲ့ပြီးပြီလား ဆိုသည်ကို ကျမ ကိုယ်တိုင် မေးခွန်းထုတ်နေမိပါသည်။


အကယ်၍သာ နှစ်သစ်တခု၏ စာမျက်နှာထက်တွင် သပ်ရပ်လှပစွာ ခြယ်မှုန်းချင်သော ကျမသည် ချမ်းအေးလွန်းလှသည့် အချိန်လေးတခုတွင် အေးချမ်းငြိမ်းအေးစွာ အနားယူ အိပ်စက်ခွင့်မရသည့်၊ စာသင်ခန်းများကို ကျောခိုင်း၍ ပြေးလွှားနေကြရပြီး အကြောက်တရားများနှင့် ပြည့်လျှံနေရသည့် မျက်ဝန်းများ၏ နောက်ကွယ်မှ မျက်ရည်စက်များ သုတ်ပေးခွင့်ရရန် တောင့်တနေမိပါသည်။။။

ချစ်ရတဲ့ နမ်း(အဖြူရောင်နတ်သမီး) နဲ့ ညီမငယ် ကန်ဒီ တို့ရဲ့ ခရစ်စမတ်နဲ့ နှစ်သစ်ကူးလေးအတွက် အမှတ်တရ တဂ်ပိုစ့်လေးပါ။


26 comments:

ဘိုဖြူ said...

ပျော်ရွှင်စရာကောင်းတဲ့
ခရစ်စမတ်လေးဖြစ်ပါစေလို့
ကိုယ်ကမရေးတတ်တော့သူများရေးတာတွေဖတ်ပြီး
ကြည်နူးနေရတာပါဗျာ

စံပယ်ချို said...

သဒ္ဓါရေ
ဖတ်နေတယ်နော်
ဖတ်ရတာ ကြည်နူးမိတယ်
ရေးတတ်လိုက်တာနော်...
Merry X'mas & Happy New Year ပါရှင်

မာန်လှိုင်းငယ် said...

ပျော်ရွှင်ဖွယ်ရာ ... X'mas နဲ့အတူ လာမယ့် Happy New Year တွင် ချမ်းမြေ့သုခရပါစေဗျာ ... မသဒ္ဓါလှိုင်းရဲ့ စာတွေက ဖတ်ရတာ လူတိုင်းအတွက် ပျော်ရွှင်ကျေနပ်မိပါတယ်ဗျာ ...

မာန်လှိုင်းငယ်

သတိုး said...

နှစ်သစ်မှာ စိတ်ကူးရည်ရွယ်သမျှ အောင်မြင်ပျော်ရွှင်ပါစေ ဗျာ..။

မောင်ဘုန်း said...

ပျော်ရွှင်ဖွယ်ရာ နှစ်သစ်လေးဖြစ်ပါစေလို့  ဆုတောင်းခဲ့ပါတယ် ....

Angelhlaing(May everybody be happy and healthy! said...

အေးချမ်းတဲ့ ဒီဇင်ဘာရဲ့ ဆောင်းအငွေ့အသက်လေးနဲ့အတူ ပျော်ရွင်ဖွယ် ခရစ်စမတ်လေး ဖြစ်ပါစေမမရေ...

အဖြူရောင်နတ်သမီး said...

ကျေးဇူး...သူငယ်ချင်းလေး...
Christmas အမှတ်တရပေါ့...
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေကွယ်...

ညီရဲ said...

ငြင်ငြင်သာသာ လေးနဲ့ ဖတ်လို့ ကောင်းလိုက်တာ အစ်မရယ်...
အရမ်းနှစ်သက်မိတဲ့ တဖွဲဖွဲ ကျနေတဲ့ မိုးစက်တွေ အောက်မှာ လမ်းလျှောက်ရင်း စဉ်းစားမိတာက တဖွဲဖွဲ ကျနေတဲ့ နှင်းတွေ အောက်မှာ လမ်းလျှောက်ရရင် ဘယ်လို နေမလဲလို့ ...
ခုနောက်ပိုင်း ခရစ်စမတ်တွေကတော့ ပြေးရင်းလွှားရင်းနဲ့ ကုန်လွန်ခဲ့ရတာများပါတယ် အစ်မရယ်...
ပျော်စရာ ခရစ်စမတ်လေး ဖြစ်ပါစေ အစ်မ...

တွတ်တွတ် said...

သေသေချာချာလေးကိုဖတ်သွားပါတယ်ခင်ဗျာ...Like ခလုတ်လေးသာရှိရင်...အကြိမ်များစွာ ကလစ်လုပ်မိမှာအသေအချာပါပဲဗျာ....

Candy said...

စာအရေးကျဲတဲ့ မမ.. တဂ်ပိုစ့်လေးရေးပေးတာ ပျော်သွားတာပဲ.. :D :D :D

မမရေးတဲ့စာထဲမှာ မျှောသွားတယ် :)

လမင်းငယ် said...

မမရေ စာရေးသိပ်တော်တာပါပဲနော်
လေးစားအားကျပါတယ်
ခင်တဲ့လမင်း

ကိုရင် said...

ခစ်စမတ်မှာ ကံကောင်းပါစေ အမ

ဘုန်းဘုန်းတောက် said...

နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစ မသဒ္ဓါရေ...

rose said...

ကျွန်မရဲ့ တက်ဂ်ပို့စ်လေးကို ဆက်လက်တက်ဂ်ပေးတဲ့ အစ်မအဖြူရောင်နတ်သမီးနဲ့ ညီမကန်ဒီကြောင့် စာရေးသိပ်ကောင်းတဲ့ မသဒ္ဓါရဲ့ ပို့စ်လေးကို ဖတ်ခွင့်ရခဲ့ပြီ။ ကျေးဇူးတင်ပါတယ်။ ဘယ်လိုဖြစ်လို့ မသဒ္ဓါကို တက်ဂ်ဖို့ ကျွန်မ မေ့လျော့ကျန်ခဲ့ပါလိမ့်။ စိတ်မဆိုးပါနဲ့နော်း)။ မသဒ္ဓါ တမ်းတတဲ့ ဆုတောင်းလေးတွေလည်း ပြည့်ဝပါစေ၊ နှစ်သစ်မှာ ချမ်းမြေ့ပါစေလို့...။

SHWE ZIN U said...

ပျော်ရွှင်သော Christmas ပါ

ချော(အစိမ်းရောင်လွင်ပြင်) said...

သဒ္ဓါရေ
ပျော်ရွှင်ဖွယ် ခရစ္စမတ် အားလပ်ရက်လေးဖြစ်ပါစေနော်
သဒ္ဓါရဲ့ ဆန္ဒတွေလည်း အမြန်ဆုံးပြည့်ပါစေ
ကမ္ဘာမြေကြီးလည်း စစ်မက်ကင်းစင်စွာ ငြိမ်းအေးပါစေလို့နော်။

သူကြီးမင်း (တုံးဖလား) said...

ညီမက ခံစားမှု ကောင်းတယ်နော်။ စာရေးလိုက်ရင် စာထဲမှာ ခံစားမှုအနုပညာတွေ ပါပါနေတယ်။ ဖတ်ကြည့်ရင်း အလွမ်းဓါတ်တွေ ခံစားမှုတွေ ကူးစက်စေတယ်။

အချိန်တိုင်း ပျော်ရွှင်နိုင်ပါစေ။

ညိမ်းနိုင် said...

အစ်မရဲ့ဒီပို့စ်လေးက လွမ်းစရာ၊ကြည်နူးစရာနဲ့ ဖတ်ရတာ
တစ်မျိုးလေးကောင်းတယ်....။
ပျော်ရွင်နှစ်လိုဖွယ်ခရစ်စမတ်နှင့် နှစ်ကူးကာလကို
ပိုင်ဆိုင်နိုင်ပါစေဗျား....။

mstint said...

ရေးထားတာလေးက သပ်သပ်ရပ်ရပ်လေးနဲ့
ဖတ်ရတာ ခံစားမှုတွေအပြည့်အဝ စီးဆင်းစေတယ်
သဒ္ဓါရေ။ ကျန်းမာရေးဂရုစိုက်နော်။
Merry Christmas & Happy New Year !!!
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မောင်(စွယ်စုံကျမ်း) said...

မမသဒ္ဒါရေးတာက ဇာတ်လမ်းလေးလိုပါပဲလား
မှတ်တမ်းလေးတစ်ခုတော့ဖြစ်မှာသေချာတယ်...
ခင်မင်စွာဖြင့်..အမောင်

Nge Naing said...

Merry Christmas and Happy New Year ပါ ညီမရေ။

မောင်သီဟ said...

မေရီခရစ်ပါဗျာ
ဟာလေးလူးယာ.........
ပျော်စရာ ဒီဇင်ဘာဖြစ်ပါစေဗျားးးး)း)

မဒမ်ကိုး said...

မမသဒ္ဒါရေ
ဒိုးကန်ခရီးလွန်နေလို့ ခုမှလာရပါတယ်
ပျော်ရွှင်ဖွယ် ဒီဇင်ဘာနေ့ရက်များဖြစ်ပါစေမမရေ
Mxmas & Happy New Year ပါနော်

ချစ်တဲ့

မဒိုးကန်

Unknown said...

Merry Christmas and Happy New Year!!! sis!!

ကိုအောင်(ပျူနိုင်ငံ) said...

အားလပ်ရက်မှာ ပျော်ရွှင်ပါစေ ...း)

နတ်ဆိုးလေး said...

ဖြစ်နိုင်ရင်ပေါ့....... သီချင်းလေးညည်းချင်တာ... အကျယ်ကြီးအော်ပြီးတော့လေ... ဂစ်တာကြီးကို ရင်ခွင်ထဲမှာပိုက်ပြီးတီးး..... မျက်လုံးကြီးကို စုံ မှိတ်... အကျယ်ကြီးအော်ဆိုပစ်ချင်တယ်.... သူ ကြားကြားမကြားကြား.............

အိုး.......ဒီဇင်ဘာ...
မင်း ဘယ်ဆီမှာ...
အချစ်ရယ် အလွမ်းတွေ တစ်ဖွဲဖွဲကျ သိပ်သတိရ.....................