Tuesday, September 13, 2011

ဘလောဂ့်ဂါဆိုတာ ဘာလဲ...

အိမ်အပြင်ဘက်ဆီမှ တဖြောက်ဖြောက်ကျလာတဲ့ ရေစက်ရေပေါက်လေးရဲ့ အသံက ပတ်ဝန်းကျင်တခုလုံး လွှမ်းခြုံနေခဲ့တယ်။ ကောင်းကင်တခွင်လုံး မည်းမှောင်လို့ မှိတ်တုတ်မှိတ်တုတ် လက်နေတဲ့ ကြယ်လေးတွေလည်း ပုန်းနေကြတယ်နဲ့တူပါရဲ့။

ကျမတယောက် ကွန်ပြူတာဖွင့်ရင်း ပေါ်ထွက်လာတဲ့ screen ကိုငေးကြည့်လိုက်တာ အချိန် ဘယ်လောက်ကြာသွားလဲ မသိခဲ့ပါဘူး။

mozilla firefox ကိုဖွင့်လို့ လက်ကအလိုလို ရိုက်လိုက်မိတာကတော့. ကမ္ဘာကြီးထဲမှာ ချိတ်ဆက်ထားတဲ့ ကွန်ရက်တွေထဲက ကျမရဲ့ကွန်ရက်လေး တခုဆီကိုပေါ့။ အဲဒီကွန်ရက်လေးကို ကျမက သိပ်ကို နှစ်သက်မြတ်နိုးတာ။ ကွန်ရက်လေးကို ချိတ်ဆက်ထားတဲ့ အခြားအခြားသော သူတွေ ပိုင်ဆိုင်ကြတဲ့ ကွန်ရက်လေးတွေ ကိုလည်း နှစ်သက်တတ်တာ ကြာခဲ့ပါပြီ။

ကွန်ရက်တွေထဲမှာ ဘာတွေရှိလို့ နှစ်သက်ခဲ့တာပါလိမ့်။ ကွန်ရက်တွေထဲမှာ နူးညံ့တဲ့ အလှတရားတွေ၊ အနုပညာတွေ အများကြီးရှိနေခဲ့တယ်။ ပုံသဏ္ဍာန်မတူညီစွာ ရှိနေခဲ့ကြတဲ့ ကွန်ရက်လေးတွေထဲမှာ ကျမအတွက်၊ အခြားသော ကွန်ရက်လေးကို ချစ်ခင်နှစ်သက်သူ ပုံဖေါ်ဖန်တီးနေကြတဲ့ ကွန်ရက်ပိုင်ရှင်တွေ အတွက်၊ တနည်းတဖုံ တန်ဖိုးရှိစွာ ဆင်ယင်နေတဲ့ စာပေဆိုင်ရာ၊ ကဗျာ၊ အက်ဆေး၊ ဝတ္ထု၊ ပန်းချီ၊ ခံစားချက်၊ အတွေ့အကြုံ၊ ဗဟုသုတ၊ စိတ်ကိုသတိပြုမိဖို့ အသိတရားလေးများ၊ ဖတ်ချင်စရာ ဖတ်လို့ရနိုင်တဲ့ ရှားပါးစာအုပ်ကြီးများ၊ ဝါသနာလေးများ၊ တနေ့တာ ဒိုင်ယာရီလေးများ၊ စီးနင်းမျောပါနေရတဲ့ ဘဝရဲ့အလင်းရောင်များ၊ စိတ်ဝိညဉ်များ၊ နိုင်ငံတကာ သိမှတ်ဖွယ်ရာများ၊ ကိုယ်သိထားသလို အများသိပါစေဆိုတဲ့ စိတ်လေးနဲ့ မျှဝေပေးထားတဲ့ နည်းပညာလေးများ၊ ဆုံးမစာလေးများ၊ စိတ်အာဟာရဖြစ်စေမယ့် စာစုလေးများ..

အို။။။။ အများကြီးပါပဲလား။

ကျမလေ ကွန်ရက်လေး တခုထဲ ဝင်ကြည့်လိုက် ဖတ်လိုက်၊ နောက်ကွန်ရက်လေး တခုဝင်ကြည့်လိုက် ဖတ်လိုက်၊ ခံစားရစရာလေးတွေ ဖတ်ရင်း ထပ်တူခံစားလိုက်၊ ပြုံးစရာလေးတွေ ပြုံးလိုက်၊ မှတ်သား စရာလေးတွေကို မှတ်သားလိုက်နဲ့ ရသမျိုးစုံ ခံစားနေရတဲ့ ကျမစိတ်၊ ကွန်ရက်လေးတွေထဲက ရုန်းမထွက်နိုင်တော့ပါဘူး။

ကျမက ကွန်ရက်လေးထဲက ပင့်ကူလေးတကောင်နဲ့ တူနေလေရဲ့။

ကွန်ရက်လေးတွေထဲမှာ မြှုပ်နှံထားတဲ့ အချိန်ကာလတခုထဲက တတ်နိုင်သမျှ ရုန်းထွက်ခဲ့ရင်း ကျမရဲ့ကွန်ရက်လေးဆီကို တဖန်ပြန်ရောက်လာခဲ့တယ်။ ကွန်ရက်လေးထဲမှာ ကျမရဲ့ ဝိညဉ်၊ ကျမရဲ့ နှလုံးသားထဲက စီးမျောလာတဲ့ စုတ်ချက်လေးတွေကို ယှက်နွယ် တည်ဆောက်ရအုံးမယ်။

ပင့်ကူလေးရဲ့ခန္ဓာကိုယ်အတွင်းကနေ ထွက်ကျလာတဲ့ နူးညံ့သောအမျှင်လေးတွေကို လှပသပ်ရပ်စွာ တည်ဆောက်နေရင်း အခြားသော ကွန်ရက်လေးတွေရဲ့ သက်ဝင်မှုတွေ ဖန်တီးမျှဝေပေးနေတာကို အလေးထားနေမိတယ်။

ကွန်ရက်တခုဖြစ်တဲ့ ပင့်ကူအိမ်လေးကို အလှဆုံးခြယ်သချင်တဲ့ ပင့်ကူအိမ်လေးရဲ့အလယ်က ပင့်ကူလေးရဲ့ စိတ်ကူးကို တန်ဖိုးရှိ ပုံရိပ်စစ်တခုအဖြစ်။။။


"ဘလောဂ့်ဂါဆိုတာဘာလဲ'' ဆိုတဲ့ ခေါင်းစည်းလေးကို ဘလောဂ့်ဂါ နတ်ဆိုးလေး၊ မင်းဧရာ၊ မောင်(စွယ်စုံကျမ်း)၊ ပဥာက်၊ မဒမ်ကိုး၊ jasmine တို့က ရေးပေးဖို့ ပြောတဲ့အတွက် ကျမခံစားရသမျှလေးကို ရေးမိခြင်းပါ။

23 comments:

ညီရဲ said...

အစ်မ ပထမဆုံး ရောက်လာခဲ့တယ်။ အစ်မက အတွေးတမျိုးလေးနဲ့ ရေးထားတာ ဖတ်လို့ ကောင်းတယ်။ ဟုတ်တယ် ဘလော့က ပင့်ကူ မျှင်လိုပဲ ဘလော့ရေးသူကို ရစ်ပတ်တတ်တဲ့ သဘောရှိတယ်။

blackroze said...

သဒ္ဒါရေ..ရောက်ခဲ့ပြီနော်
သဒ္ဒါေ၇းသလိုပါဘဲ
တညတည အဲဒီပင့်ကူအိမ်လေးထဲမှာဘဲ
ငြိတွယ်နေတာလေ

ခင်တဲ့ blackroze

Anonymous said...

မဒါအတွေးက အရမ်း နူးညံ့တယ်း) ဟိ ကျနော်နဲ့များ ကွာပါ့း)

ဗညား

မင်ဧရာ said...

အမကြီး
ဖတ်ပြီးသွားပြီနော်
ဘလောဒ်ဂါဘာလဲ ဆိုတာကို
နူးနူးညံ့ညံ့လေးဖွင့်ဆိုသွားတာ
တကယ်ကို ညင်ညင်သာသာလေးပဲ။

အင်ကြင်းသန့် said...

မသဒ္ဒါက ဘလော့ဂါဆိုတာကို ဖွင့်ဆိုထားတာများ လှလှပပလေး....အဲဒီပင့်ကူအိမ်ထဲကနေ ရုန်းထွက်ဖို့ကြိုးစားကြည့်မိသေးတယ်။ မရဘူး...။ သေချာတာတော့ တော်တော်နဲ့ပြန်ထွက်ဖြစ်တော့မှာ မဟုတ်ဘူးဆိုတာပဲ။

မသဒ္ဒါပျော်ရွှင်ချမ်းမြေ့ပါစေ..

ချစ်ခင်စွာ
ဂျင်း

SHWE ZIN U said...

ညီမ သဒ္ဒါရေ

ပင်ကူလေး လေးတွေ အကြောင်းဖတ်သွားတယ်

ခင်မင်တဲ့

Candy said...

မမသဒ္ဓါရေ... ခိုင်းနှိုင်းထားတဲ့ ဥပမာလေးကို အရမ်းကြိုက်တယ်.. မမက စာသိပ်မရေးတော့.. မမပိုစ့်လေးတက်လာတာတွေ့တော့ အပြေးလာဖတ်တာ.. :D

မြသွေးနီ said...

ညီမသဒ္ဓါရေ...
Blogger ဆိုတာ ပင်ကူမျှင်တွေ ရစ်ပတ်နေတဲ့ ပင့်ကူမျှင်တွေ ကြားက ပင့်ကူလေးတွေ လိုပါဘဲ။ ဒီအိမ်လေးကို လှသည်ထက်လှအောင် တည်ဆောက်နေကြရတာ....။
အများနဲ့မတူတဲ့ ညီမရဲ့အတွေးလေးကို နှစ်သက်သဘောကျမိရပါတယ်..။

ပဥာက် said...

ပင့်ကူအိမ်ဆိုလည်း..ချည်မိချင်ချည်မိပါစေတော့..အဒီနွံထဲမှာ ပိုအေးချမ်းတယ်ထင်တာပဲ..

ချော(အစိမ်းရောင်လွင်ပြင်) said...

သဒ္ဒါရေ
အရောင်စုံနေတဲ့ ကွန်ယက်တွေကြားထဲက ပင့်ကူလေးတစ်ကောင်ပေါ့။
ကိုယ်ယက်ဖြာတဲ့ ကွန်ယက်ကလေးကို ကိုယ်တိုင်လည်း သံယောဇဉ်တွေနဲ့ သူများရဲ့ ကွန်ယက်ကိုလည်း သံယောဇဉ်တွေနဲ့ဘဲပေါ့။

Angelhlaing(May everybody be happy and healthy! said...

စိတ်ကူးကောင်းကောင်း အတွေးလှလှနဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်လေး လှလိုက်တာ မမရေ :):)
အဲဒီပင့်ကူ ချည်မျှင်ထဲမှာပဲ ပျော်နေလိုက်ကြတာ ထမင်းဟင်းတင်မက အရာအားလုံးမေ့ ဆိုသလိုပဲ မမ :) ခံစားအားပေးလျှက်...ပါလို့

စံပယ်ချို said...

အတွေးတမျိုးလေးနဲ့ ရေးထားတာ ဖတ်လို့
အရမ်းကိုကောင်းပါတယ်ရှင် ၊ ရေးတာကိုပဲကျေးဇူး
တင်နေမှာပါ ၊ ဟုတ်တယ်နော်ညတိုင်း
ဒီပင့်ကူအိမ်လေးထဲကကို မထွက်နိုင်တော့ပါဘူး.....
အတွေလေးကလဲ နူးညံ့သိမ်မွေ့တယ်....
ချစ်တဲ့ jasmine

နတ်ဆိုးလေး said...

တိုတိုပဲ တုတ်တုတ်ပဲ... ရှင်းရှင်းပဲ..
ဥပမာပေးတာလေးကို သဘောကျပါတယ်...

ဘာပဲဖြစ်ဖြစ် ကျေးဇူးနော..

မောင်(စွယ်စုံကျမ်း) said...

မမရ အနုပညာခံစားချက်ရှိလိုက်တာ ဖွင့်ဆိုထားတာ လန်းတယ်ဗျာ ခံစားအားပေးသွားပါတယ် အမြဲတမ်းကျေးဇူးတင်နေလျှက်.....။
မောင်(စွယ်စုံကျမ်း)

တောက်ပကြယ်စင် said...

သဒ္ဓါလှိုင်းရေ မင်္ဂလာပါ သို့မဟုတ် ဆ၀ါဒီခပ်နော်။ ကျောင်းတက်ရလို့ အလာနောက်ကျသွားတယ်။ သဒ္ဓါရေးတာလေးတွေက အရမ်းနူးညံ့တယ်နော်။ အဲဒီလိုလေး ရေးတတ်ချင်လိုက်တာ။ ဟုတ်ပါ့ သဒ္ဓါရေ ဘလော့ဂါဆိုတာ ပင့်ကူတစ်ကောင်လိုပါပဲလား။ ကိုယ့်ကွန်ယက်ကို သံယောဇဉ်တွယ်မိသလို သူများကွန်ယက်ကိုလည်း ပျော်ဝင်နေမိလေရဲ့။ ကျန်းမာပျော်ရွှင်ပါစေနော့...

မအိမ်သူ said...

ကွန်ယက်တွေထဲမှာ တွယ်ငြိနေမိတာတော့အမှန်ပါပဲညီမရေ။

ညိမ်းနိုင် said...

သိပ်လှတဲ့အတွေးလေးပဲအစ်မရာ..ဟုတ်ပါ့...ကျွန်တော်တို့
တွေက လှပတဲ့ကွန်ယက်တွေကိုတည်ဆောက်နေတဲ့ပင့်
ကူလေးတွေနဲ့တူပါ့.....။အဲ့ကွန်ယက်လေးထဲမှာပဲ ပျော်ဝင်
နေမိတာပါပဲအစ်မရာ....။

Admin said...

ဖတ်သွားပါတယ်အစ်မရေ
ရေးသာပုံကသူများခံစားမှုချင်းကွဲတယ်

မောင်သီဟ said...

း) တဂ်ပို့စ်လာဖတ်တယ်ဗျာ့
နုနုရွရွလေး အတွေးလှတယ်

သူကြီးမင်း (တုံးဖလား) said...

ညီမကတော့ ဘာအကြောင်းရေးရေး စကားလုံးလေးတွေ လတ်ဆတ်တယ်။ ခံစားမှု သို့မဟုတ် တွေးတောမှု များတဲ့ သူတွေမှာမှ ရှိတတ်တဲ့ စကားလုံးမျိုးလေးတွေ။

ခင်မင်လျှက်

လသာည said...

ညီမ..
ပင်ကူမျှင်အချောင်းများစွာထဲက သဒ္ဒါလှိုင်းဆိုတဲ့ ပင်ကူမျှင်တစ်ချောင်းလည်း လသာညကို ရစ်ပတ်နေတယ်..လို့..

♫♪★လွမ်းပိုင်ရှင်★♪♫ said...

အမရေလာဖတ်သွားပါတယ်နော် ကျွန်တော်လည်းမျှော်နေမယ်နော်
http://lwanpaishin.blogspot.com/

Green said...

ဘလော့ဂါဆိုတာ ဘာလဲလို့ သိသွားပါတယ်အမ

အရေးအသား အရမ်းကော်းသည်.။ အားကျမိပါသည်