Thursday, August 11, 2011

အို...ကောင်းကင်

နှလုံးသားထဲမှာ စူးနစ်နေဆဲ မြှားချက်ဒဏ်ရာလေးတွေနဲ့ ဝေးကွာမှုဆိုတဲ့ ခါးသီး နာကျင်စရာတွေကို ကောင်းကင်ကျယ်ကြီးရဲ့ တနေရာလေးမှာ ရေးချခွင့်ရချင်တယ်.။ ထင်ကျန်ရစ်မခံမယ့် ကောင်းကင်ကြီးရဲ့ တုံ့ပြန်မှုက ကိုယ့်အတွက် နေရာတနေရာလေးအဖြစ် လက်ခံပေးနိုင်ခဲ့ရဲ့လား မသေချာပေမယ့် ချွေးသိပ်ပေးနိုင်မယ့် အရာလေးတော့ ဖြစ်နေပေးပါ အို...ကောင်းကင်။

စက္ကန့်နဲ့အမျှ ဖြစ်ပြီးတိုင်း ပျက်တတ်တဲ့ အနတ္တတရားကို လက်ခံပေးနိုင်တဲ့ ငြိမ်သက်တည်ကြည်တဲ့ စိတ်တစုံကို ပေးပါ အို...ကောင်းကင်။

ဖြစ်ချင်တိုင်း မဖြစ်တတ်တဲ့ အိပ်မက်တွေကို ဆက်လက် အကောင်အထည်ဖေါ် ရေးဆွဲနိုင်ဖို့ ကြမ်းချင်တိုင်းကြမ်းတဲ့ စုတ်တံလေးတခုကို ပေးပါ အို...ကောင်းကင်။

တခါတရံ စိတ်အားငယ်မှုတွေ ဖြစ်လာတိုင်း ရဲရဲရင့်ရင့် ဖြတ်သန်းခဲ့ကြတဲ့ သမိုင်းထဲက ပုဂ္ဂိုလ်တွေကို သတိရပေးဖို့ ခွန်အားတရပ်ကို ပေးပါ အို...ကောင်းကင်။

မုန်တိုင်းထန်လာခဲ့ရင် ပျက်စီးယိုယွင်းသွားမယ့် အရာတွေအတွက် အံတုနိုင်စွမ်းရှိပြီး ပြန်လည် တည်ဆောက်ပေးနိုင်ဖို့ အလင်းရောင်လေးတခု ဖန်တီးပေးနိုင်စွမ်းကို ပေးပါ အို...ကောင်းကင်။

ဖြစ်တည်မှုတခုအရ လိုအပ်လာတဲ့ အရာတိုင်းကို တရားမျှတစွာနဲ့ ဆောင်ယူနိုင်စွမ်းရှိအောင် မပြောင်းလဲမယိမ်းယိုင်တဲ့ ခိုင်မြဲတဲ့ စိတ်ထားလေးတခုကို ပေးပါ အို...ကောင်းကင်။

ဖြေရှင်းခွင့်မရနိုင်တဲ့ ရှိုက်သံတချို့ရဲ့ လျှို့ဝှက်သင်္ကေတလေးတွေကိုလည်း ထုတ်ယူဖေါ်ထုတ်နိုင်စွမ်းရှိတဲ့ သတ္တိကိုပေးပါ အို...ကောင်းကင်။

ကြောက်ရွံ့မှုတွေနဲ့ ရင်ဆိုင်တိုးဝှေ့ရတဲ့အခါ လိပ်ပြာသန့်စွာ ဖယ်ရှားထုတ်ပစ်နိုင်တဲ့ ရဲရင့်မှန်ကန်ခြင်း သစ္စာတရားကို ပေးပါ အို...ကောင်းကင်။

ဟန်ဆောင်မှုတွေနဲ့ မာယာစကားသုံးတိုင်း ရိုးသားစွာနဲ့ ထိန်းချုပ်ပေးနိုင်မယ့် စကားလေးတလုံးကို ပေးပါ အို...ကောင်းကင်။

လဲကျရှုံးနိမ့်မှုဆိုတဲ့ ပညတ်ချက်တခုကို လက်ခံခဲ့ရတဲ့အခါ တဖန် ပြန်လည် တည့်မတ် နိုင်တဲ့ ခြေထောက်လေးတစုံကို ပေးပါ အို...ကောင်းကင်။

ဘဝရဲ့အမောတွေကို လုံခြုံစွာနဲ့ ထွေးပွေ့ပေးနိုင်တဲ့ လက်တစုံကို ပေးပါ အို...ကောင်းကင်။

ကန္တာရလမ်းခရီးပေါ်မှာ ရေလေးတပေါက် ချပေးနိုင်ပြီး နားခိုစရာအရိပ်လေးတခု ပေးနိုင်စွမ်းကို ပေးပါ အို...ကောင်းကင်။

ကြုံတွေ့ရတတ်တဲ့ ကျိန်စာတခု အတွက်လည်း အမြန်ဆုံး လွင့်စင်ပပျောက်အောင် လုပ်ဆောင် ပေးနိုင်တဲ့ မေတ္တာအစွမ်းကို ပေးပါ အို...ကောင်းကင်။

အထပ်ထပ်ရစ်ပတ်လာတတ်တဲ့ နှောင်ကြိုးတခုကို ဖြေလျော့ပေးနိုင်ပြီး မျှဝေခံစားပေးနိုင်တဲ့ ခက်ခဲလှတဲ့ ကိုယ်ချင်းစာစိတ်လေးတခုကို ပေးပါ အို...ကောင်းကင်။

အမှန်တရားအတွက် မားမားမတ်မတ် ရပ်တည်ပေးနိုင်ပြီး ရင်ထဲထိသိဝင် ခံစားစီးဆင်းစေမယ့် ဖြူစင်တဲ့ပညာတခုနဲ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တခုကို ဝံ့ဝံ့ထည်ထည်ပြသနိုင်အောင် သိစိတ်လေး တခုပေးနိုင်စွမ်းကို ပေးပါ အို...ကောင်းကင်။

26 comments:

ကိုခိုင် said...

လိုချင်သောအရာများပြည့်ဝပါစေ။
အစစအရာရာအဆင်ပြေပါစေ။

ကိုခိုင်

လသာည said...

သဒ္ဒါရဲ့ ဆန္ဒများ ပြည့်အောင် ဖြည့်စွမ်းပေးပါ..အို...ကောင်းကင်..။ ကျွန်မ သူမကို ပျော်ရွင် စိတ်ချမ်းမြေ့စေချင်လို့ပါ။

လင်းခေတ်ဒီနို said...

ဟန်ဆောင်မှုတွေနဲ့ မာယာစကားသုံးတိုင်း ရိုးသားစွာနဲ့ ထိန်းချုပ်ပေးနိုင်မယ့် စကားလေးတလုံးကို ပေးပါ အို...ကောင်းကင်။


. . . . စကားလုံး တစ်လုံးချုင်းစီကို ခံစားသွားတယ် မဒါ . . .

Cameron said...

ကောင်းကင်ကိုတိုင်တည်သော တမ်းချင်းလေး လာခံစားသွားပါတယ်....။
လိုအပ်ချက်များအမြန်ဆုံးပြီးပြည့်စုံပါစေညီမ...။

ခင်တဲ့
မိုးငွေ့

Angelhlaing(May everybody be happy and healthy! said...

လိုတိုင်းတလို့ ရနိုင်သော ဘဝလေး ပိုင်ဆိုင်ပါစေမမ :)

စံပယ်ချို said...

အမှန်တရားအတွက် မားမားမတ်မတ် ရပ်တည်ပေးနိုင်ပြီး ရင်ထဲထိသိဝင် ခံစားစီးဆင်းစေမယ့် ဖြူစင်တဲ့ပညာတခုနဲ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တခုကို ဝံ့ဝံ့ထည်ထည်ပြသနိုင်အောင် သိစိတ်လေး တခုပေးနိုင်စွမ်းကို ပေးပါ အို...ကောင်းကင်။

အဲဒီစာလေးကြိုက်လို့.....အရာအားလုံးကောင်းချီးများဖြင့်ပြည့်စုံပါစေရှင်။ ။

SHWE ZIN U said...

ညီမ ရဲ့ ရသစာလေးကိုဖတ်သွားတယ်

မဒမ်ကိုး said...

ကြုံတွေ့ရတတ်တဲ့ ကျိန်စာတခု အတွက်လည်း အမြန်ဆုံး လွင့်စင်ပပျောက်အောင် လုပ်ဆောင် ပေးနိုင်တဲ့ မေတ္တာအစွမ်းကို ပေးပါ အို...ကောင်းကင်။

ခင်တဲ့
မဒိုးကန်

mstint said...

နွေးထွေးမှုကို ပေးစွမ်းနိုင်တဲ့ ကောင်းကင်ကြီးထံ ရင်ဖွင့်သံလေးတွေ ဖတ်သွားတယ် သဒ္ဒါရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သဒ္ဓါလှိုင်း said...

သဒ္ဓါ့ရဲ့ရသလေးကိုဖတ်ပြီး ဆုမွန်တောင်းပေးကြတဲ့ ချစ်ရတဲ့ မိတ်ဆွေတွေဖြစ်တဲ့ ကိုခိုင်၊ မလသာ၊ ဗညား၊ မမိုး၊ ညီမအိန်ဂျယ်၊ ညီမjasmine၊ မမရွှေစင်၊ မဒမ်ကိုး၊ အဏ်တီတင့်တို့ အားလုံးကို ကျေးဇူးတင်သလို ဆုတောင်းပေးတဲ့အတိုင်း ပြည့်ရပါစေလို့။
ချစ်တဲ့
သဒ္ဓါ

သူကြီးမင်း (တုံးဖလား) said...

အို ကောင်းကင်လေးဖတ်ပြီး

စာရေးသူရဲ့ စိတ်ထဲ ၀င်ခံစားမိတယ်။ မိုးကောင်းကင်ကြီးက အဲဒီလို သဒ္ဓါရဲ့ တောင်းဆုတွေကို ပေးဝေနိုင်ရင် သိပ်ကောင်းမှာဘဲနော်။

အဆင်ပြေပျော်ရွှင်နိုင်ပါစေ။

ခင်မင်လျက်

blackroze said...

ဆန္ဒတွေအားလုံးပြည့်စုံပါစေ..သဒ္ဒါ..

ချစ်တဲ့...blackroze

မအိမ်သူ said...

ကောင်းကင်ကြီးကိုမော့ကြည့်ပြီး တိုင်တည်ဆုတောင်းမိရင် ရင်ထဲမှာ အလိုလိုခွန်အားတွေပြည့်လာသလို ခံစားမှုမျိုးကို ခံစားဖူးတယ်။ ဆုတောင်းလေးတွေက စေ့စပ်သေချာလိုက်တာ ဆန္ဒတွေအားလုံး ပြည့်ဝပါစေညီမရေ..

ညိမ်းနိုင် said...

ကျွန်တော်လည်း တိုင်တည်ချင်မိရဲ့ အိုကောင်းကင်....။

မေသိမ့်သိမ့်ကျော် said...

တိုင်တည်သမျှ ကောင်းကင်ကြီးကြားပါစေသား။

ခင်တဲ့

ချယ်ရီမြေ said...

အယ်ကယ်၍ ကောင်းကင်မဟုတ်ရင်တောင် နေ၊ လ သို့မဟုတ် ကြယ်တစ်ပွင့်၊ ဂြိုလ်တစ်လုံးလောက်ဖြစ်ခဲ့ မယ်ဆိုရင်.....

ahphyulay said...

အင်း...
ငယ်စဉ်တုံးကလည်း ကောင်းကင်ကြီးကိုပဲ
မော့ မော့ ကြည့်ပြီး ၊ အဲ့ လိုပဲ ရင်ဖွင့် ခဲ့ ဘူးပါ
တယ်နော်..။ ခုတော့  .....

အဖြူရောင်နတ်သမီး said...

တခါတရံ စိတ်အားငယ်မှုတွေ ဖြစ်လာတိုင်း ရဲရဲရင့်ရင့် ဖြတ်သန်းခဲ့ကြတဲ့ သမိုင်းထဲက ပုဂ္ဂိုလ်တွေကို သတိရပေးဖို့ ခွန်အားတရပ်ကို ပေးပါ အို...ကောင်းကင်။

ထပ်တူ ဆုတောင်းသွားပါတယ် သူငယ်ချင်းလေးရေ...

...အလင်းစက်များ said...

တစ်ခါတစ်လေကျ ညစ်နေတဲ့စိတ်နဲ့  ညစ်နေတဲ့ အတွေးကို ထပ်ခါ ထပ်ခါ မတွေးတာ ကောင်းတယ်ဗျာ။ ပိုပိုညစ်လာတတ်တယ်။ ဖြူစင်တဲ့ တောင်းဆိုမှုလေးကတော့ စိတ်ကို ခွန်အားဖြစ်နေစေပါတယ်။

ကိုအောင်(ပျူနိုင်ငံ) said...

ညီမရေ ...
ဘလော့ဒေးအတွက် အမှတ်တရ ရေးပေးဖို့ ခင်မင်စွာ တက်ဂ်(tag) ထားပါတယ် ...

SHWE ZIN U said...

ကိုယ်ချစ်တဲ့ ညီမ နံမည်လေး ကျန်ခဲ့ တာ ညီမ မန့်လာမှာ သတိထားမိတယ် ခွင့်လွှတ်နော် ညီမ အခုပြန်ထဲ့ထားတယ် ညီမ ရဲ့ အားဆေးလေးတွေ အတွက်လည်း အထူးကျေးဇူးတင်ပါတယ်

ညီမ ရဲ့ ချစ်စရာ တွေးစရာ စာလေး တွေ ကိုဖတ်သွားတယ်နော်

တောက်ပကြယ်စင် said...

သဒ္ဓါ့ရဲ့ဆန္ဒတွေကို အကောင်းဆုံးနှင့်အမြန်ဆုံး စွမ်းဆောင်ပေးလိုက်စမ်းပါ အို ကောင်းကင်ကြီးရယ်...ကျန်းမာပျော်ရွှင်ပါစေ သဒ္ဓါရေ...

မြစ်ကျိုးအင်း said...

ကိုယ်တွေလည်း ဆန္ဒတွေရှိတယ်။ ဆန္ဒတွေ အကုန် မပြည့်နိင်ရင်တောင် စိတ်ချမ်းသာ ပျော်ရွှင်ရမယ့် ဘဝလေး ရချင်တာပဲ။

Anonymous said...

စာလာဖတ်ဖို့ အခြေအနေ မပေးလို့ အမြဲ မရောက်ဖြစ်ပါ
ဓမ္မကဗျာလေးတွေ လာလာအားပေးလို့လဲ ကျေးဇူးတင်ပါ၏..သြော်..စကားမစပ် မနက်ဖန် ထိုင်းရောက်မယ်..တစ်ပတ်လောက် ဘန်ကောက်မှာကြာမယ်..ဘာရယ်မဟုတ် မသဒ္ဒါရှိတဲ့နေရာဆိုတဲ့ အသိနဲ့ ဆက်စပ်တွေးမိလို့ပါ

(မောနေယျ)

မြတ်မွန် said...

ဆန္ဒတွေရှိသည်။သို့သော်..မျှော်လင့်ရတာ မောလှပြီ။

ဟက်ပီးဘလော့ဒေးပေါ့. .မ သဒ္ဓါရေ..။

အင်းတော်ရှမ်း said...

အို... ခုမှပဲ ဖတ်ဖြစ်တယ်...
ကောင်းကင်ကိုတိုင်တည်ရင်း အမှန်တရားကို လုပ်ဆောင်နိုင်ပါစေ။