Wednesday, June 22, 2011

ရင်၌ဖြစ်တည်မှု

အိပ်မက်တွေနဲ့အတူ ဖျက်ကနဲ လန့်နိုးလာခဲ့တယ်။ ဝန်းကျင်ကိုကြည့်လိုက်တော့ မှောင်ရီပျိုးနေတဲ့ အရိပ်အယောင်က အုပ်မိုးထားလို့..။ အိပ်ယာနံဘေးက ဖုန်းလေးကို ကောက်ကိုင်ပြီး မှောင်နေတဲ့အချိန်တခုရဲ့ သတ်မှတ်ချိန်လေးကို ကြည့်မိတော့ မနက် လေးနာရီတောင်မခွဲသေး။ ကျမမက်တဲ့အိပ်မက်တွေကို မှတ်မိတဲ့စွမ်းရည် ပျောက်ဆုံးကုန်တာ ကြာလှပြီ။ တဘက်ကလည်း အိပ်မက်တွေကို မမှတ်မိတော့တာက တမျိုးကောင်းတယ်လို့ ဖြေတွေးတွေးလိုက်မိတယ်။ ကောင်းခြင်း၊ ဆိုးခြင်းရယ်လို့ အထင်ရောက်စရာ သတ်မှတ်ကြတဲ့ အိပ်မက်ရဲ့ နောက်ဆက်တွဲ ဖြစ်ပျက်မှုတွေကို စဉ်းစားစရာ မလိုတော့ဘူး။

တချို့သောသူတို့ မက်ကြတဲ့အိပ်မက်ကို အကောင်း.အဆိုးလို့ ပြောနေကြပြီး ဘယ်တော့ဘာဖြစ်မလဲဆိုတဲ့ မလိုလားအပ်တဲ့ အရာတွေအတွက် ဘယ်လိုမျိုးက နှစ်သိမ့်ဖြေရှင်းခွင့် ပေးနိုင်ကြမှာပါလိမ့်လို့ တွေးနေမိတယ်။ အိပ်မပျော်တော့တဲ့ သူတယောက်အတွက် မိုးစင်စင်လင်းဖို့ အချိန်အတော်ကြာ စောင့်စားရုံမှတပါး အခြားလုပ်စရာမရှိခဲ့ပါ။

လင်းရောင်ခြည်လေး ထွက်ပေါ်လာတဲ့အခါမှာ လုပ်နေကျအလုပ်ဖြစ်တဲ့ ရေချိုးခန်းဝင်.. ဘုရားရှီခိုး.... ပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်... အနည်းအကျဉ်းစားဖို့တခုခုလုပ်...ဖို့ အစပျိုးနေခိုက်... ရုတ်တရက် ဖုန်းလာတဲ့ အသံကြောင့် အပြေးအလွှား အပေါ်ကိုလှမ်းတက်လာခဲ့တယ်။ ဖုန်းသံလေးကြားတာနဲ့တင် ဘယ်သူဆက်တယ်ဆိုတာ သိနေပေမယ့် မနက်စောစော ဆက်တဲ့အတွက် စိတ်ပူနေမိတယ်။ ပူပန်တတ်တဲ့ စိတ်တခုအတွက် တခါတရံ အလဟဿလိုမျိုး ဖြစ်သွားခဲ့ရတဲ့ ထုံပေပေ ခပ်ဟဟ ရီမောသံလေးတွေကြောင့် နောက်တခါ ပူပန်တတ်တဲ့စိတ် မဖြစ်အောင် နေမယ်ဆိုတဲ့ မာကျောကျော နှလုံးသားဟန်မျိုးနဲ့ ဖုံးထားခဲ့မိတယ်။ မသိကျိုးကျွန်မှုရဲ့အောက်မှာလည်း ပြားပြား ဝပ်သွားခဲ့ရဖူးပါတယ်။

"ဟယ်လို"... လို့ ကျမအစချီတော့

တဘက်ကအသံကြားရုံနဲ့ တခုခုဖြစ်နေပြီဆိုတာ သိပေမယ့် ကျမကစပြီး မမေးလိုခဲ့ပါ. တခုခုဆိုတာ စိတ်ကိုအခြေခံတဲ့ ပင်ပန်းနွမ်းနယ်မှုကတဆင့် ဖြစ်တည်လာရတဲ့ အားငယ်မှုဆိုတာ သိတာပေါ့။ ရင်းနှီးကျွမ်းဝင်စရာတွေနဲ့ အဝေးကြီးမှာရှိနေတဲ့ သူတယောက်ရဲ့ ရိုက်ခတ်လာတဲ့ သံစဉ်ကို ခံစားဖူးနေလို့ပါ။ တယောက်တည်းတည်း ဖြစ်နေကျပေမယ့် ရံဖန်ရံခါမှာ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ တယောက်တည်းပါလားဆိုတဲ့ အားငယ်စရာအတွေးမျိုး ဝင်လာတဲ့အခါမှာ ကိုယ့်ရဲ့ ပင်ပန်းမှုကို ဖေးမနားလည်ပေးနိုင်မယ့် သူတယောက်ကို အရင်ဆုံး သတိရတတ်ကြသလို ကျမကိုဦးဆုံး သတိရလိုက်တာများလား။ တဘက်ကပြောနေတဲ့ခံစားမှုတွေကို နားထောင်ရင်း ကျမလည်း နားလည်မှုတွေနဲ့ ထပ်တူခံစားရပါတယ်။

အဲဒီအချိန်မှာတော့ ကျမက စိတ်ဓါတ်ခိုင်မာတဲ့.. ဘာမဆို အံတုနိုင်တဲ့.. ရဲရဲရင်ဆိုင်နိုင်တဲ့.. သတ္တိတွေအပြည့်နဲ့ သူတယောက် ဖြစ်နေခဲ့တယ်။ တဘက်ကခံစားနေတဲ့ ခံစားမှုတိုင်းကို ကျော်လွှားပေးနိုင်တဲ့ သူတယောက်လည်း ဖြစ်နေချင်ပြန်တယ်။ ကျမကြောင့် စိတ်ပင်ပန်းမှုတွေ သက်သာလာပြီး ခွန်အားတွေကို ရလာစေချင်တယ်. သစ္စာတရားနဲ့ မဝေးကွာတဲ့ သူတယောက်ဖြစ်လို့ ရိုးသားစွာ ပြောဖြစ်ခဲ့တဲ့ အမှန်တရားတွေကို လက်ခံပေးမယ်လို့ ယုံကြည်မိတယ်။

ကျမပြောနေခဲ့တဲ့ စကားတွေက သူ့အတွက် စိတ်ပင်ပန်းမှုလျော့သွားခဲ့သလားဆိုတဲ့ မေးခွန်းတခုအတွက် အဖြေကို သိလိုပေမယ့် မမေးဖြစ်ခဲ့ပါဘူး။ ပြောလိုက်တဲ့ စကားလုံးတလုံးထက် ရင်ထဲကမေတ္တာတရားကြောင့် အလိုအလျောက် ဖြစ်တည်လာမယ့် နွေးထွေးမှုတွေ.. စိတ်ခွန်အားတွေနဲ့ ရှင်သန်စေချင်တယ်။ ဘယ်အခြေအနေမှာဖြစ်ဖြစ်. ဘယ်အရာကပဲ နှောင့်ယှက်နှောင့်ယှက်.. ဘယ်လို အချိန်မှာပဲဖြစ်ဖြစ်.. တိုးဝင်တိုက်ခတ်လာတဲ့ အရာမှန်သမျှကို သိက္ခာရှိရှိနဲ့ ရဲရဲရင်ဆိုင်နိုင်တဲ့ သူတယောက် ဖြစ်စေချင်တယ်။ တခါတရံ ကျမစိတ်အားငယ်ချိန် အားပေးစကားပြောတာလည်း သူပဲ ဖြစ်နေတတ်ပါတယ်။ လိုအပ်ချက်မှန်သမျှကိုလည်း ဖြည့်ဆည်းပြောဆိုပြီး လမ်းညွှန်ပေးတတ်တာလည်း သူပါပဲ။ အဲဒီအခါမှာတော့ ကျမကသူ့ရဲ့ တပည့်လေးတယောက်လို နာခံမယ့်သူလည်းဖြစ်လို့နေရဲ့။

စိတ်အားငယ်မှုတွေကြားမှာ အပြန်အလှန် အားပေးနားလည်မှုတွေနဲ့ ထွင်းဖေါက်မြင်နိုင်တဲ့ နှလုံးသားတစုံအဖြစ် ကမ္ဘာကြီးရဲ့ တနေရာမှာ တန်ဖိုးရှိတဲ့အလွှာလေးတခုအဖြစ် ရပ်တည်ခွင့်ရချင်ပါတယ်။

15 comments:

ကိုကိုမောင်(ပန်းရနံ့) said...

ကြင်နာတတ်တဲ့ နှလုံးသား၊ နှစ်သိမ့်ပေးတတ်တဲ့ လက်တစ်စုံ၊ ရန်ခုန်ဖက်တွေအတွက် တကယ် လိုအပ်ပါတယ်။

အပြန်ပြန်နားလည်ပေးကြရင် ဘ၀ဆိုတာ ကြည်နူးစရာလေးပါ။

ခင်မင်လျက်

ပန်းချီ said...

အားပေးနားလည်မှုတွေနဲ့ ထွင်းဖေါက်မြင်နိုင်တဲ့ နှလုံးသားတစုံအဖြစ် ကမ္ဘာကြီးရဲ့ တနေရာမှာ တန်ဖိုးရှိတဲ့အလွှာလေးတခုအဖြစ် ရပ်တည်ခွင့်ရချင်ပါတယ်.... ဆိုတဲ့ အရေးကလေးကနူးညံ့လိုက်တာရှင်း)

mstint said...

တိုတောင်းတဲ့ လူ့ဘဝကြီးမှာ အခက်အခဲတွေ့ကြုံတဲ့အခါမှာ ကိုယ့်ဖက်မှာ ရပ်တည်ပြီး ကူညီတဲ့မိတ်ဆွေ ဆွေမျိုး ချစ်သူဟာ ကိုယ့်အတွက် ထာဝရအဖော်မွန်ပါပဲကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Cameron said...

“စိတ်အားငယ်မှုတွေကြားမှာ အပြန်အလှန် အားပေးနားလည်မှုတွေနဲ့ ထွင်းဖေါက်မြင်နိုင်တဲ့ နှလုံးသားတစုံအဖြစ် ကမ္ဘာကြီးရဲ့ တနေရာမှာ တန်ဖိုးရှိတဲ့အလွှာလေးတခုအဖြစ် ရပ်တည်ခွင့်ရချင်ပါတယ်” သိပ်မှန်တယ်..။ ဒါလူတိုင်းအတွက် လိုအပ်တဲ့ စိတ်ခွန်အားတစ်ခုပဲ..။

SHWE ZIN U said...

ညီမ သဒ္ဒါရေ

စာလေးလာဖတ်သွားပါတယ်နော်

ငြိမ်းချမ်းပါစေ

တောက်ပကြယ်စင် said...

တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် နားလည်ပေးနိုင်ရင် ဘ၀ဟာ ပျော်ရွှင်စရာ ကမ္ဘာလေး ဖြစ်သွားပြန်တယ်။
ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...

ချော(အစိမ်းရောင်လွင်ပြင်) said...

သဒ္ဓါ ထပ်တူညီသော နားလည်မှုကိုယ်စီနဲ့ စိတ်ချမ်းသာပျော်ရွှင်ပါစေလို့...

flowerpoem said...

ကိုယ့်ကို နားလည်ကြင်နာတဲ့နှလုံးသားရှိသော မိတ်ဆွေ သူငယ်ချင်းများနှင့် ဆုံစည်းနိုင်ပါစေရှင်..

မြစ်ကျိုးအင်း said...

ကိုယ့်လက်တွဲဖော်က အပြန်အလှန်ဖေးမနားလည် ခွင့်လွှတ်တတ်ခဲ့ရင် ကိုယ့်အတွက်တော့ ကံကောင်းသူပဲ မဟုတ်လား။ ဘဝက နေပျော်ပြီပေါ့။

rose said...

I love your writing! Came and read old posts also. Hope everything is fine with you.

Angelhlaing(May everybody be happy and healthy! said...

ကြည်နုးစရာလေး မမ ဖေးမကြင်နာမှုတွေနဲ့ အပြန်လှန် နားလည်ကြခဲ့ရင် ဘဝမှာ နေပျော်စရာ ပဲနော်...
ခံစားအားပေး သွားလျှက်ပါမမ..
ကောင်းသောနေ့လေး ဖြစ်ပါစေလို့ ဆန္ဒပြုရင်း....

ချစ်ခြင်းအလင်္ကာ said...

စိတ်အားငယ်မှုတွေကြားမှာ အပြန်အလှန် အားပေးနားလည်မှုတွေနဲ့ ထွင်းဖေါက်မြင်နိုင်တဲ့ နှလုံးသားတစုံအဖြစ် ကမ္ဘာကြီးရဲ့ တနေရာမှာ တန်ဖိုးရှိတဲ့အလွှာလေးတခုအဖြစ် ရပ်တည်ခွင့်ရချင်ပါတယ်

မရေ..ပြောချင်တာတွေနဲ့တစ်ထပ်တည်းကျနေပြီမို့..
လာလည်ရင်းအားပေးသွားပါတယ်..
ပျော်ရွှင်ချမ်းမြေ့ပါစေ

ချစ်ခြင်းအလကာင်္

မေသိမ့်သိမ့်ကျော် said...

တစ်ယောက်ကိုတစ်ယောက်နားလည်ပြီး စိတ်ချင်းနီးနေဖို့အရေးကြီးပါတယ်။ တစ်ယောက်ထဲဆိုရင် အလိုလိုကို အားငယ်တတ်တာသဘာဝပါ။ အဲဒီအချိန် ကိုယ့်စိတ်ထဲမှာအမြဲရှိနေတဲ့သူက ကိုယ်အားကိုးတဲ့သူ ၊ကိုယ်ချစ်တဲ့သူပဲပေါ့။

ခင်မင်လေးစားလျက်

အင်ကြင်းသန့် said...

မသဒ္ဓါရေ....တစ်ယောက်နဲ့တစ်ယောက်
အနေဝေးနေကြပေမယ့် အခုလိုတစ်ဦးနဲ့တဦးနားလည်မှုတွေအပြည့်နဲ့
အပြန်အလှန်ဖေးမချစ်ခင်သွားကြမယ်ဆိုရင် နေပျော်ပါတယ်...

ချစ်ခင်စွာ
ဂျင်း

♫♪★လွမ်းပိုင်ရှင်★♪♫ said...

ကျေးဇူးနော်အမ ကျွန်တော်ဆိုက်ကိုလာပေးတဲ့အတွက်ပါ ကျွန်တော် စာရေးတာကိုအားပေးတဲ့အတွက်ရောပေါ့ ကျွန်တော်လည်းစာတွေဆက်ေးနေပါ့မယ် အမ နေက်လည်း ဝေဖန်အကြံပေးပါဦးနော် လွမ်းပိုင်ရှင်