Thursday, February 17, 2011

ချစ်သူသိစေ…

အတိတ်က နေ့လေးတနေ့မှာ နှလုံးသားထဲမှာရှိတဲ့ အတိုင်း အသံတိတ်နဲ့ ရိုးသားစွာ ဝန်ခံခဲ့ဖူးတယ်။

ကောင်းကင်ပြင်ကို မော့ကြည့်လိုက်တော့ မှိတ်တုတ်မှိတ်တုတ် လက်နေရှာတဲ့ ကြယ်လေးကလွဲလို့ ပကတိညိုမည်း နေလိုက်တာ။ ဒီအချိန် ချစ်သူ နားခိုရာ နေရာလေးမှာလည်း ခုလိုပဲ တူညီတဲ့ ကောင်းကင် ညိုမှောင်မှောင်ကြီးပဲ အုပ်မိုးထားနေမှာပဲ ဆိုတာ တွေးရင်း တောင်ပံဖြန့်ကျက်လို့ နှလုံးသားချင်း နီးနေခဲ့တယ်..။

ချစ်သူကရော ဘာတွေကိုတွေးတော နေမှာပါလိမ့်..။

ဘဝတကွေ့မှာ သင်ကြားခဲ့ရတဲ့ ပညာရေး ခန်းမကြီးထဲမှာ မေးခွန်းတွေကို ခက်ခဲစွာနဲ့ အတူဖြေဆိုခဲ့ကြတဲ့ နေ့တွေကိုလား…. လက်တွေ့ခန်းမထဲမှာ အရောင်မပြောင်းလဲခြင်းကို ရှာဖွေခဲ့ရတဲ့ နေ့ရက်တွေကိုလား…. ချစ်သူကိုယ်တိုင် ပေးခဲ့ဖူးတဲ့ အရာလေးတခုလား…… ဒါမှမဟုတ် ချစ်သူရခဲ့ဖူးတဲ့ မြတ်နိုးစရာ အရာလေးတခုလား…….. မျက်ဝန်းလေးထဲမှာ အမှတ်မထင် တွေ့ခဲ့ဖူးတဲ့ ကြင်နာခြင်း အရိပ်အယောင်လား……… အေးချမ်းဖွယ် ကံ့ကော်ရွာလေးထဲက လက်ဖက်ရည် ချိုပေါ့ကျ တခွက်ကိုလား…….

ရေတမာပင်လေးတွေ တန်းစီနေတဲ့ ရှည်လျားတဲ့လမ်းလေးမှာ ဘယ်တော့မှ ပျောက်ကွယ် မသွားမယ့် ခြေရာလေးတွေ... ရှိနေအုံးမယ်ထင်ပါရဲ့.....။

ချိုမြိန်တဲ့ စကားသံလေးတွေကို ကျေးဌက်လေးတွေက မှတ်မိ တေးဆိုနေမယ့် တေးဆိုသံလေးတွေကိုလည်း ကြားယောင်တုန်းပါ ချစ်သူ....။

ချစ်သူရဲ့ အပြုံးလေးကို တမ်းတလိုက်တိုင်း ကြည်နူးမှုနဲ့ အလွမ်းတို့ ပေါင်းစပ်ဖွဲ့သီလို့…..

ချစ်သူဝါသနာပါရာမှာ ကျမရဲ့ အားပေးမှုက ချစ်သူအတွက် အင်အားတရပ် အဖြစ် ရပ်တည်ခွင့် ရခဲ့တာကို ပြန်လည်တွေးတောရုံ တွေးတောမိတဲ့အခိုက် ဘေးနားကို ငဲ့ကြည့်လိုက်တော့ ဗလာ ……. သက်သက် ….......။

ကောင်းကင်အမိုးကြီး တခုထဲအောက်မှာ မတူညီတဲ့ ခေါင်းစဉ်တွေနဲ့ လွင့်မြောနေကြရပေမယ့် တချို့သော တူညီမှုတွေရဲ့ အောက်မှာတော့ ထပ်တူကျခဲ့ဖူးပါတယ်.။

~~~~~~~~~~~~

နံနက်ခင်းရဲ့ လေနုအေးက ကျမရဲ့ ဆံနွယ်လေးတွေကို တိုးဝှေ့လာတိုင်း ချစ်သူနဲ့ ပက်သက်တဲ့ အတွေးတွေကလည်း လွင့်ပျံ့လာခဲ့တာကိုတော့ ချစ်သူနားလည်နိုင်မယ်ထင်ပါရဲ့။ ချစ်သူ မကြားနိုင်ပေမယ့်.. ချစ်သူ မမြင်နိုင်ပေမယ့်…. ကျမကတော့ စကားတွေ အများကြီးပြောနေမိတယ်.။ ကျမရဲ့ဝန်ခံမှုကို ချစ်သူသိနိုင်ဖို့ ခပ်တိုးတိုး ရေရွတ်သံလေးက လေနဲ့အတူ ပါမသွားခဲ့ပါဘူး..။

ရေရွတ်မိတဲ့ စကားသံလေးကို မြတ်နိုးနှစ်ခြိုက်စွာနဲ့ ပုံဖေါ်နေပေမယ့် အဆစ်အပိုင်းလေးတခုအဖြစ် ပိုင်းခြားတတ်အောင် ကျမလေ့ကျင့်တတ်ခဲ့ပြီနဲ့ တူပါရဲ့…။

ခြေချခွင့်မရတော့တဲ့ ချစ်သူရဲ့ နယ်မြေက အငွေ့အသက် ရနံ့လေးတခုကို တေးသီချင်းအဖြစ် နာကျင်စွာ ဟစ်ကြွေး သီဆိုရင်း ရင်ထဲမှာတော့ ငိုကြွေးနေခဲ့ရပြီ ချစ်သူ….။

နှလုံးသားထဲက ရိုးသားစွာနဲ့ ချွေချလိုက်တဲ့ နှလုံးသွေးစက်တွေကတဆင့် ပြိုကျလာတဲ့ မျက်ရည်စက်လေးတွေကိုတော့ ခေါင်းအုံးလေးက သက်သေထူနေလေရဲ့ ချစ်သူ…………!!!

12 comments:

တောက်ပကြယ်စင် said...

"ခေါင်းအုံးထက်က မျက်ရည် သက်သေ မေပြချင်တယ် ကံတရားကို တို့မှာ မပိုင်တော့ဘူး ချစ်လေး သိသိရက်နဲ့ မိုက်ခဲ့တဲ့ နှလုံးသားအိမ်လည်း ဘယ်လိုရုန်းကန် ရှေ့ဆက်သွား ရှင်လျက်မထူးတော့တဲ့ဘ၀နဲ့ ရှင်လျက်မထူးတော့ဘ၀နဲ့ ငိုမယ်"....ကျန်းမာပျော်ရွှင်ပါစေဗျာ
ခင်မင်တဲ့
တောက်ပကြယ်စင်

အဖြူရောင်နတ်သမီး said...

ချစ်သူလည်း သိပါစေ..
သဒ္ဓါ့ကို ချစ်တဲ့ နတ်သမီးလည်း သိပြီနော်...
ရွှင်လန်းချမ်းမြေ့ပါစေ သူငယ်ချင်းရေ...

နေ၀သန် said...

မသဒ္ဓါရဲ့ ချစ်သူသိစေကို ဖတ်ရင်းနဲ့ ချစ်သူသိစေ ဆိုတဲ့သီချင်းလေး ခေါင်းထဲဝင်လာခဲ့တယ်ဗျာ....

ခင်မင်တဲ့
နေ၀သန်

ကိုကိုမောင်(ပန်းရနံ့) said...

ညီမရဲ့ ခံစားမှု အဖွဲ့အနွဲ့လေးတွေက နူးညံ့သိမ်မွေ့လှတယ်။ စာဖတ်ရင်း ဖွဲ့နွဲ့မှုအောက် စိမ့်ဝင်ပျော်သွားတယ်။ ရင်ညွန့်ဆီကလာတဲ့ ဒီသ၀ဏ်လွှာလေးကို ချစ်သူသိမှာ သေချာပါတယ်။

ပျော်ရွှင်ပါစေ ညီမ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ချော(အစိမ်းရောင်လွင်ပြင်) said...

ငိုချင်တယ်
သဒ္ဒါလုပ်တာနဲ့ ရေတမာတန်းနဲ့ ကံ့ကော်ပင်တွေကို သတိရသွားပြီ။
ပြန်မရောက်နိုင်တော့တဲ့ နေရာလေးတွေပေါ့
သစ်ပုတ်ပင်ကြီးလည်းလွမ်းပါတယ်နော်။
သဒ္ဒါသိစေချင်တဲ့သူလည်း သိနိုင်ပါစေလို့....

ကိုဇော် said...

ခေါင်းအုံးထက်က မျက်ရည် သက်သေလေ ပြချင်တယ် ဆိုတာမျိုးပေါ့။

အဲဒီလိုပါပဲ ခံစားဖူးတယ်။ ဒီတော့ ရင်ဘတ်တူတယ် လို့ ဆိုရမှာပေါ့။

SHWE ZIN U said...

ညီမ သဒ္ဒါရေ

စာလေးဖတ်သွားတယ်နော်

ပျော်ရွှင်ပါစေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

မြစ်ကျိုးအင်း said...

ရင်ထဲကခံစားချက်ကို အခြေတည်ပြီး ဇာတ်အိမ်လေး ဖွဲ့ရေးကြည့်ပါလား။
ခံစားချက်တွေ ပိုပြီး လှုပ်ရှားသက်ဝင်သွားလိမ့်မယ်။

သောစေယျံ said...

ရောက်လာပါတယ် ဘာမှမပြောတော့ဘူးနော်
မပြောတာထက်ပြောတာက ပိုပြီး ထိရောက်တယ်လို့ကြားဘူးလို့

ညလင်းအိမ် said...

ရေးထားတာ ကြေကွဲစရာလေးပါလား ...
ချစ်သူသိမှာပါ အစ်မရ .. သိအောင်လည်း ခဏခဏ ပြောပေါ့ ...း)

flowerpoem said...

ချစ်သူသိစေတဲ့. . . အမရေ ခုမှပဲ ရောက်ဖြစ်တယ် ကျန်းမာပါစ မသဒ္ဓါ

အင်ကြင်းသန့် said...

မသဒ္ဓါရေ....ချစ်သူသိမသိတော့ မသိဘူး....ဖတ်ရတဲ့သူတော့ မသဒ္ဓါရဲ့ ရင်ထဲမှာ ဘယ်လိုခံစားနေရတယ်ဆိုတာကို မျှဝေခံစားမိတယ်။
ကျန်းမာရေးလည်းဂရုစိုက်ဦးနော်....

ချစ်ခင်စွာဖြင့်
ဂျင်း