Tuesday, March 1, 2011

သူငယ်ချင်း မဲ့…

ရင်ထဲကနေ ပြင်းပြတဲ့ ဝေဒနာတွေ ခံစားရတိုင်း…..

ရင်နှင့်အမျှ ဖြစ်ပေါ်လာတဲ့ အငွေ့အသက်လေးတွေ ထိတွေ့ခံစားမိတိုင်း…..

မတူညီတဲ့ စိတ်အခြေရှိတဲ့ သူတွေကို တွေ့မြင်ရလေတိုင်း…..

ဝေခွဲရခက်တဲ့ အရာတွေနဲ့ ရင်ဆိုင်ရတိုင်း…..

တစုံတရာနာကျင်မှုတွေနဲ့ တိုးဝှေ့ရတိုင်း…..

ရင်းနှီးမှုမရှိတဲ့…. ရွေးချယ်ရမှု ဆိုတဲ့ စကားလုံးနဲ့ ရှောင်လွှဲလို့မရခဲ့တိုင်း….

မာယာစကားလုံးတွေနဲ့ ခြောက်လှန့်ခံလိုက်ရတိုင်း…..

ဘေးနားမှာ…. “နင်…..တို့” များ ရှိနေလေမလားလို့ ကြည့်လိုက်တိုင်း.. မောဟိုက်နေတဲ့ ရင်ခွင်တစုံကသာ ဆီးကြိုနေခဲ့တယ်.!

~~~~~~~~~

တခါတရံမှာတော့.. အတူတကွ ဖူးမြော်ခဲ့ကြတဲ့ ဆံတော်ရှင် ကျိုက်ထီးရိုးက အေးချမ်းလှတဲ့ ဆည်းလည်းသံတွေကို ကြားယောင်မိလေတိုင်း အိပ်မက်ရှည်ကြီးထဲက လန့်နိုးနေခဲ့ရသလိုပါပဲ.!

“ဘယ်လောက် ခက်ခဲကြမ်းတမ်းပါစေ..” အတူတူသာ ရင်ဆိုင်ရမယ်ဆို ဖြေရှင်း ခရီးဆက်ခဲ့ကြတဲ့ နေ့ရက်တွေကို ဘယ်လိုနေ့ရက်တွေနဲ့ အစားထိုး မေ့ပစ်လို့ ရနိုင်ပါ့မလဲ..!

ပူပြင်းတဲ့ နွေရာသီမှာ ခြေရာချင်း ထပ်ခဲ့ကြသလို မိုးရေစက်လေးတွေရဲ့ အောက်မှာလည်း ခြေရာ ထပ်ခဲ့ကြဖူးတယ်…. အေးချမ်းတဲ့ ဆောင်းမှာလည်း ခြေရာချင်းတွေ ထပ်ခဲ့ကြဖူးတယ်... ခြေရာချင်း ထပ်ခဲ့ကြတဲ့ နေရာလေးတွေကို တမ်းတမိလေတိုင်း အလိုလို ကျလာတတ်တဲ့ မျက်ရည်တွေ ကိုတော့ မတား..ပါ.. ရစေနဲ့..!

ဆွတ်ပျံ့လွမ်းမောဖွယ်ရာ နေရာလေးမှာ ဖြူစင်တဲ့ မေတ္တာတရားတွေနဲ့ တွယ်နှောင်ခဲ့ကြတဲ့ အချိန်လေးတခုကိုလည်း မရနိုင်တော့မှန်း သိပေမယ့် ပြန်လိုချင်နေမိတယ်..............!

“ငါ…….တို့တွေ”.. တယောက်ရဲ့ လိုအပ်ချက်လေးတွေကို တယောက်က ပွင့်လင်းရင်းနှီးစွာနဲ့ ပြောဆို အဖြေရှာခဲ့ကြပြီး ပြင်ခဲ့တာလေးတွေကို စဉ်းစားလိုက်တိုင်း ခုချိန်မှာ “ငါ့…..”ရဲ့ လိုအပ်နေတဲ့ လိုအပ်ချက်လေး တွေကို ပြင်ဆင်ပေးဖို့ အတွက် တောင့်တမိလိုက်တာ…!

“ငါ့…..ရဲ့” ပုံရိပ်တွေကို မျှဝေခံစားစေရင်း “နင်……တို့” ရဲ့ တားမြစ်သံလေးတွေ…. အားပေး စကားသံလေးတွေ…. အပြုံးလေးတွေ….. အကြံဥာဏ်လေးတွေ…… ရီမောသံလေးတွေ …… နှစ်သိမ့်မှုပေးတဲ့ ပြောဆိုသံလေးတွေ……. နဲ့ “ငါ…..” အားအင်ဖြစ်စေဖို့ စိတ်ကူး အဖြစ်နဲ့ပဲ သိုဝှက် သိမ်းဆည်းပြီး ခရီးဆက်နေတတ်ခဲ့ပါပြီ…!!!

စိတ်ကူးနဲ့ လက်တွေ့ဘဝကို ထုဆစ်ပုံဖေါ်တဲ့အခါမှာ ထပ်တူမကျတတ်တဲ့ အရာလေးတွေ ရှိတယ်ဆိုတာကိုလည်း “နင်… …တို့” နားလည် သိတတ်နေလောက်ပါပြီ…!

ဟန်ဆောင်ကမ္ဘာရဲ့ တဘက်ခြမ်းမှာ “ငါ….တို့..” အားလုံး အတူတူ တည်ငြိမ်အေးချမ်းစွာနဲ့ အဆိပ်အတောက်ကင်းကင်း ဖြတ်ကျော်ချင်တဲ့ စိတ်လေးကတော့ မပြောင်းမလဲ တည်တံ့နေမှာပါ.!

“ငါ…”လေ.... ထပ်တူမကျတဲ့ အခိုက်အတန့် လေးတွေမှာတော့ ကလောင်တံကိုကိုင်ပြီး ထိုးဆွနေတတ်ခဲ့ပြီလေ…!

ခုချိန်မှာတော့……………..
“ငါ…” က…….. သူငယ်ချင်းမဲ့နေတဲ့ လူသားတဦး…!!!!!

15 comments:

crystal said...

ကိုယ်ချင်းစာတယ် တခါတလေ ဒီလိုပဲ

မင်းဒင် said...

ဆက်လက်အားပေးနေပါကြောင်း ခင်ဗျာ ။

ခင်မင်လျက်

မင်းဒင်

တောက်ပကြယ်စင် said...

နည်းနည်းတောင် နောက်ကျသွားတယ်၊ လာရောက်အားပေးသွားပါတယ်၊ ရွှင်လန်းချမ်းမြေ့ပါစေ

မြစ်ကျိုးအင်း said...

ကျွန်တော်တို့လည်း နိင်ငံရပ်ခြားမှာ စိတ်နှစ်ပြီး ပေါင်းဖြစ်တဲ့သူ မရှိသလောက်ပါပဲ။
ဒါကြောင့်လည်း လ္ဘက်ရည်ဆိုင်ညတွေကို ခဏခဏသတိရမိတာပေါ့။

ကိုဇော် said...

ဘလော့ဂါ သူငယ်ချင်းတွေ ရှိနေပါသေးတယ်ဗျာ။

ကိုအောင်(ပျူနိုင်ငံ) said...

ဘလော့ဂါ သူငယ်ချင်းတွေဖြစ်တဲ့ ကျနော်တို့
ရှိပါသေးတယ်ဗျ ...

လင်းခေတ်ဒီနို said...

ဟုတ်တယ် မဒါ ကျွန်တော်က ကိုယ်ရောက်နေတဲ့ ဒေသတွေမှာ သူငယ်ချင်းမဲ့ ဆိုတဲ့ အတိုင်း တကိုယ်တည်းနေ ကိုယ်အားကိုယ်ကိုး ကိုယ့်ကိုယ်ကိုယ် အားပေးရင်း နေကြရတဲ့ သူတွေပါပဲဗျာ


ခင်မင်တဲ့
ဗညား

Myat Khine said...

ကောင်းပါတယ် အရမ်းဘဲ....တစ်ချိုလူတွေဆိုရင် တိုက်ဆိုင်နေတယ်ဆိုပြီး ဟထိသွားနိုင်တယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

သဒ္ဓါရေ
ရောက်တဲ့အရပ်မှာ ပျော်ရွှင်အောင် အထီးကျန်ခံစားချက်တွေ မဖြစ်အောင် ဒီလိုဘဲ ကြံဖန်နေထိုင်ရတာဘဲပေါ့လေ။
အပြင်မှာ တကယ် သူငယ်ချင်းတွေနဲ့ မဆုံနိုင်ရင်တောင် အွန်လိုင်းမှာ သူငယ်ချင်းတွေ ရှိသေးတယ် မဟုတ်လား။ စာလေးတွေ များများဖတ်ပြီး များများရေးတာဟာလည်း အထီးကျန်ခံစားချက်ကို ဖြေဖျောက်နိုင်ပါသေးတယ် .
ပျော်ရွှင်ခြင်းကို ရှာဖွေ တွေ့ရှိပါစေ

သဒ္ဓါလှိုင်း said...

crystal၊ ဦးမင်းဒင်၊ တောက်ပကြယ်စင်၊ မြစ်ကျိုးအင်း၊
ကိုဇော်၊ ကိုအောင်(ပျူနိုင်ငံ)၊ လင်းခေတ်ဒီနို၊ မြတ်ခိုင်၊ မချော စတဲ့............
ဘလော့ဂါသူငယ်ချင်းတွေအားလုံးရဲ့ စိတ်ခွန်အား ဖြစ်စေတဲ့ စကားလေးတွေအတွက်
ကျေးဇူးတင်ပါတယ်နော်..။
ခင်မင်လေးစားလျက်
သဒ္ဓါ

Angelhlaing(May everybody be happy and healthy! said...

မမရေ..အားပေးသွားတယ်နော်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။

အဖြူရောင်နတ်သမီး said...

ဘဝတူတွေပါ သူငယ်ချင်းရေ...
တယောက်တလှည့် ဖေးမကူညီ အားပေးကြရင်း ဘဝလမ်းကို ဆက်လျှောက်ကြရအောင်နော်...

ကိုကိုမောင်(ပန်းရနံ့) said...

ဘ၀တူပေမို့ စာဖတ်ပြီး ငူတူတူ ဖြစ်သွားတယ်။ ဟုတ်တယ်။ သူငယ်ချင်းမဲ့ လူသား။ တိုက်ဆိုင်လိုက်တာ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

may16 said...

သူငယ်ချင်းမမဲ့ပါနဲ့. .. အနားမှာ အများကြီးဖြစ်မှာပါ မသဒ္ဓါ. . . စိတ်ဓာတ်မကျပါနဲ့ နော်.

ပေါ့ဆိမ့် said...

ဒီလိုပါပဲ တခါတလေ အနီးက သူငယ်ချင်းထက် အဝေးက သူငယ်ချင်းတွေကို တမ်းတမိတတ်ပါတယ်။ စိတ်ချင်းဆက်သွယ်လို့ ရတဲ့သူငယ်ချင်းတွေနဲ့ ဝေးနေတာ အေးချမ်းမှုတစ်ခုကို လက်လွတ်ထားရသလို ပါပဲ...