Monday, August 30, 2010

သိမှု အသိ နဲ့ မသိမှု အသိ

တခါတရံ သိမှု အသိနဲ့ မသိမှု အသိဆိုတဲ့ တူညီမှု မရှိတဲ့ အသိတွေကြောင့် ရင်ထဲထိအောင် ရှိုက်တုန်လို့ လှုပ်ရှား သွားခဲ့ကြရတယ်။

ရံဖန်ရံခါ လူသားတွေဟာ လောဘတွေ တပွေ့တပိုက်နဲ့ ဖြစ်ချင်ဇောတွေ မနိုင်မနင်းနဲ့ ရလေ ပိုလိုအပ်လေ ဆိုသလို ဖြစ်ကြရတယ်။ ဒါကလည်း ဖြစ်လေ့ ဖြစ်ထ ရှိတတ်တဲ့ လူ့သဘာဝကြောင့်ပါ။

သိမှုနဲ့ မသိမှု အသိ ကို သိလိုက်ပြီဆိုတဲ့ အသိလေး တချက် ၀င်လာပြီဆိုရင်တော့…..

လောဘကို လောဘလို့ သိလိုက်တဲ့ အသိလေး တချက်ကြောင့်....ပေါ့.... လိုချင် တပ်မက်တဲ့ ရုပ်ဝတ္ထု ပစ္စည်းတွေ၊ ဂုဏ်ရှိန်တွေ၊ သြဇာ ကြီးမား ချင်မှုတွေ၊ ဖြစ်ချင် လွန်းအားကြီးတဲ့ စိတ်ဆန္ဒတွေ၊ တပါးသူနဲ့ တုပြိုင်ချင်မှုတွေ၊…….တွေဟာ တဒင်္ဂ ငြိမ်သက်လို့..!

မသိမှု အသိလို့ အသိဝင် လိုက်တဲ့ အချိန် တွေဝေမိသွားတာ…

ဒါဟာ မလိုချင်လို့ နောက်ဆုတ် လိုက်တာလား… တပါးသူ အတွက် ငဲ့ညှာ လိုက်တာလား… လိုအပ်နေသူတွေ အတွက် ဝေဌ လိုက်တာလား… မိမိ သိလိုက်တဲ့ အသိတခု အတွက် အရှုံးပေး လိုက်တာလား…. ဖြစ်ချင်တဲ့ ဆန္ဒတွေကို ရိုက်ချိုး ပစ်လိုက်ခြင်းလား…. ဒါမှမဟုတ် လောဘကို မျက်ကွယ်ပြုလို့ အံတုလိုက်ခြင်းလား….!

မသိမှုကို မသိမှု အသိလို့ သိလိုက်တာဟာ အကောင်းဆုံး အသိတခု ဖြစ်ဖို့ ဖန်တီး ပုံဖေါ်လိုက်ခြင်းပါပဲ..။ အဲဒီအခါ ဖြစ်ပေါ်လာမဲ့ ပုံရိပ် ပန်းချီ တချပ်ဟာ အလင်းအမှောင် ညီမျှမှုကြောင့် စိုပြေ စိမ်းလန်းပြီး သာယာ လှပတဲ့ ပန်းချီကား တချပ် အဖြစ် မြင်တွေ့ရမှာပါ..။

မသိမှု အသိကို မသိမှုလို့ မသိတဲ့ အချိန်ကာလမှာတော့….

မလိုလားအပ်တဲ့ လောဘဇောကြောင့် သိမှုတွေ ပိန်းပိတ် မှောင်ဖုံးပြီး မသိမှုမှိုင်း တွေဟာ မသိမသာဖြစ်ဖြစ်..၊ သိသိသာသာပဲ ဖြစ်ဖြစ်… ကြီးစိုး ချယ်လှယ် လာလိမ့်မယ်။

သိမှုကို လောဘ အမိုက်မှောင်ကြီးက ဖုံးလွှမ်း သွားတဲ့အခါမှာတော့ မသိမှုတွေသာ ကြောက်စရာ ကောင်းလောက်အောင် ထင်ပေါ်လာခဲ့ကြတယ်.။

ဘယ်လောက်ပဲ လောဘ ဖုံးလွှမ်းလွှမ်း အင်အား ထုထည်ကြီးမားတဲ့ သိမှု (အသိဥာဏ်) နဲ့ ထိန်းချုပ်ပြီး ကောင်းသောဘက်ကို ဦးတည်တဲ့ အသိလေး တချက် လင်းလက်ခဲ့မယ် ဆိုရင် ဖြစ်ပေါ်လာမဲ့ ခံစားချက်ကလည်း ဖြူစင် အေးမြတဲ့ ပီတိ အဖြစ် အေးချမ်းစွာ စီးဆင်း နေမဲ့ စမ်းချောင်းလေး သဖွယ် ကြည်နူးမှုကို ပေးစွမ်း နိုင်မှာပါ။

မသိမှုတွေ နဲ့သာ ပြည့်နှက် နေခဲ့မယ်ဆိုရင် လူသား အားလုံး အတွက်လည်း အကြီးမားဆုံး အန္တရာယ် ဖြစ်လာခဲ့လိမ့်မယ်.။ မသိမှုတွေ သာ ရှိနေတဲ့ အတွက် သိမှုဆိုတာ ဘာလဲလို့ မသိတော့ပဲ သိမှု ယောင်ယောင် ဖြစ်လာကြတာလည်း အများကြီး ရှိပါတယ်။

တချို့သော သူတွေကတော့ တပါးသူရဲ့ အခြေအနေနဲ့ နေထိုင်မှု တွေကို ပြိုင်ဘက်သဖွယ် သဘောထားပြီး သိမှု ဆိုတဲ့ ဥာဏ်ပညာကို မေ့လျော့ နေတတ်ပြီး မသိမှုသာ စိုးမိုးလို့ ပြိုင်ဘက် တပါးသူရဲ့ သားကောင် ဖြစ်မှန်းမသိ ဖြစ်သွားကြရတယ်။

ဒါဟာ သိမှုကို မသိမှုက အောင်နိုင်သွားတဲ့အတွက် သိမှုဟာ မသိမှုရဲ့ သားကောင် ဖြစ်သွားတာပဲလေ။

မသိမှု ကလည်း လောဘတွေ များသထက်များ၊ ဖြစ်ချင်တာတွေ များသထက်များ၊ သာလွန်ချင်တာတွေ များသထက်များ၊ သူတပါးထက် လိုအပ်ချက်တွေ များသထက်များ ရာကနေ မသိမှုတွေ ကြီးထွား လာရတာပဲ…။

သိမှု အသိလေး တချက် လက်ကနဲ လင်းလက်လာတဲ့ အချိန်ဟာ ဘယ်လို အချိန်ပါလိမ့်လို့…….

အထပ်ထပ် တွေးတောကြည့်ရင်း...

တချို့ကတော့ မသိမှု အမိုက်မှောင်ကို မသိလို့…. တချို့ကတော့ သိပေမဲ့ လောဘဇော ကြောင့် မသိမှု အသိ မှောင်ထဲမှာ လူးလား ကူးခတ် နေလေရဲ့….

အသိတွေထဲမှာမှ... မသိမှု အသိ ဆိုတဲ့ ရှုပ်ထွေးလှတဲ့ ၀င်္ကဘာတော ထဲမှာ တ၀ဲလည်လည် ဖြစ်မနေပဲ သိမှု အသိနဲ့ မသိမှု အသိ ကို ဝေဖန် ပိုင်းခြား နားလည်နိုင်စွမ်း ရှိသောသူသာ ဖြစ်ပါရစေ..။

လူသားတိုင်း လူသားတိုင်းလည်း သိမှု အသိဆိုတဲ့ အလင်းရောင် တွေနဲ့သာ လောကကြီးမှာ ရှိနေတဲ့ လူသား အားလုံးကို အလှပန်း ဆင်နိုင်ကြ ပါစေလို့ ဆန္ဒ ပြုရင်း....

28 comments:

ahphyulay said...

ကျွန်တော်ကတော့ ...
ဒီပို့ (စ) လေး ကို ဖတ်ပြီး သိစိတ် နဲ့  မသိစိတ်
လို့ ပဲ လိုရာ ကို ဆွဲ တွေး ပြီး ပြော ခဲ့ ချင်ပါတယ်။
သိစိတ် က လုပ်သင့်  လုပ်ထိုက် တာတွေ ကို တန်းစီ
လုပ်နေရပေမဲ့  မသိစိတ် အဲ နောက်စိတ်ကလေး က တော့ 
လုပ်ချင် တာတွေ ကိုပဲ အတင်းဇွတ် လုပ်ဘို့  ကြိုးစား
နေလေ့  ရှိပါတယ် လို့ ။
ပမာ ပြောရရင် မလိုက်ချင်တော့  တဲ့  ခလေး လေးကို
အတင်း ခြေ ကန် ဆွဲ ပြီး ခေါ် နေရသလို ပေါ့ နော် ။
အဲ့ ဒီ စိတ်နှစ်စိတ် က အမြဲ ဒွန်တွဲ နေပေမဲ့  ဆန့့် ကျင်နေလျက် ပါပဲ ဗျာ။ တစ်ထပ် ထဲ မကျတတ်ပါဘူး။
အဲ... တစ်ထပ် ထဲ ကျ သွား တဲ့  တစ်ချိန်တော့  ရှိ
ပါတယ် ..... ။

မောင်လေး said...

အင်း...အဝိဇ္ဇာ ကိုပြောတယ်ထင်တယ်...။
ဟုတ်ပါတယ်..မသိမှု အသိလို့သိလိုက်ပေမယ့် ခက်တာက
သိတာကသိတာပဲ...။မသိမှုနောက်ကိုပဲ ပါပါသွားတာက
ခက်တယ်

ချစ်ကြည်အေး said...

အားလုံးရဲ့ အချုပ်အချာက သတိ ပါပဲ၊ မသိမှုကို သိတာရော သိမှုကို သိတာရော အားလုံးဟာ သတိလေးတခု ဦးဆောင်နေလို့ပါပဲ.....

မဗေဒါ (၈၈) said...

ညီမရေ..

သိထားတဲ့ အမှန်တရားတွေဟာလည်း အမြဲမမှန်နိုင်တာလေးတွေ ဖြစ်တက်တာကြောင့် သိမှုရော မသိမှုရော ဆိုတဲ့ အသိစိတ်အောက်မှာ စဉ်းစားချင့်ချိန်နိုင်တဲ့ စိတ်ကလေးကို နုလုံးသွင်းနိုင်ရင်တော့ ကောင်းမယ်လို့ ယူဆမိပါတယ်.. ။

ညီမပြောတဲ့ တဏှာရမက်တွေ ငြိမ်းဖို့ မဗေဒါတော့ အတော်လေး ဝေးသေးတယ်.. အခုလို ရေးခြင်းသည်ပင်လျှင် မပြတ်တဲ့ သံယောဇဉ် တွေကြောင့်ဆိုရမလား မသိ ပါဘူး..။

မဗေဒါ (၈၈)

နွေဆူးလင်္ကာ said...

အင်း သိမှုတွေ .. မရှိတာထက် မသိတာခက်ဆိုတာလည်း ရှိတယ်နော် ..

ချော(အစိမ်းရောင်လွင်ပြင်) said...

သိခြင်း၊ မသိခြင်းဆိုတာ သိပ်မကွာခြားသလိုနဲ့
မသိတာများသွားတဲ့အခါ လောကကြီးနဲ့ ကင်းကွာသွားတတ်ပြန်ရော။

အဖြူရောင်နတ်သမီး said...

သိပ်သိလွန်းတော့လည်း စိတ်ညစ်ရပြန်တယ်..
သိပေမယ့်လည်း မသိသလိုနေလိုက်တာပဲ ကောင်းပါတယ်...

ယွန်း said...

ကြိုက်တယ်...ဒီပို့ စ်အတွက် ကျေးကျေးပါ ..
ခင်တဲ့
ယွန်း

sosegado said...

တစ်ခါတစ်တစ်လေ မသိတာပဲကောင်းတယ်၊ ဘာဘာ ဘာမှမသိဘူးဆိုတာမျိုးတော့မဟုတ်ပါဘူး။

blackroze said...

သဒ္ဒါရေ
တခါတလေကျရင်သိတာကောင်းသလို
တခါတလေကျရင်လည်းမသိတာက
ပိုကောင်းသလိုဘဲ..

နေ၀သန် said...

အမနဲ့အတူတူ ဆန္ဒလိုက်ပြုမိပါတယ်ဗျာ....


ခင်မင်တဲ့
နေ၀သန်

အင်ကြင်းသန့် said...

မသိတာတွေ သိပ်များရင်မကောင်းသလို သိတာတွေသိပ်များရင်လည်း မကောင်းသလိုပဲ....အင်း...အဲဒီတော့ အရာရာကို သတိလေးနဲ့ထိန်းချုပ်နိုင်ရင် အကောင်းဆုံးလို့ ဂျင်းတော့ထင်မိတာပဲ။ (ထင်မိတာကိုပဲပြောတာနော်....ကိုယ်ကိုယ်တိုင်တော့ မကျင့်သုံးနိုင်သေးဘူး....ဟီးးးးးး)

မြစ်ကျိုးအင်း said...

မသိတာက အချိန်တခု ယူရင် သိနိင်ပေမယ့် သိသိနဲ့ မိုက်နေတာတွေက ပိုဆိုးတယ်နော်
သိသိနဲ့ မိုက်တဲ့သူက သာမာန်လူဆိုရင်တော့ အကြောင်းမဟုတ်ဘူး။ အရာရာကို ဖန်တီး ဖျက်ဆီးနိင်စွမ်း ရှိတဲ့သူဆိုရင်တော့ ပါတ်ဝန်းကျင် တခုလုံး စိတ်ဆင်းရဲရမှာပဲ။

ခိုင်နုငယ် said...

ကိုမြစ်ကျိုးအင်းပြောသလိုပ။
မသိလို့ မိုက်မှားမိတာထက်။
သိလျှက်နဲ့မိုက်မှားမိတယ်ဆိုရင်တော့
မကောင်းဘူးပေါ့။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

သိင်္ဂါကျော် said...

မသိတာကို မသိဘူး လို့ မှန်မှန်သိနိုင်ဖို့လည်း လိုတာကိုးနော်..

မြတ်မွန် said...

မသိချင်ယောင်ဆောင်တာ ပိုဆိုးတာပေါ့ မသဒ္ဓါ..
သိသိနဲ့ ဇွတ်တိုးနေတာလဲ ပိုးဖလံလိုပါပဲ..။

ကိုဇော် said...

တကယ်ကို အများကြီး မသိချင်ပါဘူးဗျာ။ ကိုယ်စိတ်ဝင်စားရာလေး တစ်ခုပဲ သိနေရရင် တော်ပါပြီ။

မောင်ဘကြိုင် said...

သိတာနဲ့ မသိတာကြားထဲမှာကို ကျွန်တော်ကပြာယာခတ် နေတာ...

မြသွေးနီ said...

သိတယ်..မသိဘူး..ပေါ်မှာပဲ
ငါမသိသေးဘူး..ငါမတတ်သေးဘူး လို့ ၀န်ခံဖို့ထက်
ငါသိတယ်...ငါတတ်တယ်..ဆိုတဲ့ "ငါ" ဆိုတဲ့ အထ္ထစိတ်တွေခြုံမလွှမ်းနေရင် အကောင်းဆုံးပါဘဲ သဒ္ဓါရေ..။ မချစ်ပြောသလို " သတိ " လေးကပ်ထားရမှာပေါ့နော်။

မြသွေးနီ ဘာလေ့စပေါ့မှာ ကွန်မန့်တွေ စတင်ပေးလို့ ရနေပြီဖြစ်ကြောင်း..:)

ကိုခိုင် said...

ဆန္ဒတွေမြန်မြန်ပြည့်ဝပါစေ။
ရောက်တာနောက်ကျတော့
ရှေ့မှာလည်းတော်တော်များများက
ပြောသွားကြပြီဆိုတော့ကား
ဆုလေးပဲတောင်းပေးခဲ့ပါတယ်။
ရေးထားတာကောင်းတယ်။
ဖလော်နဲ့ပြီးခဲ့ပုံရတယ်။
ကျန်းမာပါစေ။

ကိုခိုင်

မိုးငွေ့...... said...

သိစိတ်နဲ့မသိစိတ်လွန်ဆွဲပွဲမှာ ဘယ်သူနိုင်မလဲဆိုတာ စောင့်ကြည့်ရဦးမယ်....

ခင်တဲ့
မိုးငွေ့

ရေသန့် said...

မောဟ ဆိုတဲ့ အဝိဇ္ဇာ အကြောင်းကို ရှင်းပြသွားတာ ပညာရပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ နောက်လဲ ဒီလိုစာမျိုး ရေးပေးပါဦး။

chindwinthu(Photos Sites Groups YouTube Images Videos Maps News Shopping Books Translate Scholar Finance Blogs Updates even more » min.minpeace.peace@gmail.com) said...

မသဒ္ဓါအတွက် အားဆေးလေး ပေးခဲ့တယ်နော်။ ဒီပို့စ်ကို အရမ်းကြိုက်တယ်။

အနမ်း said...

သဒ္ဓါရေ သတိရှိမှုနဲ့ သတိမရှိမှုအကြောင်းလေးရေးထား
တာအတော်ကောင်းတယ်..။
"သိမှုကို လောဘ အမိုက်မှောင်ကြီးက ဖုံးလွှမ်းသွားတဲ့ အခါမှာတော့ မသိမှုတွေသာ ကြောက်စရာကောင်း လောက်အောင် ထင်ပေါ်လာခဲ့ကြတယ်.။" ဆိုတာလေး ကို လူတိုင်းသတိထားဖို့လိုတယ်နော်..။
သတိမြဲဖို့ ကြိုးစားလိုက်ပါအုံးမယ်...
ကျေးဇူးပါ...

လသာည said...

တကယ်ဖတ်ကောင်းတဲ့ ပိုစ်လေးပါ သဒ္ဒါရေ..။ စဉ်းစားစရာတွေလည်း အများကြီးရတယ်။ နောက်တစ်ခေါက်လာဖတ်တာ။

အစ်မ ပထမတစ်ခါထဲက ကွန်မန့်ရေးခဲ့တာ သေချာမစိစစ်ခဲ့မိလို့လား မသိဘူး။ မပေါ်ဘူးနော်။ ဆောရီး..။

နှင်းဟေမာ said...

သိမှုအသိ မသိမှု အသိ ဆိုတဲ့နေရာမှာ ဘယ်ဘက်ရှုထောင့်ကနေပဲ ကြည့်ကြည့် သတိဆိုတာလေးကို အမြဲတမ်းကပ်ထားနိုင်မယ်ဆိုရင် ... ကောင်းတဲ့သိမှု အသိ ... ဆိုးတဲ့သိမှုအသိ ... ကောင်းတဲ့ မသိမှုအသိ မကောင်းတဲ့ မသိမှု အသိ .. ဆိုတာတွေကို ကောင်းစွာခွဲခြမ်းစိတ်ဖြာနိုင်မယ်လို့ ယူဆပါတယ်...။
အဓိက အရေးကြီးဆုံးက သိမှုရဲ့နောက်ကို သတိလေးတစ်လုံးအမြဲတမ်းကပ်လိုက်နိုင်ရင် ... လောကကြီးမှာရှိရှိသမျှသော လူသားတိုင်းက အမှားအယွင်းနည်းစွာနဲ့ လောကကြီးကို အလှဆင်နိုင်ကြမယ်လို့ ယုံကြည်ပါတယ် ...

ခုလို အတွေးလေးတွေနဲ့ရေးသားဆွေးနွေးခွင့်ရလို့ ကျေးဇူးတင်ပါတယ်
ခင်မင်လေးစားလျှက်

ကောင်းမွန်ဝင်း said...

အသိတရားရဘို့ ကို သိရက်နဲ့ တော်တော်နဲ့ မရနိုင်ဘူး ဆိုတာကို ဆင်ခြင်မိတယ်။
မသိချင်တာတွေကိုလည်း မသိချင်ပြန်ဘူး။
သို့သော်လည်း သိရက်နဲ့ မသိချင်ယောင်ဆောင်ပြီးမလုပ်မိဘို့ကို အမြဲသတိထားဘို့တော့ ဆုံးဖြတ်လိုက်တယ်။

ကျေးဇူးနော်။

သော်ဇင်စိုး said...

မသိတာကို သိသိကြီးနဲ့ မသိချင်ယောင်ဆောင်တဲ့လူတွေလည်းရှိတယ်ဗျ.. သမိုင်းမှာ ရှိခဲ့ဖူးတဲ့ နပိုလီယန်၊ ဟစ်တလာတို့လို လူမိုက်လူဆိုး တွေဟာ မသိလို့မဟုတ်ဘူး။ သူတို့က သိသိကြီးနဲ့တောင် မိုက်ရအောင်.. သူတို့မှာအတ္တဆိုတာကြီးက အရမ်းရမ်းကိုကြီးလွန်းတယ်။
အမရေးထားတဲ့စာနဲ့တော့ ဆက်စပ်နေမလားမသိဘူး။ ဆရာတစ်ယောက်က အမှားနဲ့အမှန်ကို ခွဲခြားသိတာကို ပညာလို့ ဖွင့်ဆိုပြီး အဲဒီထဲကမှ အမှန်တွေကိုချည်း ယူပြီးကျင့်သုံးတာက ကိုယ့်ကျင့်လို့ ဖွင့်ဆိုခဲ့တယ်.. (တခြားလူမဟုတ်ပါဘူး ဆရာအောင်သင်း စာအုပ်တစ်ခုထဲကပါ)
သေချာစဉ်းစားတော့လည်း ဟုတ်တယ်ဗျ။ ပညာရှိတိုင်း လူကောင်းဖြစ်ကြတာမဟုတ်ဘူး.. ဒါပေမဲ့ လူကောင်းဖြစ်ဖို့တော့ အခွင့်အလမ်းပိုများတယ်.. ဒါကြောင့် တစ်ဖက်က ပြန်ကြည့်ရင် ပညာရှိတဲ့သူဟာ လူဆိုးဖြစ်ဖို့လည်း အခွင့်အလမ်းပိုများတယ်.. အမေရိကန်က WTC ကိုတိုက်ဖြိုခဲ့တဲ့ မိုဟာမက်အတာဟာ ဟားဗတ်တက္ကသိုလ်ကျောင်းဆင်းပါ။ နောက်ပြီးအရမ်းဆိုးတာတစ်ခုက အသိလွန်သွားရင်လည်း လောကမှာနေထိုင်လို့မရတော့ဘဲ.. ရူးသွပ်သွားရတယ်.. တရားသဘောကကြည့်ရင်လည်း အမှန်ပါပဲ ဘုရားကလည်း လူတွေအားလုံး အရူးတွေလို့ပြောခဲ့တယ်မဟုတ်လား။
ဒါကြောင့် အရင်က ကျွန်တော်ကို အရူးလို့ပြောတဲ့သူတစ်ယောက်ကိုတောင် ပြောရသေးတယ် ခင်ဗျားက ကျွန်တော်ကို အရူးလို့ပြောတော့ ကျွန်တော်တစ်တည်း လူကောင်းလိုလိုဖြစ်နေတယ်လို့ နောက်ဒီလို မပြောစမ်းပါနဲ့လို့ ခိခိ:P
လူသားအားလုံး အသိစိတ်ရှိကြပြီး ကျင့်ကြံကြရင်တော့ အကောင်းဆုံးပေါ့ဗျာ...
ပျော်ရွှင်ပါစေ....