Wednesday, June 9, 2010

လွဲနေသည့် ဆုံမှတ်များ

ဘဝ လမ်းကြောင်းကြီးထဲတွင် မိမိရည်မှန်းသော ဆုံမှတ်တခု ရှိကြပါသည်။ ရှိလည်း ရှိနေအုံးမည် ဖြစ်ပါသည်။ လူတယောက်၏ ဆုံမှတ် ဆီသို့သွားရန် အကွာအဝေး၊ စိတ်ဓါတ်ကြံ့ခိုင်မှု၊ တန်ဖိုး၊ အတိမ်အနက်၊ အရည်အသွေး၊ အသိပညာ၊ အတတ်ပညာ၊ ရဲရင့်မှု၊ ကိုယ်ကျင့်တရား၊ သိက္ခာတရား၊ မေတ္တာတရား၊ သည်းခံခြင်း၊ ဖြူစင်မှု၊ သစ္စာရှိမှု၊ ဆိုသည့် ကကွက် ပုံစံများ အမျိုးမျိုး ရှိကြမည် ဖြစ်သည်။ ကိုယ်တိုင် သတ်မှတ်ထားသည့် ဆုံမှတ်တွင် မိမိအကျိုးတခုတည်း အတွက် ဆုံမှတ်၊ သို့မဟုတ် သူတပါးအကျိုးအတွက် ဆုံမှတ်၊ မိမိနှင့်သူတပါး အကျိုးဖြစ်စေမည့် ဆုံမှတ်၊ ဆိုသည့် ဆုံမှတ်များ ရှိကြသည်။ မည်သို့ပင်ဖြစ်စေ ဆုံမှတ်တခုကို ရောက်ရှိရန် မျှတသော နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေကြရမည် ဖြစ်သည်။


ဆုံမှတ်။


မည်ကဲ့သို့သော ဆုံမှတ်ဖြစ်ပါမည်နည်း၊ မိမိ၏ ဘဝသက်တမ်းတလျှောက် အဓိကကျမည့် ဆုံမှတ်ကို သွားရန်အတွက် မည်ကဲ့သို့သော အရည်အသွေးများ လိုအပ်ပါမည်နည်း၊ မည်ကဲ့သို့ ကြိုးစားပြီး ရောက်အောင် သွားပါမည်နည်း၊ မည်ကဲ့သို့ လမ်းကြောင်းနှင့် ရောက်အောင် သွားပါမည်နည်း။ မိမိ၏ ဆုံမှတ်ကို အမှန်တကယ် သိအောင်လုပ်ပြီး လိုအပ်မည့် အရာဟူသမျှကို အသိပညာရှိရှိ ဇွဲသတ္တိရှိရှိဖြင့် သွားပြီး အရောက်လှမ်းရပါမည်။ မည်သူတဦးတယောက်မျှ မိမိဆုံမှတ်နှင့် လွဲချင်သောသူ မရှိနိုင်ပါ။ မိမိမျှော်လင့်မထားသော်လည်း မိမိမလိုချင်သော်လည်း လွဲသွားသော ဆုံမှတ်၊ လွဲနေသော ဆုံမှတ်၊ ဆုံးရှုံးသွားသော ဆုံမှတ်များ တွေ့ကြရပါလိမ့်မည်။ မိမိကိုယ်တိုင် မည်မျှပင် ကြိုးစားကြိုးစား လွဲသွားသော ဆုံမှတ်များ ဒုနဲ့ဒေး ရှိနေပါသည်။ ဆုံမှတ်ကို သွားရန် ဆူးညောင့်ခလုတ်များသည် အထင်းသား ရှိနေပါလိမ့်မည်။ ဟန်ဆောင်မှုတွေသည် များနေပါလိမ့်မည်။ မာယာ ထောင်ချောက်များ အထပ်ထပ် ကာဆီးထားပါလိမ့်မည်။ ဆုံမှတ်နှင့် လွဲသွားလျှင်လည်း စိတ်ဓါတ် ခိုင်ခိုင်မာမာ အဓိကထားပြီး နေထိုင်တတ်ရန် ကြိုးစားရပါမည်။ လွဲသွားသည့် အခါတွင်လည်း မည်သူ့ကြောင့်ထက် ဘာကြောင့်ဆိုတာကသာ အရေးကြီးပါသည်။ ဘာကြောင့်ဆိုသည့် အဖြေကို သိပြီးလျှင် လျှောက်ရမည့် လမ်းကြောင်း လွယ်ကူသွားပါလိမ့်မည်။ အဖြေ သိရန်သာ ဦးဆုံး ကြိုးပမ်းကြရမည် ဖြစ်ပါသည်။


သို့ဖြစ်လျှင်


မိမိသွားရမည့် လမ်းကြောင်း လွဲနေပြီလား၊ သွားနေသည့် လမ်းကြောင်းတလျှောက် ဦးတည့်ရာ လျှောက်သွားနေမိပြီလား၊ ငေးငိုင်နေမိပြီလား၊ သွားနေသည့် လမ်းကြောင်း မှားနေပြီလား၊ တပါးသူ လျှောက်လှမ်းမှုကိုသာ ကြည့်နေမိပြီလား၊ သို့မဟုတ် တပါးသူ၏ လျှောက်လှမ်းမှု နောက်မှ လိုက်နေမိပြီလား၊ ချော်လဲရောထိုင် နေမိပြီလား၊ ချော်လဲခဲ့သည်ဆိုလျှင် ကိုယ်ကိုယ်တိုင် ပြန်ထပြန်မတ်ပြီး ပြန်လျှောက်လှမ်းနိုင်ရမည်။ သွားနေသည့် လမ်းကြောင်း မညီညာ၍လား၊ သို့ဖြစ်လျှင် ညီညာ ချောမွေ့ရန် လုပ်ရပေလိမ့်မည်။ အဓိကမှာ ကိုယ်သတ်မှတ်ထားသည့် ဆုံမှတ် တခုကို သိက္ခာရှိရှိ၊ ဖြူစင်မှုရှိရှိ ရောက်ရမည် ဖြစ်ပေသည်။ မိမိ၏ ဆုံမှတ်ကိုဖြင့် ရောက်ပါ၏၊ မိမိ၏ အတ္တ တခုတည်းကိုသာ ရှေ့တန်းတင်ပြီး ရောက်ရမည့် ဆုံမှတ်မျိုးကို သတိရှိရှိ ဖယ်ရှားနိုင်ရပေမည်။ မိမိ၏ ကိုယ်ကျင့်တရား၊ မိမိ၏ သိက္ခာဖြင့် အလဲအလှယ် လုပ်လိုက်ရမည့် ဆုံမှတ်မျိုး၊ ရိုးသားဖြူစင်မှုကို ဟားတိုက်ခံလိုက်ရပြီးမှ ရလာမည့် ဆုံမှတ်မျိုး၊ ယုံကြည်မှုကို တိုက်စားသွားမည့် ဆုံမှတ်မျိုး၊ မေတ္တာတရားကို ချနင်းခံရမည့် ဆုံမှတ်မျိုး၊ သစ္စာတရားကို ဖုံးလွှမ်းခံရမည့် ဆုံမှတ်မျိုး၊ ထိုကဲ့သို့သော ဆုံမှတ်မျိုးများနှင့် ရင်ဆိုင်ကြရသည့်အခါ မိမိ၏ စိတ်အခြေနှင့်ပင် တန်ပြန်တိုက်ခိုက်ရပေလိမ့်မည်။


မိမိလိုချင်နေသည့် ဆုံမှတ် တခုတည်းကိုသာ ကြည့်ပြီး သူတပါး၏ လမ်းကြောင်းကို နင်းသွားရမည့် အဖြစ်မျိုး မပြုလုပ်မိရန်၊ သူတပါး မြတ်နိုးနေသည့် အရာကိစ္စ ဟူသမျှကို တလေးတစားနှင့် ရှောင်ကျဉ်သွားနိုင်ရန်၊ သူတပါး လေးစားသော အရာကိစ္စများကို မိမိကလည်း တန်ဖိုးထား လေးစားတတ်ရန် လိုအပ်ပေမည်။ မိမိလိုချင်နေသည့် ဆုံမှတ်တခုကိုဖြင့် ရောက်ပါ၏၊ သို့သော် သူတပါး လေးစားမြတ်နိုးသည့် အရာတခုကို ဖျက်ဆီးလိုက်ရမည့် အဖြစ်များ၊ သူတပါး စိတ်ထိခိုက်ရမည့် အဖြစ်များ၊ ဝါသနာကို ဟန့်တားလိုက်စေမည့် အဖြစ်များ၊ ဖြူစင်သည့် စိတ်လေးတခုကို အရောင်ဆိုးလိုက်သည့် အဖြစ်များ ဖြစ်ခဲ့လျှင်လည်း မိမိ၏ ဆုံမှတ်သည် စိတ်ချမ်းသာရမည့် ဆုံမှတ်တခု ဖြစ်လာမည် မဟုတ်ပေ။ ဆုံမှတ်တခုကို ရောက်ရန်အတွက် စိတ်ချမ်းသာပြီး မိမိကိုယ်တိုင် လွတ်လပ် ပျော်ရွှင်နိုင်မည့်၊ စိတ်ပေါ့ပါး လန်းဆန်းနိုင်မည့်၊ တပါးသူ မထိခိုက်နိုင်မည့်၊ လမ်းကြောင်း ဖြစ်ရန် လိုအပ်ပါသည်။ မည်သူတဦးတယောက်မျှ ဆုံမှတ်နှင့် မလွဲချင်ကြပေ။ သို့သော်လည်း လွဲပြီးရင်း လွဲနေရသည့် ဆုံမှတ်များလည်း ရှိမည် ဖြစ်ပါသည်။ ရှိလည်း ရှိနေဆဲ ဖြစ်ပါသည်။


ဆုံမှတ်တခုကို မရောက်မီ မဖြစ်နိုင်ပါဘူးဆိုသည့် မရေရာသော အကြောင်းပြချက်များနှင့် လမ်းကြောင်းသွေဖီခြင်းမရှိပဲ မိမိရည်ရွယ်ရာ ဆုံမှတ်တခုသာ မဟာအင်အားတခု ဖြစ်သည်ဆိုကာ အသက်ရှူလိုက်တိုင်းမှာ စည်းချက်ကျနေရပေလိမ့်မည်။ စည်းချက်လိုက်တိုင်းတွင် အင်အားအသိ တိုးလို့ တိုးလို့ ရလာလျှင် မည်မျှ ကောင်းပေမည်နည်း။



ဆုံမှတ်နှင့် လွဲသည့် အခိုက်အတန့်တွင်လည်း စိတ်ဓါတ်မကျ၍ သတ္တိရှိရှိ စိတ်ခွန်အား အပြည့်ဖြင့် ရင်ဆိုင် ကျော်လွှားနိုင်ပြီး တချိန်တွင် မလွဲမသွေ ဆုံမှတ်ကို ရောက်ရမည် ဆိုသည်ကို ယုံကြည်ပြီး ဆက်လက်ကြိုးစားပါလျှင် အရာအားလုံး လွယ်ကူချောမွေ့စွာ အောင်မြင်နိုင်မည် ဖြစ်ပေသည်။


အားလုံးသော သူများ ရည်မှန်းထားသည့် ဆုံမှတ် လမ်းကြောင်းပေါ်သို့ တန်ဖိုးရှိရှိ၊ အဓိပ္ပါယ်ရှိရှိ၊ မှန်ကန်သည့် လမ်းကြောင်းတခုဖြင့် အရောက်လှမ်းနိုင်ပြီး လူမှုအကျိုးများကို ပုံသဏ္ဍာန်မတူစွာ ဖေးမလက်တွဲ၍ ဘဝအမောများ ပြေပျောက်ရန် ရည်သန် ဆန္ဒပြုမိပါသည်။။။

15 comments:

အင်ကြင်းသန့် said...

ဘာ့ကြောင့်ဆိုတဲ့ အဖြေမရှိတဲ့ လွဲနေတဲ့ ဆုံမှတ်တွေလည်း ရှိတယ်သဒ္ဓါ :((
သဒ္ဓါပြောတဲ့ အချက်တွေအတိုင်း အဖြေထပ်ရှာကြည့်ဦးမှပဲ.....

ကိုခိုင် said...

အတွေးကောင်းလေးတွေနဲ့
စာတွေဖတ်ရတာကျေးဇူးပါ။

ကိုခိုင်

ခိုင်နုငယ် said...

မသဒ္ဓါရေ..ဆုံမှတ်တွေကတော့
လွဲနေတုန်းပါပဲ...
အင်း...မသဒ္ဓါရဲ့အတွေးအရေးကောင်းလေးတွေ
ဖတ်သွားပြီး ဆုံမှတ်ကိုရောက်ဖို့
သတ္တိရှိရှိကြိုးစားလိုက်တော့မယ်။
***
ကျနော့်လင့်လေးပြောင်းချိတ်ပေးပါအုံးနှော်
အရင်လင့်စည်ပင်ထဲပါသွားလို့...အဟင့်

သူကြီးမင်း (တုံးဖလား) said...

ဆုံမှတ်....
ဘယ်သူ့ကိုမှ မထိခိုက် မနစ်နာစေတဲ့ ဆုံမှတ်ကို ရောက်နိုင်ရင်တော့ အကောင်းဆုံးပေါ့လေ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကောင်းလိုက်တာ သဒ္ဓါရယ်
ဖတ်ရတာ အားရှိစရာဘဲ
အင်းဆုံမှတ်တွေနဲ့ ခနခနလွဲခဲ့ဖူးတာပေါ့ကွယ်..
အားပြန်တင်းရတာလဲ အကြိမ်ကြိမ်ပါဘဲ..
အရာရာ အခက်အခဲတွေကြီးပါဘဲ.. ခုလဲ ဘလော့လေးက သွားပြန်ပြီ.. မပြောချင်တော့ပါဘူးကွယ်..

SHWE ZIN U said...

ဆုံမှတ် တွေကတော့ လွဲနေအုန်းမှာပါဘဲ ဒါပေမဲ့ ကိုယ်လိုချင်တဲ့ ဆုံမှတ်တခုရောက်အောင်တော့ ကျိုးစားရမယ် ညီမရေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

သော်ဇင်စိုး said...

အမရဲ့ ကောင်းတဲ့စိတ်ထားလေးတွေကို ဖတ်ရင်းဒီနေ့နံနက်ကို ကြိုဆိုလိုက်ပါတယ်..
ပျော်ရွှင်ပါစေဗျာ.......

Nge Naing said...

ညီမလေရ ညီမနဲ့အတူ ဆုတောင်းသွားပါတယ်။ အစ်မတော့ ဆုံမှတ်နဲ့ လွဲနေဆဲပဲ။

Nge Naing said...

ညီမလေရ ညီမနဲ့အတူ ဆုတောင်းသွားပါတယ်။ အစ်မတော့ ဆုံမှတ်နဲ့ လွဲနေဆဲပဲ။

ပန်းနုနှင်းဆီ said...

လွဲနေတာတွေ အမြန်ဆုံး ဆုတွေ့ပါစေ သဒ္ဓါရေ..
ဆုတောင်းပေးမိပါတယ်..
ခင်မင်စွာဖြင့်
ပန်းနုနှင်းဆီ

ချိုကျ said...

တစ်ခါတစ်လေ ကိုယ့်နောက်ကို ပြန်ကြည့်ရင်း မှန်းထားခဲ့တဲ့အရာတွေ ထဲကလွဲခဲ့တာတွေကိုတွေ့ရင်ပေါ့ ဘယ်လို ဘာကြောင့် ဆိုတာတွေ တွေ့ရသလို ဘာကိုမှပြန်ရှာလို့မတွေ့တာ တွေလည်းရှိခဲ့ပါတယ်။ ခုတော့စာလေးကိုဖတ်ပြီး ပြန်သုံးသပ်ကြည့်လိုက်ဦးမယ် ဗျို့ :) ခင်တဲ့(ချိုကျ)

ဝက်ဝံလေး said...

ဆုံမှတ်တို့ လွဲနေ တားမြစ်ချက်တို့ရှိနေပြီ ချစ်လျက်နဲ့ ဟိဟိ အာဇာနည်နဲ့ ကြိုးကြာ
သီချင်းလာဟဲသွားတယ် အလှိုင်းရေ
ဖတ်သွားတယ်နော်
တွေးသွားတယ်

ဏီလင်းညို said...

သဒ္ဒါရေ....

ကိုဏီလင်းစာလာဖတ်တယ်.......။
မဖြစ်နိုင်မှန်သိပေမယ့်......အားလုံးကိုဆုံမှတ်တွေနဲ့ တည့်တည့်ဆုံစေချင်မိတယ်.......။

ခင်မင်တဲ့
ဏီလင်းညို

သိင်္ဂါကျော် said...

ှဆုံမှတ်တို့ လွဲနေဆဲ...

ညီညီ said...

အင်းတခါမှ မမန့် ပေးဖူးဘူး..ပထမအကြိမ်
နှလုံးသားဆိုတာကတော့ နီးနီးဝေးဝေး
အမြဲထိတွေ့ နိုင်တဲ့ နက်ရှိုင်းအရာလို့ ပြောရင်မှားမလား..
အင်း..ဒါပေမယ့်
နှလုံးသားကို တံတိုင်းတော့မခြားပါနဲ့ လား...
အဲဒီတံတိုင်းလေးဖြုတ်လိုက်ရင် ဘယ်လောက်ပင်
ဝေးဝေး နှလုံးသားချင်းကတော့ နီးနေမှာပါ ..
ဒါဆိုရင် ခံစားရသူ မရှိတော့ဘူးပေါ့...
ပျော်ရွှင်ပါစေခင်ဗျာ...

ခင်မင်တဲ့..ညီညီ(လောကမီးအိမ်)