Saturday, November 2, 2013

လေတချက်အဝေ့...

အချိန်ကာလကား တရွေ့ရွေ့ ထွက်ခွါလို့...။

ဘယ်ဘက်ရင်ဘတ်ဆီမှ စူးကနဲ နာကျင်မှုတို့ ပြေပျောက်သွားပြီလား ဟု မေးခွန်းထုတ်မိခိုက်.. သူနဲ့အတူ ကုန်ဆုံးခဲ့ဖူးသော အချိန်လေး တစ်ခုဆီသို့ .... ကျွန်မ ရောက်ရှိသွားလေသည်။ ထိုအချိန်တစ်ခုကို မေ့ပစ်ချင်နေခဲ့သော ကျွန်မသည် သူနှင့်အတူ ပြောခဲ့ဖူးသော စကားများနှင့် သူ့စာမျက်နှာများကိုလည်း တမင် မေ့ပစ်ထားခဲ့သည်မှာ အချိန်ကာလ တစ်ခုသို့ပင် ချဉ်းနင်းဝင်ရောက်ခဲ့ပေသည်။ ထိုအတောအတွင်း ကျွန်မ၏ စိတ်သည် အရာရာကို ပို၍နူးညံ့စွာ ရင်ဆိုင်ရဲလာခဲ့ပေသည်။ နှလုံးအိမ်မှတဆင့် စီးမျောလာသည့် ပူလောင်လှသောအရာကို သစ္စာတရားဖြင့် အေးငြိမ်းအောင် ကြိုးစားခဲ့ရသည်မှာ လွယ်ကူလှသည်တော့ မဟုတ်ပေ။
 
သူနှင့်ပက်သက်သမျှ အရာအားလုံးကို မေ့ပစ်မှသာ ကျွန်မအတွက် အကောင်းဆုံးဖြစ်လိမ့်မည်ဟု ကိုယ့်ကိုယ်ကို သတိပေးရင်း အချိန်ကာလကို ရင်ဆိုင် ကျော်လွှားခဲ့ရသည်မှာ ကျွန်မအတွက် အခက်ခဲဆုံးနှင့် အပင်ပန်းဆုံး ကာလများ ဖြစ်ခဲ့လေသည်။ ကျွန်မအပေါ် သူ၏ တုံ့ပြန်မှုသည် ရိုးသားမှုလား၊ အားနာမှုများနှင့် အလိုက်သင့် ဆက်ဆံရေးလား၊ သူ့အတွက် လိုအပ်နေသော စကားပြောဖေါ်လား ဆိုသည်ကို တွေးပင် မတွေးမိခဲ့သည်မှာ သူ့အပေါ် ထားရှိခဲ့သော ကျွန်မ၏ အရိုးသားဆုံး မေတ္တာတရား တစ်ခုဖြစ်သည်ဟု ကျွန်မပြောရဲပါသည်။

သူနှင့်အတူ ရှိခဲ့ဖူးသော စာမျက်နှာထက်တွင် အပြန်အလှန်ပြောဆိုခဲ့သော စကားလုံးများအကြား၊ တခါတရံ ငြင်းခုန်မှုများအကြား၊ အမြင်ချင်း ဖလှယ်မှုများအကြား၊ စာနာ နားလည်မှုများနှင့် အရှုံးပေးခဲ့ဖူးသော အချိန်လေးတစ်ခုကို မေ့ပစ်ချင်ပါသည်။ နောက်ဆုံး ပြောခဲ့ဖူးသည့် ကျွန်မ အကြားချင်ဆုံး စကားတစ်ခွန်းကို မေ့ပစ်ချင်ပါသည်။ ရိုးသားမှုနှင့် စစ်မှန်သော နှုတ်ထွက် စကားလုံးအဖြစ် ယုံကြည်မိသော စကားလုံးများကိုလည်း မေ့ပစ်ချင်ပါသည်။ ထို့ထက် သူနှင့် ပက်သက်ခဲ့သော အမှတ်တရ အားလုံးကို မေ့ပစ်ချင်ပါသည်။  ထို့အတွက် အချိန်ကာလ တစ်ခု လိုအပ်ကောင်း လိုအပ် ပါလိမ့်မည်။ ကျိန်းသေသည်မှာ ထိုအချိန်ကာလသည် ကျွန်မအတွက် အခက်ခဲဆုံးတစ်ခု ဖြစ်ခဲ့သော်လည်း မည်သည့်အရာကိုမှ အဆိုးမြင်စိတ် မထားတတ်ခြင်းကြောင့် ဒေါသဖြစ်မှုများနှင့် အတ္တကြီးမားမှုများ မရှိခဲ့သည့် အတွက် ငြိမ်းချမ်းသော ကာလ တစ်ခုကို ပြန်လည် ရောက်ခဲ့သည်မှာလည်း သိပ်ကြာလှခြင်း မရှိခဲ့..။

အမှတ်တရများသည် မေ့ပစ်ကောင်းသော အရာတစ်ခု မဟုတ်နိုင်သော်လည်း ပူလောင်သော သတိရ တမ်းတခြင်းမျိုး မရှိတော့သော ကျွန်မစိတ်သည် တန်ပြန်ရိုက်ခတ် ခံခဲ့ရသော စိတ်ကြောင့်ပင် ဖြစ်ပေလိမ့်မည် ဟု ကျွန်မ ယုံကြည်နေမိသည်...။ 

လူတိုင်းသည် မိမိ ပျော်ရွှင်မှုကို မိမိကိုယ်တိုင်  ရှာဖွေ ကြရမည်ပင်...။ ထို ပျော်ရွှင်မှုက သူတပါး၏ ကိုယ် နှင့် စိတ် ကို ထိခိုက် ဒဏ်ရာ ရခြင်းမျိုး မဖြစ်စေလျှင် အကောင်းဆုံး ဖြစ်မည်ဟု မိမိကိုယ်ကိုပင် သတိပေးမိပါသည်.။ ထိုသို့ ဆင်ခြင်နိုင်သည့် အရာ တစ်ခု လူ့ဘဝအတွက် အဖိုးတန်ခြင်းတစ်ခု ကျွန်မနှလုံးသားတွင်း ကိန်းအောင်းခဲ့သည်ကိုပင် ကျွန်မ ကျေနပ် နေမိလေသည်။ သူတပါး၏ ပျော်ရွှင်မှုကို မြင်လျှင် ခံစားကူးစက်တတ်သော ကျွန်မသည် သူ့ပျော်ရွှင်မှုအတွက် ရွေးချယ်မှုကို ကျွန်မ လေးစားပါသည်။

သူနှင့်ကျွန်မကို ဆုံဆည်းခွင့်မပေးခဲ့သော ကံတရားတစ်ခုက သူ၏ ပျော်ရွှင်မှု ဖြစ်ခဲ့လျှင် ကျွန်မ ကျေနပ်မိနေမည် ပင်.............။

လေတချက် အဝေ့ မှာတောင်
လှိုင်းက သက်ငြိမ်စီးဆင်းလို့
နိယာမအတိုင်း မြောပါလို့ .....


7 comments:

နွေတေးရှင် (မင်းဧရာ) said...

သိပ်ဝတ္ထု မဆန်ပေမယ့် ကောင်းတယ်
ပေးဆပ်ခြင်းနှင့် စွန့်လွှတ်လိုက်သောရင်က
ပို၍ နာကျင်ရပါတယ်လေ ။


စာတွေ အရေးနည်းသွားတယ်ဗျာ့ ။

စံပယ်ချို said...

သိပ်မှန်တာပေါ့ရှင်--------
ပျော်ရွှင်မှုက သူတပါး၏ ကိုယ် နှင့် စိတ် ကို ထိခိုက် ဒဏ်ရာ ရခြင်းမျိုး မဖြစ်စေလျှင် အကောင်းဆုံး ဖြစ်မည်ဟု....................

ငြိမ်းစိုးဦး said...

ဆင်ခြင်နိုင်သည့် အရာ တစ်ခု လူ့ဘဝအတွက် အဖိုးတန်ခြင်းတစ်ခု ကျွန်မနှလုံးသားတွင်း ကိန်းအောင်းခဲ့သည်ကိုပင် ကျွန်မ ကျေနပ် နေမိလေသည်။ ... လို့ အများကိုပြောနိုင်အောင် အားထုတ်ထားခဲ့သော ၀တ္ထုငယ်လို့ မြင်မိပါတယ် ...

blackroze said...

ခွဲခွာခြင်းဆိုတာနာကျင်မှု့ တမျိုးပါဘဲ အမရယ်

Angelhlaing(May everybody be happy and healthy! said...

ဆရာ မောင်လှမျိုးရဲ့ ခွဲခြားခြင်း ဒဿနကိုတောင် သတိရသွားတယ်မမရေ... ညီမလေးကတော့ ..ဘယ်လို ခွဲခွာခြင်းမျိုးနဲ့မှ မကြုံချင် မဆုံချင်ခဲ့တာပါ..

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ကျွန်မ၏ စိတ်သည် အရာရာကို ပို၍နူးညံ့စွာ ရင်ဆိုင်ရဲလာခဲ့ပေသည်။ နှလုံးအိမ်မှတဆင့် စီးမျောလာသည့် ပူလောင်လှသောအရာကို သစ္စာတရားဖြင့် အေးငြိမ်းအောင် ကြိုးစားခဲ့ရသည်မှာ လွယ်ကူလှသည်တော့ မဟုတ်ပေ။

ဆိုတာလေးကို မြတ် ထပ်ကာထပ်ကာ ရေရွတ်နေမိတယ်။ ပြီးတော့ ဒိုင်ယာရီထဲမှာ ကူးယူထားလိုက်တယ်။ ပြီးတော့

သူတပါး၏ ပျော်ရွှင်မှုကို မြင်လျှင် ခံစားကူးစက်တတ်သော ကျွန်မသည် သူ့ပျော်ရွှင်မှုအတွက် ရွေးချယ်မှုကို ကျွန်မ လေးစားပါသည်။

ဆိုတာလေးကိုလည်း မြတ် နှစ်သက်မိတယ်။

ခင်မင်စွာဖြင့်
မြတ်ပန်းနွယ်

မောင်သီဟ said...

လာအားပေးသွားတယ်ဗျာ့း)