Sunday, February 24, 2013

ကမ္ဘာပျက်တယ်ဆိုတာ..

xx ရက် xx လ xxxx ခုနှစ်
ကမ္ဘာပျက်လိမ့်မယ်တဲ့.
စကားတစ်ခွန်း.
ကမ္ဘာအနှံ့ ပျံ့လို့

ကမ္ဘာပျက်တယ်ဆိုတာ
ဘာတွေပျက်မှာလဲ.

လူတွေ ပျောက်ပျက်သွားမှာလား
သက်ရှိသတ္တဝါတွေ ပျောက်ပျက်သွားမှာလား
အပင်တွေ တိုက်စားသွားမှာလား
သမုဒ္ဒရာတွေ တိမ်ကောသွားမှာလား
မြစ်တွေ ခမ်းခြောက်သွားမှာလား
တိမ်တွေ လွင့်စင်သွားမှာလား
လမ်းမကြီးတွေ အက်ကွဲသွားမှာလား
ရွာသွန်းနေတဲ့ မိုး တိတ်ဆိတ်သွားမှာလား
နှင်းထုကြီးတွေ အရည်ပျော်သွားမှာလား
မုန်တိုင်းကြီးတွေ ငွေ့ရည်ဖွဲ့သွားမှာလား

စိုနေတဲ့ မြက်ပင် တစ်ချို့ နဲ့
ခြောက်သွေ့နေတဲ့ ရိုးတံရှည်ပင် တစ်ချို့
ကျွတ်ထွက် သွားမှာလား...
တောတောင် သစ်တောကြီးတွေ
တူးဆွ ခံရတော့မှာလား...
ယာတော ကိုင်းတောကြီးတွေ
မီးရှို့ ခံလိုက်ရတာလား

သက်ဝင်လှပနေတဲ့ ကဗျာတစ်ချို့
ရသပေးစွမ်းပေးတဲ့ စာပေတစ်ချို့
ပန်းချီကားချပ် တစ်ချို့
အနုပညာ သွေးအားလုံး
သစ္စာတရားတွေအားလုံး
အရောင်ဆိုးမြစ်ထဲ မျောပါသွားကြမှာလား...

မကောင်းဆိုးဝါး သက်ရှိသက်မဲ့တွေ
သစ္စာမရှိ.. ပရိယာယ်မာယာတွေ
လုယူဖျက်ဆီး အသားရေဆုတ်ဖြဲသူတွေ
ဂုတ်သွေးစုပ် မျက်ရည်သောက်သူတွေ
အသက်နှုတ်ယူ သဘာဝဘေးဆိုးကြီးတွေ
လိမ်ညာကောက်ကျစ် အယောင်ဆောင်လိုသူတွေ
ရိုးသားဖြူစင်တဲ့ဘဝပေါ်မှာ တက်နင်းနေသူတွေ
.........................................................တွေ

ကမ္ဘာ ပျက်တယ်ဆိုတာ..
ကမ္ဘာ ပျက်တယ်ဆိုတာ.....
ကမ္ဘာ ပျက်တယ်ဆိုတာ.........


15 comments:

Angelhlaing(May everybody be happy and healthy! said...

ကမ္ဘာပျက်တယ်ဆိုတာထက်....
တစ်ကယ်ပျက်နေတာက ...........!!!

Aunty Tint said...

အခြေမယိုင် အတွေးခိုင်တဲ့ စာသားလေးတွေထဲ စမ်းတစ်ဝါးဝါး လျှောက်လှမ်းနေမိတယ် သဒ္ဓါရေ...
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Candy said...

မမသဒ္ဓါရေ... စာလာဖတ်ပြီး တွေးသွားတယ် :D

စံပယ်ချို said...

ကမ္ဘာပျက်တာထက်ဆိုးတဲ့အပျက်တရားတွေ ကဗျာထဲ မှာ မြင်ရတယ်
ရင်ထဲကိုထိတဲ့ကဗျာလေးပါပဲ သဒ္ဓါရေ
သက်ဝင်တဲ့ကဗျာတွေ သစ္စာတရားတွေကတော့ ပျက်မှာမဟုတ်ဘူးနော်---
မရေးတာနည်းနည်းကြာပြီ ရေးတော့လဲ
လူတိုင်းရင်ထဲကိုတခါတည်းရောက်တော့တာပဲ

သူကြီးမင်း (တုံးဖလား) said...

ကမ္ဘာပျက်တယ်ဆိုတာ အဲဒါတွေကို ပြောရှိမယ်။ လူတွေ အဲဒါပျက်မဲ့အကြောင်း ကမ္ဘာနဲ့ တင်စားပြောဆိုခဲ့ကြတာကို တကယ့်ကမ္ဘာပျက်မယ်ထင်ခဲ့ကြတာထင်ပါရဲ့။ အတွေးလေးတွေ ကောင်းတယ် ညီမ။

ဟန်ကြည် said...

ရုပ်ကမ္ဘာမပျက်ခင် စိတ်ကမ္ဘာအရင် ပျက်တဲ့ သဘောဖြစ်မယ်ထင်ပါရဲ့...ပျက်ရင်လည်း ကွက်တိကွက်ကျားမပျက်ဘဲ အကုန်ပျက်ဖို့ ဆုတောင်းရတော့မှာပဲ...ကိုယ်တစ်ယောက်တည်းပါသွားလည်း မဟန်ဘူး...ကိုယ်တစ်ယောက်တည်း ကျန်နေလည်း မနိပ်ဘူးး)

မိုးညချမ်း said...

ကမ္ဘာပျက်တာထက် ပိုဆိုးတဲ့အကြောင်းအရာတွေ လောလောဆယ်တောင် ဖြစ်ပျက်နေတာကို မြင်တွေ့နေရတာ စိတ်ပျက်စရာပါ မမရေ ...

ဘုန်းတောက် said...

အတွေးလေး သိပ်လန်းနေတယ် သဒ္ဓါရေ...

မိုးနတ်ကြယ်စင် said...

ကမ္ဘာပျက် မပျက်တော့ မသိဘူးအမ
မြန်မာမပျက်ဖို့နဲ့ လူလူချင်း ကိုယ်ချင်းစာစိတ်ထားတတ်
ဖို့ မြန်မာတွေကြားမှာ အများကြီးလိုနေတယ်

Anonymous said...

ကောင်း ..........။

အလွမ်းမြို့ said...

သဒ္ဒါရေ...

ကမ္ဘာပျက်မပျက်တော့ မသိ။
လူတွေတော့ ပျက်ကုန်ပြီ။
အလွမ်းတစ်ယောက်အပါအဝင်ပေါ့...

ချစ်ခြင်းအားဖြင့်
အလွမ်း

မြသွေးနီ said...

တကယ်က -
ကမ္ဘာကြီးက သူ့ဟာသူ နေနေတာပါ..
လူတွေကသာ....
တစ်နေ့ထက်တစ်နေ့...။

အင်းတော်ရှမ်း said...

ကမ္ဘာပျက်ပေမဲ့ သစ္စာတွေမပျက်ဘူး
ကမ္ဘာမပျက်ပေမဲ့ ကိုယ်ကျင့်တရာတွေက တစ်နေ့ထက်တစ်နေ့ ပိုပိုပျက်လာတယ်...။
ကမ္ဘာကြီးပျက်တာမှ တော်သေးရဲ့
တရားတွေပျက်ပြီး အချင်းတွေ သတ်ဖြတ် အနိုင်ယူ လုယက်နဲ့ ဖြစ်ပျက်မဲ့ မြင်ကွင်းတွေက မတွေးဝံစရာကြီးပါလားဗျာ....။

ငြိမ်းစိုးဦး said...

လူတွေပျက်တဲ့အခါ ကမ္ဘာလည်းပျက်မှာ ...

ကြည်ဖြူခင်ခင် said...

သက်ဝင်လှပနေတဲ့ ကဗျာတစ်ချို့
ရသပေးစွမ်းပေးတဲ့ စာပေတစ်ချို့
ပန်းချီကားချပ် တစ်ချို့
အနုပညာ သွေးအားလုံး
သစ္စာတရားတွေအားလုံး
အရောင်ဆိုးမြစ်ထဲ မျောပါသွားကြမှာလား... တဲ့..

အဲ့လို မဖြစ်စေချင်ဘူး..