Saturday, March 10, 2012

ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင်(တဂ် ပို့စ်)

ဘလော့ဂါ သက်တန့်နဲ့ ညီမငယ် မဒမ်ကိုးတို့ တဂ်ထားတဲ့ ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင်မှာ ပြောပြခွင့်ရတဲ့ အတွက်ကျေးဇူးတင်ပါတယ်။

၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။

Sim Card (ဆင်းမ်ကဒ်) တန်ဖိုးကိုပြောတာလို့ သဘောပေါက်မိပါတယ်။ နိုင်ငံတကာမှာတော့ ဆင်းမ်ကဒ်တစ်ခုရဲ့ တန်ဖိုးက အဲလောက်တန်ဖိုးမရှိတဲ့အတွက် နှစ်သိန်းဝန်းကျင်ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ မမြင်မိပါဘူး။ ဖုန်းအလုံးကတော့ ကောင်းရင်ကောင်းသလို တန်ဖိုးအမျိုးမျိုးရှိတဲ့ အတွက် သင့်တော်သလို သုံးနိုင်ပါတယ်။ ဆင်းမ်ကဒ်ကို နှစ်သိန်းဝန်းကျင်နဲ့ ဝယ်ရတာဆိုရင် တန်ဖိုးအရမ်း ကြီးလွန်းနေပါတယ်။


၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။

စနစ်ကျ စည်းကမ်းရှိတဲ့ ဦးဆောင်မှုကောင်းတဲ့သူတွေနဲ့အတူ လက်တွဲလုပ်မယ်ဆိုရင် အများပြည်သူအတွက် အကျိုးရှိမယ့် အလုပ်တစ်ခု ဖြစ်မယ်လို့ မြင်ပါတယ်။

၃ ။ ငါးထောင်တန်ဖုန်း ပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီး လွှတ်တော်ကို တင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ ။

တရားမျှတမှုရှိဖို့ အဓိကကျပါတယ်။ လူအဖွဲ့အစည်းတစ်ခုမှာ တရားမျှတဖို့၊ လေးစားရမယ့် ဥပဒေကို လေးစားဖို့၊ လူလူချင်း တန်ဖိုးထားဖို့၊ လူသားတစ်ဦးရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်တတ်ဖို့၊ လူတွေရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးကို လေးစား လိုက်နာတတ်မယ်ဆိုရင် မှန်ကန်ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းကြီးတစ်ခု ဖြစ်လာမှာပါ။ အဲလို ကောင်းမွန်မှန်ကန်တဲ့ လူ့အဖွဲ့အစည်းကြီးကသာ မျှတမှုရှိတဲ့ ဝန်းကျင်တစ်ခုကို ဆောက်တည်ပြီး လူသားတွေရဲ့ ရပိုင်ခွင့်တွေကို ပေးနိုင်မယ်လို့ ယုံကြည်မိပါတယ်။

၎ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။

ပြည်သူအားလုံးတန်းတူညီမျှ တယ်လီဖုန်း အသုံးပြုနိုင်လာခဲ့ရင်ဆိုတဲ့ စိတ်ကူး အိပ်မက်လေးနဲ့တင် ဝမ်းသာပျော်ရွှင်ပြီး ငါးထောင်တန်ဖုန်းများ ပေါ်ပေါက်လာဖို့ ကြိုဆိုလိုက်ပါတယ်။

၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။

ဆက်သွယ်ရေး ဧရိယာ၊ ဆက်သွယ်ရေး ပစ္စည်းတွေနဲ့ ဆက်သွယ်ရေး ကွန်ယက်ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ကောင်းမွန် လျင်မြန်စွာ လုပ်ကိုင်နိုင်ဖို့ မျှော်လင့်မိပါတယ်။ လူသားတစ်ဦးနဲ့တစ်ဦး ဆက်သွယ်ရေး အဆင်ပြေဖို့၊ ပြားလာတဲ့ ကမ္ဘာကြီးပေါ်မှာ လူသားတစ်ဦးနဲ့တစ်ဦး အနီးကပ်ဆုံး ခင်မင်နိုင်ပြီး အလွမ်းပြေစေနိုင်ဖို့၊ လုပ်ငန်းဆောင်တာတွေ မြန်မြန်ဆန်ဆန် သိလာဖို့၊ သတင်း အချက်အလက်တွေကို မျှဝေဖို့၊ သဘာဝ ပတ်ဝန်းကျင်ကြောင့် ရုတ်တရက် ကျရောက်လာမယ့် ဘေးအန္တရာယ်တွေကို ကြိုတင်သိရှိနိုင်ဖို့၊ အရေးကြီးတဲ့ အခြေအနေအချိန်မှာ အလျင်အမြန် ဆက်သွယ်နိုင်ဖို့၊ သေရေးရှင်ရေးတမျှ ဖြစ်ပြီး အရေးကြီးလာခဲ့ရင် ဆက်သွယ်ဖို့၊ ဆက်သွယ်ရေး ကိရိယာဆိုတာ လိုအပ်ပါတယ်။ အရေးပါတဲ့ ဆက်သွယ်ရေး ကိရိယာတဖြစ်လဲ တယ်လီဖုန်းကို အသုံးပြုပြီး ဆက်သွယ်တဲ့အခါ အရည်အသွေးပြည့်မှီပြီး အမြဲတမ်း ဖုန်းလိုင်းကောင်းဖို့ အရေးကြီးပါတယ်။ ဒါမှလည်း စိတ်ချမ်းသာစွာနဲ့ အလွယ်တကူ ဆက်သွယ်နိုင်မှာပါ။ ဆက်သွယ်ရေး ကိရိယာ တယ်လီဖုန်းကို မတန်တဆ ဈေးနှုန်းမြှင့်ထားလို့ လူတန်းစားခွဲခြားထားပြီး အရေအတွက် နည်းလွန်းလှတဲ့ လူဦးရေလောက်သာ ကိုင်နိုင်တဲ့အတွက် ဆင်းမ်ကဒ်တစ်ခုရဲ့ တန်ဖိုး ငါးထောင်သာဖြစ်ခဲ့မယ်ဆိုရင် နိုင်ငံတကာမှာ လူတိုင်းကိုင်နိုင်တဲ့ ဖုန်းတစ်လုံးကို မိမိတို့ တိုင်းပြည်မှာရှိကြတဲ့ ပြည်သူတွေလည်း အသုံးပြုနိုင်လာမှာကို တွေးမြင်မိပါတယ်။

ငါးထောင်တန်ဖုန်းများ ပေါ်ပေါက်လာအောင် ကြိုးပမ်းဆောင်ရွက်နေသူ အားလုံးကို လေးစားရင်း၊ ဖုန်းလိုင်းကောင်းကောင်းနဲ့ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ပြည်သူအားလုံးရဲ့ လက်ထဲကတဆင့် နှလုံးသားများ ပြုံးပျော်နိုင်ဖို့ ဆန္ဒပြုမိပါတယ်။


20 comments:

သက်တန့်ချို said...

အခုလို မအားတဲ့ကြားက တဂ်ပို့စ်လေးပြန်ဖြေပေးတာ ကျေးဇူးတင်ပါတယ်အစ်မရေ

ကျွန်တော်တို့ယုံကြည်ချက်တွေကြောင့် တစ်နေ့တော့ မျှော်လင့်ချက်တွေပြည့်ဝလာကြမှာပါ

ခင်မင်စွာဖြင့်

သက်တန့်ချို

လက်ဝဲ said...

တစ်နေ့တော့ တစ်နေ့ပေါ့ ဘယ်တော့လဲ မမေးလိုက်နဲ့ကွယ်

Anonymous said...

အားလုံးဖြစ်ချင်တဲ့ဆန္ဒဖြစ်တာမို့
တစ်နေ့နေ့တော့ဖြစ်ကိုဖြစ်လာမှာပါ။
စောင့်နိုင်ဖို့ဘဲလိုပါတယ်။း)
အစ်မသဒ္ဓါရဲ့အမြင်ကို.ထောက်ခံပါတယ်ရှင် :D

ချစ်ခင်လျှက်
မိစံ

စံပယ်ချို said...

ငါးထောင်တန်ဖုန်းများ အပေါ် အမြင်လေးနဲ့သဘောထားလေးဖတ်ခဲ့တယ်
တစ်နေ့နေ့ဖြစ်လာစေရမှာပါနော်
ချစ်တဲ့ jasmine

ချစ်စံအိမ် said...

ပျောက်နေတဲ့မမရေ (၅၀၀၀) တန်ဖုန်းအကြောင်း
အမြင်လေးလာဖတ်သွားပါတယ်

maungaunghtun said...

ဖြစ်နိုင်မယ် ဆို၇င် အခုတောင် ကိုင်ချင်သေးတယ် ဒါပေမယ် ၅၀၀၀ တန်က မချပေးသေးတာခတ်တယ် ၅၀၀၀ထောင်တန် ဖုန်းနဲ့ ပက်သတ်ပြီးတော့ ဘလောဂ့် ဂါတို့ ၇ဲ့ အမြင်တွေ ကို အကုန်လုံးကို ထောက်ခံပါတယ် ကျွန်တော့ အမြင်ပြော၇၇င် တကယ်သာ လုပ်ပေးမယ်ဆို၇င် ဖြစ်နိုင်ပါတယ် မဖြစ်နိုင်စ၇ာ အကြောင်းမ၇ှိပါဘူး

Étoile said...

ငါးထောင်တန်ဖုန်းများ ပေါ်လို့ကတော့ ၄၆ လုံးလောက် ဝယ်ကိုင်ပစ်လိုက်မယ် အဟ

မောင်ဘုန်း said...
This comment has been removed by the author.
မောင်ဘုန်း said...

ဆက်သွယ်ရေး ကိရိယာ တယ်လီဖုန်းကို မတန်တဆ ဈေးနှုန်းမြှင့်ထားလို့ လူတန်းစားခွဲခြားထား ... သလို ဖြစ်နေတယ် ဆိုတာ အမှန်ပဲ ပေါ့ဗျာ ... ။

အစ်မရဲ့ အမြင်လေး ဖတ်သွားပါတယ် ... ။

ခင်မင်စွာဖြင့်

မောင်ဘုန်း

Anonymous said...

ှုငါးထောင်တန်ဖုန်းအမြင်လေးဖတ်သွားပါတယ်

mstint said...

ငါးထောင်တန်ဖုန်းအပေါ် အမြင်လေးဖတ်သွားတယ်
သဒ္ဓါရေ။ လူတန်းစေ့ကိုင်ခွင့်ရစေချင်တဲ့ အများရဲ့
ဆန္ဒကြောင့် အကောင်အထည်ပေါ်လာလိမ့်မယ်လို့
မျှော်လင့်မိပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဆင်းကဒ် ၅၀၀၀တန်ထွက်လာရင် လည်ပင်းမှာတစ်လုံးဆွဲမယ်
ခါးမှာတစ်လုံးချိတ်မယ်
ဒါကြောင့် ၅၀၀၀တန်ဖုန်းဖြစ်လာဖို့ အရမ်းကိုဆန္ဒရှိပါတယ်း))
သဒ္ဓါရေ
တို့ပြည်ကြီးလည်း နိုင်ငံတကာနည်းတူ ပြောင်းလဲသင့်တာ ကြာနေပါပြီ။ ခုထိ ခေါင်းမာနေဦးမယ်ဆိုရင်တော့ တိုးတက်မှုက နှောင့်နှေးနေဦးမှာဘဲနော်။

SHWE ZIN U said...

ညီမ သဒ္ဒါ ရေ

ဖတ်သွားတယ်နော် အောင်ရမည် ရရမည် ငါးထောင်တန်ဖုန်း

ချစ်အမကြီး
ရွှေစင်ဦး

Thu said...

Surprise on bloggers' IQ on 5K SIM card campaign !
I want relevant price because free things are most expensive in return.

8Yar said...

မရေးရသေးဘူးထင်လို့ လာအော်တာ။ ဟိ ဟိ ရေးပေးလို့ ကျေးဇူးပါခင်ဗျာ။ အစ်မသဒ္ဓါရဲ့ အမြင်လေးကောင်းတယ်ခင်ဗျာ။

မဒမ်ကိုး said...

မမသဒ္ဒါရေ ကောင်းသောနေ့လေးနဲ့အတူ ရွှင်လန်းချမ်းမြေ့ပါစေနော်

လာဖတ်သွားရင်းဆုတောင်းပေးပါတယ်

အမြဲသတိရနေတဲ့
ညီမငယ်
ဒိုးကန်

အင်ကြင်းသန့် said...

မသဒ္ဓါရေ....

တစ်နေ့နေ့တော့ ဖြစ်လာရမယ်လို့ ယုံကြည်ပါတယ်။း)

ချစ်ခင်စွာ
ဂျင်း

ထော်ဦး said...

အင်း..ပြောရမယ်ဆိုရင် 5000တန်ဆင်းမ်ကဒ်လည်း
ဈေးကြီးပါတယ်...
ထိုင်းနိုင်ငံမှာတော့ ဆင်းမ်ကဒ် က မြန်မာငွေနဲ့ တွက်လိုက်ရင် 1500တည်းရယ်လေ...
ဒါကြောင့်ပါ...
ဒါပေမဲ့..ကျွန်တော့်မှာ 1500ဆင်းမ်ကဒ်နဲ့ ဖုန်းတစ်လုံး
မကိုင်ပါဘူး...
ငွေဖြည့်ရတာနဲ့တခါတလေထည့်ထားတဲ့ ပိုက်ဆံကိုပါ
အလစ်သုတ်လိုက်သေး(ထိုင်းဆင်းကဒ်ကို ပြောတာပါနော်)
ထော်ဦး

မြတ်ပန်းနွယ် (Myat Pan Nwe) said...

သဒ္ဓါ့အမြင်လေးကို ဖတ်သွားခဲ့ပါတယ်။

ခင်မင်စွာဖြင့်
မြတ်ပန်းနွယ်

ငြိမ်းစိုးဦး said...

ဖြစ်သင့်တာတွေ ဖြစ်လာမှ ဖြစ်နိုင်တာတွေကို ကြိုးစားနိုင်မှာ ...