Monday, March 5, 2012

မြို့ပျက်ညတွေထဲမှာ

မြို့ပျက်ညတွေထဲမှာ...
ကျမ.. လမ်းလျှောက်လာခဲ့တယ်
မြို့ပျက်ညတွေထဲမှာ နှလုံးသားတွေ ပျက်စီးယိုယွင်းနေတဲ့ လူသားများ
မြို့ပျက်ညတွေထဲမှာ ပျောက်ဆုံးသွားတဲ့ လင်းရောင်ခြည်များ
မြို့ပျက်ညတွေထဲမှာ ပြန်မရနိုင်တော့တဲ့ ကာလရွေ့လျားမှုများ
မြို့ပျက်ညတွေထဲမှာ ဖုံးလွှမ်းခံလိုက်ရတဲ့ အပြင်းစားမှိုင်းတိုက်မှုများ
မြို့ပျက်ညတွေထဲမှာ တိုက်စားခံလိုက်ရတဲ့ သစ္စာတရားများ
မြို့ပျက်ညတွေထဲမှာ လုယူခံလိုက်ရတဲ့ မေတ္တာတရားများ
မြို့ပျက်ညတွေထဲမှာ ဆုံးရှုံးသွားခဲ့ရတဲ့ မျှော်လင့်ချက်များ
မြို့ပျက်ညတွေထဲမှာ လဲဖြိုခံလိုက်တဲ့ အမှန်တရားများ
မြို့ပျက်ညတွေထဲမှာ မျက်နှာဖုံးစွပ် မင်းသားများ
မြို့ပျက်ညတွေထဲမှာ ဒယီးဒယိုင် လျှောက်လဲချက်များ
မြို့ပျက်ညတွေထဲမှာ ကူးလူးနေကြတဲ့ မျက်နှာတုများ
မြို့ပျက်ညတွေထဲမှာ မေ့နေကြတဲ့ ကိုယ်ကျင့်တရားများ
မြို့ပျက်ညတွေထဲမှာ မေ့ချင်ယောင်ဆောင်လိုက်ကြတဲ့ ဒုက္ခများ
မြို့ပျက်ညတွေထဲမှာ ဟန်ဆောင်နေကြ အပြုံးလေးများ
မြို့ပျက်ညတွေထဲမှာ ရိုးသားဟန်ခြေရာလေးများ
မြို့ပျက်ညတွေထဲမှာ အသံတိတ် သက်ပြင်းချသံများ
မြို့ပျက်ညတွေထဲမှာ လိုင်စင်မဲ့ လူသားများ
မြို့ပျက်ညတွေထဲမှာ ဖက်တွယ်ထားမိရက်သား အတ္တလူသားများ
မြို့ပျက်ညတွေထဲမှာ ရမ်းကားနေကြ လက်ညှိုးများ
မြို့ပျက်ညတွေထဲမှာ ရယ်မောချင်စရာ ပြက်လုံးများ
မြို့ပျက်ညတွေထဲမှာ အရောင်ပြောင်း သစ်ငုတ်များ
မြို့ပျက်ညတွေထဲမှာ လွမ်းဆွတ်ဖွယ် အမည်နာမများ
မြို့ပျက်ညတွေထဲမှာ ထူးဆန်းအံ့သြဖွယ် ကတိကဝတ်များ
မြို့ပျက်ညတွေထဲမှာ နာကျင်ဖွယ် ဒဏ္ဍာရီပုံပြင်များ
မြို့ပျက်ညတွေထဲမှာ ခေါင်းပါးလွန်းတဲ့ ကိုယ်ချင်းစာတရားများ
မြို့ပျက်ညတွေထဲမှာ ဆန့်ကျင်ဘက် တုံ့ပြန်မှုများ
မြို့ပျက်ညတွေထဲမှာ ပူလောင်မှုတွေပေးခဲ့တဲ့ လိုချင်မှုများ.. နဲ့
မြို့ပျက်ညတွေထဲမှာ ကျမရဲ့ အသည်းနှလုံး လုံးပါးပါးခဲ့တယ်။


မြို့ပျက်ညတွေထဲမှာ...
မောပန်းနေတဲ့ အပြုံးမျက်နှာလေးတခု
မြို့ပျက်ညတွေထဲမှာ...
ယုံကြည်ချက် ခိုင်မာတဲ့ လက်တစ်စုံ
မြို့ပျက်ညတွေထဲမှာ...
တည်ကြည်တဲ့ စကားလေးတစ်ခွန်း
မြို့ပျက်ညတွေထဲမှာ...
ခမ်းနားလှပတဲ့ နှလုံးသားတစ်နေရာ
မြို့ပျက်ညတွေထဲမှာ...
ထည်ဝါပြတ်သားတဲ့ အတွေးတစ်ခု
မြို့ပျက်ညတွေထဲမှာ...
ကမ္ဘာကြီးကို လှုပ်နှိုးခဲ့တဲ့ ရိုးသားဖြူစင်တဲ့မျက်နှာလေး
မြို့ပျက်ညတွေထဲမှာ...
ခက်ခက်ခဲခဲ ရှာဖွေတွေ့ရှိခဲ့တယ်။

18 comments:

Anonymous said...

အဲလိုညတွေထဲမှာ ရှာဖွေတွေ့ရှိသွားတဲ့ အရာတွေက ..
..............

ကံကောင်းလိုက်တာနော် ..

ဂျူ

သော်ဇင်စိုး said...

အာရုဏ်ဦးနဲ့အတူ အေးချမ်းတဲ့ဆီးနှင်းတွေရဲ့ မနက်ခင်း တစ်ရက်ရောက်မှာပါ.. မြို့ပျက်ထဲမှာ အမရဲ့ အိမ်လေး အကောင်းအတိုင်းကျန်ခဲ့ရင် အဲဒီ မနက်က ပြီးပြည့်စုံတဲ့ မနက်ပေါ့.. :)

Anonymous said...

တစ်ခုခုတော့ တစ်ခုခုပဲ ဖူးစာရှင် တွေ့ နေပြီထင်တယ်...

စံပယ်ချို said...

တစ်ကယ်ကိုတွေ့နေပြီထင်တယ်
ချစ်တဲ့ jasmine

ဝေမိုးနိုင် said...

မြို့ပျက်ညကြီးကလည်း စိတ်ဆင်းရဲစရာကောင်းတယ်နော်။

ဆရာမက ကဗျာတွေကို နှစ်သက်မိပါတယ်။ အမြဲအားပေးနေတယ်လို့ သိထားပေးပါခင်ဗျာ။

ချော(အစိမ်းရောင်လွင်ပြင်) said...

မြို့ပျက်ညမှာတွေ့ရတဲ့ ရိုးသားဖြူစင်တဲ့ မျက်နှာလေးက ချစ်ဖို့ကောင်းနေမှာဘဲနော်..
အဆိုးတွေကြားက အကောင်းလို့ဆိုရမှာဘဲ..

ချစ်စံအိမ် said...

မမရေ ပျော်ရွင်သောနေ့သစ်လေးကို ပိုင်ဆိုင်နိုင်ပါစေ
ညအမှောင်တွေကင်းဝေးပြီသားသာပျော်ရွှင်နိုင်ပါစေ

မြတ်မွန် said...

မြို့ပျက်ညတွေမှာ အတွေးများစွာဖြင့်ပေါ့ မသဒ္ဓါ..

မြသွေးနီ said...

အမှောင်တွေ ကျော်ဖြတ်ပြီးရင် အလင်းရောင်ခြည်သစ်ကို တွေ့ရတာ နိယာမပါပဲ ညီမရေ...။ ပြည့်စုံကောင်းမွန်ခြင်းအ၀၀နဲ့ ညီမ သဒ္ဓါ ဆုံတွေ့ပါစေ...။ြ

Yan said...

မြို့ပျက်ညတွေထဲမှာ
မပျက်စီးသေးတဲ့ တစ်စုံတစ်ရာကို တွေ့ရှိလိုက်ရသူရဲ့
ခံစားချက်ကို တစိမ့်စိမ့်လေးတွေးနေမိတယ်.

ဒီမြို့ပျက်ညကြီး ဆောက်တည်ရာရနိုင်ပါစေလေ...

Yan

မာန်လှိုင်းငယ် said...

မြို့ပျက်ညတွေထဲမှာ ကူးခက်ခံလိုက်ရတဲ့ ငါးတကောင်
လူသားမျိုးနွယ်တို့ရဲ့ ကောင်းကင်တိုက်ပွဲထဲမှာ
မြို့ပျက်ညတွေ ပါမသွားဖို့ ဆုတောင်းချင်တာ တခုထဲ ...

မာန်လှိုင်းငယ်

ထော်ဦး said...

မြို့ ပျက်ညတွေထဲမှာ
ငါဟာ ကျိတ်ကာငိုနေမိ
ဘယ်သူ့ ကိုအပြစ်တင်ရမှန်းမသိ
မျက်နှာကို လက်ဝါးနှစ်ဝါးနှစ်ဖက်နဲ့ အုပ်ရင်း
နောက်ဆုံးတော့
ခေတ်ပျက်ကြီးထဲမှာ
လူလာဖြစ်တဲ့ ငါ့ကိုယ်ငါပဲ
အပြစ်တွေ တင်ရင့်း့ 
ထော်ဦး

mstint said...

အရာရာဟာမမြဲတဲ့သဘောတရားကို
သဒ္ဓါလက်ခံယုံကြည်နေမယ်ဆိုရင်
မှောင်မိုက်တဲ့ညတွေရဲ့တစ်ဖက်မှာ
အလင်းရောင်ရှိတဲ့မနက်တွေရှိနေလေရဲ့။
ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။

မေတ္တာဖြင့်
အန်တီတင့်

Étoile said...

အဲဒီရှာတွေ့သွားတာလေးတွေ....
....
တကယ်ပဲ ဖြစ်ပါစေ...

အားကျတယ်...
ကိုယ်တော့ အဲဒီ မြို့ပျက်တောနက်ထဲမှာ ခလုပ်တိုက်နေတုန်း....

ညီရဲ said...

နောက်ဆုံးတော့ မြို့ ပျက်ညတွေထဲမှာ ရှာတွေ့ ခဲ့တာပေါ့...

အဖြူရောင်နတ်သမီး said...

သူတွေ့သွားပြီ....
တွေ့သွားလို့တော်သေးတယ်..
မတွေ့ရင် နတ်နတ်လည်း မျက်ဖြူစိုက်ဖို့ပဲကျန်တော့တယ်..
ဖတ်ရင်းဖတ်ရင်းနဲ့ မျက်လုံးက အောက်ကို စိုက်စိုက်သွားလို့..:D


စ တာပါ သူငယ်ချင်းရယ်..
FB မှာပဲ အချိန်ကုန်နေတာနဲ့ Blog ဖက်မလှည့်ဖြစ်ဘူး.. စောဒီး အာဘွား..ဟိ

ညချစ်သူ said...

ခံစားဖတ်ရှု့ သွားပါတယ် သူငယ်ချင်းရေ

ငြိမ်းစိုးဦး said...

ဖျက်ပေမယ့် မပျက်တဲ့ အားမာန် ၊ ရှင်ပြန်နိုင်မှုကို မြင်ခဲ့ရပါတယ် ...