Wednesday, August 31, 2011

blog day အမှတ်တရ

ဘလော့ဂ်ဒေး ဖြစ်ပေါ်လာခြင်းက တခြားသောတိုင်းပြည်တွေနဲ့ စိတ်ဝင်စားစရာဒေသတွေက ဘလော့ဂါတွေရဲ့ယုံကြည်မှုနဲ့ ဖေါ်ကျူးထားတဲ့ အသိအမှတ်ပြုတဲ့နေ့လေးတခု ဖြစ်တယ်လို့ ဘလော့ဒေးရဲ့ ဝက်ဆိုဒ်မှာ ပြောပြထားပါတယ်။ အဲဒီနေ့မှာပဲ ဘလော့ဂါတွေက သူတို့ဆီအလည်လာကြတဲ့  တခြားဘလော့ဂါတွေနဲ့ မိတ်ဆက်ပေးပြီး ဘလော့အသစ် ၅ခုနဲ့လည်း မိတ်ဆက်ပေးရမယ်။ ဒီလိုနဲ့ ဘလော့ကိုလာဖတ်တဲ့သူတွေက ယခင်မသိခဲ့တဲ့ ဘလော့တွေ၊ ဘလော့အသစ်တွေကို ရင်းနှီးကျွမ်းဝင်သိရှိပြီး ဖတ်လို့ရတာပေါ့။

တကမ္ဘာလုံးမှာရှိတဲ့ ဘလော့ဂါတွေဟာ သူတို့ရဲ့မတူတဲ့ ယဉ်ကျေးမှု၊ မတူတဲ့ ရပ်တည်မှု၊ မတူတဲ့ရှုထောင့်ရှိတဲ့ ဘလော့အသစ်၅ခုနဲ့ မိတ်ဆက်ပေးရမယ်။ ဘလော့ဂါအသစ်အသစ်တွေကို ဘလော့ဂါအဟောင်း အဟောင်းတွေက လက်ဆင့်ကမ်း ကြိုဆိုရင်း၊ တဦးကိုတဦး ရင်းနှီးစွာပြောဆိုရင်း၊ ဘလော့လောကလေးထဲက ဘလော့ရေးသူ အချင်းချင်း နားလည်ချစ်ခင်မှုတွေနဲ့ ဘလော့လောကကြီးလည်း တိုးတက်လာမှာပါ။ ဘလော့ဒေးကို အများသိအောင်ဆိုပြီး သြဂုတ်လ ၃၁ရက်နေ့ကို သတ်မှတ်ထားခဲ့ပါတယ်။

အထိမ်းအမှတ်လေးအဖြစ် သတ်မှတ်ထားတဲ့ "blog day"မှာ အမှတ်တရရေးပေးဖို့ လေးစားရတဲ့အကို ကိုအောင်(ပျူနိုင်ငံ) က တဂ်ထားပါတယ်။

မြစ်ဖျားခံရာ...
ကျမ.. ၂၀၀၇ နိုဝင်ဘာလလောက်မှာမှ ဘလော့စာမျက်နှာတွေကို လိုက်လံဖတ်ရှုဖို့ အခွင့်ရခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျမရဲ့သူငယ်ချင်းတချို့က ဘလော့စာမျက်နှာတွေမှာ ဖန်တီးရေးသားနေခဲ့ပြီ။ အဲဒီထဲကတချို့လည်း အကြောင်းအမျိုးမျိုးကြောင့် ဘလော့မရေးဖြစ်တော့ပါဘူး။ ဖတ်ဖြစ်တဲ့ဘလော့တွေက ဗဟုသုတရစရာ. ဒေသဆိုင်ရာ စိတ်ဝင်စားဖွယ်ပုံဖေါ်မှုလေးတွေ၊ စိတ်ခွန်အားရစရာ ဘာသာပြန်ပိုစ့်လေးတွေ၊ ငယ်ဘဝလေးမှာ မတည့်ကြတဲ့ ကလေးတွေရဲ့ အပြုအမူလေးတွေ၊ နူးနူးညံ့ညံ့ ညင်ညင်သာသာလေးတွေ ခံစားရေးသားထားတာတွေ၊ ပျော်စရာလေးတွေအဖြစ် ဖန်တီးရေးသားထားတာတွေ၊ ကျမအတွက် ငယ်ဘဝလေးတွေကို တဖန်ပြန်လည် လွမ်းဆွတ်စေခဲ့ပြီး ခံစားချက်လေးတွေကို ပေးစွမ်းစေခဲ့ပါတယ်။ ခံစားချက်ကဗျာလေးတွေ၊ ဘဝကဗျာလေးတွေကို အလေးပေးရေးသားတတ်တဲ့ ကဗျာလေးတွေက ကျမအတွက် ကဗျာလေးတွေဖတ်ရင်း တူညီတဲ့ခံစားချက်လေးတွေ ခံစားခဲ့ရပါတယ်။ သာသနာ့တာဝန် ထမ်းဆောင်ရင်း ဘာသာရေးဆိုင်ရာ အကျိုးပြုနေတာတွေ၊ ဗဟုသုတရစရာ အကြောင်းလေးတွေ၊ စားသောက်စရာလေးတွေကို ခုံမင်စဖွယ် ရေးသားထားတာလေးတွေ၊ နည်းပညာဆိုင်ရာ ဗဟုသုတအဖြစ် ရေးသားတင်ပြထားတာလေးတွေ၊ ရှားပါးစာအုပ်ကြီးတွေကို အချိန်ပေးပြီး ရိုက်နှိပ်တင်ပြထားတာလေးတွေ၊ အချစ်ကဗျာလေးတွေနဲ့၊ လွမ်းစရာဘဝလေးတွေ၊ ဘဝအတွေ့အကြုံလေးတွေ၊ လုပ်ငန်းအတွေ့အကြုံလေးတွေ၊ ဓါတ်ပုံအမျိုးမျိုး မျှဝေထားတာတွေ၊ နေထိုင်ရာ နေရာဒေသလေးတွေရဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာလေးတွေ၊ ကဗျာလေးတွေ၊ တက္ကသိုလ်ဘဝလေးတွေကို ရေးသားထားတဲ့ စာပေမျိုးစုံကို ဖတ်ခဲ့ရပါတယ်။ တခါတရံ ဘလော့လေးကိုဖတ်နေရင်း ဘလော့လေးထဲက တက္ကသိုလ်နဲ့ဆိုင်တဲ့ သီချင်းလေးကို ဖွင့်ပြီး နားထောင်ဖြစ်ခဲ့တယ်။ ကျမအတွက် လွမ်းမောဖွယ်ရာ တက္ကသိုလ်ဘဝလေးကို ခံစားခဲ့ရတယ်။ ခေတ်အခြေအနေရဲ့ တစိတ်တဒေသကို ဖေါ်ကျူးသီကုံး ထားတာလေးတွေ ကလည်း ရင်နဲ့အမျှ ထပ်တူကျခဲ့တယ်၊ ကျမအတွက် ရသမျိုးစုံ ပေးစွမ်းခဲ့တဲ့ ဘလော့လောကကြီးတခုပါ။ ဘလော့ပေါ်မှာ စာမရေးပေမယ့် ဘလော့ဂါတွေရေးတဲ့ ဘလော့တွေအများကြီးမှာ နေ့တဓူဝ စာတွေဖတ်ဖြစ်ခဲ့တယ်။ ဖတ်ရင်းဖတ်ရင်းနဲ့လည်း ဘလော့လေးမှာ စာရေးချင်တဲ့စိတ်လေးက လွှမ်းမိုးလာခဲ့ပါတယ်။ ဒါပေမယ့် အချိန်နဲ့ နည်းပညာဆိုင်ရာ ချို့တဲ့သူတယောက်ဖြစ်လေတော့ တော်တော်နဲ့ မလုပ်ဖြစ်ခဲ့ပါဘူး။ ဘလော့လောကကြီးထဲမှာ ပုံသဏ္ဍာန်မတူညီစွာ အကျိုးပြုနေကြတဲ့ ဘလော့ဂါအားလုံးကို ဘလော့ဂါအဖြစ် မခံယူဝံ့တဲ့ ကျမသဒ္ဓါလှိုင်းက ကျေးဇူးတင် လေးစားဦးညွှတ်နေမှာပါ။

ဘလော့တခုအစပြုခဲ့..
အကိုရင်းတယောက်လို ချစ်ခင်ရတဲ့ အကိုဘလော့ဂါတယောက်ကို အပူကပ်ပါတော့တယ်။ ဘလော့တခု အမြန်ဆုံးလုပ်ပေးဖို့ပါ။ သူကလည်း အလုပ်မအားတဲ့သူဆိုတော့ တော်တော်နဲ့မလုပ်ပေးဖြစ်ပါဘူး။ ကျမကလည်း မလုပ်ပေးမချင်း နားပူနားဆာလုပ်ပါတယ်။ ၂၀၀၈ခုနှစ် နိုဝင်ဘာလမှာတော့ ကျမကို ဘလော့လေး စလုပ်ပေးခဲ့ပါတယ်။ ဦးဆုံး ဘလော့ရဲ့ ခေါင်းစည်းလေးကို ကျမအကြိုက် ပုံလေးရှာစေပြီးမှ နာမည်လေးထည့်ပြီး လှပအောင် ပြင်ဆင်ပေးပါတယ်။ တနေ့လုံးလုပ်ပေးပြီး စိတ်ကြိုက်ဖြစ်ပြီဆိုမှ ပိုစ့်တင်ဖို့တွေ၊ ဓါတ်ပုံတင်ဖို့တွေ ဘယ်လိုတင်ရတယ် ဆိုတာကိုပြပေးခဲ့တယ်။ ကျန်တာတွေလည်း လုပ်ရင်းနဲ့ တတ်သွားလိမ့်မယ်တဲ့။ မနက်ဖန်မှာ ဆက်ပြီးပြပေးအုံးမယ်လို့ ပြောပါတယ်။ ကျမလည်း ဘလော့လေးအတွက် အတွေးနယ်ချဲ့ရင်း မနက်ဖန်မှာ ထပ်လုပ်မယ့် အရာလေးတွေအတွက် ကြိုတင်ဝမ်းသာနေခဲ့တယ်။ အဲဒီညမှာပဲ (ကျမရဲ့ နှလုံးသားထဲက စီးမျောလာမယ့် အရာလေးတွေကို သိမ်းဆည်းထားပြီး မျှဝေပေးမယ့်) ဘလော့လေးကို လုပ်ပေးတဲ့ ကျမရဲ့အကိုဘလော့ဂါတယောက် ဦးနှောက်သွေးကြောပြတ်ပြီး ရုတ်တရက် ဆုံးပါးသွားခဲ့ပါတယ်။ အကိုဘလော့ဂါ ဖန်တီးပေးခဲ့တဲ့ ကျမဘလော့လေးထဲမှာ စာတပုဒ်မှ မတင်ရသေးပါဘူး၊ ကျမရဲ့ဘလော့လေးကိုကြည့်ပြီး စိတ်မကောင်းခြင်းများစွာနဲ့ ဘာမှဆက်မလုပ်နိုင်ခဲ့ပါဘူး။ ဘလော့လေး ဖွင့်လိုက်တိုင်း အကိုဘလော့ဂါကိုသာ သတိရလာတာမို့ ပြန်ပြန်ပိတ်ပစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ ကျမဘလော့လေးကို လုံးဝမကြည့်တော့ပဲ ပစ်ထားခဲ့တာ တနှစ်နီးပါးကြာပြီး ပျက်သွားခဲ့ပါတော့တယ်။ ကျမဘလော့လေးမှာ စာမရေးဖြစ်ပေမယ့် ဘလော့ဂါတွေရေးတဲ့ စာတွေကိုတော့ အမြဲဖတ်ဖြစ်နေခဲ့ပါတယ်။ တနှစ်အကြာ ၂၀၀၉ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့မှာ ကျမဘလော့လေးကို ကြိုးစားပြီး ပြန်လည် အကောင်အထည်ဖေါ်ခဲ့ပါတယ်။ (အကိုဘလော့ဂါတွေ့ရင် ဝမ်းသာနေမယ်လို့ ယုံကြည်ပါတယ်။) တတ်သလောက်သာ လုပ်ထားခဲ့တာမို့ ကျမကိုယ်တိုင် စိတ်တိုင်းကျမှုမရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း စာရေးချင်တဲ့ စိတ်ကသာ လွှမ်းမိုးနေလေတော့ ဆက်ပြီး ရေးနေခဲ့ပါတယ်။

စာလေးတပုဒ်ရေးပြီးတိုင်း အလေးထား လာဖတ်ကြပြီး ရင်တွင်းစကားလေးတွေ ပြောသွားတဲ့၊ ဘလော့ဂါမောင်နှမများအားလုံး၊ ဖတ်သော်လည်း မပြောဖြစ်ခဲ့တဲ့၊ ပြောလို့မရခဲ့တဲ့ စာဖတ်သူမိတ်ဆွေများ အားလုံးကလည်း ကျမရဲ့ နှလုံးသားထဲမှာ ထင်ကျန်ရစ်နေမယ့် မှတ်ကျောက်လေးတွေပါ။ ဘလော့မှာ စာရေးနေရင်း ညီအမသဖွယ်၊ မောင်နှမသဖွယ် ချစ်ခင်ရတဲ့ ဘလော့ဂါမောင်နှမတွေရဲ့ အားပေးစကား. ခင်မင်နှစ်လိုဖွယ် နွေးထွေးတဲ့ မေတ္တာတွေကြောင့် စိတ်ခွန်အားတွေ ပိုလို့ ရရှိလာခဲ့ပါတယ်။

ဘဝလေးတခုမှာ မှတ်မှတ်ရရအဖြစ်...
ကျမဘလော့လေး ၂၀၁၀ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့မှာ တနှစ်ပြည့်တဲ့အတွက် ခင်မင်လေးစားရတဲ့ ဘလော့ဂါမောင်နှမတွေကို အမှတ်တရရေးပေးဖို့ တောင်းခဲ့ပါတယ်။ ကျမဘလော့လေး မလှမပဖြစ်နေရှာလို့ ဘလော့တနှစ်ပြည့်လေးအမှီ လှပသွားအောင် ပြင်ဆင်ပေးခဲ့တဲ့အတွက် ကျမတယောက် အပျော်ကြီးပျော်ခဲ့တာကို ဘယ်တော့မှ မမေ့နိုင်ပါဘူး။ ကျမကြိုက်တဲ့ အရောင်၊ အပြင်အဆင်လေးတွေနဲ့ ကျမစိတ်ကြိုက် ပုံသွင်းပေးခဲ့ပါတယ်။ ကျမဘလော့ တနှစ်ပြည့်အတွက် စိတ်ခွန်အားဖြစ်စေမယ့် စာစုလေးတွေ၊ ကဗျာလေးတွေ၊ ရှေ့ခရီးဆက်ဖို့ အားပေးစကားလေးတွေ၊ တွေးခေါ်ထင်မြင်မှုလေးတွေ၊ သရုပ်ဖေါ်မှုလေးတွေ၊ ပုံဖေါ်ပေးမှုလေးတွေနဲ့ ဘလော့တနှစ်ပြည့်အမှတ်တရ အဖြစ် ရေးသားသီကုံးပေးခဲ့တဲ့ ချစ်ခင်ရတဲ့ ဘလော့ဂါ ညလင်းအိမ်မာန်လှိုင်းငယ်မကေအမချစ်ဏီလင်းညိုအဖြူရောင်နတ်သမီးကိုဇော် သော်ဇင် နေဝသန်မချော(အစိမ်းရောင်လွင်ပြင်)လင်းခေတ်ဒီနို(ဗညား) နှင်းနဲ့မာယာအင်ကြင်းသန့်မမမြသွေး မြစ်ကျိုးအင်းကိုရင်နော်ခင်လေးငယ်အမမေငြိမ်းအကိုအောင်သာငယ်၊ ကမာပုလဲ၊ နွေဆူးလကာင်္ တို့ရဲ့ အမှတ်တရစာစုလေးတွေ၊ အမှတ်တရကဗျာလေးတွေက စာမျက်နှာပေါ်တင်မက ကျမရဲ့ရင်ထဲအထိမှာပါ ထာဝစဉ်ကိန်းအောင်းနေမှာပါ။ အဲဒီအချိန်မှာ အကိုကြီးကိုကြီးကျောက်ကတော့ ဆေးတွေစားရင်း ရောဂါရဲ့ဒဏ်ကို အံတုနေရလို့ ကျမအတွက် ဘလော့အမှတ်တရလေး မရေးပေးနိုင်ခဲ့တာကို တောင်းပန်စကားပြောခဲ့ပါတယ်။

၂၀၁၁ ခုနှစ်အတွင်းမှာ နောက်ထပ် ဘလော့ဂါမောင်နှမအသစ်တွေနဲ့ ထပ်ပြီးခင်မင်ခွင့် ရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။

ဘလော့ဒေးအတွက် မိတ်ဆက်ပေးချင်တဲ့ ဘလော့တွေက...
အတွေးလေးတွေကို ငြိမ်းချမ်းစွာရေးတတ်၊ စစ်ကိုမကြိုက်တဲ့ ငြိမ်းချမ်းမှုတွေစိုးမိုးပြီး အနာဂတ်လူငယ်များကို ပညာနဲ့ဦးဆောင်စေချင်တဲ့ ပညာအလင်းရောင်ဆောင်ပေးသော ဆရာငြိမ်းစိုးဦးဘလော့လေးပါ။
http://nyeinsoeoo.multiply.com/

လူငယ်တယောက်ဖြစ်ပေမယ့် တရားဒေသနာ၊ ဆရာတော်တွေရဲ့ အဆုံးအမလေးတွေကို တန်ဖိုးရှိစွာ ဝေမျှပေးနေတဲ့ ဘလော့လေးပါ။
http://htikeoo.blogspot.com

တမူထူးခြားတဲ့ရေးဟန်လေးတွေနဲ့ ကဗျာ၊ ဝတ္ထုတိုလေးတွေကို သဘာဝကျကျ ရေးထားတဲ့ ဘလော့လေးပါ။
https://lunnsetnoemyat.wordpress.com/

ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါးလေးတွေအပြင် ကွန်ပျူတာဆိုင်ရာ နည်းပညာလေးတွေ အသုံးပြုပုံလေးတွေ ကိုပါ လမ်းညွှန်ပေးထားတဲ့ ဘလော့လေးပါ။
http://nyimoe.blogspot.com

ညက်ညက်ညောညော အတွေးကောင်းလေးတွေနဲ့ ပညာအသိလေးတွေ ပေးထားတဲ့ဘလော့လေးပါ။
http://www.uphonedhartu.com/


ဘလော့ဒေးအမှတ်တရနေ့လေးမှာ..
ဘလော့လောကလေးထဲမှာ ဘလော့ဂါတယောက်အဖြစ် ရဲရဲရင့်ရင့် တာဝန်ကျေစွာ ဖြတ်သန်းခဲ့တဲ့ ဘလော့ဂါနေဘုန်းလတ်ကို ဘလော့စာမျက်နှာလေးမှာ ဝါသနာပါရာ အနုပညာနဲ့လွတ်လပ်စွာ ရှင်သန်ခွင့်ရစေချင်ပါတယ်။
ဘလော့ဂါအားလုံး လွတ်လပ်ပျော်ရွှင်စွာနဲ့ သုတရသ စာပေတွေကို ဝေမျှပေးနိုင်ကြပါစေလို့ ဆန္ဒပြုဆုမွန်တောင်းပါတယ်။
သတိရစွာ ရေးပေးဖို့ပြောတဲ့ ကိုအောင်(ပျူနိုင်ငံ)၊ အဖြူရောင်နတ်သမီးတို့ကိုလည်း အမှတ်တရ ကျေးဇူးတင်ပါတယ်။

ဘလော့ဒေးအမှတ်တရလေးအတွက် ရေးပေးဖို့ သော်ဇင် ကိုတဂ်ပါတယ်။

(ခင်မင်ရတဲ့ မိတ်ဆွေဘလော့ဂါတွေ များနေတာကြောင့် တယောက်ချင်းစီရဲ့ နာမည်လေးတွေ မရေးပေးနိုင်ခဲ့တာကို ခွင့်လွှတ်နားလည်ပေးပါလို့ တောင်းပန်ပါရစေ။)

39 comments:

တောက်ပကြယ်စင် said...

သဒ္ဓါလှိုင်းရေ ဆ၀ါဒီခပ်နော်။ Happy Blog Day ပါ။ သဒ္ဓါ့ဘလော့ဂ်ကို ဖန်တီးပေးတဲ့ အစ်ကိုဘလောဂါတစ်ယောက် တိမ်းပါးသွားတာ ၀မ်းနည်းမိပါရဲ့။ ကျန်းမာပျော်ရွှင်ပါစေနော့...

ကိုအောင်(ပျူနိုင်ငံ) said...

အမှတ်တရ တက်ဂ်ပို့စ်ကို ရေးပေးတဲ့အတွက် ကျေးဇူးပါ ညီမရေ၊ ညွှန်းထားတဲ့ လင့်ခ်တွေကို မှတ်ထားလိုက်မယ် ...

ကိုဇော် said...

ဒီလိုတွေ ရေးဖြစ်တော့မှ ဘလော့ဂါတိုင်းရဲ့ နောက်ခံ ပုံရိပ်လေးတွေကို မြင်ယောင်မိစေတာပါပဲ။ ဘလော့လေးကို အစပြုလုပ်ပေးတဲ့ အစ်ကို မြင်ရင်လည်း အခုဆို ကျေနပ်ပြီး ပြုံးနေမှာ အမှန်ပါပဲဗျာ။

ပျော်ရွှင်စရာ နေ့ရက်တိုင်း ကြုံတွေ့ပါစေ။

ကိုကိုမောင်(ပန်းရနံ့) said...

တစ်ယောက်စီရဲ့ ခံယူချက်နဲ့ ဘလော့သမိုင်းလမ်းကြောင်းလေးတွေကို ထင်ဟပ်စေတဲ့ ဘလော့ဂါဒေးလေးပါဘဲ။ ဖတ်ရတာ မရိုးနိုင်ပါဘူး။ အမျိုးအမျိုးအဖုံဖုံ စိတ်ဝင်စားစရာတွေ ပြည့်နှက်နေလေရဲ့။

ခင်မင်လျှက်

Anonymous said...

မဒါ . . . မဒါရဲ့လမ်းက အစမှာတင် ၀မ်းနည်းစရာ
ဖြစ်ခဲ့တယ်း( . . .

အမှတ်တမဲ့မှ အမှတ်တရအဖြစ် သွားနေသောရထားတစ်စင်း နောက်ဆုံးပန်းတိုင်ဆီကို ရောက်နိုင်ပါစေ . . .

ခင်မင်စွာဖြင့်
ဗညား

sosegado said...

လာဖတ်သွားပါတယ်
လင့်တွေကို ပေးတဲ့အတွက် ကျေးဖူးတင်ပါသည်၊
ပျော်ရွှင်ချမ်းမြေ့ပါစေ။

မဒမ်ကိုး said...

မမသဒ္ဒါတစ်ယောက်
ပျော်ရွှင်ခြင်းတွေဖြင့်
နှစ်ပေါင်းများစွာ
ဘလော့ဂါ
နိုင်ပါစေကြောင်း
ဆုမွန်တောင်းလိုက်သည်။။

ညီမ
မဒိုးကန်

mstint said...

ဘလော့ဂ်ဒေးအမှတ်တရလေး ဖတ်သွားတယ် သဒ္ဓါရေ။ သဒ္ဓါရဲ့ ဘလော့ဂ်လေးက တန်ဘိုးရှိတဲ့ဘလော့ဂ်လေးအဖြစ် တည်မြဲပါစေကွယ်။
အတွေးအခေါ် ပုံစံလေးတစ်မျိုးနဲ့ ရေးသွားတာကောင်းတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Cameron said...

ဟက်ပီးဘလော့ဒေးပါညီမ....

မောင်ဘုန်း said...

happy blog day .... ပါ အစ်မ .. နောင်နှစ်ပေါင်းများစွာထိ စာတွေအများကြီးရေးနနိုင်ပါစေလို့  ...ဆုတောင်းခဲ့ပါတယ် ..

နေ၀သန် said...

မသဒ္ဓါရေ.. ပျော်ရွှင်စရာ ဘလော့ခ်ဒေးလေး ဖြစ်ပါစေနော်..း))


ခင်မင်လျက်
နေ၀သန်

စံပယ်ချို said...

Happy Blog Day ပါနော်
နောင်လဲ ဒီထက်မက စာတွေအများကြီးပျော်ရွှင်စွာနဲ့
ရေးနိုင်ပါစေလို့.....
ချစ်ခင်တဲ့ jasmine

Angelhlaing(May everybody be happy and healthy! said...

Happy blog day ပါမမရေ :)
နှစ်ပေါင်းများစွာ စာတွေအများကြီးရေးနိုင်ပါစေလို့
ဆန္ဒပြုရင်း ကောင်းသောနေ့လေး ဖြစ်ပါစေမမ။

သက်တန့်ချို said...

ဘလော့ဒေးအမှတ်တရ ပို့စ်လေးကို လာရောက်အားပေးသွားပါတယ် မမသဒ္ဓါလှိုင်းရေ မရောက်ဖူးတဲ့ ဘလော့တွေလည်းလိုက်လည်လိုက်ပါဦးမယ် ကွန်နက်ရှင်လေးကောင်းတုန်း ဟိဟိး)

ငွေလမင်း said...

အမရဲ့ ဘလော့ဂါ အဖြစ် ရပ်တည်ပုံလေး ဖတ်သွားပါတယ်

အင်ကြင်းသန့် said...

မသဒ္ဓါရဲ့ဘလော့ဖြစ်တည်လာပုံလေးကို ဖတ်ပြီး မသဒ္ဓါရဲ့ဘလော့ဂါအစ်ကို အတွက်စိတ်မကောင်းပါဘူး....

နှစ်ပေါင်းများစွာတိုင်အောင် အောင်မြင်စွာဆက်လက်ဘလော့ဂင်းနိုင်ပါစေ မသဒ္ဓါရေ....

ချစ်ခင်စွာနဲ့
ဂျင်း

မြသွေးနီ said...

ညီမသဒ္ဓါရေ...

Blog Dayအတွက် ရေးထားတာလေးတွေ ဖတ်ရတာ အရမ်းစိတ်ဝင်စားစရာ ကောင်းလှပါတယ်..။ ညီမလေးနဲ့ ခင်မင်ခွင့်ရခဲ့တာကိုလည်း ၀မ်းသာကျေနပ်မိပါတယ်။ ညီမလေးလဲ စာတွေ အရှိန်အဟုန်မပျက် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာ အများကြီး ရေးနိုင်ပါစေလို့ Blog Day မှာ ဆုမွန်ချွေခဲ့ပါတယ်နော်..။

ချော(အစိမ်းရောင်လွင်ပြင်) said...

သဒ္ဓါရေ
ဘလောဂ့်ဒေးမှ စလို့ နောင်ရက်ပေါင်းများစွာ ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းသာစွာနဲ့ စာတွေအများကြီး ဆက်ရေးနိုင်အောင် စိတ်ခွန်အား၊ ကိုယ်အင်အားနဲ့ ပြည့်စုံပါစေနော်။
အေးအေးချမ်းချမ်း ဒီဘလောဂ့်လေးကိုမြင်တိုင်း သဒ္ဓါရဲ့ ပုံရိပ်လေးကို မြင်နေရသလိုပါဘဲ။
Happy Blog Day ပါ သဒ္ဓါ။

နေရောင် said...

ကျနော် ရောက်ခဲ့ပါတယ် အမ
စာလည်း ဖတ်သွားပါတယ် ။
မကျွမ်းကျင်သေးတော့ လိုရာမရောက်သေးဘူး အမရယ် ။
ပျော်ရွှင်ပါစေ ။

ahphyulay said...

အင်း..
ဘလော့ လေးဖြစ်ပေါ်မွေးဖွားခဲ့ ရတဲ့ 
နောက်ကြောင်းလေးက ရင်နင့် စရာလေး
ပါပဲ..။ ဒီလိုအချေတည်ပြီး မွေးဖွားလာတဲ့ 
သည်ဘလော့ လေးကို ကြာရှည်လေးမြင့် 
အမြဲ ရပ်တည်နေစေချင်ပါတယ်။
ကျွန်တော် မသဒ္ဒါရဲ့  ရေးဟန်လေးတွေ
က ငြိမ် လို့  ကြိုက်ပါတယ်။

မြစ်ကျိုးအင်း said...

မသဒ္ဒါ ဘလော့ဂ်လေးကလည်း ရာဇဝင်နဲ့ကိုး။
ကိုယ်ဆိုရင်လည်း ဝမ်းနည်းမိခဲ့မှာပါပဲ။
ဒါပေမယ့် အဲဒီအကို တင်ပေးခဲ့တဲ့ ဘလော့ဂ်လမ်းကြောင်းပေါ်မှာ အခုလို စာတွေ ဆက်ရေးနေတာကိုက သူသိရင်လည်း ကျေနပ်ဝမ်းသာမှာပါပဲ။
မသဒ္ဒါရဲ့ကိုယ်ပိုင်ရေးဟန်လေးနဲ့ အေးချမ်းသိမ်မွေ့တဲ့ စာစုလေးများစွာ ဆက်လက်ရေးသားပါအုံး။

သဒ္ဓါလှိုင်း said...

ဘလော့ဒေးနေ့လေးမှာ ဘလော့မောင်နှမတွေဖြစ်တဲ့ ဘုန်းဘုန်း တောက်ပ၊ အကိုကိုအောင်၊ ကိုဇော်၊ ကိုကိုမောင်၊ ဗညား၊ ကိုဆိုဆီ၊ မဒမ်ကိုး၊ အဏ်တီတင့်၊ မမိုး၊ မောင်ဘုန်း၊ နေဝသန်၊ ညီမjas၊ ညီမအိန်ဂျယ်၊ သက်တန့်၊ မဒမ်ငွေ၊ ဂျင်းလေး၊ မမမြသွေး၊ မချော၊ နေရောင်၊ ကိုအဖြူလေး၊ ကိုမြစ် တို့ရဲ့ မေတ္တာစကားလေးတွေက သဒ္ဓါ့ရဲ့ ရင်ထဲမှာ မှတ်မှတ်ရရကို ဝမ်းသာကြည်နူးဖြစ်ရပါတယ်။ ဆုတောင်းပေးကြတဲ့အတိုင်းလည်း ပြည့်ဝအောင် ကြိုးစားပါ့မယ်။
ချစ်တဲ့
သဒ္ဓါ

ဟန်ကြည် said...

blog day post တွေကတော့ ဘယ်သူတွေဘယ်လိုပဲ ရေးရေး မရိုးနိုင်တဲ့ ပို့စ်တွေပါ...နောင်နှစ်မှာလည်း ဒီလိုအမှတ်တရ ပို့စ်လေးတွေ ဖတ်ရဖို့ ဆုတောင်းပေးလိုက်ပါတယ်...

မောင်(စွယ်စုံကျမ်း) said...

လာရောက်ဖတ်ရှုလေ့လာသွားပါတယ်မမသဒ္ဒါ
ခင်မင်လေးစားလျှက်....အမောင်

ပန်းချီ said...

အစ်မရေ..
ပျော်ရွှင်စရာကောင်းသော ဘလော့ဂ်နေ့ပါရှင်..။
စာတွေအများကြီး၊ အများကြီး ဆက်ရေးနိုင်ပါစေနော်..။

လေးစားခင်မင်စွာ...

ညီရဲ said...

ပျော်စရာ ဘလော့ဂ်ဒေးလေးပါ သူငယ်ချင်း...
ကိုယ်ပိုင် ဘလော့ဂ်လေးတစ်ခု လုပ်ဖြစ်လိုက်တယ် သူငယ်ချင်းရေ... လင့်လေး ယူသွားတယ်နော်။ ခုမှ လင့်တွေက လိုက်ယူနေရတုန်း။ ဒီကိုလဲ လာဖို့ နောက်ကျနေလို့ တောင်းပန်ပါတယ်။

မင်းဒင် said...

ရွှင်လန်းချမ်းမြေ့ပါစေ ။
အောင်မြင်သော ဘလော့ဂါတယောက်ဖြစ်လာစေဖို့ ဆန္ဒပြုလိုက် ပါတယ် ။အားပေးလျက်ပါ။

ခင်မင်လျက်

မင်းဒင်

SHWE ZIN U said...

ညီမ ရေ

ညီမ ရဲ့ ဘလော့ဒေး ပိုစ့် လေး လာဖတ်ရင်း တည်ဆောက်ပေးသူ ဆုံးသွားတယ် ဆိုလို့ ဝမ်းနဲမိတယ်

ဘလောဂ့် မောင်နှမ တွေ နဲ့ အတူ နှစ်ပေါင်း များစွာ စာတွေဆက်ရေးကြမယ်နော်

ချစ်ခင်လျှက်
အမရွှေစင်

မေသိမ့်သိမ့်ကျော် said...

အစ်မရေ လာလည်သွားတယ်။ ညက်ညက်ကလေးရေးထားတဲ့ ဘလော့ဒေးတဂ်ပို့စ်လေးကို ဖတ်သွားပါတယ်ရှင်။ ဒီလိုနေ့မှာ လူတိုင်းက ကိုယ့်ဘလော့စတင်ခဲ့တဲ့ နေ့ကို တစ်နည်းတစ်ဖုံတော့ သတိရနေကြတယ် ထင်ပါတယ်။

ခင်တဲ့

8Yar said...

အစ်မရေ Blog Day မှာရေးထားတဲ့ Blog သမိုင်းလေးကို ဖတ်သွားပါတယ်ခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေ။

သဒ္ဓါလှိုင်း said...

ဘလောဂ့်ဒေးနေ့လေးအမှတ်တရအဖြစ်-
ဦးဟန်၊ အမောင်၊ ပန်းချီ၊ ညီရဲ(blockcoffee)၊ ဦးမင်းဒင်၊ မမရွှေစင်၊ ညီမမေသိမ့်၊ 8Yar တို့ရဲ့ ရင်ထဲကမေတ္တာစကားလေးတွေအတိုင်း ပြည့်ဝရပါစေရှင်။ မှတ်မှတ်ရရစကားလေးတွေကို အမြဲသတိရနေမှာပါ။
ချစ်တဲ့
သဒ္ဓါ

ညိမ်းနိုင် said...

အစ်မသဒ္ဒါရေ....၃၁ရက်နေ့က ကျွန်တော့် ဘလော့ဆိုက်
ဘားမှာလင့်တွေအသစ်တက်မလာဘူးဗျာ...ဘာဖြစ်သွား
လည်းမသိပါဘူး...၊ခုမှ ၃၁ရက်နေ့က တင်တဲ့ဘလော့တွေ
ရဲ့ ပို့စ်တွေကို တွေ့လို့ အပြေးအလွားလိုက်ဖတ်နေရတယ်
ဗျိုး....:( အစ်မရဲ့ ကနဦးဘလော့လေးက ဝမ်းနည်းစရာ
လေးဗျနော်...၊ဘာပဲဖြစ်ဖြစ် စာတွေဆက်ရေးပါဦးဗျာ...။
နောက် လင့်လေးတွေ ပေးတဲ့အတွက်လည်း ကျေးဇူးတင်
ရပါတယ်ဗျိုး....။

kay said...

ညီမ ရေ…ခုမှ ပဲ သေချာ လာဖတ်..နှုတ်ဆက် ရတော့တယ်။
ပြောခဲ့သလို.. မီးအိမ် ကို မြင့်မြင့် ထွန်းလို့.. တောပန်း လိုလဲ..ရဲရဲ ပွင့် နိုင်ပါစေ ..

မယ့်ကိုး said...

မသဒ္ဓါရဲ့ blog စတည်ခဲ့စဉ်က နာကျင်ခဲ့ရပေမယ့် လှပသောစာများနဲ့ ပျံသန်းနိုင်မယ်လို့ ယုံကြည်ပါတယ် ...
ချစ်ခင်စွာဖြင့်
မယ်ကိုး

jr said...

မသဒ္ဓါရေ.. ဟက်ပီး ဘီလိတ်တဒ် ဘလော့ဒေးပါနော်။

ဦးနှောက်သွေးကြောပြတ်ပြီး ရုတ်တရက် ဆုံးပါးသွားခဲ့တဲ့ အကိုဘလော့ဂါအတွက်လည်း ထပ်တူထပ်မျှ ခံစားရပါတယ်။

စာတွေ အများကြီးပြီး ပျော်ရွှင်အေးချမ်းတဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။း)

ပေါ့ဆိမ့် said...

( ကျွန်တော် ဒီနှစ်ပိုင်း ဘလော့ပေါ် အရောက်အပေါက်နည်း ခဲ့ပါတယ်။ )
ဒီစာလေး ဖတ်ရတော့ အစ်ကိုဘလောဂါ အတွက် ရင်ထဲက စိတ်မကောင်းဖြစ်မိပါတယ်။
အောင်မြင်အောင် ကိုယ့်ဝါသနာအတိုင်း ရှေ့ဆက်လျှောက်ခဲ့တာ ကိုလည်း လေးစားဂုဏ်ယူမိပါတယ်...

သဒ္ဓါလှိုင်း said...

ဘလော့ဒေးအမှတ်တရအဖြစ်..
ညိမ်းနိုင်၊ မကေ၊ အမကိုး၊ မဂျူ၊ ပေါ့ဆိမ့်(ဆက်တဲကဖေး) တို့ရဲ့
ရင်ထဲက မေတ္တာစကားလေးတွေကို အမြဲအမှတ်ရနေမှာပါ။
အားလုံးစိတ်ချမ်းမြေ့ပျော်ရွှင်ကြပါစေလို့ ဆုမွန်တောင်းပါတယ်။
ချစ်တဲ့
သဒ္ဓါ

အဖြူရောင်နတ်သမီး said...

သူငယ်ချင်းရေ..
ခုမှပဲ ကြွေးလာဆပ်ဖြစ်တော့တယ်..စောဒီး...
အရမ်းကို အလုပ်များနေလို့ပါကွယ်..

Green said...

အမရေ ဖတ်သွားပါတယ်..ဘလော့လေးကို ပိုပြီးတော့ ခုံမင်မိပါသည်ဟု..။