Wednesday, April 6, 2011

ထွက်သွားခဲ့သော်ငြား…

မဖိတ်ခေါ်ပါပဲ ဘယ်နေရာကနေ ရောက်လာမှန်းမသိတဲ့ ကြောင်လေးတွေကို အသက်ဆက်ရှင်နိုင်ဖို့ အစာလေးကျွေးရင်း အမျိုးအမည်မသိတဲ့ ရင်းနှီးမှုတခုနဲ့ ရင်ဆိုင်ခဲ့ရတယ်။

ကျမရေးခဲ့ဖူးတဲ့… ကြောင်လေးတွေထဲက တကောင်ပြီးတကောင် သေသွားခဲ့ပေမယ့် နောက်ဆုံး ကံကောင်းလှစွာ မသေပဲ ကျန်ခဲ့တဲ့ ကြောင်လေးတကောင်ကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်ရင်း နေလာလိုက်တာ….. ။

ကျန်ခဲ့တဲ့ ကြောင်လေး ကိုလည်း ဘယ်အချိန်မှာ ဘာဖြစ်ပြီး သေအုံးမလဲဆိုပြီး စောင့်ကြည့် နေခဲ့ရတယ်.။ အဲဒီ ကြောင်လေးကလည်း ထမင်းစားချိန်ဆို ကျမကို တွေ့လိုက်တာနဲ့ ထမင်းတောင်းတတ်နေခဲ့ပြီ.... ကြောက်တဲ့ စိတ်လည်း သိပ်မရှိတော့ပဲ ယဉ်ပါးလာခဲ့ပြီ.. ကျမကလည်း အချိန်မှန် ထမင်းလေးကျွေးလို့ ကြောင်လေးကို တကြည့်ကြည့်နဲ့..... ထမင်းစားရဲ့လား......ပေါ့.။ ရင်းနှီးမှုတခု အတွက် တထပ်ရစ်ခဲ့ရတယ်..။ ကျမရဲ့ရုံးပိတ်ရက်မှာ ကြောင်လေးအတွက် စိတ်ပူပန်နေတတ်ခဲ့ပြီ..။ ရင်းနှီးမှုတခုအတွက် တထပ်တိုးခဲ့ ရပြန်ပြီပေါ့….။

ဟန်ဆောင်မှုမပါပဲ စစ်မှန်တဲ့ သဘောထားနဲ့ ထပ်ခါထပ်ခါ တိုးလာတဲ့ ရင်းနှီးမှု တခုကြောင့်…. ကြောင်လေး အတွက် ဘာကြောင့်များ စိတ်ပူနေရသလဲလို့လည်း တွေးတောနေမိသေး..။

တနေ့ပြီးတနေ့ တိုးလာတဲ့ ရင်းနှီးမှုအတွက် ပူပန်မှုဆိုတဲ့ အကျိုးဆက်တခုကလည်း ကိန်းအောင်းလာမိခဲ့ပေါ့..။

အချိန်ကြာလာတာနဲ့အမျှ တုံ့ပြန်ဖြစ်ခဲ့တဲ့ စိတ်လေးတခုကြောင့် တချိန်ချိန်မှာ ပြန်ပြီး ရစ်ပတ်ခံရမယ့် စိတ်တခုကို ခံစားခဲ့ရမယ်ဆိုတာ သိခဲ့ရင် ခုလောက်ရင်းနှီးမှုထားခဲ့မိပါ့မလား…။

တရက်မှာတော့ ထမင်းစားချိန်ထိ ကြောင်လေးကို မတွေ့ခဲ့ရဘူး.။ ဘယ်များသွားနေပါလိမ့်ဆိုပြီး ကျွေးနေကျ အတိုင်း ထမင်းကျွေးထား လိုက်တယ်။ နောက်နေ့မနက်ထိ ကြောင်လေး မရောက်လာခဲ့ဘူး.. ခန ဘယ်များ သွားနေပါလိမ့်ဆိုပြီး မျှော်နေမိတယ်.။ တရက်ပြီးတရက် တလပြီးတလ ကုန်ဆုံး သွားပေမယ့် ရောက်မလာတော့တဲ့ ကြောင်လေးတကောင်ကို စိတ်ပူပန်စွာ တွေးတောရင်း ကိုယ့်ကို ရစ်ပတ်ခဲ့တဲ့ စိတ်တခုကိုပဲ အသေအချာ ဆွဲထုတ်နေမိတယ်… ။

မဖိတ်ခေါ်ပဲ ရောက်လာခဲ့ပြီး နှင်မထုတ်ပဲ ပြန်ထွက်သွားခဲ့တဲ့ ကြောင်လေးကို တနေရာစာ ပေးထားခဲ့မိတဲ့ အတွက် ရလာခဲ့တဲ့ ပူပန်မှုတခုကိုပဲ ဖျောက်ပစ်လိုက်ရတော့မလား…။

ပူပန်မှုဆိုတဲ့စိတ်ကို စိတ်ထဲမှာမထားပဲ မောင်းထုတ်တတ်ခဲ့ပြီလား..ဆိုတာ မသေချာခဲ့ပါဘူး။

ပူပန်မှုဆိုတဲ့စိတ်က ထားချင်သလိုထား ထုတ်လိုက်ချင်သလို ထုတ်လိုက်လို့ရော ရပါရဲ့လား..။

“အဲလိုသာ စိတ်ထဲကနေ မောင်းထုတ်တတ်ခဲ့မယ်ဆိုရင်… အစထဲက ဖြစ်ပေါ်ခဲ့တဲ့ ရင်းနှီးမှုဆိုတဲ့စိတ်က တကယ် စစ်မှန်ခဲ့ပါရဲ့လား.. မောင်းထုတ်လို့ ရခဲ့မယ်ဆိုရင်လည်း… လုပ်ယူထားခဲ့တဲ့ ဟန်ဆောင်ရင်းနှီးမှုတခုနဲ့ အစပြုခဲ့မိလို့သာပေါ့.။ ”...

ခင်မင်ရင်းနှီးမှုတခုဆိုတာ အလိုအလျောက်ဖြစ်ပေါ်လာတတ်သလား.. ဒါမှမဟုတ် ကိုယ့်ကိုတခုခုပေးခဲ့လို့ ရင်းနှီးမှုဆိုတာ ဖြစ်ပေါ်လာခဲ့တာလား…. တဘက်သားမှာ ရှိနေခဲ့တဲ့ အမူအကျင့်ကိုကြည့်ပြီး ရင်းနှီးမှုဆိုတာ ဖြစ်ပေါ်လာခဲ့တာလား…… ဒါမှမဟုတ် မိမိအတွက် အကျိုးရှိစေမယ့် တဘက်သားမှာ ရှိနေတဲ့ တစုံတရာအတွက်ကြောင့် ရင်းနှီးမှုဆိုတာကို လုပ်ယူခဲ့ခြင်းလား…….

“မိမိအတွက် အကျိုးတစုံတရာမှ မရှိပေမယ့်လည်း စစ်မှန်တဲ့ ရင်းနှီးမှုဆိုတာ မဖြစ်ပေါ်နိုင်ဘူးလား…...”


ကျမအတွက်တော့ ရင်းနှီးမှုဆိုတာ ဟန်ဆောင်မှုမပါ အရောင်ဆိုးမထားတဲ့ ဘာမျှော်လင့်ချက်မှမရှိပဲ ငြိမ်းချမ်းခြင်းနဲ့ အေးမြခြင်းတွေကို ဖေါ်ဆောင်ပေးတဲ့ သန့်စင်ကျစ်လစ်တဲ့ အမြုတေလေး တခုပါ..။ အဲဒီ အမြုတေလေးတခုက တထပ်ပြီးတထပ် ရစ်ပတ်လာတဲ့ ရင်းနှီးမှု ထုထည်ကြီးကနေ မေတ္တာကို အရင်းခံပြီး ဆင်းသက်လာခဲ့တဲ့ ဖြူစင်တဲ့ စိတ်ထားတခုနဲ့ ဖြစ်ပေါ်ခဲ့ရတာပါ.။

အလွယ်တကူနဲ့ ဖြစ်ပေါ်လာခဲ့တာတော့ မဟုတ်ပါဘူး.။ တထပ်ပြီးတထပ်ရစ်ပတ် နှောင်တွယ်မိပြီးမှ ရင်းနှီးမှုအမြုတေလေးတခု ခက်ခက်ခဲခဲ ဖြစ်လာခဲ့ရတယ်.။ ခက်ခက်ခဲခဲ ဖြစ်ပေါ်ခဲ့တဲ့ မေတ္တာတွေနဲ့ ပျိုးထောင်ပြီး ရလာခဲ့တဲ့ အမြုတေလေးတခုက အလွယ်တကူ ပျက်စီးယိုယွင်းမသွားနိုင်ပါဘူး. ဆက်လက်ခိုင်မြဲပြီး ကြာရှည်သိမ်းထားနိုင်မှာပါ.။

ဒါကြောင့် ခက်ခက်ခဲခဲနဲ့ ယုံကြည်စွာ ပျိုးထောင် တည်ဆောင်ခွင့်ရခဲ့တဲ့ စစ်မှန်တဲ့ ခင်မင် ရင်းနှီးမှုကနေ ပေါက်ဖွားခဲ့တဲ့ မေတ္တာတရားကို တားဆီးမောင်းထုတ်လိုက်ဖို့ ဘယ်လိုအချိန်အခါ… အခြေအနေမျိုးမှာမှ ဖြစ်လာနိုင်မှာ မဟုတ်တော့ပါဘူး.။

“ကျမရဲ့ တစုံတခုအပေါ် ရင်းနှီးမှု အားနည်းလွန်းတဲ့ အတွက် ခက်ခက်ခဲခဲနဲ့ ရင်းနှီးမှုအဖြစ် ဖြစ်ပေါ်ခဲ့တဲ့ အမြုတေလေး ကလည်း ကျမနှလုံးသွေးတွေ စီးမျောနေသရွေ့ ပြင်ပအန္တရာယ် ဘယ်လောက်ပဲ ဝင်လာပါစေ… မေတ္တာတွေနဲ့ လွှမ်းခြုံထားတဲ့ လတ်ဆတ်တဲ့ အမြုတေလေး အဖြစ် ဆက်လက် ရှင်သန်မြဲ ရှင်သန်နေမှာပါ......!!! ”

13 comments:

kiki said...

ဒီလိုပဲ မမြင်ရတဲ့ သံယောဇဉ်တချို့ ဟာ မသိမသာ တွယ်လာရင်းနဲ့ပဲ ရင်ထဲအတော်နက်နက်တနေရာမှာ ရှင်သန်လာတတ်ပါတယ် ....
ဖြစ်ချိန်တန်ဖြစ်သလို ပျက်ချိန်တန်လို့ ပျက်ရတာ လို့ ပဲ နှလုံးသွင်းလိုက်မှ ရင်မှာငြိခဲ့တဲ့သံယောဇဉ်ကြောင့် နာကျင်မှုတွေ လျော့ပါးလာမယ် လို့ ထင်ပါတယ်..

ငြိမ်းအေးပါစေ..
ခင်မင်စွာဖြင့်

crystal said...

ဒါကြောင့် အတွယ်အတာလေးတွေကို တတ်နိုင်သမျှနဲအောင် လုပ်နေရတယ်ပေါ့လို့၊
ကိုယ်က တွယ်တတ်တော့ ခွဲခွာမှုတွေကို မခံစားနိုင်တော့ဘူး၊
ဒါကြောင့် ဒါကြောင့် တွယ်တာမှုတွေကို ခပ်စိမ်းစိမ်းပဲနေတော့မယ် အဟိ :)

ကိုဇော် said...

အခင်အမင်နည်းတဲ့ လူတွေ မပြောနဲ့ ၊ ခင်မင်သူ သူငယ်ချင်း များတဲ့ လူတွေတောင်မှ သံယောဇဉ်ရဲ့ ရိုက်ခတ်မှုကို ခံစားရသေးတာပဲလေ။ တရား သဘော ဆိုတာကတော့ အကောင်းဆုံးပါပဲ။

ပျော်ရွှင်ပါစေ။
ကိုဇော်

Angelhlaing(May everybody be happy and healthy! said...

သံယောဇဉ်ဆိုတာ ပြောဆိုဆုံးမလို့ နားမလည်တဲ့ ကလေးဆိုးလေး လိုပဲနော်မမ...
ကောင်းသောနေ့လေးဖြစ်ပါစေမမ။

အဖြူရောင်နတ်သမီး said...

သံယောဇဉ်ဆိုတာ တွယ်မရင် ဖြတ်ဖို့သိပ်ခက်တယ်..။
အရင်က နတ်သမီးလည်း ရွှေငါးလေးတွေမွေးဖူးတယ်...။
၁နှစ်လောက်နေတော့ တကောင်ပြီးတကောင် ရှေ့ဆင့်နောက်ဆင့် သေကုန်ကြတာ စိတ်ထဲတော်တော်မကောင်းဘူး..။

sosegado said...

ဘဝ ဘဝ တွေကပတ်သက် ဆက်စပ်မှုကလည်း အဲဒီလောက်ပဲ နေမှာပါ။
ဖြေသာလိုက်ပါ။

စော(အဝါရောင်မြေ) said...

ငယ်ငယ်က ကြောင်လေးတွေသေရင် ငိုရတယ်။
ဲပြီးမြေမြုပ်ပေးရတယ်။
အချစ်ဆုံး ခွေးကြီးသေတော့လည်း တော်တော်နှင့် မေ့မရဘူး။
တစ်ကြိုးရှိရင် တစ်မျှင်တန်းတာပါပဲ။

ကိုအောင်(ပျူနိုင်ငံ) said...

အဲဒါမှ ဒုက္ခပဲ ကျနော် လက်ရှိ ရေးလက်စ သရဲ
ဇာတ်လမ်းပြီးရင် နောက်ရေးမယ့် ဇာတ်က
ကြောင်ဇာတ်ဗျ ... ဟီး ... :P

flowerpoem said...

သံယောဇဉ်. . . (လေးဖြူသီချင်း)လိုပဲနော်..

ချော(အစိမ်းရောင်လွင်ပြင်) said...

သံယောဇဉ်ကြိုး မရှုပ်ချင်တာနဲ့ဘဲ ဘာကောင်မှမမွေးဖြစ်ဘူး
ဒါတောင် အပင်လေးတွေ စိုက်ထားမိတော့ ခရီးသွားမယ်ဆို နောက်ဆံတင်းနေပြီ။
ဘေးအိမ်တွေကို ရေလောင်းပေးဖို့မှာရ ပြုရနဲ့..
သံယောဇဉ်များ မကောင်းပါဘူးနော်..
စိတ်ပူရတယ်

ကိုကိုမောင်(ပန်းရနံ့) said...

အဲဒီ သံယောဇဉ်ဆိုတာကြီးကို အကြောက်ဆုံးဘဲ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Traveller said...

မေတ္တာတရားကို ဖွဲ့ဆို ပုံဖော်ထားတာ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်

မြတ်မွန် said...

တိတ်တိတ်လေးဝင်လာပြီး တိတ်တိတ်လေး ပြန်ထွက်သွားတာ..ကျန်ရစ်သူကတော့ ရင်ခွင်ဗလာကြီးနဲ့ ဝေဒနာတွေပဲပေါ့ မမသဒ္ဓါ..