Tuesday, January 11, 2011

သွားပေအုံးတော့ဒီဇင်ဘာရေ…

ဒီဇင်ဘာရဲ့ ဆောင်းညတွေမှာ အေးအေးချမ်းချမ်း နားခိုချင်ပေမယ့် ရိုက်ခတ်နေတဲ့ လေဆန်ခရီးရဲ့ မမျှတနိုင်တဲ့ ရုန်းကန်မှုတွေကြားမှာ ကျမမေ့ပျောက်ခဲ့ရတယ်.။

ဒီလိုပါပဲ စက္ကန့်ကိုမိနစ်စား မိနစ်ကိုနာရီစား နာရီကိုရက်စား ရက်ကိုလစား လကိုနှစ်စားလို့ ပြက္ခဒိန်စာရွက်ရဲ့ နောက်ဆုံးကို ကျမ ငေးမောလွမ်းဆွတ်စွာနဲ့ကြည့်ပြီး နှစ်သစ်ပြက္ခဒိန်ကို ချိတ်မိလိုက်တဲ့အချိန်မှာ အမျိုးအမည် မသိတဲ့ ဝေဒနာလေးတခုက ရင်ထဲကို စူးစူးနစ်နစ် စိုက်ဝင်သွားတော့တယ်.။

ကျမရင်ကို လက်နဲ့ဖိပြီး ခနတာ နားလိုက်တဲ့အချိန်မှာတော့ ပြေးလွှားနေကြတဲ့သူတွေ..၊ အလုပ်လုပ်ရင်း မောနေကြတဲ့သူတွေ၊ လုပ်အားတန်ဖိုးနဲ့မမျှတဲ့ ခွန်အားတွေကို ပေးဆပ်နေရသူတွေ၊ မျှော်လင့်ချက်ကို ရင်မှာပိုက်ပြီး ကြိုးစားနေကြတဲ့သူတွေ၊ မိဘနဲ့ သားသမီးများ ဝေးကွာနေကြသူတွေ၊ လွမ်းမောနေရတဲ့သူတွေ၊ ယုံကြည်ချက်ကို မစွန့်လွှတ်ပဲ အသက်ဆက်နေသူတွေ၊ သစ္စာတရားကို အခြေခံပြီး ခရီးဆက်နေသူတွေ၊ မိမိရဲ့ မမျှတနိုင်တဲ့ အတ္တမာန်တခုတည်းအတွက်ကြောင့် မိမိမဟုတ်တဲ့ သူတပါးတွေအတွက် ကိုယ်စိတ် နှလုံးဆင်းရဲနေရသူတွေ..၊ ………….တွေ အမျိုးမျိုးသော ပုံရိပ်တွေက ရိပ်ကနဲ ရိပ်ကနဲ ပါလားးးးးးးး

မြူတွေဆိုင်းနေပြီး နှင်းဖွဲဖွဲလေးကျနေတဲ့ နေရာလေးတခုမှာတော့ အအေးဒဏ်ကို ခါးသက်ရှတစွာ ခံစားရင်း ပေါ်လာတဲ့ ပုံရိပ်လေးတွေကို နှမြောတသ နာကျင်စွာနဲ့ပဲ ခနတာ ဘေးဖယ်ထားကြည့်လိုက်မိတယ်…။ 

နှင်းဖွဲဖွဲလေးအောက်မှာ ကိုယ်ပေါ်ကိုကပ်ငြိလာတဲ့ နှင်းစက်လေးတွေကို လက်နဲ့တို့ထိ ဖယ်ရှားလိုက်တိုင်း ဘာလို့များ မျက်ရည်စတို့ စွတ်စိုလာမိပါလိမ့်..။ ပျောက်ရှခဲ့ဖူးတဲ့ ရနံ့လေးကြောင့်လား…. ရှုံးနိမ့်ခဲ့ဖူးတဲ့ စစ်ပွဲမှာ ခါးသီးတဲ့ဘ၀ကို မျိုချပစ်ခဲ့ရလို့လား…… သေချာသိနိုင်မယ့် အဖြေတခုက နှင်းတွေထဲမှာပဲ အရည်ပျော်သွားခဲ့ပြီပဲ…။

နှင်းလေးတွေကို ထိတွေ့ခွင့်ရနိုင်သေးသရွေ့ တွေ့ထိချင်တဲ့ ကျမ… ဆောင်းရဲ့ အေးစိမ့်မှုနဲ့အတူ ခိုဝင်နားချင်တဲ့ ကျမ… ရင်ဆိုင်ရတဲ့ ခရီးက ချမ်းအေးပေမယ့် ဒီဇင်ဘာဆောင်းရဲ့ အေးချမ်းလှပတဲ့ အခြားဘက်မှာပေါ့.။

အလေးထားတန်ဖိုးထားခဲ့ရပြီး ၀မ်းသာပီတိနဲ့ ကုန်လွန်ခဲ့ဖူးတဲ့ အချိန်လေးတွေကို နှမြောတသစွာနဲ့ တမ်းတကြေကွဲနေရုံ… အဖြူရောင်အိပ်မက်လေးကို ပြန်လည်တမ်းတရုံ…. နဲ့ မလိုချင်တော့တဲ့ ဒဏ်ရာအပိုင်းအစလေးတွေ… ကို မြူနှင်းတွေကြားမှာ ခြေရာဖျောက်လိုက်ရတော့မယ်..။

သဘာဝတရားကြီးကို လွန်ဆန်ချင်တဲ့ စိတ်တွေနဲ့ မလိုချင်တော့တဲ့ နာရီတွေကိုတော့ ဘာနဲ့လျော်ကြေး သတ်မှတ်ရမှာပါလိမ့်…။

 မြူမှုန်လေးတွေရဲ့ ခြေသံကို ကြားနေရရုံ….နဲ့ အလွမ်းတွေ ရစ်ပတ်နှောင်တွယ်မိတတ်တဲ့ စိတ်လေးတခုကတော့ ခိုနားတွယ်ရစ်နေဖြစ်အုံးမယ် ထင်ပါရဲ့..။ ခိုနားတွယ်ရစ်နေမယ့် စိတ်လေးတခုကို လွတ်လပ်စွာ ပျံသန်းခွင့်ပြုရင်း မြူတွေဆိုင်းနေတဲ့ နှင်းမှုန်မှုန်လေးကြားထဲ ကျမတယောက် လမ်းဆက်လျှောက်နေမိခဲ့တယ်.။

10 comments:

Anonymous said...

နှစ်သစ်မှာ မင်္ဂလာရှိသော သတင်းတွေ မင်္ဂလာရှိသော အသံများ ကြားရပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် မဒါ . . .


ဆက်လျှောက်ရမှာပေါ့ . . . ကျွန်တော်တို့ လမ်းခရီးတွေ ဘ၀ အနာဂတ်တွေ ဆုံးမှ မဆုံးသေးပဲလေ

ခင်မင်တဲ့
ဗညား

flowerpoem said...

မင်္ဂလာပါ မသဒ္ဓါ ရေ. . .နှစ်သစ်မှာ အားလုံးပျော်ရွှင်သော သတင်းကောင်းများ ရပါစေ . .

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ မသဒ္ဓါ ရေ....

နှစ်သစ်နှင့် အတူ အစဉ်ထာဝရ ရွှင်လန်းချမ်းမြေ့ပါစေလို့ ဆုမွန်ချွေလိုက်ပါတယ် ကွယ်...

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

ညိမ်းနိုင် said...

လျှောက်ရဦးမှာပေါ့ မသဒ္ဓါ ရာ...။ဒီလိုပါပဲ..။လျှောက်မှ
ရောက်မှာဆိုတော့လည်း.....။

ကိုဇော် said...

အတော်တောင်မှ လှမ်းသွားခဲ့ပြီပဲ။
လမ်းကတော့ လျှောက်နိုင်နေသ၍ လျှောက်နေရဦးမှာပဲ။

သူကြီးမင်း (တုံးဖလား) said...

ဒီဇင်ဘာကို ထားရစ်ခဲ့ပေမဲ့ ဘ၀ရထားကြီးကတော့ ဆက်လက်ခုတ်မောင်းနေရဦးမှာပါဘဲ။ ဒီဇင်ဘာတွေများစွာကိုလဲ ထားခဲ့ပြီးပြီ။ ဒီဇင်ဘာများစွာကိုလဲ ထပ်ထားခဲ့ပြန်ရဦးမယ်။ အဲဒီအတော်အတွင်းမှာ ကြည်နူး ကြေကွဲ ကျေနပ် စရာတွေ ပြည့်နှက်နေခဲ့ကောင်းနေခဲ့ကြပါလိမ့်မယ်။ အဲဒါ ဘ၀ပေဘဲပေါ့။

ပျော်ရွှင်နိုင်ပါစေ။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ကိုခိုင် said...

တည့်တည့်ကိုသာဆက်လျှောက်ပါ။
အစစအရာရာအဆင်ပြေချောမွေ့သောနှစ်ဖြစ်ပါစေ။

ကိုခိုင်

blackcoffee said...

ဒီဇင်ဘာလလေးတွေကတော့ ဒီလိုဘဲ နှင်းတွေ ဝေရင်း ကျန်နေခဲ့ ရတာဘဲလေ။

Yan said...

တကယ်တော့ ဒီဇင်ဘာက သိပ်ကို လွမ်းမောဖွယ်ကောင်းတယ်ဗျ. နှစ်တစ်နှစ်ကို အဆုံးသတ်ပေးတဲ့ လဖြစ်သလို နယူးရီးယားညပေါင်းများစွာကိုလည်း ထမ်းပိုးထားခဲ့တာ ကြာပြီ.

ဟိုတစ်နေ့ကပဲ Taylor Swift ရဲ့ Back to December သီချင်းလေးကို နားထောင်ဖြစ်ပြီး ဒီဇင်ဘာအကြောင်း စဉ်းစားနေမိတာ အခု မသဒ္ဓါလှိုင်းရဲ့ ပို့စ်လေးဖတ်ပြီး ပိုလွမ်းသွားတယ်.း)

ကျွန်တော်လည်း ဒီဇင်ဘာအကြောင်း ရေးဦးမယ်ဗျာ.

Y.

မင်းဒင် said...

နှစ်သစ်ပြက္ခဒိန်ကို ချိတ်မိလိုက်တဲ့အချိန်မှာ အမျိုးအမည် မသိတဲ့ ဝေဒနာလေးတခုက ရင်ထဲကို စူးစူးနစ်နစ် စိုက်ဝင်သွားတော့တယ်.။

အင်း ၊ စာရေးကောင်းပဲ ၊ရောက်လာတယ်၊ဖတ် သွားပါတယ်ခင်ဗျာ။

ခင်မင်လျက်

မင်းဒင်