Monday, December 6, 2010

ဆန္ဒရောင်စုံ

မပီဝိုးတ၀ါး ဆန္ဒတွေနဲ့ ထင်ရှားပြတ်သားလှတဲ့ ဆန္ဒ တွေကြား လွန်ဆွဲပွဲတခုမှာ ဘာကိုများ ကြားခံတခု ထားနေမိပါလိမ့်။

မတူညီစွာ ကွဲလွဲခွင့်ရှိနိုင်တဲ့ ဆန္ဒတွေကို အချိန်တခုမှာ အံထုတ်ဖို့ အခွင့်ရှိခဲ့မယ်ဆိုရင်ပေါ့…။

အရောင်အသွေး စုံလင်တဲ့ ဆန္ဒရောင်စုံ ပန်းချီကားချပ်ကြီး တချပ်ရဲ့အလယ်ဗဟိုမှာ ဥဒဟို သွားလာ လှုပ်ရှားနေသူတွေ…. ဖြည်းဖြည်း အေးဆေးစွာ သွားလာနေသူတွေ…. လောဘတကြီး မောဟိုက် သွားလာနေသူတွေ….. ပင်ပန်းတကြီး သွားလာနေသူတွေ….. အတ္တတခုတည်း အတွက် သွားလာနေသူတွေ….. အတ္တပရ မျှတစွာ သွားလာနေသူတွေ…..  ယုံကြည်ဆန္ဒရှိရာကို သွားလာနေသူတွေ….. နဲ့ ပျားပန်းခတ်မျှ..!!!

တယောက်နဲ့ တယောက်ရဲ့ ဆန္ဒရောင်စုံ ကားချပ်လေးတွေကို ငေးကြည့်နေရင်းးးးးးး တချို့တချို့ရဲ့ ရင်ထဲကနေ ပေါက်ဖွားလာတဲ့ ဆန္ဒတွေက အရောင်စုံလှပါလား.. တကယ့်ကို ငွါးငွါးစွင့်စွင့်နဲ့ အသွေးစုံလင်လှတဲ့ ပန်းချီကား တချပ်ကို ငေးမောနေရသလိုပါပဲ.. ငေးကြည့်နေရင်း တချို့ဆန္ဒလေးတွေက ဖြူဖြူစင်စင်နဲ့ ဖြစ်လာသမျှ အရာအားလုံးကို ဆန္ဒလေးအတိုင်း အကောင်အထည်ဖေါ်ဖို့ တာဆူနေကြလေရဲ့..။ ဒီထဲမှာတော့ ဟောင်းနွမ်းသွားပြီဖြစ်တဲ့ အရောင်မှိန်ဖျော့ဖျော့ လေးတွေကလည်း ဟိုတကွက် ဒီတကွက် ပြန့်ကျဲလို့..။ အရောင်မှိန်သွားပေမယ့် အရာလေးတော့ ရှိနေဆဲပဲမဟုတ်လား.. ရှိနေဆဲ အရာလေးပေါ်ကို အရောင်တခု ထပ်ထည့်ဖြစ်ခဲ့ရင်… ပိုလို့ထင်ရှား ပေါ်လွင်နိုင်မှာပေါ့.။

တခါတရံမှာတော့ ကျင်လည် သွားလာနေကြရတဲ့ ပတ်ဝန်းကျင် အ၀န်းအ၀ိုင်းထဲမှာ တချိန်တည်းမှာဖြစ်ဖြစ် တနေရာတည်းမှာဖြစ်ဖြစ် လူများစွာရဲ့ ဆန္ဒရောင်စုံတွေကို ဖွင့်လှစ်ဟတဲ့အခါ တပါးသူအတွက် ၀န်ထုပ်ဝန်ပိုးများ ဖြစ်သွားခဲ့လေမလား တွေးတောကြည့်ရင်း မိမိရဲ့ဆန္ဒကိုတော့ မျိုသိပ် နောက်ဆုတ်လိုက်တဲ့ အခါ တပါးသူရဲ့ လုပ်အားခွန်အားနဲ့ စိတ်ခွန်အားလေးတွေ ပေါ့ပါးကြည်လင် သွားစေရဲ့။

များပြားလှတဲ့ ဆန္ဒရောင်စုံတွေ ကျပ်ညပ် ပိတ်လှောင် နေတဲ့ထဲမှာ တန်ပြန် တုံ့ပြန်ခွင့် ပြုဖို့.... ခက်ခဲနေသူ တယောက်အတွက် မိမိရဲ့ဆန္ဒကိုပါ ထပ်လောင်း ဖြည့်ရင်းနဲ့တော့ တပါးသူရဲ့ သက်ပြင်းချလိုက်တဲ့ ရင်မောသံကို မပြုလုပ်မိဖို့ အသိအားလေး လင်းလက်ခွင့်ပြုပါ..။

သဘာဝတရားအရ လူသားတိုင်း လူသားတိုင်းရဲ့ ကိုယ်စီစိတ်ထဲမှာတော့ ဆန္ဒရောင်စုံ ရှိကြမှာ ဧကန်ဖြစ်ပေမယ့် မိမိရဲ့ ဆန္ဒရောင်စုံတွေကို အချိန်နေရာ ဒေသနဲ့ အခြေအနေကို လိုက်ပြီးသာ ဖွင့်ထုတ် တတ်ခဲ့မယ်ဆိုရင် လှပတဲ့ ရောင်စုံ ပန်းချီကားတချပ် အဖြစ် သက်ဝင်လှုပ်ရှားပြီး အနာအဆာကင်းမယ့် စိတ်တစုံကို ဖန်တီး တည်ဆောက်နိုင်မှာ..။

ဆန္ဒတစုံရဲ့ ဖြစ်တည်မှုတိုင်းကို နှိုင်းနှိုင်းဆဆနဲ့ ချွေချဖြစ်တဲ့ အခါတိုင်း တပါးသောသူရဲ့ ဆန္ဒတွေကိုလည်း လေးစား အသိမှတ်ပြု ချွေချခွင့်ပြုရင်း…

နှလုံးသားထဲကို ၀င်ရောက်နေတဲ့ တစုံတရာ ဆန္ဒအစစ်အမှန်အတွက် ရင်ဘတ်ထဲကနေ ထွက်ကျလာမယ့် လေးနက်မှု ရှိတဲ့ ဆန္ဒရောင်စုံလေးတွေကို စုပ်ချက် ကောင်းကောင်းနဲ့ ရေးဆွဲဖို့ ယုံကြည်နားလည်မှုတွေနဲ့ ရင်းထားရတဲ့ အရာတွေကလည်း အများသားပါကလား….!

ပန်းချီကားချပ်လေး တခုကို အရောင်အသွေး စုံစုံလင်လင်နဲ့ ဆေးသားလှပအောင်….. ဆွဲနေဆဲ သူတယောက်ကတော့ဖြင့်....!!!!!

5 comments:

သော်ဇင်စိုး said...

အားလုံးဆန္ဒရဲ့ မတူမှုမတူညီမှုတွေဟာ တူတဲ့နေရာမှာတူပြီး.. မတူတဲ့နေရာမှာ မတူကြပါဘူး..
မတူတော့ တစ်ယောက်နဲ့ တစ်ယောက် လှောင်စရာ.. ရယ်မောစရာ.. တိုက်ခိုက်စရာ.. ပူပေါင်းစရာတွေဖြစ်လာတယ်ထင်လို့ပါတယ်..
ဘယ်သူနဲ့ မတူတော့ဘူးလို့ ထင်ပြီး တစ်ယောက်တည်း ချွန်ထွက်သွားတဲ့ အချိန်တွေလည်းရှိပါတယ်.. ကိုယ်လုပ်နေတာကိုက မှန်မမှန် ဝေခွဲလို့မရတော့တဲ့အချိန်တွေပေါ့.. အရမ်းအားငယ်လာတတ်တယ်.. အဲဒီနေရာမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုသာရှိရင် အားလုံးကို ကျော်ဖြတ်နိုင်နိုင်မယ်လို့ ယူဆရပါတယ်..
ဘယ်လိုပဲဖြစ်နေပါစေ.. နားလည်မှုရှိရှိနဲ့ ကိုယ့်လမ်းကိုလျှောက်ကြရင်တော့ အကောင်းဆုံးပဲ..

ချော(အစိမ်းရောင်လွင်ပြင်) said...

ှဆွဲနေတဲ့ပန်းချီးလေး ပြီးပြီလား
ဆွဲနေတုန်းလား
လှပရောင်းစုံတဲ့စုတ်ချက်တွေနဲ့အတူ ရသမြောက်တဲ့ ပန်းချီကားလေး ထွက်လာနိုင်ပါစေလို့

ခင်တဲ့
မချော

မြတ်မွန် said...

ဖြစ်ချင်တာတွေ များနေသမျှ
ဆန္ဒတွေ အရောင်စုံနေအုံးမှာပါပဲ မသဒ္ဓါရေ..။

မြစ်ကျိုးအင်း said...

ကိုယ်တိုင်လည်း လိုချင်ဆန္ဒရောင်စုံတွေ နောက်ကို လိုက်ရင်း လိပ်ပြာတွေလည်း မောပန်းနေပြီ။
ဒါပေမယ့်.. လိုက်ကောင်းတုန်းပါပဲ...။

Anonymous said...

ဆန္ဒရောင်စုံတဲ့နော် ...
တကယ်လမ်းမှန်တဲ့စကားပါပဲဗျာ
ကိုယ့်ပတ်ဝန်းကျင် ၊ကိုယ့်အတွေး
ကိုယ့်ရဲ့ ဆန္ဒ ..တစ်ခြားသူတွေနဲ့ တူချင်မှတူမယ်နော် ...
သူများဆန္ဒ နဲ့ ကိုယ့်ဆန္ဒတူချင်တဲ့ဆန္ဒမျိုးကတော့ ပိုရှားမယ်ထင်တယ်ဗျာ ...

ခင်မင်လေးစားလျှက်
အုပ်ကြီး