Saturday, October 9, 2010

ရုပ်ကြွင်းလေးတခု

ရင်ထဲတနေရာက မျှော်လင့်ခြင်း အိပ်မက်တွေဖြစ်တဲ့ အိပ်မက်တွေသာ မက်ခွင့် ရမယ်ဆိုရင်….. ညတိုင်း မက်လိုက်ချင်ပါရဲ့…
ရာသီတွေ..........
နှစ်တွေ..............
လတွေ...............
ရက်တွေ.............သာ ကူးပြောင်းခဲ့ပေမဲ့ ရစ်မူးနေတဲ့ ပုံရိပ်တွေနဲ့ အေးစက်စက် နှလုံးသားကို ပြန်လို့ တူးဖေါ်လိုက်တဲ့ အခါမှာတော့….

လွမ်းစရာအိပ်မက်တွေ တနင့်တပိုး လွယ်ထားရတဲ့ သက်ရှိ တယောက်ရဲ့ ခါးသီးစရာ ရုပ်ကြွင်းတွေက လှောင်ပြောင်နေ သယောင်ယောင်….

ရုပ်ကြွင်းတွေကို ပြန်လို့ တူးဖေါ် ကြည့်လိုက်တဲ့ အခါမှာတော့ လတ်ဆတ်နေဆဲလား… ပုပ်သိုးနေတဲ့ ရုပ်ကြွင်းလား… နာကျင်မှုတွေနဲ့ အေးခဲ မာကျောသွားပြီဖြစ်တဲ့ အရာလေး တခုမျှပဲလား… ဒါမှမဟုတ် တကယ့်ကို သက်မဲ့ ရုပ်ကြွင်းတခုလေပဲလား…. ဝေခွဲမရနိုင်လောက်အောင် ဘယ်လိုအရာတွေက ပြုမူလိုက်ကြပြီလဲ..။

ပြုမူလိုက်ကြတဲ့ အရာလေး တခုနောက်ကို ခြေရာခံ လိုက်ကြည့်ရင်း လိုက်ကြည့်ရင်းနဲ့ ဟိုး….. အတိတ် ကမ္ဘာတခုဆီကို ရောက်သွားခဲ့ပေါ့..။ ဘာတွေများ ရှိခဲ့ပါလိမ့်….

အတိတ်ရဲ့ ကမ္ဘာငယ်လေးထဲမှာ ချစ်ခြင်းမေတ္တာတွေ အပြည့်.. ကြည်နူးမှု အပြည့်… အားအင်အပြည့်… ယုံကြည်ချက်အပြည့်… ပျော်ရွှင်စရာအပြည့်… မျှော်လင့်ချက်အပြည့်…နဲ့ ရဲရဲ လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေနဲ့ လျှောက်နေခဲ့တာကို တွေ့ရတဲ့ အခိုက် နှလုံးသွေး တဒင်္ဂ ရပ်တန့်သွားခဲ့တယ်…!

ရပ်တန့်နေခဲ့တဲ့ နှလုံးသွေးထဲကို အသစ်တဖန် လောင်းလိုက်တာကလည်း ချစ်ခြင်းမေတ္တာ တွေပဲ ဖြစ်နေခဲ့ပြန်တယ်..။

ဟိုးအတိတ် ကမ္ဘာလေးဆီက ထင်ကျန်ခဲ့တဲ့ ရုပ်ကြွင်းတခုကို ကောက်ယူလိုက်တဲ့ အခါမှာတော့ ဘာနဲ့မှ ဆေးရည်မစိမ်ထားတဲ့ ရုပ်ကြွင်းတခု အဖြစ်နဲ့သာ ဆီးကြိုနေလေရဲ့…။

အတိတ် ကမ္ဘာဆီက ရုပ်ကြွင်းလေးကို နေသားတကျ ပြန်ထားခဲ့ရင်း ကိုယ့်ရဲ့ ကမ္ဘာသစ် လာရာလမ်းကို ငေးမောလို့နေရင်း…..

ညနေခင်း ဆည်းဆာလေး တခုကိုတောင် ရောက်လာတော့မှာပဲ… လှပတဲ့ ညနေခင်း ဆည်းဆာလေးတခုကို ဖြတ်ကျော်ပြီးချိန် မှာတော့ မျှော်လင့် တောင့်တမိတဲ့ အိပ်မက်ကလေး... မက်မယ့် နေရာလေး တခုကို ဦးမော့လို့.. ဒီနေရာလေးကို သံသယကင်းကင်းနဲ့ ရောက်ဖို့ ဟိုးအတိတ်က ရုပ်ကြွင်းလေး ရှိရာ ကမ္ဘာငယ်လေး တခုဆီကိုတောင် သွားခဲ့ရသေးတာပဲ…!

သံသယကင်းကင်းနဲ့ ဆေးရည်မစိမ်ထားတဲ့ ရုပ်ကြွင်းလေးကိုတော့ လှပသေသပ်စွာ ထုပ်ပိုးပြီး နေသားတကျ ပြန်ထားခဲ့ပါတယ်လေ…။

ကမ္ဘာသစ်လေးဆီက ရုပ်ကြွင်းလေးလည်း လှပသပ်ရပ်စွာနဲ့ ကမ္ဘာမြေပြင် တနေရာမှာ သန့်ရှင်း လတ်ဆတ်နေမယ့် အရောင်ဆိုးဆေး မပါတဲ့ စိတ်ဆန္ဒတွေနဲ့ ထုပ်ပိုးထားတဲ့ အလတ်ဆတ် အရှင်းသန့်ဆုံး အိပ်မက်တွေနဲ့သာ မက်ခွင့် ရနိုင်ဖို့ ခွန်အားတစုံကို တိုင်တည်ရင်း ရုပ်ကြွင်းလေး တခုကို ငုံကြည့်မိလေရဲ့...!!!

27 comments:

သောစေယျံ said...

ကောင်းတဲ့အိပ်မက်တွေမက်နိုင်ပါစေဗျာ
စာတွေလဲ အားမယ်ဆိုအမြဲရေးစေချင်ပါတယ်
အမြဲလဲဖတ်နေကျမို့ပါ................

ကိုကိုးအိမ် said...

စိတ်ဆိုတာလည်း အဲလိုပါပဲ မသဒ္ဒါရေ အရောင်ဆိုးဆေး တွေကင်းမှ လန်းလန်းဆန်းဆန်း ဖြစ်မှာလေ .. အခုတော့ လူသားတွေဘ၀က ဖော်မလင်နံ့ပြင်းပြင်းနဲ့ လူသားတွေဖြစ်နေကြပီ

ခင်မင်လျှက်
ကိုကိုးအိမ်(မန္တလေး)

သူကြီးမင်း (တုံးဖလား) said...

အသန့်ရှင်းဆုံး ရုပ်ကြွင်းလေး အမြဲရှင်သန်နိုင်ပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ချော(အစိမ်းရောင်လွင်ပြင်) said...

အဲဒီရုပ်ကြွင်းဟာ ဓာတ်ပုံလေးတစ်ပုံလည်းဖြစ်နိုင်ကောင်းရဲ့ :)

ahphyulay said...

အင်း...
ရုပ်ကြွင်း ဆိုတော့  ကိုယ် က တနေရာ ကို
ဆန္ဒ တစ်ခုကြောင့် လွင့်  မျော နေချိန်မှာ
ကိုယ့် ရဲ့  ကိုယ်ပွား ကြွင်းကျန်နေရစ်တဲ့ 
အရုပ်ကလေး ဖြစ်မယ်ထင်တာပဲ။

ညလင်းအိမ် said...

အဲဒီ ရုပ်ကြွင်းလေးကြောင့်ပါပဲ ...း)

ဇော်သိင်္ခ said...

တန်ဖိုးအရှိဆုံး ရုပ်ကြွင်း လေး တစ်ခုပေါ့နော်..

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

မြစ်ကျိုးအင်း said...

ခွန်အားသစ်တွေနဲ့ ရှေ့ဆက်ဖို့ ကြိုးစားတာပဲ ဒါပေမယ့် အတိတ်ရဲ့ ပုံရိပ်က လိုက်ပါချင်နေသေးတယ်။
အားလုံးအသစ်ဖြစ်မယ့် ရုပ်ကြွင်းသစ် ကိုတော့ မျှော်လင့်ချင်တယ်။

မောင်သီဟ said...

တခါတလေ လောကကြီးမှာ ကိုယ်က ယောင်နန ဖြစ်ဖြစ်နေတော့

ကိုဇော် said...

ရုပ်ကြွေး အဖြစ်ထက် စာရင် ဓါတ်ကြွင်းလေး တစ်ခုသာ ဖြစ်လိုတယ်။
ဓါတ်ကြွင်းလေး တစ်ခုထက် စာရင် ဓါတ်ပုံလေး တစ်ပုံသာ ဖြစ်လိုတယ်။
တစ်ပုံလေး တစ်ပုံထက် စာရင် စာလေး တစ်လုံးသာ ဖြစ်လိုတယ်။
အတ္တကြီးပဲ ဆိုဆို. . အဲဒီစာလုံးက “ ကိုဇော် ” တဲ့။

ကိုအောင် said...

ကောင်းသော အိပ်မက်တွေ မက်ပါစေဗျာ။

sosegado said...

သက်ရှိရုပ်ကြွင်းဆိုရင်တော့ ဘယ်လိုပဲထားထား ဘယ်လိုပဲစီမံစီမံ……

သော်ဇင်စိုး said...

အမှတ်တရဆိုတာ မှတ်တမ်းတင်လိုက်မှ ခံစားချက်တွေ လျော့သွားတတ်ပေမဲ့ တစ်ခါတစ်လေ.. ခံစားမှုတွေလည်း တိုးလာတတ်တာပဲလေ.. ကျောက်တုံးလေးတစ်ခုကနေ .. စိတ်ဖြစ်သွားသလိုပေါ့..
မျှောင်လင့်ခြင်းတွေသာရှိခဲ့ရင်ပေါ့.. မျှော်ငေးနေတဲ့ ကမ္ဘာသစ်ကလည်း လွန်ခဲ့တဲ့ ရုပ်ကြွင်းထက်ပိုလှနေမယ်ဆိုရင်တော့.. အရမ်းကောင်းမှာပေါ့နော်..
ပျော်ရွှင်ပါစေ...

ကိုခိုင် said...

လှပတဲ့အိပ်မက်များနဲ့အတူ
ခွန်အားရှိစွာ
နိုးထနိင်ပါစေ။
အစစအရာရာအဆင်ပြေပါစေ။
ကျန်းမာပါစေ။

ကိုခိုင်

ကောင်းမွန်ဝင်း said...

ရုပ်ကြွင်းတွေကျန်တော့ သတိရနေမိတော့မှာပေါ့။
ကျန်နေမယ်ဆိုလည်း
အင်း...သန့်ရှင်းစွာနဲ့။

SHWE ZIN U said...

ဖတ်သွားတယ် ညီမသဒ္ဓါ ရေ

ပျော်ရွှင်ပါစေ

SHWE ZIN U said...

ဖတ်သွားတယ် ညီမသဒ္ဓါ ရေ

ပျော်ရွှင်ပါစေ

နှင်းဟေမာ said...

ဖတ်ရတာ ရင်ထဲမှာ တစ်မျိုးလေး ခံစားရပါတယ် အစ်မ သဒ္ဓါရေ...
ပျော်ရွှင်ချမ်းမြေ့ပါစေ ...း)
နှင်း

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

သို့

နအဖ ၊ ဒီမိုများနှင့် လက်ပိုက်မျိုးချစ်များ

ကဲကဲ.. စိတ်တွေလျှော့ကျပါဦးကွာ။ မြန်မာအချင်းချင်း ဒီမို/နအဖ တံဆိပ်ကြည့်ပြီး ရန်ဖြစ်နေတာ နှစ်ပေါင်း ၂၂နှစ်ကျော်ခဲ့ပါပြီ။ လောကကြီးကပြောင်းလဲနေတာတောင် သတိမထားမိဘူးဖြစ်နေပြီနော်။ ( မျိုးချစ်စိတ်ရှိတဲ့သူတွေကလဲ မြန်မာအချင်းချင်း ပြဿနာဖြစ်နေတာကို ပြေလည်အောင် ညှိမပေးဘူး။ လက်ပိုက်ပြီးကြည့်နေရတာ လက်ညောင်းနေလောက်ပြီ။ ) မကြာမီမှာ ဒီမိုသမားတွေအနေနဲ့ အမေဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ စကားကို ပြောဖို့မလိုတော့ဘူး။ နအဖ စစ်ဗိုလ်တွေလဲ ဒေါ်အောင်ဆန်းစုကြည်ကို အတင်းအဖျင်းပြောဖို့ မလိုတော့ဘူး။ ဘာဖြစ်လို့လဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ခေါင်းဆောင် မဟုတ်တော့ပါဘူး။ အပြည့်အစုံကို ဒီမိုတို့အတွက် ခေါင်းဆောင်သစ် (သို့မဟုတ်) မြအေးသမီး ဆောင်းပါးမှာ အထောက်အထားနဲ့ တင်ပြထားတာကို ဖတတ်နိုင်ပါတယ်။ ဒန်..ဒန်..ဒန်


လက်ပိုက်ကြည့်သောသူတို့၏ မျိုးချစ်စိတ်ကို တန်ဖိုးမထားတဲ့
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★

မြသွေးနီ said...

ရုပ်ကြွင်းလေးတွေမှာ အတိတ်သမိုင်းလေးတွေ ကိုယ်စီရှိကြတယ်..။
ရုပ်ကြွင်းလေးတွေကိုပဲ တန်ဘိုးထားတတ်လို့ နောင်လာနောင်သားတွေအတွက် ပြတိုက်တွေ ရှိလာရတယ်..။
တချို့ရုပ်ကြွင်းတွေကတော့ စိတ်ပြတိုက်ထဲမှာ သေသည်အထိ သိမ်းထားရတာမျိုး...။

ခိုင်နုငယ် said...

အဲဒီရုပ်ကြွင်းလေးဟာ
ကဗျာအပိုင်းအစလေးတွေလည်းဖြစ်ရဲ့
မမသဒ္ဓါရေ.....အလတ်ဆတ်ဆုံး အိမ်မက်တွေနှင့်အတူ
ခွန်းအားသစ်တွေနှင့်အတူ ရှေ့ဆက်နိုင်ပါစေ။

ဇွန်မ said...

အသန့်ရှင်းဆုံး ရုပ်ကြွင်းလေးတစ်ခုအဖြစ် ရပ်တည်သွားနိုင်ပါစေလို့ ဆန္ဒပြုပါတယ် အမရေ

Cameron said...

အော် တော်တော်ဒုက္ခပေးတဲ့ ရုပ်ကြွင်း...

အဖြူရောင်နတ်သမီး said...

ကိုယ်လျှောက်ခဲ့တဲ့ လမ်း.......
ရုပ်ကြွင်းအဖြစ်နဲ့ ကျန်ရှိခဲ့မယ်ဆိုရင်...
အဖြူရောင်ရုပ်ကြွင်းလေးအဖြစ်....

blackroze said...

ဆန္ဒတွေအတိုင်း..သန့်ရှင်းတဲ့
ရုပ်ကြွင်းတဲ့လေးတစ်ခုဖြစ်ပါစေ...သဒ္ဒါရေ..

အင်ကြင်းသန့် said...

မသဒ္ဒါရေ....သန့်ရှင်းလတ်ဆတ် စင်ကြယ်တဲ့ ရုပ်ကြွင်းလေးသာ ထာဝရတည်ရှိနိုင်ခွင့်ရရင်တော့ သိပ်ကောင်းမှာပဲနော်။

ချစ်တဲ့
ဂျင်း

blackcoffee said...

ဘယ်လို ရုပ်ကြွင်းလေးမျိုးလဲ သူငယ်ချင်းရေ...