Thursday, November 26, 2009

ချစ်ခင်တဲ့ သူငယ်ချင်းတွေနဲ့အမှတ်တရ

ကျွန်မ ဒီနေ့ စိတ်တွေရှုပ်ထွေးနေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အလုပ်တွေ လည်း များနေတာ တကြောင်း မိဘ နဲ့ ညီမလေးကို လွမ်းတာက တကြောင်းပေါ့။ တခါတလေ ဒီလိုပါပဲ ကိုယ့်မွေးရပ်မြေနဲ့ ဝေးနေတဲ့ အချိန်မှာ နေ ရတာ တခုခု လိုနေသလိုပဲ။

အဲဒီ အချိန်မှာတော့ ကျွန်မက ညီအမလို တိုင်ပင်လို့ရတဲ့ သူငယ်ချင်းတွေ ကို အရမ်း သတိရတယ်။ သူတို့ကို ရင်ဖွင့်ချင်တယ်။ ကျွန်မတို့ဟာ တွေ့လိုက်ရင် ကိုယ့်မိသားစု အကြောင်း၊ ကိုယ့်အကြောင်း ပြောရတာနဲ့တင် မကုန်နိုင် ပါဘူး။ အခုတော့ တခါတရံမှ အဆက်အသွယ် ရတဲ့ သူငယ်ချင်း တွေနဲ့ ကိုယ့်အကြောင်း၊ သူ့တို့ အကြောင်း ပြောကြရင်း ကိုယ့်ရဲ့ ဆရာမတွေ၊ ဆရာတွေအကြောင်း၊ ကိုယ်ချစ်ခင်တဲ့ သူတွေ အကြောင်း မေးရတယ်။ သူငယ်ချင်း တွေကလည်း ကိုယ့်လိုပဲ ကျွန်မကို အရမ်း တွေ့ချင် နေတာပါ။ သူတို့လည်း ကိုယ့်ကို သူတို့ အကြောင်း ပြောချင်နေတာပေါ့။ အဲဒီအခါ ကျောင်းတက်ခဲ့တဲ့ အချိန်ကိုပြန်ရောက် သွားချင် မိတယ်။ ကျောင်းတက် နေတုန်း ကတော့ သူငယ်ချင်း တွေ နေ့တိုင်း တွေ့နေရပြီး ပြောစရာ စကားကလည်း ဘယ်တော့မှ မကုန်နိုင်ပါ ဘူးလေ။

ဒီအချိန်ဆို အလွမ်းဆုံး ကတော့ ကျိုက်ထီးရိုး ဘုရားပါပဲ။ သူငယ်ချင်းတွေ ကျိုက်ထီးရိုး ဘုရား သွားခဲ့ကြတာ ကို ပြန်မြင်ယောင် နေမိတယ်။ ရန်ကုန်ကနေ ဘုရားဖူးကားကြီးနဲ့ သွားရင် ကျိုက်ထီးရိုး ကင်ပွန်းစခန်း အထိ ရောက်ပါတယ်။ ကင်ပွန်းစခန်း ကနေ ဘုရားပေါ်ကို သူငယ်ချင်း တစု ခြေလျင် ခရီး ဆက်ကြပါတယ်။ တောင် ပေါ်ကို ကားနဲ့ တက်ရမှာ ကြောက်တဲ့ သူငယ်ချင်း တွေကို ယောက်ျားလေး သူငယ်ချင်း နှစ်ယောက် ကလည်း အလိုက်တသိနဲ့ လိုက် ပေးကြပါတယ်။ ကင်ပွန်းစခန်း ကနေ စပြီး လျှောက်တယ် ဆိုရင်ပဲ သူငယ်ချင်းထဲက ကျွန်မတို့ နောက်ခေါ်တဲ့ နာမည် (ဟာကျူလီ ငပျော့) ဆိုတဲ့ တယောက်က ထိုင်ချလိုက်ပြီး ငိုပါ တော့တယ်။

ကျွန်မ တို့လည်း ဘာလုပ်ရမှန်း မသိအောင် ဖြစ်သွားပြီး ဘာဖြစ်လဲ မေးတော့ ငါမတက်နိုင်တော့ ဘူးတဲ့။ ကြည့်လိုက်တော့ ကင်ပွန်းစခန်း က ဈေးဆိုင် တွေတောင် မဆုံးသေးပါဘူး။ ကျွန်မတို့လည်း ငိုအားထက် ရည်အားသန် သူ့ကို အားပေးရတာ အခုမှ အစပဲ ရှိသေးတယ်လို့။ ဈေးဆိုင်တွေတောင် မဆုံးသေးဘူး လို့ ဆိုတော့ အငို ရပ်သွားပါတယ်။ အဲဒါနဲ့ ယောက်ျားလေး သူငယ်ချင်းနှစ်ယောက် က မတက်နိုင်လည်း ကိစ္စ မရှိဘူး ကားနဲ့ တက်ကြမယ် ဆိုပြီး ချော့ပါတယ်။ ကားနဲ့ တက်ရမှာကို ပိုကြောက်တော့ ရပါတယ် ဖြည်းဖြည်းချင်း တက်ပါ့မယ်တဲ့။ အဲဒါနဲ့ ဆက်တက်ခဲ့ကြတာ နောက်တော့လည်း သူက ကျွန်မတို့ ထက်တောင် ရှေ့ရောက် နေပြန်ပါတယ်။


ယောက်ျားလေး သူငယ်ချင်းနှစ်ယောက် ကလည်း ရီစရာတွေ ပြောလိုက်၊ ကျွန်မ တို့ကို အားပေးလိုက် နဲ့ တက်ခဲ့ကြပါတယ်။ တလမ်းလုံး လည်း အစားတွေ စားလိုက်၊ ရေသောက်လိုက်၊ တဲလေး တွေတွေ့ရင် ထိုင်ပြီး နားလိုက်ကြနဲ့ ပျော်စရာပါပဲ။ နားတဲ့ အချိန်က များနေလို့ ယောက်ျားလေး နှစ်ယောက်က ခနခန သတိပေး ရပါတယ်။ ဘုရားပေါ် ကို နောက်ကျမှာ စိုးလို့တဲ့လေ။ သူတို့ နှစ်ယောက် လောလို့သာ ကျွန်မ တို့လည်း အချိန်မီ ဘုရားပေါ်ကို ရောက်ခဲ့ကြတယ်။ သွားတဲ့ လမ်းတလျှောက် လုံး ကျွန်မတို့ မိန်းကလေး တွေက ပိုက်ဆံလည်း မကိုင်ရ၊ ဘာမှ မပူပင်ရပါဘူး။ ယောက်ျာလေး သူငယ်ချင်း နှစ်ယောက်က အစအဆုံး အကုန် လုပ်ပေးပါတယ်။ ပိုက်ဆံ ကအစ သူတို့ပဲ စီစဉ်ပါတယ်။ ကျွန်မတို့တွေ ကတော့ အချိန်တန်ရင် စားလိုက်ကြ၊ သုံးလိုက်ကြနဲ့ သူတို့က နောက်က လိုက်ရှင်းပါတယ်။ ကျွန်မတို့တွေ ဘာမှ မလုပ်ရပါဘူး။ တည်းခိုခန်း ကလည်း သူတို့ပဲ စီစဉ်လို့ စိတ် ချမ်းချမ်းသာသာ နဲ့ တည်းခိုခဲ့ ရပါတယ်။ တော်တော်လေး ကို အားကိုးရတဲ့ သူငယ်ချင်း တွေပါ။

ကျွန်မတို့လည်း နေလိုက်ကြတာ ဘုရားပေါ်မှာ သုံးည အိပ်ခဲ့ကြတယ်။ ဘုရားပေါ်မှာ တညအိပ်ပြီး နောက် တနေ့ မိုးလင်းတော့ ရေတံခွန်ကို သွားကြမယ်တဲ့။ ကျွန်မတို့ ကတော့ သူတို့ပြောတဲ့ အတိုင်း သွားမယ်ဆို သွားလိုက် တာပဲ။ အဲဒါနဲ့ ရေတံခွန်ကို သွားလိုက်တာ ပထမ ရသေ့တောင် ကိုပြန်ဆင်းပြီး ဘုရား ရှီခိုးကြပါတယ်။ ပြီးမှ ရေတံခွန် ကိုသွားကြတာ တောင်တွေကို တက်လိုက်ရတာ ဘယ်နှစ်တောင် မှန်းကို မသိ တော့ပါဘူး။ စကား တပြောပြောနဲ့ မောမော ပန်းပန်း တက်ခဲ့ကြတာ ပျော်လို့ပေါ့။ နေ့လည်မှာ ဘုန်းကြီး ကျောင်းတကျောင်း တွေ့တော့ ဆာဆာနဲ့ ထမင်းဝင် စားကြရတယ်။ ဘုန်းကြီးကျောင်း က ဟင်းပေါင်းနဲ့ ပဲငပိနဲ့ စားလို့ ကောင်းလိုက်တာ။ စားသောက်ပြီး ဘုန်းကြီးကို ၀တ္ထုငွေ ကပ်ပြီး ပြန်ခရီး ဆက်ကြတယ်။ တက်လိုက် ဆင်းလိုက်နဲ့ တောင်တွေ ကလည်း များလိုက်တာ လို့ စဉ်းစားမိတယ်။ ညနေစောင်း ရောက်တော့ ဘုန်းကြီး ကျောင်းတကျောင်း တွေ့ပြန်တယ်။

ရောက်ရောက်ချင်း ဘုန်းကြီးက ဌက်ပျောသီး တွေ ချကျွေးလို့ ဆာဆာနဲ့ စားကြတယ်။ ပြီးတော့ ရေတံခွန်ကို ဆက် သွားကြတယ်။ ရေတံခွန် မှာ ခနနေပြီး ဘုရားပေါ် ပြန်သွားမယ် ဆိုတော့ တောင်ထပ် တက်ရမယ်တဲ့။ ကြည့်လိုက်တော့ တောင်ကလည်း မက်စောက် လိုက်တာ။ ယောက်ျားလေး နှစ်ယောက်က ကျွန်မတို့ကို တက်နိုင် ပါ့မလားတဲ့။ ကျွန်မ တို့လည်း အရှုံး မပေးပဲ ရတယ်၊ တက်နိုင်တယ် လို့ပြောတော့ ဒါဆို တက်ကြမယ် ဆိုပြီး တက်ကြပါတယ်။ သူတို့ ပြောသလိုပဲ တောင်ကလည်း မတ်လိုက်တာ တောင်နဲ့ မျက်နှာ နဲ့တောင် ထိလုမတတ် ပါပဲ။ တဖြည်းဖြည်းနဲ့ ဘုရား ရင်ပြင်တော်ကို ရောက်မှပဲ စိတ်အေး ရပါတယ်။ တည်းခိုခန်း ပြန်ပြီးနား၊ ထမင်း သွားစားကြပြီး view point ဆိုင်ကို သွားထိုင်ကြတယ်။ အဲဒီ ဆိုင်လေးက ထိုင်လို့ ကောင်းတယ်။ တနေ့လုံး မောပန်းသမျှ ဒီဆိုင်လေး ရောက်မှပဲ အနားယူ ရပါတယ်။

(ခရီးကြမ်းကြီးကို ကျော်ဖြတ်ပြီးသွားခဲ့ကြတဲ့ ရေတံခွန်)

နောက်မှ သိရတာက ရေတံခွန်က ခရီးတော့ ကြမ်းတယ်။ သိပ်အဝေးကြီးတော့ မဟုတ်ပါဘူးတဲ့။ သူတို့တွေ လမ်းမှားပြီး သွားလို့ ဒီလောက် ကြာနေတာတဲ့။ သူတို့ ကတော့ မှင်သေသေနဲ့ သူတို့ မမှားသလိုပဲ။ ကျွန်မ တို့ကို စိတ်ပူမှာ စိုးလို့ ဘာမှ မပြောပါဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီနေ့က တောင်တွေ တတောင်တက် တတောင်ဆင်းနဲ့ သွားခဲ့ကြတာ၊ ချောက်ကမ်းပါးနား ကနေ အသဲ တထိပ်ထိပ်နဲ့ သွားခဲ့ကြတာ ဘယ်တော့မှ မမေ့နိုင် တော့ပါဘူး။ တဦးနဲ့တဦး လည်း ပိုလို့ ရင်းနှီးချစ်ခင် သွားကြတယ်။ နောက်တနေ့ တော့ တောင်တက်ထားတဲ့ အရှိန်နဲ့ ဘယ်မှ မသွားနိုင်တော ပါဘူး။ တည်းခိုခန်း မှာပဲ နားနေကြရတယ်။

နောက်တနေ့ မှာတော့ မသွားရ သေးတဲ့ ကျီးကန်းပါးစပ် ဘက်ကို သွားပါတယ်။ ပြန်လာပြီးတော့ တနေ့လုံး နားလိုက်ကြပါတယ်။ ညဘက် မှာတော့ ဘုရားရှီခိုး ပုတီးစိပ်ပေါ့။ နောက်တနေ့ မနက် အစောကြီး ဘုရားပေါ် ကနေ ပြန်ဆင်း လာတာ အသွား တုန်းကထက် မြန်ပြီး ပြေးဆင်းကြတာ တောင်အောက်ကို စောလို့ ရောက်နေ တော့တယ်။ တောင်အောက် ကင်ပွန်းစခန်း ရောက်တော့ ထမင်းစားကြပြီး ခနနေတော့ ကားပြန်စီး လာကြတယ်။ တလမ်းလုံး အတွေး ကိုယ်စီနဲ့ ငြိမ်ချက်သား ကောင်းပြီး လိုက်လာကြတယ်။ အပြန် ခရီးမှာတော့ တယောက်နဲ့ တယောက် အနစ်နာခံ တတ်တဲ့စိတ်တွေ၊ လိုက်လျော တတ်တာတွေ၊ သည်းခံ တတ်တဲ့ စိတ်တွေ ကိုယ်စီနဲ့ ပိုလို့ ချစ်ခင် ခဲ့ကြတယ်။

ကျွန်မ စဉ်းစား လိုက်တိုင်း မျက်ရည်ကျ ရတယ်။ ကိုယ်ချစ်တဲ့ သူတွေနဲ့ ကိုယ်ချစ်တဲ့ နေရာလေး ကို ခွဲခဲ့ရ လို့ပေါ့။ ဒါပေမဲ့ လောလောဆယ် ကိုယ်နေရတဲ့ နေရာမှာ ကြိုးစားခွင့် ရပြီး ကိုယ်ချစ်တဲ့ နေရာလေး အတွက် တခုခု အကျိုးပြု နိုင်မယ်ဆို နေရ ကျိုးနပ်ပါပြီ။

2 comments:

Tay said...

သူငယ်ချင်း ကျွန်တော်တို့သူငယ်ချင်းနဲ့မိတ်ဆက်ချင်ပါတယ်၊သူငယ်ချင်းရဲ့blogလေးကိုဖတ်ရပါတယ်။သူငယ်ချင်းရဲ့အရေးအသားနဲ့တင်ပြဟန်ကို သဘောကျပါတယ်။ကျွန်တော်တို့ရဲ့http://taylaydoeyethmatthan.ning.com/မှာလဲရေးပေးစေချင်ပါတယ်။အကယ်လို့ ရေးရန်အခက်အခဲတစ်စုံတစ်ရာ ရှိလို့ မရေးနိုင်လျှင်လည်း။ ကျွန်တော်တို့ကြိုက်တဲ့စာများကိုRefrenceလုပ်ဖို့ခွင့်ပြုစေချင်ပါတယ်။သူငယ်ချင်းကလောင်အမည်နဲ့သူငယ်ချင်း၏blog Link ကို ပါ Refrence ၏နောက်တွင်ရေးပေးမည်ဖြစ်ပါသည်။အများဖတ်ရှု့ရန၊်ဗဟုသုတနှင့်ရသ ဖြေဖျော်မှုရရန်အတွက်လုပ်ခြင်းဖြစ်သည့်အတွက်နားလည်စေချင်ပါသည်။

update ဖြစ်သောpostများကိုလည်းtaylaymin@gmail.comသို့ပို့ပေးးစေချင်ပါသည်။ကျေးဇူးအများကြီးတင်ပါသည်ခင်ဗျာ။
တေလေများ

ရပ်ဝေးက မြန်မာချစ် said...

နေရာ အတော် များ များ ရောက် ဖူး တယ် ။ ကျိုက်ထီးရိုး မှာ အပျော်ဆုံး ဘဲ..... ။
နာရီပေါ်က......လွမ်းနေရတဲ့အချိန်လေး ရေး ထားတာ ကြိုက် လို့.......