Wednesday, August 31, 2011

blog day အမှတ်တရ

ဘလော့ဂ်ဒေး ဖြစ်ပေါ်လာခြင်းက တခြားသောတိုင်းပြည်တွေနဲ့ စိတ်ဝင်စားစရာဒေသတွေက ဘလော့ဂါတွေရဲ့ယုံကြည်မှုနဲ့ ဖေါ်ကျူးထားတဲ့ အသိအမှတ်ပြုတဲ့နေ့လေးတခု ဖြစ်တယ်လို့ ဘလော့ဒေးရဲ့ ဝက်ဆိုဒ်မှာ ပြောပြထားပါတယ်။ အဲဒီနေ့မှာပဲ ဘလော့ဂါတွေက သူတို့ဆီအလည်လာကြတဲ့  တခြားဘလော့ဂါတွေနဲ့ မိတ်ဆက်ပေးပြီး ဘလော့အသစ် ၅ခုနဲ့လည်း မိတ်ဆက်ပေးရမယ်။ ဒီလိုနဲ့ ဘလော့ကိုလာဖတ်တဲ့သူတွေက ယခင်မသိခဲ့တဲ့ ဘလော့တွေ၊ ဘလော့အသစ်တွေကို ရင်းနှီးကျွမ်းဝင်သိရှိပြီး ဖတ်လို့ရတာပေါ့။

တကမ္ဘာလုံးမှာရှိတဲ့ ဘလော့ဂါတွေဟာ သူတို့ရဲ့မတူတဲ့ ယဉ်ကျေးမှု၊ မတူတဲ့ ရပ်တည်မှု၊ မတူတဲ့ရှုထောင့်ရှိတဲ့ ဘလော့အသစ်၅ခုနဲ့ မိတ်ဆက်ပေးရမယ်။ ဘလော့ဂါအသစ်အသစ်တွေကို ဘလော့ဂါအဟောင်း အဟောင်းတွေက လက်ဆင့်ကမ်း ကြိုဆိုရင်း၊ တဦးကိုတဦး ရင်းနှီးစွာပြောဆိုရင်း၊ ဘလော့လောကလေးထဲက ဘလော့ရေးသူ အချင်းချင်း နားလည်ချစ်ခင်မှုတွေနဲ့ ဘလော့လောကကြီးလည်း တိုးတက်လာမှာပါ။ ဘလော့ဒေးကို အများသိအောင်ဆိုပြီး သြဂုတ်လ ၃၁ရက်နေ့ကို သတ်မှတ်ထားခဲ့ပါတယ်။

အထိမ်းအမှတ်လေးအဖြစ် သတ်မှတ်ထားတဲ့ "blog day"မှာ အမှတ်တရရေးပေးဖို့ လေးစားရတဲ့အကို ကိုအောင်(ပျူနိုင်ငံ) က တဂ်ထားပါတယ်။

မြစ်ဖျားခံရာ...
ကျမ.. ၂၀၀၇ နိုဝင်ဘာလလောက်မှာမှ ဘလော့စာမျက်နှာတွေကို လိုက်လံဖတ်ရှုဖို့ အခွင့်ရခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျမရဲ့သူငယ်ချင်းတချို့က ဘလော့စာမျက်နှာတွေမှာ ဖန်တီးရေးသားနေခဲ့ပြီ။ အဲဒီထဲကတချို့လည်း အကြောင်းအမျိုးမျိုးကြောင့် ဘလော့မရေးဖြစ်တော့ပါဘူး။ ဖတ်ဖြစ်တဲ့ဘလော့တွေက ဗဟုသုတရစရာ. ဒေသဆိုင်ရာ စိတ်ဝင်စားဖွယ်ပုံဖေါ်မှုလေးတွေ၊ စိတ်ခွန်အားရစရာ ဘာသာပြန်ပိုစ့်လေးတွေ၊ ငယ်ဘဝလေးမှာ မတည့်ကြတဲ့ ကလေးတွေရဲ့ အပြုအမူလေးတွေ၊ နူးနူးညံ့ညံ့ ညင်ညင်သာသာလေးတွေ ခံစားရေးသားထားတာတွေ၊ ပျော်စရာလေးတွေအဖြစ် ဖန်တီးရေးသားထားတာတွေ၊ ကျမအတွက် ငယ်ဘဝလေးတွေကို တဖန်ပြန်လည် လွမ်းဆွတ်စေခဲ့ပြီး ခံစားချက်လေးတွေကို ပေးစွမ်းစေခဲ့ပါတယ်။ ခံစားချက်ကဗျာလေးတွေ၊ ဘဝကဗျာလေးတွေကို အလေးပေးရေးသားတတ်တဲ့ ကဗျာလေးတွေက ကျမအတွက် ကဗျာလေးတွေဖတ်ရင်း တူညီတဲ့ခံစားချက်လေးတွေ ခံစားခဲ့ရပါတယ်။ သာသနာ့တာဝန် ထမ်းဆောင်ရင်း ဘာသာရေးဆိုင်ရာ အကျိုးပြုနေတာတွေ၊ ဗဟုသုတရစရာ အကြောင်းလေးတွေ၊ စားသောက်စရာလေးတွေကို ခုံမင်စဖွယ် ရေးသားထားတာလေးတွေ၊ နည်းပညာဆိုင်ရာ ဗဟုသုတအဖြစ် ရေးသားတင်ပြထားတာလေးတွေ၊ ရှားပါးစာအုပ်ကြီးတွေကို အချိန်ပေးပြီး ရိုက်နှိပ်တင်ပြထားတာလေးတွေ၊ အချစ်ကဗျာလေးတွေနဲ့၊ လွမ်းစရာဘဝလေးတွေ၊ ဘဝအတွေ့အကြုံလေးတွေ၊ လုပ်ငန်းအတွေ့အကြုံလေးတွေ၊ ဓါတ်ပုံအမျိုးမျိုး မျှဝေထားတာတွေ၊ နေထိုင်ရာ နေရာဒေသလေးတွေရဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာလေးတွေ၊ ကဗျာလေးတွေ၊ တက္ကသိုလ်ဘဝလေးတွေကို ရေးသားထားတဲ့ စာပေမျိုးစုံကို ဖတ်ခဲ့ရပါတယ်။ တခါတရံ ဘလော့လေးကိုဖတ်နေရင်း ဘလော့လေးထဲက တက္ကသိုလ်နဲ့ဆိုင်တဲ့ သီချင်းလေးကို ဖွင့်ပြီး နားထောင်ဖြစ်ခဲ့တယ်။ ကျမအတွက် လွမ်းမောဖွယ်ရာ တက္ကသိုလ်ဘဝလေးကို ခံစားခဲ့ရတယ်။ ခေတ်အခြေအနေရဲ့ တစိတ်တဒေသကို ဖေါ်ကျူးသီကုံး ထားတာလေးတွေ ကလည်း ရင်နဲ့အမျှ ထပ်တူကျခဲ့တယ်၊ ကျမအတွက် ရသမျိုးစုံ ပေးစွမ်းခဲ့တဲ့ ဘလော့လောကကြီးတခုပါ။ ဘလော့ပေါ်မှာ စာမရေးပေမယ့် ဘလော့ဂါတွေရေးတဲ့ ဘလော့တွေအများကြီးမှာ နေ့တဓူဝ စာတွေဖတ်ဖြစ်ခဲ့တယ်။ ဖတ်ရင်းဖတ်ရင်းနဲ့လည်း ဘလော့လေးမှာ စာရေးချင်တဲ့စိတ်လေးက လွှမ်းမိုးလာခဲ့ပါတယ်။ ဒါပေမယ့် အချိန်နဲ့ နည်းပညာဆိုင်ရာ ချို့တဲ့သူတယောက်ဖြစ်လေတော့ တော်တော်နဲ့ မလုပ်ဖြစ်ခဲ့ပါဘူး။ ဘလော့လောကကြီးထဲမှာ ပုံသဏ္ဍာန်မတူညီစွာ အကျိုးပြုနေကြတဲ့ ဘလော့ဂါအားလုံးကို ဘလော့ဂါအဖြစ် မခံယူဝံ့တဲ့ ကျမသဒ္ဓါလှိုင်းက ကျေးဇူးတင် လေးစားဦးညွှတ်နေမှာပါ။

ဘလော့တခုအစပြုခဲ့..
အကိုရင်းတယောက်လို ချစ်ခင်ရတဲ့ အကိုဘလော့ဂါတယောက်ကို အပူကပ်ပါတော့တယ်။ ဘလော့တခု အမြန်ဆုံးလုပ်ပေးဖို့ပါ။ သူကလည်း အလုပ်မအားတဲ့သူဆိုတော့ တော်တော်နဲ့မလုပ်ပေးဖြစ်ပါဘူး။ ကျမကလည်း မလုပ်ပေးမချင်း နားပူနားဆာလုပ်ပါတယ်။ ၂၀၀၈ခုနှစ် နိုဝင်ဘာလမှာတော့ ကျမကို ဘလော့လေး စလုပ်ပေးခဲ့ပါတယ်။ ဦးဆုံး ဘလော့ရဲ့ ခေါင်းစည်းလေးကို ကျမအကြိုက် ပုံလေးရှာစေပြီးမှ နာမည်လေးထည့်ပြီး လှပအောင် ပြင်ဆင်ပေးပါတယ်။ တနေ့လုံးလုပ်ပေးပြီး စိတ်ကြိုက်ဖြစ်ပြီဆိုမှ ပိုစ့်တင်ဖို့တွေ၊ ဓါတ်ပုံတင်ဖို့တွေ ဘယ်လိုတင်ရတယ် ဆိုတာကိုပြပေးခဲ့တယ်။ ကျန်တာတွေလည်း လုပ်ရင်းနဲ့ တတ်သွားလိမ့်မယ်တဲ့။ မနက်ဖန်မှာ ဆက်ပြီးပြပေးအုံးမယ်လို့ ပြောပါတယ်။ ကျမလည်း ဘလော့လေးအတွက် အတွေးနယ်ချဲ့ရင်း မနက်ဖန်မှာ ထပ်လုပ်မယ့် အရာလေးတွေအတွက် ကြိုတင်ဝမ်းသာနေခဲ့တယ်။ အဲဒီညမှာပဲ (ကျမရဲ့ နှလုံးသားထဲက စီးမျောလာမယ့် အရာလေးတွေကို သိမ်းဆည်းထားပြီး မျှဝေပေးမယ့်) ဘလော့လေးကို လုပ်ပေးတဲ့ ကျမရဲ့အကိုဘလော့ဂါတယောက် ဦးနှောက်သွေးကြောပြတ်ပြီး ရုတ်တရက် ဆုံးပါးသွားခဲ့ပါတယ်။ အကိုဘလော့ဂါ ဖန်တီးပေးခဲ့တဲ့ ကျမဘလော့လေးထဲမှာ စာတပုဒ်မှ မတင်ရသေးပါဘူး၊ ကျမရဲ့ဘလော့လေးကိုကြည့်ပြီး စိတ်မကောင်းခြင်းများစွာနဲ့ ဘာမှဆက်မလုပ်နိုင်ခဲ့ပါဘူး။ ဘလော့လေး ဖွင့်လိုက်တိုင်း အကိုဘလော့ဂါကိုသာ သတိရလာတာမို့ ပြန်ပြန်ပိတ်ပစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ ကျမဘလော့လေးကို လုံးဝမကြည့်တော့ပဲ ပစ်ထားခဲ့တာ တနှစ်နီးပါးကြာပြီး ပျက်သွားခဲ့ပါတော့တယ်။ ကျမဘလော့လေးမှာ စာမရေးဖြစ်ပေမယ့် ဘလော့ဂါတွေရေးတဲ့ စာတွေကိုတော့ အမြဲဖတ်ဖြစ်နေခဲ့ပါတယ်။ တနှစ်အကြာ ၂၀၀၉ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့မှာ ကျမဘလော့လေးကို ကြိုးစားပြီး ပြန်လည် အကောင်အထည်ဖေါ်ခဲ့ပါတယ်။ (အကိုဘလော့ဂါတွေ့ရင် ဝမ်းသာနေမယ်လို့ ယုံကြည်ပါတယ်။) တတ်သလောက်သာ လုပ်ထားခဲ့တာမို့ ကျမကိုယ်တိုင် စိတ်တိုင်းကျမှုမရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း စာရေးချင်တဲ့ စိတ်ကသာ လွှမ်းမိုးနေလေတော့ ဆက်ပြီး ရေးနေခဲ့ပါတယ်။

စာလေးတပုဒ်ရေးပြီးတိုင်း အလေးထား လာဖတ်ကြပြီး ရင်တွင်းစကားလေးတွေ ပြောသွားတဲ့၊ ဘလော့ဂါမောင်နှမများအားလုံး၊ ဖတ်သော်လည်း မပြောဖြစ်ခဲ့တဲ့၊ ပြောလို့မရခဲ့တဲ့ စာဖတ်သူမိတ်ဆွေများ အားလုံးကလည်း ကျမရဲ့ နှလုံးသားထဲမှာ ထင်ကျန်ရစ်နေမယ့် မှတ်ကျောက်လေးတွေပါ။ ဘလော့မှာ စာရေးနေရင်း ညီအမသဖွယ်၊ မောင်နှမသဖွယ် ချစ်ခင်ရတဲ့ ဘလော့ဂါမောင်နှမတွေရဲ့ အားပေးစကား. ခင်မင်နှစ်လိုဖွယ် နွေးထွေးတဲ့ မေတ္တာတွေကြောင့် စိတ်ခွန်အားတွေ ပိုလို့ ရရှိလာခဲ့ပါတယ်။

ဘဝလေးတခုမှာ မှတ်မှတ်ရရအဖြစ်...
ကျမဘလော့လေး ၂၀၁၀ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့မှာ တနှစ်ပြည့်တဲ့အတွက် ခင်မင်လေးစားရတဲ့ ဘလော့ဂါမောင်နှမတွေကို အမှတ်တရရေးပေးဖို့ တောင်းခဲ့ပါတယ်။ ကျမဘလော့လေး မလှမပဖြစ်နေရှာလို့ ဘလော့တနှစ်ပြည့်လေးအမှီ လှပသွားအောင် ပြင်ဆင်ပေးခဲ့တဲ့အတွက် ကျမတယောက် အပျော်ကြီးပျော်ခဲ့တာကို ဘယ်တော့မှ မမေ့နိုင်ပါဘူး။ ကျမကြိုက်တဲ့ အရောင်၊ အပြင်အဆင်လေးတွေနဲ့ ကျမစိတ်ကြိုက် ပုံသွင်းပေးခဲ့ပါတယ်။ ကျမဘလော့ တနှစ်ပြည့်အတွက် စိတ်ခွန်အားဖြစ်စေမယ့် စာစုလေးတွေ၊ ကဗျာလေးတွေ၊ ရှေ့ခရီးဆက်ဖို့ အားပေးစကားလေးတွေ၊ တွေးခေါ်ထင်မြင်မှုလေးတွေ၊ သရုပ်ဖေါ်မှုလေးတွေ၊ ပုံဖေါ်ပေးမှုလေးတွေနဲ့ ဘလော့တနှစ်ပြည့်အမှတ်တရ အဖြစ် ရေးသားသီကုံးပေးခဲ့တဲ့ ချစ်ခင်ရတဲ့ ဘလော့ဂါ ညလင်းအိမ်မာန်လှိုင်းငယ်မကေအမချစ်ဏီလင်းညိုအဖြူရောင်နတ်သမီးကိုဇော် သော်ဇင် နေဝသန်မချော(အစိမ်းရောင်လွင်ပြင်)လင်းခေတ်ဒီနို(ဗညား) နှင်းနဲ့မာယာအင်ကြင်းသန့်မမမြသွေး မြစ်ကျိုးအင်းကိုရင်နော်ခင်လေးငယ်အမမေငြိမ်းအကိုအောင်သာငယ်၊ ကမာပုလဲ၊ နွေဆူးလကာင်္ တို့ရဲ့ အမှတ်တရစာစုလေးတွေ၊ အမှတ်တရကဗျာလေးတွေက စာမျက်နှာပေါ်တင်မက ကျမရဲ့ရင်ထဲအထိမှာပါ ထာဝစဉ်ကိန်းအောင်းနေမှာပါ။ အဲဒီအချိန်မှာ အကိုကြီးကိုကြီးကျောက်ကတော့ ဆေးတွေစားရင်း ရောဂါရဲ့ဒဏ်ကို အံတုနေရလို့ ကျမအတွက် ဘလော့အမှတ်တရလေး မရေးပေးနိုင်ခဲ့တာကို တောင်းပန်စကားပြောခဲ့ပါတယ်။

၂၀၁၁ ခုနှစ်အတွင်းမှာ နောက်ထပ် ဘလော့ဂါမောင်နှမအသစ်တွေနဲ့ ထပ်ပြီးခင်မင်ခွင့် ရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။

ဘလော့ဒေးအတွက် မိတ်ဆက်ပေးချင်တဲ့ ဘလော့တွေက...
အတွေးလေးတွေကို ငြိမ်းချမ်းစွာရေးတတ်၊ စစ်ကိုမကြိုက်တဲ့ ငြိမ်းချမ်းမှုတွေစိုးမိုးပြီး အနာဂတ်လူငယ်များကို ပညာနဲ့ဦးဆောင်စေချင်တဲ့ ပညာအလင်းရောင်ဆောင်ပေးသော ဆရာငြိမ်းစိုးဦးဘလော့လေးပါ။
http://nyeinsoeoo.multiply.com/

လူငယ်တယောက်ဖြစ်ပေမယ့် တရားဒေသနာ၊ ဆရာတော်တွေရဲ့ အဆုံးအမလေးတွေကို တန်ဖိုးရှိစွာ ဝေမျှပေးနေတဲ့ ဘလော့လေးပါ။
http://htikeoo.blogspot.com

တမူထူးခြားတဲ့ရေးဟန်လေးတွေနဲ့ ကဗျာ၊ ဝတ္ထုတိုလေးတွေကို သဘာဝကျကျ ရေးထားတဲ့ ဘလော့လေးပါ။
https://lunnsetnoemyat.wordpress.com/

ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါးလေးတွေအပြင် ကွန်ပျူတာဆိုင်ရာ နည်းပညာလေးတွေ အသုံးပြုပုံလေးတွေ ကိုပါ လမ်းညွှန်ပေးထားတဲ့ ဘလော့လေးပါ။
http://nyimoe.blogspot.com

ညက်ညက်ညောညော အတွေးကောင်းလေးတွေနဲ့ ပညာအသိလေးတွေ ပေးထားတဲ့ဘလော့လေးပါ။
http://www.uphonedhartu.com/


ဘလော့ဒေးအမှတ်တရနေ့လေးမှာ..
ဘလော့လောကလေးထဲမှာ ဘလော့ဂါတယောက်အဖြစ် ရဲရဲရင့်ရင့် တာဝန်ကျေစွာ ဖြတ်သန်းခဲ့တဲ့ ဘလော့ဂါနေဘုန်းလတ်ကို ဘလော့စာမျက်နှာလေးမှာ ဝါသနာပါရာ အနုပညာနဲ့လွတ်လပ်စွာ ရှင်သန်ခွင့်ရစေချင်ပါတယ်။
ဘလော့ဂါအားလုံး လွတ်လပ်ပျော်ရွှင်စွာနဲ့ သုတရသ စာပေတွေကို ဝေမျှပေးနိုင်ကြပါစေလို့ ဆန္ဒပြုဆုမွန်တောင်းပါတယ်။
သတိရစွာ ရေးပေးဖို့ပြောတဲ့ ကိုအောင်(ပျူနိုင်ငံ)၊ အဖြူရောင်နတ်သမီးတို့ကိုလည်း အမှတ်တရ ကျေးဇူးတင်ပါတယ်။

ဘလော့ဒေးအမှတ်တရလေးအတွက် ရေးပေးဖို့ သော်ဇင် ကိုတဂ်ပါတယ်။

(ခင်မင်ရတဲ့ မိတ်ဆွေဘလော့ဂါတွေ များနေတာကြောင့် တယောက်ချင်းစီရဲ့ နာမည်လေးတွေ မရေးပေးနိုင်ခဲ့တာကို ခွင့်လွှတ်နားလည်ပေးပါလို့ တောင်းပန်ပါရစေ။)

Thursday, August 11, 2011

အို...ကောင်းကင်

နှလုံးသားထဲမှာ စူးနစ်နေဆဲ မြှားချက်ဒဏ်ရာလေးတွေနဲ့ ဝေးကွာမှုဆိုတဲ့ ခါးသီး နာကျင်စရာတွေကို ကောင်းကင်ကျယ်ကြီးရဲ့ တနေရာလေးမှာ ရေးချခွင့်ရချင်တယ်.။ ထင်ကျန်ရစ်မခံမယ့် ကောင်းကင်ကြီးရဲ့ တုံ့ပြန်မှုက ကိုယ့်အတွက် နေရာတနေရာလေးအဖြစ် လက်ခံပေးနိုင်ခဲ့ရဲ့လား မသေချာပေမယ့် ချွေးသိပ်ပေးနိုင်မယ့် အရာလေးတော့ ဖြစ်နေပေးပါ အို...ကောင်းကင်။

စက္ကန့်နဲ့အမျှ ဖြစ်ပြီးတိုင်း ပျက်တတ်တဲ့ အနတ္တတရားကို လက်ခံပေးနိုင်တဲ့ ငြိမ်သက်တည်ကြည်တဲ့ စိတ်တစုံကို ပေးပါ အို...ကောင်းကင်။

ဖြစ်ချင်တိုင်း မဖြစ်တတ်တဲ့ အိပ်မက်တွေကို ဆက်လက် အကောင်အထည်ဖေါ် ရေးဆွဲနိုင်ဖို့ ကြမ်းချင်တိုင်းကြမ်းတဲ့ စုတ်တံလေးတခုကို ပေးပါ အို...ကောင်းကင်။

တခါတရံ စိတ်အားငယ်မှုတွေ ဖြစ်လာတိုင်း ရဲရဲရင့်ရင့် ဖြတ်သန်းခဲ့ကြတဲ့ သမိုင်းထဲက ပုဂ္ဂိုလ်တွေကို သတိရပေးဖို့ ခွန်အားတရပ်ကို ပေးပါ အို...ကောင်းကင်။

မုန်တိုင်းထန်လာခဲ့ရင် ပျက်စီးယိုယွင်းသွားမယ့် အရာတွေအတွက် အံတုနိုင်စွမ်းရှိပြီး ပြန်လည် တည်ဆောက်ပေးနိုင်ဖို့ အလင်းရောင်လေးတခု ဖန်တီးပေးနိုင်စွမ်းကို ပေးပါ အို...ကောင်းကင်။

ဖြစ်တည်မှုတခုအရ လိုအပ်လာတဲ့ အရာတိုင်းကို တရားမျှတစွာနဲ့ ဆောင်ယူနိုင်စွမ်းရှိအောင် မပြောင်းလဲမယိမ်းယိုင်တဲ့ ခိုင်မြဲတဲ့ စိတ်ထားလေးတခုကို ပေးပါ အို...ကောင်းကင်။

ဖြေရှင်းခွင့်မရနိုင်တဲ့ ရှိုက်သံတချို့ရဲ့ လျှို့ဝှက်သင်္ကေတလေးတွေကိုလည်း ထုတ်ယူဖေါ်ထုတ်နိုင်စွမ်းရှိတဲ့ သတ္တိကိုပေးပါ အို...ကောင်းကင်။

ကြောက်ရွံ့မှုတွေနဲ့ ရင်ဆိုင်တိုးဝှေ့ရတဲ့အခါ လိပ်ပြာသန့်စွာ ဖယ်ရှားထုတ်ပစ်နိုင်တဲ့ ရဲရင့်မှန်ကန်ခြင်း သစ္စာတရားကို ပေးပါ အို...ကောင်းကင်။

ဟန်ဆောင်မှုတွေနဲ့ မာယာစကားသုံးတိုင်း ရိုးသားစွာနဲ့ ထိန်းချုပ်ပေးနိုင်မယ့် စကားလေးတလုံးကို ပေးပါ အို...ကောင်းကင်။

လဲကျရှုံးနိမ့်မှုဆိုတဲ့ ပညတ်ချက်တခုကို လက်ခံခဲ့ရတဲ့အခါ တဖန် ပြန်လည် တည့်မတ် နိုင်တဲ့ ခြေထောက်လေးတစုံကို ပေးပါ အို...ကောင်းကင်။

ဘဝရဲ့အမောတွေကို လုံခြုံစွာနဲ့ ထွေးပွေ့ပေးနိုင်တဲ့ လက်တစုံကို ပေးပါ အို...ကောင်းကင်။

ကန္တာရလမ်းခရီးပေါ်မှာ ရေလေးတပေါက် ချပေးနိုင်ပြီး နားခိုစရာအရိပ်လေးတခု ပေးနိုင်စွမ်းကို ပေးပါ အို...ကောင်းကင်။

ကြုံတွေ့ရတတ်တဲ့ ကျိန်စာတခု အတွက်လည်း အမြန်ဆုံး လွင့်စင်ပပျောက်အောင် လုပ်ဆောင် ပေးနိုင်တဲ့ မေတ္တာအစွမ်းကို ပေးပါ အို...ကောင်းကင်။

အထပ်ထပ်ရစ်ပတ်လာတတ်တဲ့ နှောင်ကြိုးတခုကို ဖြေလျော့ပေးနိုင်ပြီး မျှဝေခံစားပေးနိုင်တဲ့ ခက်ခဲလှတဲ့ ကိုယ်ချင်းစာစိတ်လေးတခုကို ပေးပါ အို...ကောင်းကင်။

အမှန်တရားအတွက် မားမားမတ်မတ် ရပ်တည်ပေးနိုင်ပြီး ရင်ထဲထိသိဝင် ခံစားစီးဆင်းစေမယ့် ဖြူစင်တဲ့ပညာတခုနဲ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တခုကို ဝံ့ဝံ့ထည်ထည်ပြသနိုင်အောင် သိစိတ်လေး တခုပေးနိုင်စွမ်းကို ပေးပါ အို...ကောင်းကင်။