Tuesday, January 25, 2011

မတူသောအတ္တသဏ္ဍန်များ

တိမ်တွေကင်းစင်လို့ ထိန်ထိန်သာနေတဲ့ လမင်းကြီးရဲ့ လင်းရောင်ခြည် အမိုးအောက်မှာ ဟိုတစု ဒီတစု ဟိုတယောက် ဒီတယောက်နဲ့ ဥဒဟို သွားလာနေကြတဲ့ အတ္တ၀တ်ရုံလွှာ လွှမ်းခြုံထားကြတဲ့ ၀တ်ရုံလွှာတွေနဲ့ လူသားတွေ…. လူသားတွေ………လူသားတွေ!!!

ဝတ်ရုံလွှာတွေရဲ့ အရောင်အဆင်းနဲ့ ပုံသဏ္ဍာန်တွေကတော့ မတူကြပါကလား.။ တချို့ကျတော့လည်း ၀တ်ရုံလွှာအထူကြီးတွေနဲ့ အထပ်ထပ်ဝတ်ထားလို့။ တချို့ကျတော့လည်း တထပ်တည်းပေါ့။ တချို့တွေရဲ့ ၀တ်ရုံလွှာတွေကတော့ လှပအသက်ဝင်နေသလို… တချို့တွေကတော့ မလှမပမသပ်မရပ်နဲ့…။

ဘယ်လိုပဲဖြစ်ဖြစ် ၀တ်ရုံလွှာတွေကို ၀တ်ထားကြရမှာ ပါပဲလား.. မဖြစ်မနေ ၀တ်ကြရမှာလား.. တွေးတောရင်း… လမင်းကြီးရဲ့ အလင်းရောင်အောက်မှာ ရောနှော သွားလာနေမိတယ်။

တချို့တွေကတော့ ၀တ်ရုံလွှာကြီးကို ၀တ်ရတာကိုပဲ ဂုဏ်ယူပီတိဖြစ်နေကြလေရဲ့..။ ၀တ်ရုံလွှာကြီးရဲ့ တန်ဖိုးက ဘယ်လောက်များ ကြီးကျယ်ခမ်းနားနေလို့ပါလိမ့်.။ မိမိရဲ့ ၀တ်ရုံလွှာကိုပဲကြည့်ပြီး ကြည်နူးနေသလို သူတပါးရဲ့ ၀တ်ရုံလွှာတွေကို ကြည့်ရတာ စိတ်ချမ်းမြေ့စရာကောင်းနေပါရဲ့လား..။ မိမိရဲ့ ၀တ်ရုံလွှာက တပါးသူကို မထိခိုက်ပဲ တန်ဖိုးရှိပြီး လှပအသက်ဝင်နေပါရဲ့လား။

ဘာပဲဖြစ်ဖြစ် လူသားအားလုံးရဲ့ မတူသော ၀တ်ရုံလွှာတွေကို ကြည့်မိရင်း ၀တ်ရုံလွှာမ၀တ်ထားကြတဲ့ တချို့သောလူတွေရဲ့ ပုံရိပ်လွှာကို မြင်ဖြစ်အောင် မြင်လိုက်မိတယ်။ တချို့ကျတော့လည်း ဘာလို့များ ၀တ်ရုံလွှာတွေကို မ၀တ်ထားကြပါလိမ့်။ မိမိကိုယ်တိုင်က ၀တ်ချင်စိတ်မရှိလို့ပေလား.. တပါးသူနဲ့ မတူရလေအောင် မ၀တ်ထားခြင်းပေလား… ၀တ်ထားခြင်းကို မနှစ်သက်လို့ပေလား… လားပေါင်းများစွာ စဉ်းစားရင်းနဲ့…!!!

တချို့ရဲ့ ၀တ်ရုံလွှာတွေကတော့ ကြည့်ကောင်းရုံတင်မက တန်ဖိုးရှိမယ့် ၀တ်ရုံလွှာကောင်းလို့ အထင်ရောက်စေမယ့် ၀တ်ရုံလွှာကြီးတွေနဲ့.။ တချို့ဝတ်ရုံလွှာတွေနဲ့ တချို့ဝတ်ရုံလွှာတွေကတော့ တူညီနေတာကို တွေ့ရပြန်တယ်။ တူညီနေတာက အရောင်အဆင်းလား. တန်ဖိုးလား.. ပုံသဏ္ဍာန်လား… ကြီးမြတ်မှုလား…. အံဝင်နေမှုကြောင့်များလား…… !

တချို့ကျတော့လည်း ၀တ်ရုံလွှာကြီးကို ၀တ်ဆင်ပြီး လွင့်မျော သွားနေတဲ့ တိမ်လွှာနောက်ကို လိုက်လို့.. တချို့ကျတော့လည်း မသေချာ မရေရာတဲ့ လမ်းခရီးနောက်မှာ မျောပါလို့.. တချို့ကျတော့လည်း လွန်ဆန်ခွင့် မရှိတဲ့ အချိန်ကာလနောက်ကို လိုက်ရင်း.... တချို့ကျတော့လည်း မျှော်လင့်ချက် ရေစီးကြောင်းနောက်ကို လိုက်ပါလို့….

တချို့ကတော့ ၀တ်ရုံလွှာကြီးကို တထပ်ပြီးတထပ် ထပ်လို့သာ ၀တ်နေတော့တယ်။ အထပ်ထပ်သော ၀တ်ရုံလွှာကြီးတွေနဲ့ အနေအထိုင် ကျပ်တည်းမယ့် အဖြစ်ကိုလည်း တွေးကြည့်မိပါရဲ့။ ဘာလို့များအထပ်ထပ် ၀တ်နေကြပါလိမ့်။

တပါးသူရဲ့ ရိုးစင်းတဲ့ ၀တ်ရုံလွှာကို မိမိရဲ့ ရိုးစင်းတဲ့ ၀တ်ရုံလွှာနဲ့ ခြယ်မှုန်းပြီး တန်ဖိုးရှိတဲ့ အရာလေးတခု ဖန်တီးခွင့်သာ ရခဲ့မယ်ဆိုရင်ပေါ့.။

လူသားအားလုံးလည်း တပါးသူရဲ့ ၀တ်ရုံလွှာကို မထိခိုက်တဲ့ တန်ဖိုးရှိ ရိုးစင်းလှတဲ့ ၀တ်ရုံလွှာမျိုးကို ၀တ်ဆင်နိုင်ကြဖို့ ရည်သန်မိပါတယ်။

ကျမလည်း ကျမရဲ့ ၀တ်ရုံလွှာကို မသက်မသာ ငုံ့ကြည့်မိလေရဲ့!!!!!

Tuesday, January 11, 2011

သွားပေအုံးတော့ဒီဇင်ဘာရေ…

ဒီဇင်ဘာရဲ့ ဆောင်းညတွေမှာ အေးအေးချမ်းချမ်း နားခိုချင်ပေမယ့် ရိုက်ခတ်နေတဲ့ လေဆန်ခရီးရဲ့ မမျှတနိုင်တဲ့ ရုန်းကန်မှုတွေကြားမှာ ကျမမေ့ပျောက်ခဲ့ရတယ်.။

ဒီလိုပါပဲ စက္ကန့်ကိုမိနစ်စား မိနစ်ကိုနာရီစား နာရီကိုရက်စား ရက်ကိုလစား လကိုနှစ်စားလို့ ပြက္ခဒိန်စာရွက်ရဲ့ နောက်ဆုံးကို ကျမ ငေးမောလွမ်းဆွတ်စွာနဲ့ကြည့်ပြီး နှစ်သစ်ပြက္ခဒိန်ကို ချိတ်မိလိုက်တဲ့အချိန်မှာ အမျိုးအမည် မသိတဲ့ ဝေဒနာလေးတခုက ရင်ထဲကို စူးစူးနစ်နစ် စိုက်ဝင်သွားတော့တယ်.။

ကျမရင်ကို လက်နဲ့ဖိပြီး ခနတာ နားလိုက်တဲ့အချိန်မှာတော့ ပြေးလွှားနေကြတဲ့သူတွေ..၊ အလုပ်လုပ်ရင်း မောနေကြတဲ့သူတွေ၊ လုပ်အားတန်ဖိုးနဲ့မမျှတဲ့ ခွန်အားတွေကို ပေးဆပ်နေရသူတွေ၊ မျှော်လင့်ချက်ကို ရင်မှာပိုက်ပြီး ကြိုးစားနေကြတဲ့သူတွေ၊ မိဘနဲ့ သားသမီးများ ဝေးကွာနေကြသူတွေ၊ လွမ်းမောနေရတဲ့သူတွေ၊ ယုံကြည်ချက်ကို မစွန့်လွှတ်ပဲ အသက်ဆက်နေသူတွေ၊ သစ္စာတရားကို အခြေခံပြီး ခရီးဆက်နေသူတွေ၊ မိမိရဲ့ မမျှတနိုင်တဲ့ အတ္တမာန်တခုတည်းအတွက်ကြောင့် မိမိမဟုတ်တဲ့ သူတပါးတွေအတွက် ကိုယ်စိတ် နှလုံးဆင်းရဲနေရသူတွေ..၊ ………….တွေ အမျိုးမျိုးသော ပုံရိပ်တွေက ရိပ်ကနဲ ရိပ်ကနဲ ပါလားးးးးးးး

မြူတွေဆိုင်းနေပြီး နှင်းဖွဲဖွဲလေးကျနေတဲ့ နေရာလေးတခုမှာတော့ အအေးဒဏ်ကို ခါးသက်ရှတစွာ ခံစားရင်း ပေါ်လာတဲ့ ပုံရိပ်လေးတွေကို နှမြောတသ နာကျင်စွာနဲ့ပဲ ခနတာ ဘေးဖယ်ထားကြည့်လိုက်မိတယ်…။ 

နှင်းဖွဲဖွဲလေးအောက်မှာ ကိုယ်ပေါ်ကိုကပ်ငြိလာတဲ့ နှင်းစက်လေးတွေကို လက်နဲ့တို့ထိ ဖယ်ရှားလိုက်တိုင်း ဘာလို့များ မျက်ရည်စတို့ စွတ်စိုလာမိပါလိမ့်..။ ပျောက်ရှခဲ့ဖူးတဲ့ ရနံ့လေးကြောင့်လား…. ရှုံးနိမ့်ခဲ့ဖူးတဲ့ စစ်ပွဲမှာ ခါးသီးတဲ့ဘ၀ကို မျိုချပစ်ခဲ့ရလို့လား…… သေချာသိနိုင်မယ့် အဖြေတခုက နှင်းတွေထဲမှာပဲ အရည်ပျော်သွားခဲ့ပြီပဲ…။

နှင်းလေးတွေကို ထိတွေ့ခွင့်ရနိုင်သေးသရွေ့ တွေ့ထိချင်တဲ့ ကျမ… ဆောင်းရဲ့ အေးစိမ့်မှုနဲ့အတူ ခိုဝင်နားချင်တဲ့ ကျမ… ရင်ဆိုင်ရတဲ့ ခရီးက ချမ်းအေးပေမယ့် ဒီဇင်ဘာဆောင်းရဲ့ အေးချမ်းလှပတဲ့ အခြားဘက်မှာပေါ့.။

အလေးထားတန်ဖိုးထားခဲ့ရပြီး ၀မ်းသာပီတိနဲ့ ကုန်လွန်ခဲ့ဖူးတဲ့ အချိန်လေးတွေကို နှမြောတသစွာနဲ့ တမ်းတကြေကွဲနေရုံ… အဖြူရောင်အိပ်မက်လေးကို ပြန်လည်တမ်းတရုံ…. နဲ့ မလိုချင်တော့တဲ့ ဒဏ်ရာအပိုင်းအစလေးတွေ… ကို မြူနှင်းတွေကြားမှာ ခြေရာဖျောက်လိုက်ရတော့မယ်..။

သဘာဝတရားကြီးကို လွန်ဆန်ချင်တဲ့ စိတ်တွေနဲ့ မလိုချင်တော့တဲ့ နာရီတွေကိုတော့ ဘာနဲ့လျော်ကြေး သတ်မှတ်ရမှာပါလိမ့်…။

 မြူမှုန်လေးတွေရဲ့ ခြေသံကို ကြားနေရရုံ….နဲ့ အလွမ်းတွေ ရစ်ပတ်နှောင်တွယ်မိတတ်တဲ့ စိတ်လေးတခုကတော့ ခိုနားတွယ်ရစ်နေဖြစ်အုံးမယ် ထင်ပါရဲ့..။ ခိုနားတွယ်ရစ်နေမယ့် စိတ်လေးတခုကို လွတ်လပ်စွာ ပျံသန်းခွင့်ပြုရင်း မြူတွေဆိုင်းနေတဲ့ နှင်းမှုန်မှုန်လေးကြားထဲ ကျမတယောက် လမ်းဆက်လျှောက်နေမိခဲ့တယ်.။