Thursday, February 17, 2011

ချစ်သူသိစေ…

အတိတ်က နေ့လေးတနေ့မှာ နှလုံးသားထဲမှာရှိတဲ့ အတိုင်း အသံတိတ်နဲ့ ရိုးသားစွာ ဝန်ခံခဲ့ဖူးတယ်။

ကောင်းကင်ပြင်ကို မော့ကြည့်လိုက်တော့ မှိတ်တုတ်မှိတ်တုတ် လက်နေရှာတဲ့ ကြယ်လေးကလွဲလို့ ပကတိညိုမည်း နေလိုက်တာ။ ဒီအချိန် ချစ်သူ နားခိုရာ နေရာလေးမှာလည်း ခုလိုပဲ တူညီတဲ့ ကောင်းကင် ညိုမှောင်မှောင်ကြီးပဲ အုပ်မိုးထားနေမှာပဲ ဆိုတာ တွေးရင်း တောင်ပံဖြန့်ကျက်လို့ နှလုံးသားချင်း နီးနေခဲ့တယ်..။

ချစ်သူကရော ဘာတွေကိုတွေးတော နေမှာပါလိမ့်..။

ဘဝတကွေ့မှာ သင်ကြားခဲ့ရတဲ့ ပညာရေး ခန်းမကြီးထဲမှာ မေးခွန်းတွေကို ခက်ခဲစွာနဲ့ အတူဖြေဆိုခဲ့ကြတဲ့ နေ့တွေကိုလား…. လက်တွေ့ခန်းမထဲမှာ အရောင်မပြောင်းလဲခြင်းကို ရှာဖွေခဲ့ရတဲ့ နေ့ရက်တွေကိုလား…. ချစ်သူကိုယ်တိုင် ပေးခဲ့ဖူးတဲ့ အရာလေးတခုလား…… ဒါမှမဟုတ် ချစ်သူရခဲ့ဖူးတဲ့ မြတ်နိုးစရာ အရာလေးတခုလား…….. မျက်ဝန်းလေးထဲမှာ အမှတ်မထင် တွေ့ခဲ့ဖူးတဲ့ ကြင်နာခြင်း အရိပ်အယောင်လား……… အေးချမ်းဖွယ် ကံ့ကော်ရွာလေးထဲက လက်ဖက်ရည် ချိုပေါ့ကျ တခွက်ကိုလား…….

ရေတမာပင်လေးတွေ တန်းစီနေတဲ့ ရှည်လျားတဲ့လမ်းလေးမှာ ဘယ်တော့မှ ပျောက်ကွယ် မသွားမယ့် ခြေရာလေးတွေ... ရှိနေအုံးမယ်ထင်ပါရဲ့.....။

ချိုမြိန်တဲ့ စကားသံလေးတွေကို ကျေးဌက်လေးတွေက မှတ်မိ တေးဆိုနေမယ့် တေးဆိုသံလေးတွေကိုလည်း ကြားယောင်တုန်းပါ ချစ်သူ....။

ချစ်သူရဲ့ အပြုံးလေးကို တမ်းတလိုက်တိုင်း ကြည်နူးမှုနဲ့ အလွမ်းတို့ ပေါင်းစပ်ဖွဲ့သီလို့…..

ချစ်သူဝါသနာပါရာမှာ ကျမရဲ့ အားပေးမှုက ချစ်သူအတွက် အင်အားတရပ် အဖြစ် ရပ်တည်ခွင့် ရခဲ့တာကို ပြန်လည်တွေးတောရုံ တွေးတောမိတဲ့အခိုက် ဘေးနားကို ငဲ့ကြည့်လိုက်တော့ ဗလာ ……. သက်သက် ….......။

ကောင်းကင်အမိုးကြီး တခုထဲအောက်မှာ မတူညီတဲ့ ခေါင်းစဉ်တွေနဲ့ လွင့်မြောနေကြရပေမယ့် တချို့သော တူညီမှုတွေရဲ့ အောက်မှာတော့ ထပ်တူကျခဲ့ဖူးပါတယ်.။

~~~~~~~~~~~~

နံနက်ခင်းရဲ့ လေနုအေးက ကျမရဲ့ ဆံနွယ်လေးတွေကို တိုးဝှေ့လာတိုင်း ချစ်သူနဲ့ ပက်သက်တဲ့ အတွေးတွေကလည်း လွင့်ပျံ့လာခဲ့တာကိုတော့ ချစ်သူနားလည်နိုင်မယ်ထင်ပါရဲ့။ ချစ်သူ မကြားနိုင်ပေမယ့်.. ချစ်သူ မမြင်နိုင်ပေမယ့်…. ကျမကတော့ စကားတွေ အများကြီးပြောနေမိတယ်.။ ကျမရဲ့ဝန်ခံမှုကို ချစ်သူသိနိုင်ဖို့ ခပ်တိုးတိုး ရေရွတ်သံလေးက လေနဲ့အတူ ပါမသွားခဲ့ပါဘူး..။

ရေရွတ်မိတဲ့ စကားသံလေးကို မြတ်နိုးနှစ်ခြိုက်စွာနဲ့ ပုံဖေါ်နေပေမယ့် အဆစ်အပိုင်းလေးတခုအဖြစ် ပိုင်းခြားတတ်အောင် ကျမလေ့ကျင့်တတ်ခဲ့ပြီနဲ့ တူပါရဲ့…။

ခြေချခွင့်မရတော့တဲ့ ချစ်သူရဲ့ နယ်မြေက အငွေ့အသက် ရနံ့လေးတခုကို တေးသီချင်းအဖြစ် နာကျင်စွာ ဟစ်ကြွေး သီဆိုရင်း ရင်ထဲမှာတော့ ငိုကြွေးနေခဲ့ရပြီ ချစ်သူ….။

နှလုံးသားထဲက ရိုးသားစွာနဲ့ ချွေချလိုက်တဲ့ နှလုံးသွေးစက်တွေကတဆင့် ပြိုကျလာတဲ့ မျက်ရည်စက်လေးတွေကိုတော့ ခေါင်းအုံးလေးက သက်သေထူနေလေရဲ့ ချစ်သူ…………!!!

Wednesday, February 9, 2011

အပေးအယူ

တခါတရံမှာ သိပ်ကို အပေးအယူဆန်တဲ့ ဝန်းကျင်လေးတခုကို အမှတ်မထင်ပဲဖြစ်ဖြစ်၊ အမှတ်ထင်ထင်ပဲဖြစ်ဖြစ် ပြုမူဖြစ်ခဲ့ကြတယ်။

တဦးကတဦးကို တစုံတခုသော အတိုင်းအတာ… တစုံတခုသော သက်မဲ့ပစ္စည်း…. တစုံတခုသော ပေးဆပ်မှုတွေကြောင့် တဖန်ပြန်လို့ ယူရမယ့် သဘောက အပေးအယူ ဝတ္တရားဆန်နေသလို ဖြစ်နေပါ့လား။

တချို့ကတော့ ကိုယ်ကပေးတာထက် အဆများစွာကို ပြန်လိုချင်သူ.. ဒါမှမဟုတ် ကိုယ်ပေးသလောက်ပဲ ပြန်လိုချင်သူ… ကိုယ်ဒါပေးလို့ ဒါပဲပြန်လိုချင်သူ…တွေလည်း ရှိလေရဲ့…။

တချို့ကတော့ ကိုယ့်ကိုပေးတာထက် ပိုလို့ပြန်ပေးချင်သူ… ကိုယ့်ကိုမပေးခဲ့ရင်လည်း ကိုယ်ကပေးချင်နေသူ..တွေလည်း ရှိရဲ့..။

တကယ်ဆို တစုံတခုကို ပေးတယ်ဆိုထဲက တစုံတခုကို ပြန်လိုချင်သူတွေပါပဲ.. ဒါကိုပဲ လောကရဲ့ သဘာဝတရားကြီးပါလို့ ဇွတ်မှိတ် သတ်မှတ်လိုက်ရတော့မှာလား.။

ပေးတယ်ဆိုတာ တပါးသူအတွက် အချိန်လား.. ပစ္စည်းဥစ္စာလား.. ပညာလား… မျက်စိနဲ့ မမြင်နိုင်ပေမယ့် ရင်နဲ့ရင်းပြီး ပေးဖြစ်ခဲ့တဲ့ ချစ်ခြင်းမေတ္တာလား.. ယုံကြည်မှုလား.. နားလည်မှုလား.. သစ္စာတရားလား..။

တပါးသူကို ပေးလိုက်တဲ့ အရာတခုအတွက်နဲ့ တန်ဖိုးတူ အရာတခုကို ပြန်လိုချင်တဲ့ စိတ်တွေနဲ့ မျှော်လင့်ရတဲ့ ပင်ပန်းမှုဒဏ်ကိုလည်း တွေ့ကြုံနေကြရတာပဲလေ.။ ဒါမှမဟုတ် တပါးသူဆီက အကျိုးအမြတ် တစုံတရာကို ရယူလိုဇောနဲ့ ကိုယ်ကအရင် တစုံတရာကို ပေးခဲ့တာကရော စစ်မှန်တဲ့ စေတနာဖြစ်နိုင်ပါ့မလား။ ကိုယ်က ဦးစွာ ပေးခဲ့တဲ့ အရာတခုအပေါ်မှာ တန်ပြန်လိုချင်မှု မရှိတဲ့ စိတ်လေးသာ ဆုပ်ကိုင်ထားနိုင်ရင် အကောင်းသားပေါ့..။

လူတဦးကတဦးအပေါ်မှာ ပေးခဲ့ကြတဲ့ မျက်စိနဲ့မြင်ရတဲ့ အရာပဲဖြစ်ဖြစ်၊ မျက်စိနဲ့မမြင်နိုင်တဲ့ အရာပဲဖြစ်ဖြစ် အရာတခုရဲ့ နောက်ကွယ်မှာ စေတနာတွေ မေတ္တာတွေ ကပ်ငြိပါလာကြမှာပါ။ ကပ်ငြိနေတဲ့ မေတ္တာတရား. ကရုဏာတရားတွေပေါ်မှာ မျှော်လင့်ချက်၊ နှောင်ကြိုးတွေ.. တုံ့ပြန်မှု အတုံအလှည့်တွေသာ မထားရှိခဲ့ရင် သိပ်ကို အေးချမ်းသာယာတဲ့ အလှတရာလေး တွေနဲ့ ပြည့်နှက်နေမယ့် ဝန်းကျင်လေးတခု ရှင်သန်လာမှာပါ။

ကိုယ်ပေးခဲ့တဲ့ အပေးတခုအပေါ်မှာ ပြန်လို့ရယူလိုစိတ် မရှိခဲ့ကြရင်. ကိုယ်ရယူခဲ့တဲ့ အယူတခု အပေါ်မှာ ပြန်လို့ ပေးကိုပေးရမယ်ဆိုတဲ့ စိတ်နဲ့ ဝန်ပိမနေစေခဲ့မယ်ဆိုရင်လည်း…. လူသား တဦးရဲ့စိတ် ပေါ့ပါးလန်းဆန်း သွားစေရဲ့…။

စစ်မှန်တဲ့ စေတနာ မေတ္တာတွေပါတဲ့ ပေးဆပ်မှု တခုအပေါ်မှာ ပြန်ရယူလိုစိတ် စိုးစဉ်းမျှ မရှိခဲ့ကြတာကရော ဘယ်လို အကြောင်းကြောင့်ပါလိမ့်.။ ပြန်ရယူလိုစိတ် မရှိခဲ့တဲ့ အရင်းခံစိတ်လေးကို နားလည်ပေးနိုင်ခဲ့ရင် ပေးဆပ်ခဲ့တဲ့ ပေးဆပ်မှု အတွက် ကျေနပ်နေမှာအမှန်ပါ..။

အနှောင်အဖွဲ့မပါတဲ့ စေတနာ… ချစ်ခြင်းမေတ္တာတွေပါတဲ့ ပေးဆပ်မှုတခု.. သိတတ်မှုတခု.အပေါ်မှာ ရယူခဲ့တဲ့ သူရဲ့ ရိုးသားမှုကသာ အခရာ မဟုတ်ပါလား…!

အပေးအယူတွေနဲ့ ပြည့်နှက်နေတဲ့ ဝန်းကျင်လေးထဲကနေ ထွက်ပြေးလွတ်မြောက်ချင်မိတယ်.။