Friday, January 29, 2010

ပျော်ရွှင်မှုဟာ သင်နဲ့ အတူ အမြဲတမ်း ရှိနေမှာပါ…

တနေ့မှာ…….. ခြင်္သေ့လေး တကောင်က သူ့အမေ ကို `ပျော်ရွှင်မှု ဟာ ဘယ်နေရာ မှာ ရှိလဲ´ ဆိုပြီး မေးခွန်းလေး မေးလိုက်ပါတယ်။ ခြင်္သေ့လေး ရဲ့ အမေက `မင်းရဲ့ နောက်မှာ ကပ်ပြီး ရှိနေတယ်´ လို့ ပြန်ဖြေလိုက်တယ်။ အဲဒါနဲ့ ခြင်္သေ့လေး က သူ့ရဲ့ အမြီးနောက်ကနေ ထပ်ကျပ်မကွာ ကပ်ပြီး လိုက်ရှာ နေခဲ့တယ်။ ဒါပေမဲ့လည်း တနေ့လုံး ကြိုးစားပြီး လိုက်ရှာ တာတောင် သူ့ရဲ့ နောက်မှာ ရှိနေတဲ့ ပျော်ရွှင်မှု ကို မတွေ့ခဲ့ရပါဘူး။ ခြင်္သေ့လေးက သူ့အမေ ကို ပျော်ရွှင်မှု ကို မတွေ့တဲ့ အကြောင်း ပြန်ပြောခဲ့တယ်။ သူ့အမေက ပြုံးပြီး ပြန်ဖြေ လိုက်တာက `မင်းရဲ့ ပျော်ရွှင်မှု နောက်ကို ထပ်ကျပ် မကွာ လိုက်စရာ မလိုပါဘူးကွယ်… မင်းဟာ မင်းရဲ့ ရှေ့ ကိုပဲ လှုပ်ရှား သွားလာ နေရမယ်… အဲဒီအခါ မင်းရဲ့ ပျော်ရွှင်မှု ဟာ မင်းနဲ့အတူ ရှိနေမှာပါ…´ တဲ့။ အားလုံး ဟာ မင်းရဲ့ ပျော်ရွှင်မှု ကို ဖြစ်စေ ချင်ကြမှာပါ။
မင်းဟာ ဘ၀ တလျှောက်လုံးကို မဆုံးဖြတ် နိုင်ပေမဲ့ ဘ၀မှာ ဘယ်လို နေချင်လဲ ဆိုတာ ကိုတော့ ထိန်းချုပ် နိုင်မှာပါ…..

မင်းဟာ ခက်ခဲတဲ့ အခြေအနေကို အောင်မြင်အောင် မဖြေရှင်း နိုင်ပေမဲ့ မင်းရဲ့  စိတ်ကိုတော့ ထိန်းချုပ် နိုင်မှာပါ…..

မင်းဟာ မင်းရဲ့  သွင်ပြင် လက္ခဏာကို မထိန်းချုပ် နိုင်ပေမဲ့ မင်းကို မင်းတော့ ထိန်းချုပ် နိုင်မှာပါ…..

မင်းဟာ မနက်ဖန် ကို ကြိုမမြင် နိုင်ပေမဲ့ ဒီနေ့မှာ စဉ်းစဉ်း စားစား အသုံးချ နိုင်မှာပါ.....

မင်းဟာ အရာရာတိုင်းမှာ မအောင်မြင် နိုင်ပေမဲ့ အရာရာတိုင်းကို အောင်မြင်ဖို့ အကောင်းဆုံး ကြိုးစား နိုင်မှာပါ.....

လူတိုင်း လူတိုင်းဟာ နေ့စဉ် ဘ၀ကို အသေအချာ ရင်ဆိုင်ဖို့ မျှော်လင့် ကြသလို အမြဲတမ်း ပျော်ရွှင်ဖို့ လည်း မျှော်လင့် ကြပါတယ်…..။

ပျော်ရွှင်မှု ဟာ မိမိနဲ့ အတူ အမြဲ ရှိနေမှာပါ။ မိမိရဲ့  အလုပ်၊ မိမိရဲ့  တာဝန် တွေနဲ့ ရှေ့ ကို အကောင်းဆုံး လုပ်ဆောင် သွားနိုင်မယ် ဆိုရင် ပျော်ရွှင်မှု ဆိုတာ ရှိနေမှာပါနော်.....။

www.funzug.comမှ ဘာသာပြန်သည်။

Thursday, January 28, 2010

မနက်ဖန်ဆိုတာ သိပ်ကို နောက်ကျသွားနိုင်တယ်

မင်းဟာ တယောက်ယောက် နဲ့ စိတ်ဆိုးခဲ့မယ် ဆိုရင်…. အဲဒီ အနေအထား ကို ဘယ်သူမှ မပြင်ကြပါဘူး။ မင်းက ပြင်လိုက်ပါ။ ဒီနေ့ ပြင်လိုက်ရင် သူဟာ မင်းရဲ့ သူငယ်ချင်း ဖြစ်ချင် ဖြစ်သွားမှာပါ။ အဲလိုမှ မလုပ်ခဲ့ရင် မနက်ဖန် ဆိုတာ သိပ်ကို နောက်ကျ သွားနိုင်ပါတယ်။

သင်ဟာ တယောက်ယောက် ကို ချစ်ကြိုက် နေတယ် ဆိုရင်……. ဒါပေမဲ့ သူ့ကို ချစ်နေတာကို မသိဘူး ဆိုရင်……. သူ့ကို သိအောင် ပြောပြလိုက်ပါ။ ဒီနေ့ သူ့ကို ချစ်တယ်လို့ ပြောဖို့ ဖြစ်နိုင်စရာ ရှိပါတယ်။ ချစ်တယ်လို့ မပြောဖြစ်ခဲ့ရင် မနက်ဖန် ဆိုတာ သိပ်ကို နောက်ကျ သွားနိုင်ပါတယ်။

သင်ဟာ သင့်ကို မေ့မေ့ လျော့လျော့ ဖြစ်နေတဲ့ သူကို ချစ်ကြိုက် နေတယ် ဆိုရင်……. သူ့ကို ထုတ်ပြော လိုက်ပါ။

သူဟာ သင့်ကို ချစ်သွားနိုင်ပါတယ်။ ဒီနေ့ ဖွင့်မပြောဖြစ်ခဲ့ရင် မနက်ဖန် ဆိုတာ သိပ်ကို နောက်ကျ သွားနိုင်ပါတယ်။

သူငယ်ချင်း ကို ပွေ့ဖက်ဖို့ လိုအပ်ခဲ့ရင်……. သူငယ်ချင်းကို ပွေ့ဖက်ချင်တဲ့ အကြောင်း မေတ္တာရပ်ခံ တောင်းဆိုပါ။

သူတို့ဟာ သင်လုပ်တာထက် ပိုပြီး ရင်းနှီးဖို့ လိုအပ်ချင် လိုအပ် နေမှာပါ။ ဒီနေ့ သင် ပွေ့ဖက်ဖို့ မတောင်းဆိုခဲ့ရင် မနက်ဖန် ဆိုတာ သိပ်ကို နောက်ကျ သွားနိုင်ပါတယ်။

ကျေးဇူး ရှိတဲ့ သူငယ်ချင်းတွေ ရှိခဲ့ရင်…. ကျေးဇူးတင်ကြောင်း ပြောပြပါ။ သူတို့ကလည်း သင့်ကို ကောင်းကောင်း ကျေးဇူးတင်မှာပါ။ အဲလိုမှ မလုပ်ခဲ့ရင် သူတို့ ဒီနေ့ အဝေးကို ထွက်သွားမယ်ဆို မနက်ဖန် ဆိုတာ သိပ်ကို နောက်ကျ သွားနိုင်ပါတယ်။

သင်ဟာ သင့်မိဘ တွေကို ချစ်ရင်... သင့်မိဘတွေ ကို ချစ်ကြောင်း ပြသပါ။ ပြသဖို့ အခွင့်အရေး မရှိခဲ့ဘူး ဆိုရင်… အခွင့်အရေး ရှိအောင် လုပ်ပါ။ သင့်ရဲ့  မိဘတွေကို ပြဖို့ သင့်မှာ ခံစားချက် ရှိချင် ရှိနိုင်ပါတယ်။ အဲလိုမှ မပြခဲ့ရင် ဒါမှမဟုတ် ဒီနေ့ သင့်မိဘ တွေ ထွက်သွားခဲ့ရင် မနက်ဖန် ဆိုတာ သိပ်ကို နောက်ကျ သွားနိုင်ပါတယ်။

`ဒီနေ့ လုပ်ရမဲ့ အလုပ်ကို မနက်ဖန်ကို မရွှေ့ ပါနဲ့တဲ့´ ။

ဒါကြောင့် ဒီနေ့ လုပ်နိုင်တဲ့ အလုပ်ကို အခုပဲ လုပ်လိုက်တာ အကောင်းဆုံး လို့ ထင်မိပါတယ်။ အချိန် ရွှေ့ လိုက် ရင် ပြောင်းလဲ သွားနိုင် တယ်လေ။ တချို့ လုပ်ရမဲ့ အလုပ်တွေ ဟာ မနက်ဖန်ကို ရွှေ့ လိုက်လို့ မလိုလားတဲ့ ဆုံးရှုံးမှု တွေ ရသွား တတ်ကြတယ်။ ဘယ်အရာ မဆို မနက်ဖန် ဆိုတာကို ရွှေ့ မနေပဲ ဒီနေ့ပဲ လုပ်လိုက်တာ ကောင်းပါတယ်။ တချို့  အရေးတကြီး ပြောရမဲ့ စကားတွေ ကလည်း မနက်ဖန် ကို ရွှေ့လိုက်တဲ့ အတွက် စိတ်ဒဏ်ရာ၊ အနာတရ တွေ ဖြစ်သွားနိုင်ပါတယ်။

မနက်ဖန် ဆိုတာ ကို မရွှေ့ပဲ ဒီနေ့ပဲ ပြောသင့်တာတွေ ၊ လုပ်သင့်တာတွေ ကို တွေဝေ မနေပဲ စိတ်အား ထက်ထက် သန်သန်နဲ့ ပြောဆို လုပ်ကိုင် နိုင်ပြီး အောင်မြင်မှု တွေနဲ့ ပျော်ရွှင်မှု ပန်းတိုင်ကို လျှောက်လှမ်း နိုင်ကြပါစေနော်..........။
www.funzug.com မှ ဘာသာပြန်သည်။

Saturday, January 23, 2010

ဒိုင်ယာရီဟောင်း

မောင်… ဒီနေ့ ဘာလို့ နောက်ကျနေတာလဲ……!

မောင် ဒီနေ့ အတန်းချိန် အပြည့် တက်နေလို့ပါကွာ…။ မနက်ဖန် စောစော လာခဲ့ပါ့မယ်။ ပြီးရော..။ အမြဲတမ်းလိုလို နောက်ကျ တက်တဲ့ မောင့်ကို ကျမ ကလည်း ခွင့်လွှတ် နေကြပါ။

မောင်က ကျမအိမ်ရဲ့ ဘေးနားက အိမ်မှာ လာနေတာပါ။ ဘေးနားက အိမ်က ကောင်လေးက တဦးတည်းသော သားပါ။

မောင်က ကျမအိမ်ဘေးက ကောင်လေးရဲ့ သူငယ်ချင်းပေါ့။ မောင်က နယ်ကမို့လို့ ဘေးနားက ကောင်လေးအိမ်မှာ လာနေတာ။ သူတို့က အင်ဂျင်နီယာ တက်နေသူ တွေမို့လို့ စာတွေ များပါတယ်။ တခါတရံ ကျမ စာမေးပွဲနဲ့ မောင်တို့ရဲ့ စာမေးပွဲက တိုက်ဆိုင် နေတတ်ပြန်တယ်လေ။ မအိပ်ပဲ စာလုပ် နေကြတဲ့ မောင်တို့ သူငယ်ချင်း တွေ ဆူဆူ ညံညံ နဲ့ပေါ့။

မောင်ဟာ သူများအိမ်မှာ မျက်နှာငယ်ငယ်နဲ့ နေနေရတာပါ။ ကျမက မောင့်ကိုကြည့်ပြီး စိတ်မကောင်း ဖြစ်နေကျပေါ။့ တခါတရံ မှာတော့ မောင်နေတဲ့ အိမ်က မောင့် သူငယ်ချင်း အမေရဲ့ ပြောဆိုမှု တွေကို ကြည့်ပြီးလည်း စိတ်မကောင်း ဖြစ်ရပါတယ် မောင်….။

ဒါဟာလည်း ကျမ မောင့်ကို ချစ်ဖို့အတွက် ဖြစ်လာတဲ့ အကြောင်း တရပ်များ ဖြစ်နေမလား မောင် …………….။

တဖြည်းဖြည်းနဲ့ ကျမဟာ မောင့် ကို အခွင့်အရေးတွေ ပေးမိနေတယ်။

တနေ့ မောင်က ကျမကို ချစ်ခွင့် ပန်လာပါတယ်။ သူငယ်ချင်းတွေကို ဒီအကြောင်း ပြောပြတော့ သူငယ်ချင်းတွေက သဘောမတူ ကြဘူးလေ။ နယ်ကမို့လို့ သူ့အကြောင်းလဲ မသိဘူးတဲ့။ ကျမ ကတော့ ဘယ်သူတွေ ဘာပြောပြော မောင့်ကို ချစ်ဖို့ ဆုံးဖြတ်ခဲ့တယ်။

မောင်နဲ့ ကျမ ချစ်သူတွေ ဖြစ်ပြီးတော့လည်း သူငယ်ချင်းတွေက ဘာမှ မပြောကြ တော့ပါဘူး။ သူငယ်ချင်းကို ကြည့်ပြီး သူချစ်တဲ့သူနဲ့ ဆိုတော့လည်း စိတ်ချမ်းသာ ပါစေဆိုပြီး ကျမကို အပြစ် မပြောကြတော့ပါဘူး။

နယ်ကဖြစ်တဲ့ မောင့်ကို မိဝေး ဖဝေးနဲ့ မို့လို့ ကျမကပဲ တော်တော် များများ စိတ်ပူပန် ပေးခဲ့ပြီး သူ့အတွက် အစစ အရာရာ လုပ်ပေးခဲ့တယ်။ ကျမကတော့ မောပန်းတယ်လို့ မထင်ပဲ ချစ်တဲ့ စိတ်တခုတည်းနဲ့ ရိုးရိုး သားသား လုပ်ပေးခဲ့တယ်…….မောင်....။

`မောင်……….. ကျမကို တကယ် ချစ်ရဲ့လားလို့ မေးတော့ မောင်က ချစ်တာပေါ့တဲ့…..´ ကျမမှာ မောင့်ကို ကြည့်ပြီး ကြည်ကြည် နူးနူး ကျေနပ် နေခဲ့တာပေါ့………..။

မောင်နဲ့ ပက်သက် သမျှဟာ ကျမနဲ့ ပက်သက် နေသလို…………..၊

အရာရာဟာ ကျမ ရင်ထဲမှာ အလိုအလျောက် ပေါ်လာ နေမြဲပဲ…………………။

မောင့်ရဲ့ သံစဉ်ဟာ ကျမရဲ့ သံစဉ် ပါပဲ………………..။

မောင့်ရဲ့ ဘ၀ဟာ ကျမရဲ့ ဘ၀ ပါပဲ…………..။

ကျမ ရူးသွပ်စွာနဲ့ မောင့်ကို ချစ်ခဲ့ တာပါ…………။

ကျမဟာ မိုက်မဲသူ တယောက်များ ဖြစ်သွားပြီလား……………။

ဘာပဲဖြစ်ဖြစ် မောင်ဟာ ကျမအတွက်တော့ အကောင်းဆုံး အဖေါ်မွန် ပါပဲ………။

မောင်နဲ့ ကျမ ကျောင်းပြီးရင် လက်ထပ်ဖို့ ဆုံးဖြတ်ထားတော့ ကျမကပဲ အစစ ပူပန်နေမိသေး………။ သူ့ကို ကြည့်တော့ သူ့ ၀သီလား……… အေးစက်စက် ……..!!!

ကျောင်းပြီးရင် အလုပ်တခု လုပ်ဖို့ ကျမကပဲ မောင့်အတွက် ရှာဖွေနေမိသေး……၊

မောင် နောက်ဆုံးနှစ် စာမေးပွဲ ဖြေပြီးတော့ ကျမက စာမေးပွဲ မပြီးသေးဘူးလေ….၊ ဒီအကြောင်းအရာက မောင်နဲ့ကျမ ဝေးကွာသွားအောင် လုပ်ခဲ့တဲ့ အခြေအနေ များလား!!!!!

မောင်က စာမေးပွဲ ဖြေပြီးတော့ ကျမကို ချက်ချင်း လက်ထပ်ဖို့ ပြောခဲ့သေးတာပဲ………၊

ဟင့်အင်း……… ကျမ လက်မထပ် နိုင်သေးဘူးမောင်……..၊ အခြေအနေ တခုကိုတော့ စောင့်ရမှာပေါ့…….။ ကျမ စာမေးပွဲ မပြီးသေးဘူးလေ…….. မောင်. ကျမကို နားလည်ပေးပါ……..။

ကျမ စာမေးပွဲ မပြီးခင် မောင်က နယ်ကို ခဏ ပြန်မယ်ဆိုပြီး ပြန်သွားခဲ့ပါတယ်…၊ အဲဒီနေ့ဟာ မောင်နဲ့ကျမ နောက်ဆုံး တွေ့ခဲ့ရတဲ့ ရက်မှန်း သိခဲ့ရင် ကျမမောင့်ကို သွားခွင့်ပြုခဲ့မှာ မဟုတ်ပါဘူး……….မောင်။

မောင် ပြန်လာမဲ့ ရက်ကို စောင့်ရင်း….. တနေ့မှာတော့ ကျမ သတင်း တခုကို ကြားလိုက် ရတယ်လေ။ အဲဒါ ကတော့ မောင်တို့ မြို့ က …. မိန်းကလေး တယောက်နဲ့ မောင် လက်ထပ် သွားပြီတဲ့ ……. !!!!

ကျမ မယုံကြည်ဘူး……မောင်။

ဘာကြောင့်လဲ…….. ကျမကို ထားခဲ့ပြီး တခြား မိန်းကလေး တယောက်နဲ့ လက်ထပ် သွားရလောက်အောင် မောင်ကျမကို မရက်စက် လောက်ပါဘူး…။

တဒင်္ဂ ငြိမ်သက်သွားတဲ့ ကျမ….

ပါးပြင်ပေါ်ကို အလိုလို ကျလာတဲ့ မျက်ရည်……….

မဖြစ်နိုင်ပါဘူး လို့ ရူးသွပ်စွာ ခေါင်းရမ်းခဲ့တဲ့ ကျမ………

ကျမကိုယ် ကျမ ဘယ်လောက် ထိန်းချုပ် ထားနိုင်မှာလဲ………

တခြား မိန်းကလေး နဲ့ လက်ထပ်မယ် ဆိုရင်လည်း ကျမကိုတော့ ရှင်းပြအုံးမှပေါ့……..ဆိုပြီး တွေဝေ နေသေးတဲ့ ကျမ…….

ဒီအချိန်ဆို မောင် ဘာတွေများ လုပ်နေမလဲလို့ စဉ်းစား နေသေးတဲ့ ကျမ……..

မောင့် ကို မမေ့နိုင်ပဲ ဘာဖြစ်လို့များ ကျမ ခေါင်းထဲ ၀င်နေသေးတာ ပါလိမ့်လို့လည်း တွေးမိနေသေးတယ်..။ အော်……… လက်ထပ် သွားပြီးတဲ့ လူတယောက်ကို စဉ်းစားလို့ မသင့်တော် တော့ပါဘူး။

အခုတော့ ကျမကို ထားခဲ့ပြီး သူကတော့ တခြား တယောက်ရဲ့ ရင်ခွင်မှာ ပျော်မွေ့ နေလောက်ပါပြီလေ။

သူဆိုခဲ့တဲ့ ရှတတ သီချင်းသံ တွေလည်း ခုချိန်မှာတော့ ခါးသက် နေလိုက်တာ …………..

နာကျည်းစရာ တွေနဲ့ ကျမကို ထားသွားခဲ့တဲ့ သူ့ကို……….

ရင်ထဲမှာ ဒဏ်ရာ တွေနဲ့ ထားခဲ့တဲ့ သူ့ကို………

ကိုယ်တိုင် ရွေးချယ်ပြီး လျှောက်လှမ်း သွားခဲ့တဲ့ သူ့ကို…..

တချိန် မှာတော့ မုန်းမေ့နိုင်ကောင်းပါရဲ့………………..။

သေချာတာ တခုကတော့ ဒိုင်ယာရီဟောင်း တခုကို စုတ်ဖြဲ လွှင့်ပစ် လိုက်ဖို့ ကျမကို အင်အားသစ် တွေက မွေးဖွား ပေးလိုက်ပြီ !!!!!!!!!

Thursday, January 21, 2010

ပြန်လိုချင်တယ်…….

ခုချိန်မှာ ဘာကို လိုချင်သလဲ ဆိုရင် ငယ်ဘ၀ကို ပြန်လိုချင်တယ် လို့ ပြောရမယ်။ ဟုတ်တယ်….. တခါ တရံ ငယ်ငယ် တုန်းက ဘ၀ ကို ပြန်တမ်းတပြီး ပြန်မရတော့မှန်း သိပေမဲ့လည်း ပြန်လိုချင်မိတယ်။

ကျမ မှတ်မိနေတာ ကတော့ ကျမ ကျောင်းစ မတက်ခင် အရမ်း ဖျားလို့ ဆေးသောက်နေရင်း ဆေးနဲ့ မတည့်လို့ ဆေးရုံ ရောက်သွားရတယ်။ ကျောက်ကပ်က သွေးကြောလေးတွေ ပေါက်သွားတယ်တဲ့။ အဲဒီ မြင်ကွင်းလေး ကို အခုထိ မြင်ယောက် မှတ်မိ နေတုန်းပဲ…။ ကံကောင်းတယ်ပဲ ပြောရမလား ကျမ အသက် ဆက်ရှင်ခွင့် ရလိုက်တယ်။ ကလေးဆေးရုံ အရေးပေါ် ခန်းထဲမှာပဲ တပတ်လောက် နေခဲ့ရတယ်တဲ့။ ကျမ အမေက အရေးပေါ် ခန်းထဲမှာ နေတုန်းကဆိုရင် စိတ်မချလို့ နေ့ရော ညရော မအိပ်ခဲ့ဘူးတဲ့။ အိပ်နေတုန်း တခုခု ဖြစ်သွားမှာ ကြောက်လို့တဲ့လေ။ ကျမ တကိုယ်လုံး ပိုက်တွေ ဆိုတာ…….။ သွေးသွင်း၊ ဆေးသွင်း၊ နှာခေါင်း ထဲမှာလည်း အစာသွင်းထားတဲ့ ပိုက်ကြီးနဲ့ ကျမလေ နေရ ခက်လိုက်တာ…။ အဲဒီ အချိန်တုန်းက မြင်ကွင်း ကတော့ မှတ်မှတ်ရရ ပါပဲ။ နောက် နေကောင်းပြီး ဆေးရုံက ဆင်းခါနီး ဘာစားချင်လဲလို့ မေးတော့ ကျမ အကျယ်ကြီး ဖြေလိုက်တာက လိမ္မော်သီး စားချင်တယ်တဲ့။ ကျမကို လိမ္မော်သီး ခြင်းလိုက်ဝယ်ပြီး ဘေးနားမှာ ထားပေး ထားတာကိုလည်း မှတ်မိ နေတုန်းပဲ…။

နောက် ကျမ သူငယ်တန်း ကျောင်းစတက်တော့ ကျောင်းကနေ ထွက်ထွက် ပြေးတာကို အမှတ်ရတယ်။ ဘာလို့လဲ ဆိုတော့ အမေနဲ့ တခါမှ မခွဲဘူးတော့ အမေ့နောက်ကို ပြန်လိုက်တာ။ ကျမ အဖေ က ကျမတို့ မောင်နှမတွေကို မူကြို မထားခဲ့ပါဘူး။ အိမ်မှာ ငါးနှစ်ပဲ နေရမှာမို့လို့ အေးအေး ဆေးဆေး နေပါစေတဲ့။ ဒါကြောင့် သူငယ်တန်း စတက်တော့ သူများ ကလေးတွေက အေးဆေး ဖြစ်နေတဲ့ အချိန်မှာ ကျမက အရမ်း ၀မ်းနည်း ခဲ့ရတယ်။ အဲဒီ အချိန်က စပြီး ဝေးကွာခြင်း ဆိုတာ ကို စပြီး ခံစား လိုက်ရသလို ပါပဲ……. ။ တခါ တလေ ကျောင်းကနေ အပြန်မှာ မိုးတွေရွာလို့ ကျမ အဖေရဲ့ ကျောကုန်းမှာ လိုက်ပြီး လာခဲ့ရတာကိုလည်း အခုနေ လွမ်းမိတယ်…….။

ဘာပဲဖြစ်ဖြစ် ကလေးဘ၀ တုန်းက ဘာအပူအပင်မှ မရှိတော့ ပျော်စရာ တွေနဲ့ပေါ့။ အိမ်မှာ မောင်နှမတွေ ကျောင်းပိတ်ရက် ဆို ကစားကြ၊ စားကြ၊ စကားနိုင် လုကြနဲ့။ ကျမတို့ မောင်နှမတွေကို အဖိုးက အိမ်ပြင် ထွက်ပြီး မကစားရပါဘူး။ ကိုယ့်ခြံထဲမှာပဲ ကစားကြ ရပါတယ်။ တခါတရံ မှာတော့ မောင်နှမ ၀မ်းကွဲ နှစ်ယောက် လာလည် တတ်ပါတယ်။ သူတို့ကလည်း သိပ်ကို လာခဲပါတယ်လေ။ လာခဲ့ရင်လည်း ပျော်ပြီး မပြန်ချင်လို့ အိမ်ပြန်ခါနီးဆို ပုန်းနေတတ်ကြတယ်။ ပြီးတော့ ကျမတို့ မောင်နှမတွေ စကားနိုင် လုကြတာက ကိုယ်တက်တဲ့ ကျောင်းကို ဘယ်လောက် ကောင်းကြောင်း၊ ဆရာမတွေ ဘယ်လောက် တော်ကြောင်း ပြိုင်ပြောကြတာ……။ ကျမကလည်း ကျမကျောင်းက ဘယ်လောက် လှကြောင်း၊ ဘယ်လောက် ကြီးကျယ်ကြောင်း၊ ဘယ်လောက် ကျယ်ကြောင်း၊ ဆရာမတွေ ဆိုလည်း အရမ်းတော်ကြောင်း ပြိုင်ရတာလေ။ ကျမ အကိုတို့နေတဲ့ ကျောင်းက ကျမတို့ကျောင်းလို မကျယ်လို့လေ။ အခုချိန် ပြန်တွေးရင် အခု လွမ်းမိတဲ့ အကြောင်းလေးတွေပေါ့……….။

တဖြည်းဖြည်း ကြီးလာတာနဲ့ အမျှ ကိစ္စတွေ များလာသလို၊ အပူအပင်တွေ များလာသလို၊ စိုးရိမ်မှုတွေ ပြည့်နေသလို၊ တာဝန်တွေ ပိုများလာ သလို၊ ခံစားရမှုတွေ ပိုများလာသလို၊ အများကြီး ပါပဲ……………

ဘ၀ မှာ အကြောက်ဆုံး စကားလုံး ဖြစ်တဲ့ ဝေးကွာခြင်း ဆိုတာကိုလည်း တစတစ ပိုနားလည်ခဲ့ ရတယ်။ အရာ အားလုံးဟာ နီးမလိုလိုနဲ့ တကယ်တော့ အဝေးကြီး ပါပဲ။ တနေ့နေ့မှာ အားလုံးနဲ့ ဝေးရမယ်၊ ခွဲခွါရမယ် ဆိုတာ သိနေပေမဲ့လည်း တကယ် ရင်ဆိုင်ဖို့တော့ မလွယ်ကူပါဘူး။

ကိုယ်တန်ဖိုးထားရတဲ့ အရာတွေနဲ့ ဝေးကွာ နေရပေမဲ့ ဘာမှ မဖြစ်သယောင် ဟန်ဆောင် ရတာလည်း အကြီးမားဆုံး စိတ်ပင်ပန်းမှု ပေါ့……………။

ဟန်ဆောင်ရတာဟာ ကျမရဲ့ အညံ့ဆုံး၊ မလုပ်ချင်ဆုံး၊ အမုန်းဆုံး အလုပ်တခု မို့လို့လည်း ပိုပြီး စိတ်ပင်ပန်း ရတယ်.။

ဟန်ဆောင်ခြင်း ကို မုန်းတဲ့ ကျမ... ဟန်ဆောင်ခြင်း ကင်းတဲ့ ငယ်ဘ၀ ကို ပြန်လိုချင်တာ မဆန်းပါဘူးနော်….။

Tuesday, January 19, 2010

`အချိန်ကာလ´ ကပြောမှာပါ...

တခါတုန်းက ဗဟုသုတ၊ ၀မ်းနည်းမှု၊ ပျော်ရွှင်မှု နဲ့ ချစ်ခြင်းမေတ္တာ အပါအ၀င် တခြား (ခံစားမှု)တွေ အားလုံး နေထိုင် ခဲ့တဲ့ ကျွန်းလေး တကျွန်း ရှိခဲ့တယ်။ တနေ့မှာ ကျွန်းလေးဟာ သမုန္ဒရာရဲ့ ကြမ်းပြင် အောက်ကို မြှပ်ဝင် တော့မယ်လို့ (ခံစားမှု) တွေ အားလုံးဆီကို အသိပေး ကြေငြာခဲ့တယ်။ ဒါကြောင့် (ခံစားမှု) တွေ အားလုံးဟာ သူတို့ရဲ့ လှေတွေနဲ့ ကျွန်းလေး ကနေ ထွက်ခွါဖို့ ပြင်ဆင် ခဲ့ကြတယ်။
အဲဒီ ကျွန်းပေါ်မှာ နေခဲ့တဲ့ တဦးတည်းသော သူ ကတော့ `ချစ်ခြင်းမေတ္တာ´ ပဲ ဖြစ်ခဲ့တယ်။ သူဟာ နောက်ဆုံး အရေးကြီး တဲ့ အချိန်ထိ ပျော်စရာ ကောင်းတဲ့ နေရာ တခု ဖြစ်တဲ့ ကျွန်းလေးကို ကာကွယ် ချင်ခဲ့တယ်။

ကျွန်းလေးဟာ ရေအောက် ကို လုံးလုံး လျားလျား ရောက်လုနီးပါး အချိန် မှာတော့ `ချစ်ခြင်းမေတ္တာ´ ဟာ ကျွန်းလေး ကနေ ထွက်ခွါဖို့ အချိန် ရောက်ပြီလို့ ဆုံးဖြတ် ခဲ့တယ်။

သူဟာ တယောက်ယောက် ကို အကူအညီ တောင်းဖို့ ရှာဖွေ ခဲ့တယ်။

`ချမ်းသာမှု´ ကတော့ အလွန် ခံ့ငြားတဲ့ လှေနဲ့ လှော်ခတ် သွားခဲ့တယ်။ `ချစ်ခြင်းမေတ္တာ´ က ` ချမ်းသာမှု´ `ငါ မင်းရဲ့ လှေနဲ့ လိုက်လို့ ရမလား´ ဆိုပြီး မေးလိုက်တယ်။ `ချမ်းသာမှု´က `၀မ်းနည်း ပါတယ်ကွာ၊ ဒါပေမဲ့……ငါ့ရဲ့ လှေပေါ်မှာ ရွှေ၊ ငွေ တွေ အများကြီး ပါလာတယ်၊ မင်းအတွက် နေစရာ နေရာ မရှိဘူး´ လို့ ပြန်ဖြေခဲ့တယ်။

ဒိနောက် `ချစ်ခြင်းမေတ္တာ´ က လှပတဲ့ လှေနဲ့ လှော်ခတ် နေတဲ့ ` စိတ်ကြီးဝင် ဘ၀င်မြင့်မှု´ ကို အကူအညီ တောင်းဖို့ ဆုံးဖြတ် ခဲ့တယ်။ ` ချစ်ခြင်းမေတ္တာ´ က ` ငါ့ကိုကူညီပါကွာ´ လို့ အော် လိုက်တယ်။ ` စိတ်ကြီးဝင် ဘ၀င်မြင့်မှု´က ` ငါ မင်းကို မကူညီနိုင်ဘူး´ မင်းဟာ ရေတွေနဲ့ စိုနေတယ်။ ငါ့ရဲ့ လှပတဲ့ လှေလေး ပျက်စီး သွားလိမ့်မယ် လို့ ပြောခဲ့တယ်။

အဲဒီနောက် `ချစ်ခြင်းမေတ္တာ´ ဟာ သူ့ကို ချန်လှပ် ထားခဲ့တဲ့ `၀မ်းနည်းမှု´ ကို တွေ့ခဲ့တယ်။ ` ချစ်ခြင်းမေတ္တာ´ က ` မင်းနဲ့အတူ သွားခွင့်ပြုပါ´ လို့ ပြောခဲ့တယ်။ ` ၀မ်းနည်းမှု´ က ` ချစ်ခြင်းမေတ္တာ…. ငါ စိတ်မကောင်း ပါဘူးကွာ… ဒါပေမဲ့……….ငါအခု တယောက်တည်း နေဖို့ လိုနေတယ်´ လို့ ပြန်ဖြေခဲ့တယ်။

` ချစ်ခြင်းမေတ္တာ´ ဟာ ` ပျော်ရွှင်မှု´ ကိုတွေ့ခဲ့ပြန်တယ်။ ဟေ့ ` ပျော်ရွှင်မှု´ ` မင်းနဲ့ အတူ လိုက်ခွင့် ပြုပါ´ လို့ အော်လိုက်တယ်။ ဒါပေမဲ့ ` ပျော်ရွှင်မှု´ ဟာ သိပ်ပြီး ပျော်ရွှင်နေလို့ သူ့ကို အော်ခေါ် နေတာကိုတောင် မကြားခဲ့ဘူး။

` ချစ်ခြင်းမေတ္တာ´ ဟာ ငိုကြွေး နေခဲ့တယ်။

အဲဒီအချိန်မှာ ဟေ့ ` ချစ်ခြင်းမေတ္တာ´ ` လာခဲ့ပါ၊ ငါနဲ့ အတူ လိုက်ခဲ့ပါ…..၊´ ဆိုတဲ့ အသံ တခုကို ကြားလိုက် ရတယ်။ သူ့ကို ခေါ်တဲ့သူဟာ သက်ကြီး ရွယ်အို တယောက် ဖြစ်နေတယ်။ ` ချစ်ခြင်းမေတ္တာ´ ဟာ သိပ်ပြီး ကျေးဇူး တင် ၀မ်းမြောက် နေလို့ သူ့ရဲ့ နာမည်ကို မေးဖို့ မေ့နေ ခဲ့တယ်။

သူတို့ ဟာ နိုင်ငံ တခုကို ရောက်တဲ့ အခါ သက်ကြီး ရွယ်အိုက သူ့ရဲ့ ဦးတည်ချက် အတိုင်း သွားခဲ့တယ်။ `ချစ်ခြင်းမေတ္တာ´ က သူဟာ သက်ကြီး ရွယ်အို အပေါ်မှာ ဘယ်လောက် ကျေးဇူး တုံ့ပြန် ရမလဲ ဆိုတာ နားလည် သဘော ပေါက်ခဲ့တယ်။

အဲဒီနောက် `ချစ်ခြင်းမေတ္တာ´ ဟာ ` အသိပညာ´ ကို တွေ့ရှိ ခဲ့ပြန်တယ်။ `ငါ့ကို ကူညီခဲ့တဲ့ သူဟာ ဘယ်သူလဲလို့´ မေးကြည့်တော့ မင်းကို ကူညီခဲ့တဲ့ သူဟာ ` အချိန် ကာလ´ ပဲလို့ ဖြေခဲ့တယ်။

တယောက်မှ မကူညီနိုင်တဲ့ အခြေအနေမှာ ` အချိန် ကာလ´ က ဘာကြောင့် ငါ့ကို ကူညီခဲ့တာ လည်းလို့ `ချစ်ခြင်းမေတ္တာ´ က မေးခဲ့တယ်။

` အသိပညာ´ က ပြုံးပြီး လေးလေး နက်နက် နဲ့ ရိုးရိုး သားသား ဖြေလိုက် တာကတော့ ` ချစ်ခြင်းမေတ္တာ ဟာ ဘယ်လောက် ကြီးကျယ်ပြီး အရေးပါလဲ´ ဆိုတာ ` အချိန် ကာလ´ ကသာ နားလည် သဘောပေါက် နိုင်စွမ်း ရှိတဲ့ အတွက်ကြောင့် ပါတဲ့………….။

ကျမတို့ အချင်းချင်းလည်း ပြောလေ့ ရှိကြပါတယ်။ `အချိန် ကာလ က အဆုံးအဖြတ် ပေးမယ်ဆိုတာ´ ပါ။ အလုပ်တခု လုပ်တဲ့အခါမှာ ဒီလူ ဘယ်လောက် တော်တယ်… မတော်ဘူး၊ ရိုးသားမှု ရှိတယ်… မရှိဘူး၊ ကျွမ်းကျင်မှု ရှိတယ်… မရှိဘူး၊ ဆိုတာတွေက ` အချိန် ကာလ´ ကသာ သတ်မှတ် ပေးမှာပါ။

ကျမတို့ တတွေ ဟာ ` ၀မ်းနည်းမှု´၊ ` ဆုံးရှုံးမှု၊ `ကြေကွဲမှု´ တွေနဲ့ ကြုံလာတဲ့  အခါမှာလည်း စိတ် သက်သာရာ ရဖို့ ဘယ်လောက်ပဲ နည်းလမ်း သုံးသုံး စိတ် ဖြေဖို့ မလွယ်ကူနိုင် ပါဘူး။ ဒါပေမဲ့လည်း အချိန် ကြာလာတာ နဲ့အမျှ ပူပန်မှု၊ ကြေကွဲမှု၊ ၀မ်းနည်းမှု တွေဟာ တဖြည်းဖြည်း သက်သာ လာကြ ရပါတယ်။ အချိန် တခု ပေးလိုက်ခြင်းဟာ စိတ် သက်သာရာ ရဖို့ အကောင်းဆုံး လို့ ဆိုနိုင်ပါတယ်။

ဒါကြောင့် ` အချိန် ကာလ´ ဟာ လူသားတွေ အတွက် အကောင်းဆုံး ဆေးတခွက် ပဲ ဖြစ်တယ်လို့ ထင်မိပါတယ်…….။
http://www.funzug.com မှ ဘာသာပြန် မျှဝေသည်။

Friday, January 15, 2010

ကျန်းမာခြင်းသည် လာဘ်ကြီးတပါး


ဖုန်းသံမြည်လို့ ကိုင်လိုက်တာနဲ့ ပထမဆုံး ကြားရတာက သမီး `နေကောင်းရဲ့လား´ တဲ့…။ ကျမကလည်း ဖေကြီးတို့ `နေကောင်းရဲ့လား´ လို့ ပြန်မေးတာပေါ့။ ကျမက နေကောင်းတယ် ဆိုရင်လည်း တကယ် နေကောင်းရဲ့လား…ဒါမှမဟုတ် စိတ်ချမ်းသာအောင် နေကောင်းတယ်လို့ ပြောတာလားတဲ့…။ ကျမကလည်း တကယ် နေကောင်းတာပါ လို့ ပြောနေကျပါ။ ဒါဆို ဒီနေ့ ကျန်းမာရေး လေ့ကျင့်ခန်းရော လုပ်ပြီးပြီလားတဲ့။ ထပ်မေးပါတယ်…။ ကျမကလည်း လုပ်ပြီးပါပြီပေါ့။ တခါတလေ အချိန်မရရင် လေ့ကျင့်ခန်း မလုပ်လိုက်ရပါဘူး။ အထူးသဖြင့် နည်းနည်း ပျင်းနေရင်ပေါ့။ အဲဒါနဲ့ပဲ အခုဆို နေ့တိုင်း လေ့ကျင့်ခန်းကို ပုံမှန် လုပ်တဲ့ အကျင့်တခု ဖြစ်နေပါတယ်။ မနက် မိုးလင်းတာနဲ့ လေ့ကျင့်ခန်းကို အရင်လုပ်လိုက် ရတယ်။

ဟုတ်ပါတယ်…။ လေ့ကျင့်ခန်း လုပ်ပြီးရင် ပေါ့ပါး လန်းဆန်းပြီး နေလို့ ကောင်းသွားပါတယ်။ အဓိကက မနက်စောစော ချွေးထွက် သွားဖို့ပါ။ ချွေးထွက် သွားပြီးရင် ပေါ့ပါး သွားပါတယ်။ ကျမလည်း ပြောပါများတော့ လေ့ကျင့်ခန်းကို မဖြစ်မနေ လုပ်နေရပြီလေ။ ပြီးမှ မျက်နှာသစ်၊ ဘုရားရှိခိုး၊ အလုပ်သွားဖို့ အတွက် ရေချိုး၊ ပြီးတော့ ထမင်းပူလေး စားပေါ့။ ဒါကတော့ နေ့စဉ် လုပ်နေကျပါ။ မနက် မိုးလင်းလို့ အဲဒီထဲက တခု မလုပ်လိုက်ရရင် တနေ့လုံး တခုခု လိုနေသလို နေရတာ တမျိုးကြီး ဖြစ်နေပြီ။ ကျန်းမာဖို့ အတွက် နေ့တိုင်း လေ့ကျင့်ခန်း ပုံမှန် လုပ်သင့်ပါတယ်။ လမ်းလျှောက်ခြင်း ကလည်း အကောင်းဆုံးသော ကျန်းမာရေး လေ့ကျင့်ခန်း ပါပဲ။

လေ့ကျင့်ခန်း ကို ပုံမှန် လုပ်တာဟာ ကျန်းမာရေး ကောင်းဖို့ အတွက် အထောက်အကူ ပြုပါတယ်။ အ၀လွန်တဲ့ သူတွေကလည်း အစားကို လျှော့ပြီး စားဖို့ထက် ပုံမှန် လေ့ကျင့်ခန်း လုပ်တာက ပိုကောင်းပါတယ်။ ၀တဲ့သူရော၊ ပိန်တဲ့သူရော လေ့ကျင့်ခန်း ကို လုပ်သင့်ပါတယ်။ ကျမတို့ ငယ်ငယ်က လေ့ကျင့်ခန်းကို အောင်ဆန်း ကစားကွင်း မှာ သွားလုပ် ပါတယ်…။ လေ့ကျင့်ခန်း လုပ်တဲ့ အထဲမှာ အရမ်း ပိန်တဲ့ ကောင်မလေး တယောက် ရှိပါတယ်။ သူကတော့ ၀ချင်လို့ လေ့ကျင့်ခန်း ကို လုပ်တာပါ။ သူက အားကြိုး မာန်တက်နဲ့ လုပ်ပါတယ်။ အဲဒီ ကောင်မလေးက ခြောက်လလောက် အတွင်းမှာ နည်းနည်း ကြည့်ကောင်းအောင် ၀လာပါတယ်။ သူ့ရဲ့ ကြိုးစား အားထုတ်မှု ကြောင့်ပေါ့။ ဒါကြောင့် ပိန်ပိန် ၀၀ လေ့ကျင့်ခန်း ကို ပုံမှန် လုပ်သွားသင့်ပါတယ်။ တချို့က လေ့ကျင့်ခန်း လုပ်ဖို့ထက် အစားကိုသာ လျှော့ပြီး စားကြပါတယ်။ တကယ်တော့ အစားလျှော့စားတာထက် လေ့ကျင့်ခန်းကို ပုံမှန် လုပ်တာက ကျန်းမာရေး အတွက် အကောင်းဆုံး ဖြစ်မယ်လို့ ထင်မိပါတယ်….။

လူတယောက် အတွက် ကျန်းမာရေးက အရေးကြီးဆုံးပါပဲ။ ကျန်းမာရေး ကောင်းမွန်ပါမှ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို လုပ်နိုင်မှာပါလေ…။ လူတယောက်ဟာ ကျန်းမာနေတုန်း ကျန်းမာခြင်းရဲ့ အရေးပါပုံကို မသိပေမဲ့ ရောဂါတခုခု ဖြစ်လာပြီဆိုရင်တော့ ကျန်းမာရေးဟာ ဘယ်လောက် အရေးပါလဲဆိုတာ လက်တွေ့ သိသွားပါပြီ။ ဒါကြောင့် မဖြစ်ခင် ကြိုတင်ပြီး ကာကွယ်တာ အကောင်းဆုံးပါနော်…။ ကြိုတင် ကာကွယ်တဲ့ထဲမှာ ကိုယ်ကာယ လေ့ကျင့်ခန်းကို ပုံမှန် လုပ်သွားခြင်း ကလည်း အဓိက ကျပါတယ်။

ကျမတို့တွေ အချင်းချင်း အပြင်မှာ တွေ့ကြပြီ၊ ဒါမှမဟုတ် ဖုန်းနဲ့ ပြောကြပြီ၊ မေးလ်ပို့ကြပြီ ဆိုရင်လည်း ပထမဆုံး မေးကြတာက `နေကောင်းလား´ တဲ့။ နေမကောင်းဘူး ဆိုရင် ဘာဖြစ်လို့လဲ….၊ ဘယ်လို ဖြစ်တာလဲ….၊ အခုရော…. ဆိုပြီး မေးခွန်းတွေ တန်းစီနေအောင် မေးကြ တော့တာ ပါပဲ။ အကြံဥာဏ် တွေလည်း ပေးကြပေါ့… ဘာလုပ်သင့်တယ်… ဘာစားသင့်တယ်… နဲ့….. ။ အားပေးကြနဲ့ပေါ့…။ ဒါကလည်း နေမကောင်းတဲ့ သူတွေ အတွက်တော့ အားဆေးလေး တခွက်ပါပဲ။

မွေးနေ့မှာ ဆိုရင်လည်း မွေးနေ့မှ စ၍ နောင်နှစ်ပေါင်း အသက် တရာ့နှစ်ဆယ် ရှည်ပါစေတဲ့လေ…။ ဆုတောင်းကြတာများ… ။ အဲလို အသက်ရှည်ဖို့ အတွက် အနေအထိုင်၊ အစားအသောက် ဆင်ဆင်ခြင်ခြင် နဲ့ နေထိုင်ပြီး ကျန်းမာရေး ကို ဂရုစိုက်ရမှာပေါ့။

ကျန်းမာခြင်းသည် လာဘ်ကြီးတပါး လို့ ဆိုတဲ့အတိုင်း ကိုယ်ကိုတိုင် ကျန်းမာရေး ကောင်းမွန်အောင် လုပ်ဆောင်ရင်း…. အကျိုးရှိမဲ့ အလုပ်တွေ လုပ်ကိုင်ရင်း၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို တိုးတက် ကောင်းမွန်အောင် လုပ်ဆောင်နိုင် ကြပါစေ…။

Wednesday, January 13, 2010

သဘောထား ကွဲလွဲမှုကို ဘယ်လို ဖြေရှင်းကြမလဲ…

မိတ်ဆွေ သူငယ်ချင်း အချင်းချင်း သဘောထား ကွဲလွဲလာရင် ဘယ်လို ပြန်လည် ဖြေရှင်း ကြမလဲ...။

သူငယ်ချင်း အချင်းချင်း ခိုက်ရန်ဒေါသ ဖြစ်ခြင်းဟာ လူတိုင်းလူတိုင်း အတွက် ကောင်းတဲ့ လုပ်ရပ်တခု မဟုတ်ပါဘူး။ မရည်ရွယ်ပဲ ပြောလိုက်တဲ့ စကားတခွန်းဟာ တခြားသူမှာ စိတ်ဒဏ်ရာ ရသွားစေနိုင်ပါတယ်။ တခါတရံမှာတော့ ကျမ တို့တွေ ဟာ မှားတာကို ၀န်မခံချင် ကြပါဘူး။ တောင်းပန်ဖို့လည်း မလုပ်ချင် ကြပါဘူး။ သဘောထား ကွဲလွဲပြီးရင် ပြန်ပြုပြင်လို့ မရဘူး၊ ပြန်ဖြေရှင်းလို့ မရဘူးလို့ ထင်ကြပါတယ်။

သူငယ်ချင်း မိတ်ဆွေတွေ ကြားမှာ သဘောထား ကွဲလွဲမှု၊ ပဋိပက္ခ ဖြစ်လာရင် ပြန်ဖြေရှင်းဖို့ နည်းလမ်းတွေ ရှိပါတယ်။ အဲဒီ နည်းလမ်းတွေ ကတော့ အောက်မှာ ပြောထားပါတယ်…။

အဆင့်(၁)
ငြိမ်ငြိမ် နေပေးပါ။ စိတ်လှုပ်ရှား ထိခိုက်မှု များလာတဲ့ အခါ အကျိုးသင့် အကြောင်းသင့် မစဉ်းစားနိုင်တော့ပါဘူး။ နောက်တဖန် ပဋိပက္ခ ဖြစ်စရာ မစဉ်းစားပဲ ငြိမ်ငြိမ် နေလိုက်ပါ။

အဆင့်(၂)
တယောက်နဲ့ တယောက် လေးစားမှု ရှိပါ။ လေးစားမှု မရှိခဲ့ရင် ပဋိပက္ခကို အခင်အမင် မပျက် ပြန်ဖြေရှင်းနိုင်ဖို့ အလားအလာ မရှိတော့ပါဘူး။

အဆင့်(၃)
တယောက်နဲ့ တယောက် အသိအမှတ် ပြုပါ။ သိပ်ပြီး စိတ်လှုပ်ရှား၊ ဒေါသ ဖြစ်လာတဲ့ အခါမှာတော့ ရှောင်ထွက် သွားလိုက်ပါ။

အဆင့်(၄)
တယောက်နဲ့ တယောက် အချိန် တခု ပေးပါ။ စိတ်ပြင်းထန်မှု လျော့ပါးတဲ့ အချိန်ဟာ ဆင်ခြင်တုံ ရှိတဲ့ အပြုအမူ တခု ပြီးမြောက်ဖို့ အတွက် ကူညီပါလိမ့်မယ်။

အဆင့်(၅)
တယောက်ရဲ့ အချိန်ကို အခြား တယောက်က လေးစားပါ။ တယောက် အသိအမှတ် ပြုခြင်းကို တယောက်က လေးစားပါ။ လူတိုင်း လူတိုင်းဟာ မတူညီ နိုင်ပါဘူး။ ပဋိပက္ခ တခုကို ဖြေရှင်းဖို့ အဆင်သင့် မဖြစ်ခင် မင်းရဲ့ သူငယ်ချင်းက ရက်သတ္တပတ် လိုအပ်ချင် လိုအပ်မယ်။ မင်းကတော့ တရက်ပဲ လိုချင်လိုမှာပါ။ ဒါကြောင့် သူလိုအပ်မဲ့ အချိန်တခုကို ပေးလိုက်ပါ။

အဆင့်(၆)
ဆက်ဆံမှု ပြေပြစ်အောင် နေပါ။ စကားပြော နည်းခြင်းကလည်း ဆိုးတဲ့ ကိစ္စ တခု ဖြစ်ပါတယ်။ အခါအားလျော်စွာ သူနဲ့ ပက်သက်ပြီး သူ့ကို ဂရုစိုက်တဲ့ အကြောင်း သူသိအောင် ဆက်သွယ် ပြောဆိုပေးပါ။

အဆင့်(၇)
ကောင်းမွန်စွာ နားထောင်ပေးပါ။ စူးစူးစိုက်စိုက် နားထောင်ပေးပါ။ သဘောထားကြီးစွာနဲ့ သူ့ရဲ့ အမြင်ကို အာရုံစိုက် နားထောင် ပေးပါ။

အဆင့်(၈)
မင်းပြောမဲ့ စကားလုံးတွေကို ချင့်ချင့်ချိန်ချိန် စဉ်းစားပြီးမှ ရွေးချယ်ပါ။ `မင်းက ဘယ်တော့မှ……….´၊ `မင်းက အမြဲတမ်း…………´၊ `မင်း ဘာဖြစ်လို့……………´ ဆိုတဲ့ ပြစ်တင်သံ ပါတဲ့ စကားလုံးမျိုးကို မပြောမိအောင် ရှောင်ကြဉ်ပါ။

အဆင့်(၉)
`ဒါပေမဲ့…….´ ဆိုတာ မပါ ပါစေနဲ့။ ` ဟုတ်တယ်………..ဒါပေမဲ့´ ဆိုတဲ့ စကားလုံးကို မပြောမိ ပါနဲ့။ အဲလို စကားလုံး တွေဟာ နောက်ဆုံးမှာ စိတ်နာကျင်မှု ကို ဖြစ်စေနိုင်ပါတယ်။ `ငါ နားလည်ပါတယ်……………ဒါပေမဲ့´ ဆိုတာလည်း မပြောမိပါနဲ့။

အဆင့်(၁၀)
ပြီးတာ ပြီးပါစေ။ အခြေခံ တူညီမှု မတွေ့ရင်၊ သဘောထား တိုက်ဆိုင်သည် ဖြစ်စေ မတိုက်ဆိုင်သည် ဖြစ်စေ၊ ပြီးတာ ပြီးပါစေ။ အဲလိုမျိုး မလုပ်နိုင်ခဲ့ရင်တော့ သဘောထား ကွဲလွဲမှု၊ ပဋိပက္ခ ကို ဖြေရှင်းလာနိုင်မှာ မဟုတ်ပါဘူး။

သူငယ်ချင်း မိတ်ဆွေ ချစ်သူ ခင်သူတွေလည်း တခါမဟုတ် တခါတော့ သဘောထား ကွဲလွဲမှု လေးတွေလည်း ရှိကြမှာပါ။ အဲဒီအခါ ဘယ်လို ပြန်ဖြေရှင်းမလဲ ဆိုတာက အရေးကြီးပါတယ်။ ဖြေရှင်းတာ အဆင်မပြေရင်လည်း တယောက်နဲ့ တယောက် ဆက်ဆံဖို့ ခက်သွားပါပြီ…။ ဖြေရှင်းတဲ့အခါမှာ အတတ်နိုင်ဆုံး ကိုယ့်ဘက်က နားလည်မှု ပေးဖို့ လိုအပ်ပါတယ်။ တခြားတယောက်ကို နားလည်မှု ပေးလိုက်တာဟာ ပဋိပက္ခ ဖြစ်တာကို ပြန်ပြီး ဖြေရှင်း သွားနိုင်မှာပါ။ အတတ်နိုင်ဆုံးတော့ တယောက်နဲ့ တယောက် ပဋိပက္ခ မဖြစ်တာ အကောင်းဆုံးပေါ့။ ဖြစ်လာခဲ့ရင်လည်း အကောင်းဆုံး ပြန်ဖြေရှင်းနိုင်ကြပါစေ………..။
http://www.funzug.com/index.php/relationships/how-to-resolve-conflicts-with-friends.html မှ ဘာသာပြန်သည်။

Tuesday, January 12, 2010

ဦးမိုးရေ…

ဒီနေ့ ထိတ်လန့်စရာ ကောင်းတဲ့ သတင်းဆိုးတခု ကြားလိုက်ရတယ်။ မဖြစ်ပါစေနဲ့လို့ ဆုတောင်းခဲ့ပေမဲ့ သက်သေ မှတ်တမ်း ဆောင်းပါးလေးတခုက ရင်ထဲကို ထိုးဖေါက်ပြီး ခဏတာ ငြိမ်သက် သွားမိတယ်….။ စိတ်ထဲကလည်း ဟုတ်ပါ့မလားလို့ တွေးမိနေသေးတယ်။ ပြီးတော့မှ အသိတခု ၀င်လာပြီး ကာယကံရှင် ကိုယ်တိုင် ရေးထားတာမို့လို့ လွဲစရာ မရှိဘူးလို့ သိလိုက်တဲ့အခါ ၀မ်းနည်းမှုက ဘယ်လိုမှ တားဆီးလို့ မရတောပါ့ဘူး။

တဆက်တည်းမှာပဲ ငယ်ငယ်တုန်းက ပုံရိပ်တွေထဲမှာ `ဦးမိုးဟိန်း (ဂျာနယ်ကျော် မမလေးရဲ့သား)´ ကို မြင်ယောင် သွားမိတယ်။ စိတ်ကောင်းရှိပြီး အင်မတန် ရိုးရိုးသားသား အေးအေးဆေးဆေး နေတတ်တဲ့ သူတယောက်ပါ။ ကျမတို့ ငယ်ငယ်က အိမ်ကို အလည်ရောက်လာရင် လက်ဖက် ကြိုက်တဲ့ ဦးမိုးကို အမေက အမြဲ လက်ဖက်သုပ် ကျွေးတတ်တယ်။ ကျမတို့ သိတတ်စ အရွယ်မှာပဲ ဦးမိုးက သက်သက်လွတ် စားပြီး ဥပုသ် အမြဲစောင့်ပါတယ်…။ အိမ်မှာ စကားပြောကြပြီး အဖေနဲ့ အပြင်ထွက် လက်ဖက်ရည် သောက်ကြတယ်…။ အဲဒီအခါ ကျမတို့ကလည်း ဦးမိုး `တာ့တာ´ အိမ်ကို လာလည်အုံးနော်လို့ အမြဲ ပြောနေကြပါ။ ဦးမိုး ကလည်း အေးအေး လာခဲ့မယ် သမီးရေတဲ့။ ညီမလေးကိုတော့ သူခေါ်နေကျအတိုင်း `ဖွားသီလရှင်လေး´ တာ့တာ နော်တဲ့။ မြင်ယောင် နေမိပါတယ် ဦးမိုးရေ……….။ သတိလည်း ရနေပါတယ်……။ အခုအချိန် ဘေးနားကတောင် အားပေးလို့ မရနိုင်တဲ့ အခြေအနေ မို့လို့ ပိုပြီး ၀မ်းနည်းရပါတယ်…။

အဖေကတော့ အရမ်းချစ်တဲ့ သူငယ်ချင်း အတွက် တော်တော်ခံစား နေရတယ်။ အဖေက ဦးမိုးထက် ကြီးတော့ အမြဲတမ်း အဖေ့ကို ကန်တော့နေကြပါ။ ဘုရားတရားလည်း အလွန် ကိုင်းရှိုင်းပါတယ်။ ဒါကြောင့်လည်း `လည်ချောင်းကင်ဆာ´ လို့ သိလိုက်ပေမဲ့ ထိန်းချုပ်နိုင်စွမ်းရှိပြီး ကိုယ့်ကိုကိုယ် တရားနဲ့ ဖြေသိမ့် နိုင်ခဲ့တယ်တဲ့…။ ဒါပေမဲ့ မိသားစုဝင် တွေကတော့ ဘယ်လို ဖြေဆည်လို့ ရနိုင်မှာလဲ………။ ကျမတို့တောင် စိတ်မကောင်း ဖြစ်ပြီး ဘယ်လို လုပ်ပေးရမလဲ လို့စဉ်းစားနေသေးတာ…။ မိသားစု အရင်းဆိုရင် သိလိုက်တဲ့အချိန် ဘယ်လောက်များ ပူဆွေးသောက ရောက်နေမလဲလို့ တွေးရင်း ပိုလို့ စိတ်မကောင်း ဖြစ်ရပြန်တယ်လေ။ `ကင်ဆာ´ ဆိုတာ ဘယ်လိုမှ ကုလို့ မရနိုင်တော့ဘူး ဆိုတာ သိနေပေမဲ့လည်း ဘာလုပ်ရင် ကောင်းနိုင်မလဲဆိုပြီး တဘက်ကလည်း မဖြစ်နိုင်ပါဘူး ဆိုပြီး လွန်ဆွဲ နေပြန်တယ်။

ဦးမိုးက တရားဘာဝနာ စီးဖြန်းနေသူမို့ တည်တည်ငြိမ်ငြိမ် နဲ့ ရင်ဆိုင်နိုင်ပေမဲ့ ပတ်ဝန်းကျင်က တပည့်တွေ၊ ဆွေမျိုး မိတ်ဆွေတွေ ကတော့ အံ့သြမှုနဲ့ မယုံကြည့်တဲ့သူနဲ့ပေါ့…။ ဘယ်လိုပဲဖြစ်ဖြစ် အတတ်နိုင်ဆုံး နေလို့ရအောင် ဆေးကုနိုင်ဖို့ မျှော်လင့်မိတယ်.။

ဦးမိုးရေ….သမီးတို့ညီအမ နှစ်ယောက်နဲ့ လက်ချင်းချိတ်ပြီး ယုံကြည်ချက်တွေကို အံထုတ်ခဲ့တဲ့ အချိန်ကို အရမ်းလွမ်းမိပါတယ်…။ အဲဒီ မြင်ကွင်းကိုလည်း သမီး ဘယ်တော့မှ မေ့လို့မရပါဘူး။ သမီး အဝေး တနေရာကနေ မျက်ရည်ကျနေရပြီ…။

စိတ်ထဲကလည်း ကလေးတယောက် အတွေးနဲ့ ဘာဖြစ်လို့ ဦးမိုးကိုမှ ဒီလောက် ကြောက်စရာ ကောင်းတဲ့ ကင်ဆာရောဂါ လာဖြစ်ရသလဲ လို့တွေးမိနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရှောင်လို့မရတော့တဲ့ ရောဂါကို ဦးမိုးပြောသလို ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့ ဥတုလေးပါးနဲ့အညီ နေထိုင်မယ်ဆိုရင် လုံးဝပြန်မကောင်းဘူး ဆိုရင်တောင် ဆိုးဆိုးရွားရွား ခံစားရမှာ မဟုတ်ဘူးလို့ ထင်ပါတယ်…။

အခုတော့ ရောဂါကို အေးအေးသက်သာ နဲ့ရင်ဆိုင်နိုင်ပြီး အတတ်နိုင်ဆုံး နေလို့ရအောင် သမီး အဝေး တနေရာကနေပဲ ဆုတောင်း နေပါတယ်…..။

ဦးမိုးရဲ့ သေခြင်းတရား ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပုံ ဆောင်းပါးလေးကို ဖတ်လို့ရအောင် လင့်လေး ပေးထားပါတယ်.။ ဒီလင့်လေး မှာ ဖတ်ကြည့်လိုက်ပါနော်...။

အနိုင်ရဖို့ အားမထုတ်ပါနဲ့….

အမြဲတမ်း ရင်းနှီးချစ်ခင်မှု ရချင်ရင် အနိုင်ရဖို့ချည်း အားမထုတ်ပါနဲ့………။

ချစ်သူ စုံတွဲတွေမှာတောင် မင်္ဂလာဆောင် လက်တွဲကြပြီးရင် ဆက်ဆံရေးတွေ လျော့ကျသွားတတ်ကြတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ တဦးအပေါ် တဦးလွှမ်းမိုးဖို့ ကြိုးစားရင်း၊ တောင်းဆိုချက်တွေ အလွံအကျွံ တောင်းကြရင်းပေါ့။ သူတို့ ချစ်သူတွေရဲ့ အကျင့်ဆိုးလေးတွေကို အချစ်နဲ့ အရာရာ ပြင်ဆင် သွားနိုင်မယ်လို့ ထင်နေကြတယ်။ အမှန်တကယ်မှာတော့ အဲလို မဟုတ်ခဲ့ကြပါဘူးတဲ့…….။

အဲဒီ အယူအဆက တရုတ် စကားပုံ က လာတာပါ………….။ စကားပုံက......
`တောင်ကြီးတွေ၊ မြစ်ကြီး တွေကိုသာ လိုသလို ပြုပြင်လို့ ရချင်ရမယ်……..လူတွေရဲ့စရိုက် ကိုတော့ ကိုယ် လိုချင်တဲ့ ပုံစံဖြစ်အောင် ပြုပြင် ပုံသွင်းဖို့ မလွယ်ကူ ပါဘူးတဲ့…..´

ချစ်သူကို ကိုယ်လိုချင်သလို ပြောင်းလဲပုံသွင်းဖို့ အရမ်းမျှော်လင့်ပြီး ကြိုးစားနေတယ်ဆိုရင် စိတ်မချမ်းသာစရာ တွေ၊ စိတ်ပျက်စရာတွေ ကြုံတွေ့ လာရလိမ့်မယ်။

မျှော်လင့်ချက် နဲနဲနဲ့ ဖြည်းဖြည်းချင်း ပြင်ယူသွားမယ် ဆိုရင် ကိုယ်ဖြစ်ချင်တာတွေ ရလာ နိုင်ပါတယ်........။

တယောက်နဲ့တယောက် အမြဲရင်းနှီးချစ်ခင်နေဖို့ တပါးသောသူကို လွှမ်းမိုးအနိုင်ယူဖို့ မပြုလုပ်မိရင် အကောင်းဆုံးလို့ ထင်မိပါတယ်။ အနိုင်ယူချင်စိတ် များနေရင် တဘက်ကလည်း တဖြည်းဖြည်း စိတ်ပျက် သွားမိပါလိမ့်မယ်။ ဒါကြောင့် တခြားတယောက်အပေါ် တတ်နိုင်သမျှ အနိုင်ယူလို စိတ်မထားမိဖို့ အမြဲ ဆင်ခြင်သင့်တယ်လို့ ထင်ပါတယ်…….

http://www.funzug.com/index.php/relationships/trust-is-important-for-every-relationship.html မှကိုးကားရေးသားသည်။

Saturday, January 9, 2010

ယုံကြည်မှု


တဦးနဲ့တဦး ရင်းနှီးချစ်ခင်ဖို့ ယုံကြည်မှုက အရေးကြီးဆုံးပါပဲ…။ ယုံကြည်မှု မရှိတော့ရင် ခင်မင်မှုလည်း အဆုံးသတ်သွားမှာပေါ့… ။ ယုံကြည်မှု ကင်းမဲ့ခြင်းကနေ သင်္ကာမကင်းဆိုတာလည်း ဖြစ်လာပါပြီ…။ သင်္ကာမကင်းဖြစ်တာဟာ ဒေါသကို ဖြစ်လာစေပါတယ်….။ ဒေါသကနေတဆင့် မလိုမုန်းတီးစိတ်ကို ဖြစ်စေပါတယ်…..။ မလိုမုန်းတီးစိတ်ရဲ့ အကျိုးရလာဒ် အနေနဲ့ကတော့ ကွဲကွာခြင်းဆိုတာပါပဲ…..။ ယုံကြည်မှုကို အလွဲသုံးစား လုပ်ခြင်းကလည်း ရင်းနှီးချစ်ခင်မှုကို ဖျက်ဆီးပစ်စေနိုင်ပါတယ်………။

တဦးနဲ့တဦး မုန်းတီးဖို့ လွယ်ကူပေမဲ့ ရင်းနှီးချစ်ခင်ဖို့တော့ အရမ်းခက်ခဲပါတယ်….။ မိသားစုတစု၊ ဆွေမျိုးမိတ်သင်္ဂဟ၊ ဆရာနဲ့တပည့်၊ သူငယ်ချင်း၊ လုပ်ဖေါ်ကိုင်ဖက်၊ အဖွဲ့အစည်း ကနေ တိုင်းပြည် တခုလုံးအထိ တယောက်နဲ့တယောက် ယုံကြည်မှု ရှိမှ ဖြစ်မှာပါ။ ယုံကြည်မှု မရှိခဲ့ရင် ဘယ်အရာမှ တိုးတက်ပြောင်းလဲလာမှာ မဟုတ်ဘူးလို့ ထင်မိပါတယ်…။ ဒါကြောင့် ခက်ခက်ခဲခဲနဲ့ ရယူထားရတဲ့ ရင်းနှီး ချစ်ခင်မှုမျိုးကို ဘယ်လို အကြောင်းအရာနဲ့မှ အနှောက်အယှက် ဖြစ်အောင် မလုပ်သင့်ပါဘူး။ ရရှိပြီးသား ယုံကြည်မှုကိုလည်း ထိန်းသိမ်းထားရပါမယ်။

အဓိကကတော့ အပြန်အလှန် ယုံကြည်ရပါမယ်။ ကိုယ့်ဘက်ကလည်း တပါးသူ ယုံကြည်အောင် ပြုလုပ်ရမှာပေါ့။ ဒါမှလည်း တပါးသူက ကိုယ့်ကို ယုံကြည်မှု ရှိသွားနိုင်မှာပါ။ ပထမဆုံး ကိုယ့်ဘက်က ရိုးသားတဲ့စိတ်နဲ့ ယုံကြည်ဖို့ လိုလိမ့်မယ် ထင်ပါတယ်……။ ဘယ်သူ့ကိုမှ သံသယနဲ့ မကြည့်မိဖို့ လိုပါမယ်။ သံသယနဲ့ အမြဲကြည့်နေရင်လည်း ယုံကြည်မှု ရှိလာတော့မှာ မဟုတ်ပါဘူး….။ သံသယနဲ့ ဆက်ဆံနေရင်လည်း မလိုလားအပ်တဲ့ ဆိုးကျိုးတွေပဲ ဖြစ်လာမှာပါ…။ ရင်းနှီးမှုရှိဖို့အတွက် သံသယဆိုတာလည်း မထားအပ်တဲ့ အကြောင်းတခုပဲလို့ မြင်ပါတယ်။

ဒါကြောင့် တပါးသူ ပြောတဲ့စကားကို ယုံကြည်မှုနဲ့ နားထောင်ဖို့ အရေးကြီးပါတယ်။ သူ့အပေါ် ယုံကြည်မှု ရှိကြောင်း ပြသလိုက်တာဟာ သူ့အတွက်လည်း ရှေ့လျှောက် ယုံကြည်မှုရှိလာအောင် ပြောဆိုနေထိုင် ဆက်ဆံ ဖို့အတွက် အင်အားတရပ် ဖြစ်သွားမှာပါ…။ အထင်လွဲခဲ့ရင်လည်း အတူတူဖြေရှင်းကြပြီး ပြန်လို့ ယုံကြည်လာအောင် ပြုလုပ်ဖို့ လိုတယ်လို့ ထင်ပါတယ်...။ တယောက်နဲ့တယောက် ယုံကြည်မှု မရှိတော့တဲ့ သူတွေဟာ ဘယ်လောက်ပဲ ဆက်ဆံနေသရွေ့ အဓိပ္ပါယ် ရှိတဲ့ ရင်းနှီးမှုမျိုး မဖြစ်လာနိုင်တော့ပါဘူး……..။ အဓိပ္ပါယ်ရှိတဲ့ ရင်းနှီးမှုမျိုး ဖြစ်လာအောင်ယုံကြည်မှု ရှိတဲ့ အပြုအမူမျိုးနဲ့ ဆက်ဆံဖို့ လိုပါတယ်...။

သူ့အပေါ် ယုံကြည်မှုရှိတဲ့သူတယောက် ဖြစ်အောင် သူ့ကို စကားပြောခွင့် ပြုလိုက်ပါ….။

လူတိုင်းလူတိုင်း ရင်းနှီးချစ်ခင်တဲ့ သူတွေအဖြစ် အမြဲတမ်း ဖြစ်နေကြဖို့ သံသယဖြစ်စေမဲ့ အပြုအမူ၊ အနေအထိုင်၊ အပြောအဆို၊ အလုပ်အကိုင်တွေကို သတိထားပြီး ရှောင်ကျဉ်ကြပါစို့နော်……….

Thursday, January 7, 2010

တာဝန်ဆိုတာ….

လူတိုင်းလူတိုင်းဟာ လောကကြီးထဲကို စပြီးရောက်လာပြီ ဆိုကတည်းက တာဝန်ကိုယ်စီ ပါလာပါပြီ။ ဒီတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ဖို့လည်း ကြိုးစားရပါပြီ။ ငယ်စဉ်ကလေးဘ၀ ကျောင်းစတက်ပြီ ဆိုတာနဲ့ စာသင်ဖို့ တာဝန်ရှိလာပါပြီ။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ် အဆင်ဆင့် အောင်မြင်အောင် လုပ်ကြရပြီလေ….. အဲဒီအခါ မိမိတာဝန်ကို မိမိကျေပွန်အောင် မလုပ်နိုင်ခဲ့ရင် အောင်မြင်မှု ဆိုတာ ရလာမှာမဟုတ်ပါဘူး။ မိဘကလည်း မိဘတာဝန် ကျေပွန်အောင် အစွမ်းကုန် မေတ္တာထားပြီး ပေးဆပ်ကြပါတယ်။ မိဘတိုင်းကတော့ သားသမီးအပေါ်မှာ တာဝန်ကျေတာထက် အများကြီးပိုပါတယ်။ (သားသမီးတွေကသာ ဘယ်လောက် တာဝန်ကျေအောင် လုပ်နိုင်ကြပါပြီလဲလို့………)။ အဲဒီလိုပဲ အလုပ်သမားကလည်း အလုပ်သမားတာဝန်၊ ဆရာဝန်ကလည်း ဆရာဝန်တာဝန်၊ လယ်သမားကလည်း လယ်သမားတာဝန်၊ ကျောင်းသားကလည်း ကျောင်းသားတာဝန် သူ့နေရာနဲ့သူ တာဝန်တွေ ထမ်းနေရတာပါပဲ။
ကျောင်းပြီးလို့ လုပ်ငန်းခွင် ၀င်ကြရပါပြီ။ မိမိရဲ့လုပ်ငန်းခွင်ထဲမှာလည်း မိမိတာဝန်ကျေပွန်ဖို့ လိုပါတယ်။ ဒါမှလည်း မိမိရဲ့လုပ်ငန်းကို မိမိလေးစားရာ၊ မြှင့်တင်ရာ ရောက်မှာပေါ့…….. မိမိရဲ့တာဝန်ကို မိမိမကျေပွန်တာကို အခြားသူတွေ မသိခဲ့ရင်တောင် မိမိကိုယ် မိမိတော့ သိနေကြမှာပါ။ ဒါဆိုရင် ကိုယ့်ကိုကိုယ် တခုခု လိုအပ်နေပြီလို့ ခံစားကြရမယ် ထင်ပါတယ်။ အဲဒီလို မခံစားမိပဲ နေနိုင်တဲ့သူဆိုရင်လည်း တာဝန်ကို မသိလို့ မဟုတ်ပဲ မသိချင်ဟန်ဆောင်တာမျိုးပဲ ဖြစ်ပါလိမ့်မယ်။ ဘယ်လိုလူမျိုးမဆို ကိုယ့်တာဝန်ကို ကျေပွန်အောင် လုပ်နိုင်ခြင်းကသာ လူပီသတဲ့ လူသားတယောက် ဖြစ်လာနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါမှလည်း အဆင့်ဆင့် တိုးတက်ပြောင်းလဲလာမဲ့ လူမှုအဖွဲ့အစည်း ဖြစ်လာမှာပါ…..

မိမိတာဝန်ကို မိမိကျေပွန်အောင် လုပ်နိုင်မှ အများတာဝန်ကိုလည်း ကျေပွန်အောင် လုပ်ဆောင်နိုင်လာကြမှာပါ။ မိမိတာဝန်ကိုမှ မိမိမကျေပွန်တဲ့သူဟာ အများတာဝန်ကို လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ အရေးကြီးတာကတော့ မိမိရဲ့စိတ်ကသာ အဓိက ဖြစ်ပါတယ်..... စိတ်ကသာ တာဝန်ဆိုတာကို အလိုလို သိနေမယ်ဆိုရင် အလုပ်ကိုလည်း အလိုအလျောက် လုပ်နိုင်လာမယ်လို့ ထင်ပါတယ်။ မိမိရဲ့ အသိစိတ်နဲ့ မိမိလုပ်တာသာ ပိုကောင်းပါတယ်။ မိမိတာဝန်ကို မိမိထမ်းဆောင်နိုင်ပြီဆိုရင် အများအတွက်လည်း လုပ်နိုင်လာပါပြီ.....

မိမိ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးအတွက် တာဝန်ထမ်းဆောင်နေတဲ့ သူတွေကိုတော့ ရင်ထဲက လေးလေးနက်နက် လေးစားဂုဏ်ယူနေမိတယ်…..။

ကိုယ်ထမ်းဆောင်ရမဲ့ တာဝန်ကို မယူပဲ နေတဲ့သူဟာ လူ့လောကကြီးကနေ တဖြည်းဖြည်း ဝေးရာကို သွားနေတာနဲ့ တူသွားပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်တာဝန်ကို ကျေပွန်အောင် အစွမ်းကုန်ကြိုးစားရင်း ကိုယ့်ရဲ့ လူ့အဖွဲ့ကြီး တရပ်လုံးကို အလှဆင်ကြပါစို့နော်………